ကိုးစားထိုက်သော ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ခြင်း
ကီမွန်း ပရိုဂါးခိစ်ပြောပြသည်
၁၉၅၅ ခုနှစ်ရဲ့ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ တစ်ညနေမှာဖြစ်တယ်။ ၁၈ နှစ်အရွယ် ကျွန်တော်တို့ရဲ့သား ယိုရ်ဂို့စ်ဟာ သူအလုပ်လုပ်တဲ့ဆိုင်ကလေးကနေပြန်မလာတဲ့အတွက်ကြောင့် ကျွန်တော့်ဇနီး ယမ်နူးလေနဲ့ ကျွန်တော်ဟာ စပြီးစိတ်ပူလာကြတယ်။ မမျှော်လင့်ဘဲ ရဲတစ်ယောက် တံခါးလာခေါက်တယ်။ “ခင်ဗျားတို့ရဲ့သားဟာ သူ့စက်ဘီးနဲ့အိမ်ပြန်လာနေတုန်း ကားတိုက်ခံရလို့ ဆုံးသွားပြီ” လို့ ပြောတယ်။ နောက် ကျွန်တော်တို့အနားကိုကပ်ပြီး “မတော်တဆဖြစ်တာပါလို့ ခင်ဗျားတို့ကို သူတို့ ပြောကြလိမ့်မယ်၊ ဒါပေမဲ့ သူအသတ်ခံရတာဗျ။ ကျွန်တော်ပြောတာယုံ” လို့ တီးတိုးပြောသွားတယ်။ နယ်ခံဓမ္မဆရာနဲ့ အရန်စစ်တပ်ခေါင်းဆောင်တချို့က သူ့ကိုသတ်ဖို့ လျှို့ဝှက်ကြံစည်ခဲ့ကြတယ်။
ဂရိနိုင်ငံဟာ ပဋိပက္ခကာလနဲ့ ခက်ခဲတဲ့အချိန်ကနေ နာလန်ပြန်ထူလာတဲ့ အဲ့ဒီနှစ်တွေမှာ ယေဟောဝါသက်သေတစ်ယောက်အတွက် အန္တရာယ်များတယ်။ ကျွန်တော်ဟာ ၁၅ နှစ်ကျော်ကျော်လောက် သူတို့ရဲ့တက်ကြွတဲ့ အသင်းဝင်ဖြစ်ခဲ့တာကြောင့် . . . အရန်စစ်တပ်အဖွဲ့များရဲ့ ဩဇာအာဏာအကြောင်း အတွင်းသိအစင်းသိပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က ကျွန်တော်တို့မိသားစုမှာဖြစ်ခဲ့တဲ့ အဲ့ဒီကြေကွဲဖွယ်ရာ အဖြစ်သနစ်တွေအကြောင်း ပြောပြပါရစေ။
ဂရိတွင် ကြီးပြင်းလာခြင်း
ဂရိနိုင်ငံ၊ ကဲလ်စက်စ်မြို့အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ကုံလုံကြွယ်ဝတဲ့မိသားစုကနေ ၁၉၀၂ ခုနှစ်မှာ ကျွန်တော်မွေးဖွားလာတယ်။ ကျွန်တော့်အဖေဟာ တက်ကြွတဲ့ နယ်ခံနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့မိသားစုဟာ ဂရိသြသဒေါက်စ်ချာ့ချ်ရဲ့ အမာခံအသင်းသားတွေလေ။ ကျွန်တော်တို့ရဲ့နိုင်ငံသားအများစု စာပေသိပ်မတတ်တဲ့အချိန်မှာ ကျွန်တော်ဟာ နိုင်ငံရေးနဲ့ ဘာသာရေးစာအုပ်တွေကို အားတက်သရောဖတ်ရှုတဲ့သူတစ်ယောက်ပေါ့။
၂၀ ရာစုဆန်းစမှာ အနှံ့အပြားဖြစ်လာတဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ မမျှတမှုတွေက အခြေအနေပိုကောင်းတဲ့ ကမ္ဘာတစ်ခုကို လိုလားတဲ့ဆန္ဒ ကျွန်တော့်ရဲ့ရင်တွင်းမှာ ဖြစ်ပေါ်လာစေပါတယ်။ ဘာသာတရားဟာ ကျွန်တော့်နိုင်ငံသားတွေရဲ့ ဝမ်းနည်းဖွယ်အခြေအနေကနေ တိုးတက်အောင်စွမ်းဆောင်ပေးနိုင်သင့်တယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဘာသာရေးဘက် ကျွန်တော်စိတ်ပါတဲ့အတွက်ကြောင့် ရွာကလူကြီးတွေက