“ရွှင်လန်းသောချီးမွမ်းသူများ”—ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးပွဲ
ကျမ်းစာသွန်သင်ချက်ကိုရရှိနိုင်မည့် အကျိုးများစွာရှိသော သုံးရက်တာအချိန်သည် သင့်အတွက်အသင့်ရှိသည်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းတွင် စည်းဝေးပွဲကြီး ၁၈၀ ကိုကျင်းပရန်စီစဉ်ထားရာ သင့်အရပ်ဒေသအနီးအနားတွင် စည်းဝေးပွဲကြီးတစ်ခု ရှိနိုင်စရာအကြောင်းရှိသည်။ သောကြာနေ့ နံနက် ၉:၄၀ တွင်တေးသံဖြင့် အစီအစဉ်စတင်ချိန်၌ ရောက်ရှိနေပါ။
သောကြာနေ့နံနက်ပိုင်းအစီအစဉ်တွင် နှုတ်ခွန်းဆက်စကားများအပြင် အဓိကဟောပြောချက်ဖြစ်သည့် “ကမ္ဘာချီ ရွှင်လန်းသောချီးမွမ်းသူများအဖြစ် သီးခြားထားခံရ” အကြောင်းကို ကြားနာရမည်။ မွန်းလွဲပိုင်းအစီအစဉ်တွင် လူငယ်များ၊ မိဘများနှင့် ပညာရေးအကြောင်းကို အာရုံပြုကြရမည်။ “အိမ်ထောင်ပြုရန် ကျွန်ုပ်အသင့်ဖြစ်ပြီလော” ဟောပြောချက်ကို လူငယ်များ လွတ်ချင်ကြမည်မဟုတ်ပါ။ မိဘများသည် “မိမိတို့သားသမီးများတွင် ပျော်ရွှင်ချမ်းမြေ့မှုကိုရှာတွေ့သည့်မိဘများ” အကြောင်းကို ဂရုစိုက်နားထောင်သင့်သည်။ မွန်းလွဲပိုင်းအစီအစဉ်ကို “ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ” ဟောပြောချက်နှင့် နိဂုံးချုပ်မည်။ ဆွေးနွေးတင်ပြရာတို့သည် ကျောင်းတွင် လူငယ်များအတွက် အောင်မြင်မှုရရှိရန် အထောက်အကူဖြစ်သင့်သည်။
စနေနေ့နံနက်ပိုင်းအစီအစဉ်သည် နှစ်ခြင်းယူခြင်းကို အသားပေးမည်။ နှစ်ခြင်းယူရန် အရည်အချင်းပြည့်မီသူများသည် ယင်းအခွင့်အရေးကို ရယူနိုင်ရန် ပြင်ဆင်ပေးထားမည်။ မွန်းလွဲပိုင်းတွင် ရှေးအစောပိုင်းအချိန်ကတည်းက စာတန်သည် သံဝါသပြုလိုစိတ်ကိုအသုံးပြုပြီး လူတို့ကို မည်သို့ထောင်ချောက်ဆင်ခဲ့ကြောင်း ပွင့်လင်းစွာဆွေးနွေးတင်ပြပါမည်။ “မာရ်နတ်၏ထောင်ချောက်များကို ရှောင်ကြဉ်လော့” ဟူသော ပိုင်နိုင်ထိမိသည့်ဟောပြောချက်ကိုလည်း ကြားနာကြရမည်။ ထိုနေ့ရက်အစီအစဉ်သည် “ဘုရားသခင်၏အသိပညာကို လူသားအပေါင်း အဘယ်ကြောင့်လိုအပ်” ဟူသည့် အရေးကြီးသောဟောပြောချက်နှင့် နိဂုံးချုပ်မည်။
တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အခန်းဆက်ဟောပြောချက် “ဤအစီအစဉ်၏အဆုံးတွင် ရွှင်လန်းသောချီးမွမ်းသူများ” အကြောင်းသည် ကျွန်ုပ်တို့ရှေ့မှောက်တွင်ရှိ ကမ္ဘာကိုတုန်လှုပ်စေမည့် အဖြစ်အပျက်များအပေါ် အာရုံပြုစေပါလိမ့်မည်။ မဿဲ ၂၄:၂၁ တွင် ယေရှုခရစ်မိန့်တော်မူခဲ့သော “ကြီးစွာသောဒုက္ခ” မစမီ လုံခြုံရာအရပ်သို့ တိမ်းရှောင်ပြေးဝင်ရန် မည်မျှအရေးကြီးကြောင်းကို အလေးအနက်တင်ပြပါလိမ့်မည်။
တနင်္ဂနွေနံနက်ပိုင်းအစီအစဉ်သည် အရေးကြီးသောပြဇာတ်ဖြစ်သည့် “ထိုက်တန်သူများကို သူတို့၏သက်ကြီးပိုင်းအရွယ်တွင် ရိုသေလေးစားခြင်း” အကြောင်းနှင့်နိဂုံးချုပ်လိမ့်မည်။ ထိုနောက် မွန်းလွဲပိုင်းတွင် လူထုဟောပြောချက်ဖြစ်သည့် “ထာဝရဘုရင်အားချီးမွမ်းကြ!” အကြောင်းကို တင်ဆက်ပါမည်။ ယင်းသည် စည်းဝေးပွဲကြီး၏ အဓိကပေါ်လွင်ချက်ဖြစ်လိမ့်မည်။
တက်ရောက်ဖို့ရန် ယခုပင်လျှင် အစီအစဉ်များရေးဆွဲပါ။ သင့်အိမ်နှင့် အနီးဆုံးအရပ်ဒေသကိုသိရှိရန် ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမကို အဆက်အသွယ်ပြုလုပ်ပါ။ သို့မဟုတ် ဤမဂ္ဂဇင်းကိုထုတ်ဝေသူများထံ စာရေးပါ။ ဇွန် ၈ ရက်ထုတ် နိုးလော့! (လိပ်) တွင် အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့တွင်ကျင်းပမည့် စည်းဝေးပွဲများ၏ အရပ်ဒေသလိပ်စာများကို စာရင်းတင်ပြထားပါလိမ့်မည်။