ရွှင်လန်းမှုကင်းမဲ့သောကမ္ဘာတွင် ရွှင်လန်းမှုရခြင်း
“အဆိုးဆုံးပဲ၊ ဒီအချိန်ဟာ စာတန်ရဲ့ရာစုနှစ်ပါပဲ” ဟု ၁၉၉၅၊ ဇန်နဝါရီ ၂၆ ရက်ထုတ် သည်နယူးယောက်တိုင်းမ်စ် သတင်းစာတွင် အယ်ဒီတာအာဘော်ကို နိဒါန်းပျိုးထားသည်။ “လူများသည် လူမျိုးရေး၊ ဘာသာတရား သို့မဟုတ် အတန်းအစားများကြောင့် အခြားလူသန်းပေါင်းများစွာကို သတ်ဖြတ်ဖို့အတွက် ဤမျှသွားရည်တများများကျနေသည့်အာသီသကို ယခင့်ယခင်က ဘယ်ခေတ်တွင်မှ မပြသခဲ့ဖူးပါ။”
နာဇီအသေခံစခန်းများတွင် အကျဉ်းချခံရသော အပြစ်မဲ့သားကောင်များ၏ လွတ်မြောက်မှု အနှစ် ၅၀ မြောက်အခမ်းအနားက အဆိုပါအတိုင်း ရေးသားရန် လှုံ့ဆော်မှုဖြစ်စေခဲ့သည်။ သို့ရာတွင် ထပ်တူရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်မှုမျိုးများသည် အာဖရိကနှင့် အရှေ့ဥရောပဒေသတို့တွင် ဖြစ်ပျက်မင်းမူနေဆဲပင်ဖြစ်သည်။
သိမ်းရုံးသတ်ဖြတ်ခြင်းများ၊ လူမျိုးစုသန့်စင်ခြင်းများ၊ လူမျိုးလိုက်သတ်ဖြတ်မှုများ—မည်သို့ပင်ခေါ်ခေါ်—ကြီးစွာဝမ်းနည်းကြေကွဲရသည်ချည်းပင်။ သို့တိုင် ဤဗရုတ်ဗရက်ကြားမှ ရွှင်လန်းသံကြီးပေါ်ထွက်လာသည်။ ဥပမာ၊ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဂျာမနီနိုင်ငံကို ကြည့်ကြစို့။
၁၉၃၅၊ ဧပြီလတိုင်သော် ယေဟောဝါသက်သေများသည် ဟစ်တလာနှင့် သူ၏နာဇီပါတီတို့အားဖြင့် အရပ်ဘက်ဆိုင်ရာအစိုးရအလုပ်အားလုံးကို မလုပ်ရန် ပိတ်ပင်ခံလိုက်ရသည်။ ထို့အပြင် ထိုသက်သေခံများသည် ဆက်၍ခရစ်ယာန်ကြားနေကြသည့်အတွက်ကြောင့် ဖမ်းဆီး၊ အကျဉ်းချခံရကာ ချွေးတပ်စခန်းများသို့ အပို့ခံရကြသည်။ (ယောဟန် ၁၇:၁၆) ၁၉၃၆၊ ဩဂုတ်လ နှောင်းပိုင်းတွင် ယေဟောဝါသက်သေများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရသည်။ သူတို့ထဲမှ ထောင်ပေါင်းများစွာခမျာ ချွေးတပ်စခန်းများသို့ အပို့ခံရရှာသည်၊ အသက်ရှင်ကျန်ရစ်မည်ဆိုလျှင်လည်း ၁၉၄၅ ခုနှစ်အထိ ဤနေရာတွင်ဆက်နေခဲ့ရသည်။ သို့သော်လည်း သက်သေခံများသည် ထိုစခန်းများတွင် မိမိတို့အားလူမဆန်စွာ ဆက်ဆံပြုမူမှုများကို မည်သို့တုံ့ပြန်ခဲ့သနည်း။ ရွှင်လန်းမှုကင်းမဲ့သည့် အသိုင်းအဝိုင်းများတွင်ဖြစ်ငြား ရွှင်လန်းမှုကို သူတို့ဆက်ရရှိနိုင်ခြင်းသည် အံ့အားသင့်စရာဖြစ်ပေမည်။
“ရွှံ့ညွန်ထဲကကျောက်ဆောင်”
ဗြိတိသျှ သမိုင်းဆရာမ ခရစ္စတင်းကင်းက ဤစခန်းများတွင်ရောက်ခဲ့သည့် ကက်သလစ်အမျိုးသမီးတစ်ဦးကို လူတွေ့မေးမြန်းခဲ့သည်။ “သူမအသုံးပြုခဲ့တဲ့ စကားစုကို ကျွန်မတစ်သက် မမေ့နိုင်ဘူးရှင်” ဟု ဒေါက်တာကင်း ပြောခဲ့သည်။ “သူမအသက်ရှင်ခဲ့ရတဲ့ ဘဝရဲ့ကြောက်မက်ဖွယ်ရာနဲ့ စက်ဆုပ်ရွံရှာစရာအကြောင်းကို အသေးစိတ်ခရေစေ့တွင်းကျ ပြောပြခဲ့တယ်။ ဒါတင်မကသေးဘဲ သက်သေခံများကို သူမသိခဲ့ကြောင်း၊ အဲ့ဒီသက်သေခံတွေဟာ ရွှံ့ညွန်ထဲက ကျောက်ဆောင်တစ်ခုဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူတို့ဟာ နေရာအားလုံး ချွဲကျိနေတဲ့အထဲမှာ မာကျောတဲ့နေရာတချို့လိုပါပဲ။ အစောင့်များ ဖြတ်လျှောက်သွားပြီးနောက်ကနေ မထီမဲ့မြင်မလုပ်တာ သူတို့ပဲရှိတယ်လို့ သူမကပြောပြပါတယ်။ အခြေအနေမှန်သမျှကို မုန်းတီးမှုနဲ့မဟုတ်ဘဲ မေတ္တာ၊ မျှော်လင့်ချက်၊ ရည်ရွယ်ချက်ရှိတဲ့ ခံစားချက်နဲ့ကိုင်တွယ်တာ သူတို့ပဲရှိတယ်။”