ကျွန်တော်တို့ရပ်ကွက်ရဲ့ ဂရိသြသဒေါက်စ်ဓမ္မဆရာလုပ်ဖို့ အဆိုပြုလာကြတယ်။ ဒါပေမဲ့၊ ဘုရားရှိခိုးကျောင်းတွေအများကြီးကို သွားရောက်လည်ပတ်ပြီး ဘိရှော့တွေ၊ ဓမ္မဆရာအကြီးအမှူးတွေနဲ့ ဆွေးနွေးခန်းရှည်ကြီးတွေကို ဆွေးနွေးခဲ့ပေမဲ့လည်း အဲ့လိုတာဝန်မျိုးကို လက်ခံဖို့အသင့်မရှိဘူး၊ ဒါမှမဟုတ် လက်မခံချင်ခဲ့ဘူး။
ပြည်တွင်းစစ်ဖြစ်နေခိုက်
နှစ်တွေလွန်ပြီးနောက် ၁၉၄၁ ခုနှစ် ဧပြီလမှာ ဂရိကို နာဇီတွေက သိမ်းပိုက်လိုက်တယ်။ သတ်ဖြတ်မှုတွေ၊ အငတ်ဘေး၊ ချို့ငဲ့မှုနဲ့ ပြောမပြနိုင်လောက်တဲ့ လူ့ဒုက္ခသုက္ခတို့ရဲ့ စိတ်မချမ်းသာဖွယ်ကာလ စလာတော့တာပဲ။ ပြင်းထန်တဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပြီး နာဇီကျူးကျော်သူတွေကို တိုက်ခိုက်တဲ့ ပြောက်ကျားအဖွဲ့တစ်ဖွဲ့ထဲ ကျွန်တော်ဝင်ခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော့်ရဲ့အိမ်ဟာ အကြိမ်ကြိမ်မီးရှို့ခံရပြီး ကျွန်တော်လည်း သေနတ်ပစ်ခံရ၊ ကျွန်တော့်ရဲ့သီးနှံတွေဟာလည်း ပျက်စီးကုန်တယ်။ ၁၉၄၃ ခုနှစ် အစောပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုတို့ဟာ ကြမ်းတမ်းတဲ့တောင်တန်းဒေသဆီ ထွက်ပြေးဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ဘူး။ ဂျာမန်သိမ်းပိုက်မှုအောက်ကနေလွတ်မြောက်တဲ့ ၁၉၄၄ ခုနှစ်၊ အောက်တိုဘာအထိ အဲ့ဒီမှာပဲ ကျွန်တော်တို့နေကြတယ်။
ဂျာမန်တွေပြန်ထွက်သွားတော့ နိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ ပြည်တွင်းရေးပဋိပက္ခ အုံကြွလာပြန်ပါတယ်။ ကျွန်တော်ဝင်ထားတဲ့ ဆန့်ကျင်ရေးပြောက်ကျားအဖွဲ့ဟာ ပြည်တွင်းစစ်မှာ အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်လာတယ်။ တရားမျှတမှု၊ တန်းတူညီမျှဖြစ်မှုနဲ့ ရဲဘော်ရဲဘက်စိတ်တို့နဲ့ပတ်သက်တဲ့ ကွန်မြူနစ်သဘောတရားတွေဟာ ကျွန်တော့်အတွက် နှစ်ခြိုက်စရာဖြစ်ခဲ့ပေမဲ့လည်း အဆုံးမှာတော့ အဖြစ်မှန်က ကျွန်တော့်ကို အကြီးအကျယ်စိတ်ဓာတ်ကျစေပါတယ်။ . . . သီအိုရီတွေနဲ့ သဘောတရားတွေကတော့ မြင့်မားပုံရပေမဲ့လည်း တစ်ကိုယ်ကောင်းဆန်မှုနဲ့ မစုံမလင်ချို့တဲ့မှုတို့က အကောင်းဆုံး နိုင်ငံရေးရည်မှန်းချက်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
