“ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်”—၁၉၉၈–၁၉၉၉ စည်းဝေးကြီး ကျင်းပတော့မည်!
အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံတည်း၌ပင် မေလမှ စက်တင်ဘာလအထိ စည်းဝေးကြီး ၁၉၈ ခုကျင်းပရန် စီစဉ်ထားသည်။ သုံးရက်တာစည်းဝေးခြင်းတစ်ခုမဟုတ်တစ်ခုသည် သင့်နေရာနှင့်မဝေးလံသောမြို့တစ်မြို့တွင် ကျင်းပဖွယ်ရှိသည်။ နေရာဒေသအများတွင် အစီအစဉ်ကို တေးသံသာဖြင့် နေ့တိုင်း—သောကြာနေ့မှ တနင်္ဂနွေနေ့အထိ—နံနက် ၉:၃၀ တွင်စတင်ပါလိမ့်မည်။
သောကြာနေ့နံနက်ပိုင်းအစီအစဉ်တွင် ကမ္ဘာ့ဒေသအသီးသီးမှ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်း တိုးတက်မှုမှတ်တမ်းများကို ပေါ်လွင်စေလိမ့်မည်။ “ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်း” ဟူသော အဓိကဟောပြောချက်သည် စည်းဝေးကြီး၏အဓိကအချက်ကို လေးနက်စေပါလိမ့်မည်။
မွန်းလွဲပိုင်း၌ “မိဘများ—ဘုရားသခင့်နည်းလမ်းတော်ကို သင်တို့၏ကလေးများတွင်စွဲမြဲစေပါ” ဟူသော အခန်းဆက်ဟောပြောချက်က ယေဟောဝါအားချစ်မြတ်နိုးရန်နှင့် ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လူငယ်များအားစေ့ဆော်ပေးနိုင်မည့် အကြံပြုချက်များကိုပေးလိမ့်မည်။ မွန်းလွဲပိုင်းအစီအစဉ်သည် “တမလွန်ဘဝရှိပါသလော” ဟောပြောချက်ဖြင့် နိဂုံးချုပ်လိမ့်မည်။
စနေနေ့နံနက်ပိုင်းအစီအစဉ်သည် ယေဟောဝါသက်သေတို့၏ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အခန်းဆက်ဟောပြောချက်သုံးခုဖြစ်သည့် “လူများကို အသက်လမ်းစဉ်ပေါ်ရောက်ရန် ကူညီပေးခြင်း၊” “လူတို့ထံရောက်ရှိရန်စိန်ခေါ်ချက်၊” နှင့် “ခရစ်တော်မိန့်မှာသမျှကို တပည့်များအား သွန်သင်ပေးခြင်း” တို့ဖြင့်တင်ပြသည်။ နံနက်ပိုင်းအစီအစဉ်၏နိဂုံး၌ တပည့်သစ်များနှစ်ခြင်းခံယူရန် အစီအစဉ်ရှိမည်။
စနေနေ့မွန်းလွဲပိုင်း အဖွင့်ဟောပြောချက်ဖြစ်သည့် “အဆုံးမဲ့အသက်ကို ရည်မျှော်လျက် အမှုဆောင်ခြင်း” အကြောင်းက မိမိကိုယ်တိုင် ဘုရားသခင့်အမှုတော်ဆောင်ရွက်ရခြင်းအကြောင်းရင်းကို ဆုတောင်း၍ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကိုအားပေးပါသည်။ “ဘုရားသခင့်လမ်းစဉ်ကို သင်ကြားပေးသည့် ‘လူတို့တွင်ဆုလာဘ်များ’ ကိုလေးမြတ်ခြင်း” နှင့် “ဥပဓိရုပ်—အဟောင်းကို ချွတ်ပယ်၍ အသစ်ကိုဝတ်ဆင်” ဟူသောဟောပြောချက်တို့က ဧဖက်အခန်းကြီး ၄ ကို အခန်းငယ်တစ်ခုချင်းစီ ဆန်းစစ်ထွန်းလင်းပေးမည်ဖြစ်သည်။ ထို့နောက် “လောကီအညစ်အကြေးမှကင်းစင်ကြ” ဟောပြောချက်နှင့် အခန်းဆက်ဟောပြောချက်သုံးခုဖြစ်သည့် “လူငယ်များ—ဘုရားသခင်၏လမ်းစဉ်ကို လိုက်လျှောက်ကြ” အကြောင်းတွင် ကျမ်းဆိုင်ရာသြဝါဒကောင်းကို တင်ဆက်လိမ့်မည်။ မွန်းလွဲပိုင်းအစီအစဉ်တွင် “ဖန်ဆင်းရှင်—ကိုယ်တော့်ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များ” ဟောပြောချက်ဖြင့် နိဂုံးချုပ်သည်။
တနင်္ဂနွေနံနက်ပိုင်းအစီအစဉ်တွင် ယေဇကျေလကျမ်းစာစောင်၏ နိဂုံးချုပ်အခန်းကြီးများနှင့် ယင်းတို့၏ပရောဖက်ပြုချက်ဆိုင်ရာသက်ဆိုင်ပုံကိုပါ ဆွေးနွေးမည့်အခန်းဆက်ဟောပြောချက်သုံးခုပါသည်။ နံနက်ပိုင်းအစီအစဉ်ကို သစ္စာရှိသော ဟေဗြဲလူငယ်သုံးဦးအကြောင်းကို အခြေခံထားသော ဝတ်စုံပြည့်ပြဇာတ်ဖြင့် နိဂုံးချုပ်ထားသည်။ မွန်းလွဲပိုင်း၌ စည်းဝေးကြီး၏အဓိကပေါ်လွင်ချက် လူထုဟောပြောချက်မှာ “ထာဝရအသက်သို့ တစ်ခုတည်းသောလမ်း” ဖြစ်သည်။
သင်သည် သုံးရက်လုံးတက်ရောက်ခြင်းဖြင့် ဝိညာဉ်ရေးအရကြွယ်ဝလာမည်မှာ သေချာသည်။ အခမကောက်ဘဲ ကျင်းပမည်ဖြစ်သည့်အစီအစဉ်တိုင်းတွင်ပါဝင်ရန် သင့်ကို ဖော်ရွေစွာကြိုဆိုပါသည်။ သင်နှင့်အနီးဆုံးနေရာတွင်ကျင်းပမည့် အစည်းအဝေးကိုသိရှိနိုင်ရန် ဒေသခံယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ဆက်သွယ်ပါ၊ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ပါ။