ယေဟောဝါသက်သေများကို ‘ရွှံ့ညွန်ထဲကကျောက်ဆောင်များ’ ဖြစ်စေရန် မည်သည့်အရာက ဖြစ်စေသနည်း။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်ယေရှုခရစ်တို့ကို မယိမ်းမယိုင်ယုံကြည်ခြင်းဖြစ်သည်။ ထို့ကြောင့် ဟစ်တလာ၏အားထုတ်မှုများသည် သူတို့တွင်ရှိသည့် ခရစ်ယာန်မေတ္တာနှင့် ရွှင်လန်းမှုကို မဖျောက်ဖျက်ပစ်နိုင်ခဲ့ပါ။
ယုံကြည်ခြင်းအတွက် ဤစမ်းသပ်ချက်ကို သူတို့အောင်မြင်စွာ ရင်ဆိုင်ပြီး ဆယ်စုနှစ်ငါးခုအကြာတွင် စခန်းမှလွတ်မြောက်လာသူ နှစ်ဦး ပြန်ပြောင်းပြောပြသည်ကို နားဆင်ကြည့်ပါ။ တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မဟာ ဒီအရက်စက်အကြမ်းကြုတ်ဆုံးအခြေအနေတွေအောက်မှာ ယေဟောဝါကို ကျွန်မရဲ့မေတ္တာတင်ပြဖို့နဲ့ ကျေးဇူးတင်စိတ်တင်ပြဖို့အတွက် သူမတူတဲ့အခွင့်ထူးရှိခဲ့ပါလားဆိုတာကို သိရခြင်းကနေရရှိတဲ့ ရွှင်လန်းမှုနဲ့အတူ တဖွဖွရေရွတ်နေမိပါတယ်။ အဲ့လိုလုပ်ဖို့ ဘယ်သူကမှ ကျွန်မကို ဖိအားမပေးခဲ့ပါဘူး! ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မတို့ကို ဖိအားပေးဖို့ကြိုးစာခဲ့တဲ့သူတွေဟာ ဘုရားသခင်ကိုနာခံမဲ့အစား ဟစ်တလာကို နာခံဖို့အတွက် ခြိမ်းခြောက်မှုတွေနဲ့ကြိုးစားခဲ့ကြတဲ့ ကျွန်မတို့ရဲ့ရန်သူတွေပါပဲ– ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး! ကျွန်မဟာ ခုအချိန်မှာသာမကဘဲ ဩတ္တပ္ပစိတ်ကောင်းရရှိထားတဲ့အတွက်ကြောင့် အကျဉ်းထောင်နံရံတွေ ကာထားတဲ့အချိန်မှာတောင် ပျော်ရွှင်ခဲ့ပါတယ်။”—မာရီးယား ဟောမ်ဘက်ခ်၊ ၉၄ နှစ်။
နောက်သက်သေခံတစ်ဦး ဤသို့ဆိုသည်– “ကျွန်တော်ဟာ ကျေးဇူးတင်စိတ်၊ ရွှင်လန်းစိတ်နဲ့ အကျဉ်းသားဘဝကို ပြန်ပြောင်းကြည့်မိပါတယ်။ ဟစ်တလာရဲ့လက်အောက် အကျဉ်းထောင်တွေနဲ့ ချွေးတပ်စခန်းတွေထဲ ကုန်ခန်းခဲ့တဲ့နှစ်တွေဟာ အခက်အခဲနဲ့ အပြည့်ဝဆုံးစမ်းသပ်မှုတွေပါပဲ။ ဒါပေမဲ့ အဲ့ဒါတွေက ယေဟောဝါကိုလုံးလုံးလျားလျား ယုံကြည်စိတ်ချဖို့ ကျွန်တော့်ကို သင်ပေးခဲ့တဲ့အတွက် အဲ့ဒါတွေကို လက်လွှတ်မခံလိုခဲ့ပါဘူး။”—ဂျိုဟန်းနက်စ် နွိုင်းဘာကာ၊ ၉၁ နှစ်။
“ယေဟောဝါကို လုံးလုံးလျားလျား ယုံကြည်စိတ်ချဖို့”—ယင်းကား ယေဟောဝါသက်သေများခံစားရသည့် ရွှင်လန်းမှု၏ လျှို့ဝှက်ချက်ပင်တည်း။ ထို့ကြောင့် သူတို့သည် ရွှင်လန်းမှုမဲ့သည့်ကမ္ဘာ ဝန်းရံသိုင်းခြုံထားခြင်းခံရသော်လည်း ရွှင်လန်းနေကြသည်။ သူတို့၏ရွှင်လန်းမှုကို မကြာသေးမီလများက “ရွှင်လန်းသောကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် အထင်အရှားတွေ့နိုင်ပါသည်။ ဤရွှင်လန်းဖွယ်ကောင်းသော စုရုံးရောက်ရှိမှုများကို အကျဉ်းပြန်လည်ဆွေးနွေးကြပါစို့။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မာရီးယား ဟောမ်ဘက်ခ်