ကျွန်တော့်ကို အထူးတုန်လှုပ်သွားစေတဲ့အရာကတော့ ပြည်တွင်းပဋိပက္ခရဲ့ ဘက်ပေါင်းစုံမှာ . . . ဓမ္မဆရာများဟာ လက်နက်ကိုင်ပြီး ဘာသာတူအချင်းချင်း သတ်ဖြတ်နေခြင်းပါပဲ! ‘ဒီဓမ္မဆရာတွေဟာ “ထားကို ကိုင်သောသူရှိသမျှတို့သည် ဓားဖြင်ဆုံးခြင်းသို့ရောက်လိမ့်မည်” လို့ သတိပေးထားတဲ့ ယေရှုခရစ်ရဲ့ ကိုယ်စားလှယ်တွေပါလို့ ဘယ်လိုလုပ်ပြီးပြောနိုင်မှာလဲ’ လို့ ကျွန်တော့်ဘာသာတွေးမိတယ်။—မဿဲ ၂၆:၅၂။
၁၉၄၆ ခုနှစ် ပြည်တွင်းစစ်ဖြစ်နေစဉ်မှာ ကျွန်တော်ဟာ ဂရိနိုင်ငံရဲ့ဗဟိုမှာရှိတဲ့ လမ်မီယာမြို့အနီးမှာ ခိုအောင်းနေတယ်။ ကျွန်တော့်ရဲ့အဝတ်အစားတွေဟာ ဟောင်းနွမ်းစုတ်ရိနေတဲ့အတွက်ကြောင့် ရုပ်ဖျက်ပြီး မြို့ထဲမှာရှိတဲ့ စက်ဆိုင်ကိုသွား၊ အဝတ်အစားအသစ်တွေ ချုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ အပြင်းအထန်အချေအတင်ငြင်းခုံနေကြတယ်၊ ဒီလိုနဲ့ ကျွန်တော်လည်း နိုင်ငံရေးအကြောင်းမဟုတ်ဘဲ ယခင်က ကျွန်တော်မြတ်နိုးခဲ့တဲ့ ဘာသာတရားအကြောင်း ဝင်ပြောမိလျက်သားဖြစ်နေတယ်။ ကျွန်တော့်ရဲ့အသိပညာကြွယ်တဲ့ ရှုထောင့်တွေကို သတိပြုမိတဲ့ ဘေးကလူတွေက ‘ဓမ္မပညာပါမောက္ခ’ တစ်ယောက်နဲ့ ဆွေးနွေးဖို့ အကြံပြုကြတယ်။ ချက်ချင်းပဲ သူ့ကို သွားခေါ်လာကြတယ်။
အားထားနိုင်သော မျှော်လင့်ချက်ကို တွေ့ရှိခြင်း
ဆက်ဆွေးနွေးကြရင်း “ပါမောက္ခ” က ကျွန်တော့်ယုံကြည်ချက်ရဲ့ အခြေခံကဘာလဲလို့ ကျွန်တော့်ကိုမေးတယ်။ “ဟိုးလီးဖာသာတွေနဲ့ အသင်းတော်အားလုံးဆိုင်ရာ အဖွဲ့တွေ” ပါလို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။ ကျွန်တော့်ကို ခံပြီးငြင်းခုံမဲ့အစား သူရဲ့ကျမ်းစာအုပ်လေးထဲမှာ မဿဲ ၂၃:၉၊ ၁၀ [သမ] ကို ဖွင့်လိုက်ပြီး ယေရှုရဲ့ ဒီစကားကို ဖတ်ခိုင်းတယ်– “မြေကြီးပေါ်မှာ မည်သူ့ကိုမျှ အဘဟူ၍ မခေါ်ကြနှင့်၊ သင်တို့၌ ကောင်းကင်ဘုံစံအဘတစ်ပါးတည်းရှိ၏။ ‘ဆရာတော်’ ဟူ၍လည်း ခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဆရာတော်တစ်ပါးတည်းရှိ၏။”
အဲ့ဒါဟာ ကျွန်တော့်ကို မျက်စိဖွင့်ပေးတဲ့အရာပဲ! ဒီလူဟာ အမှန်တရားကို ပြောနေတာပဲလို့ ကျွန်တော်သဘောပေါက်သွားတယ်။ သူ့ကိုသူ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ကြောင်းပြောတဲ့အခါ သူ့ဆီကနေ ဖတ်စရာစာအုပ်တချို့ကို တောင်းလိုက်တယ်။ ဗျာဒိတ်ကျမ်းကို အသေးစိတ်ရှင်းပြထားတဲ့ အလင်း ဆိုတဲ့ စာအုပ်ကို ကျွန်တော့်အတွက် ယူလာပေးတယ်။ ကျွန်တော်လည်း အဲ့ဒီစာအုပ်ကို ခိုအောင်းရာနေရာဆီ ပြန်ယူလာတယ်။ ဗျာဒိတ်ကျမ်းမှာပါတဲ့ သားရဲတွေဟာ အချိန်တော်တော်ကြာကြာ ကျွန်တော့်အတွက် နက်နဲရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ရဲ့ ၂၀ ရာစုမှာ ရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို ကိုယ်စားပြုတယ်ဆိုတာ သိသွားရတော့တယ်။ ကျမ်းစာမှာ ကျွန်တော်တို့အချိန်အတွက် လက်တွေ့ကျတဲ့ အဓိပ္ပာယ်တွေရှိကြောင်း၊ အဲ့ဒါကို ကျွန်တော်လေ့လာသင့်ပြီး သမ္မာတရားတွေနဲ့အညီ ကျွန်တော့်အသက်တာကို ပြောင်းလဲသင့်တယ်ဆိုတာတွေကို နားလည်စပြုလာတယ်။
ဖမ်းဆီးထောင်ချခံရ
အဲ့ဒီနောက်မကြာခင်မှာပဲ ရဲတွေဟာ ကျွန်တော်ခိုအောင်းနေတဲ့နေရာကို ရုတ်တရက်ဝင်ရောက်လာပြီး ကျွန်တော်ကို ဖမ်းချုပ်လိုက်တယ်။ ကျွန်တော်ဟာ မြေတိုက်ခန်းလေးထဲမှာ ထည့်ထားခံရတယ်။ ကျွန်တော်ဟာ ဥပဒေအပြင်ဘက်မှာ အချိန်တော်တော်ကြာနေခဲ့တဲ့ အလိုရှိနေတဲ့သူဖြစ်တဲ့အတွက် သေဒဏ်ပေးခံရဖို့ပဲရှိတယ်။ ကျွန်တော့်ရဲ့အခန်းကျဉ်းလေးထဲမှာရှိနေတုန်း ကျွန်တော်ကို ဦးဆုံးစကားပြောခဲ့တဲ့ သက်သေခံက ထောင်ဝင်စာလာတွေ့တယ်။ ယေဟောဝါကို လုံးလုံးလျားလျားယုံကြည်ကိုးစားဖို့ ကျွန်တော်ကို သူအားပေးတဲ့အတိုင်း ကျွန်တော်ယုံကြည်ကိုးစားခဲ့တယ်။ အီဂျီးယန်းပင်လယ်မှာရှိတဲ့ အီကာရီးယာကျွန်းမှာ ခြောက်လကြာတစ်ကျွန်းပို့ခံခဲ့ရတယ်။
အဲ့ဒီကို ကျွန်တော် ရောက်ရောက်ချင်းပဲ ကျွန်တော်ဟာ ကွန်မြူနစ်တစ်ယောက်မဟုတ်ဘဲယေဟောဝါသက်သေတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့တယ်။ ကျမ်းစာသမ္မာတရားတွေကို လေ့လာသင်ယူခဲ့တဲ့ အခြားသူတွေလည်း အဲ့ဒီမှာ တစ်ကျွန်းပို့ခံရတဲ့အတွက် သူတို့ကို ကျွန်တော်ရှာပြီး ကျမ်းစာကို အတူတူ မှန်မှန်လေ့လာကြတယ်။ ကျမ်းစာကနေ အသိပညာကို ပိုမိုသိရှိလာအောင်နဲ့ ယုံကြည်ကိုးစားထိုက်တဲ့ ယေဟောဝါဘုရားသခင့်အကြောင်း ပိုပြီးနားလည်လာအောင် သူတို့က ကျွန်တော့်ကို အကူအညီပေးခဲ့ကြတယ်။
ကျွန်တော့်ရဲ့အပြစ်ဒဏ်ကုန်ဆုံးသွားတဲ့ ၁၉၄၇ ခုနှစ်မှာ အစိုးရရှေ့နေရုံးကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အကျင့်အကြံကို သူအထင်ကြီးသွားကြောင်း၊ အကယ်၍ နောက်တစ်ခါတစ်ကျွန်းပို့ခံရလို့ရှိရင် ထောက်ခံချက်အဖြစ် သူ့နာမည်ကို သုံးနိုင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ တစ်ကျွန်းပို့ခံရချိန်အတွင်းက ကျွန်တော့်မိသားစုပြောင်းရွှေ့သွားတဲ့ အေသင်မြို့ကို ကျွန်တော်ရောက်သွားတဲ့အခါမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုနဲ့ စတင်ပူးပေါင်းလိုက်ပြီး မကြာခင်မှာပဲ ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံခဲ့ပါတယ်။
ဘာသာသွင်းမှုဖြင့် စွဲချက်တင်ခံရ
ဂရိနိုင်ငံဟာ ၁၉၃၈ ခုနှစ်နဲ့ ၁၉၃၉ ခုနှစ်တို့မှာ ပြဋ္ဌာန်းလိုက်တဲ့ ဘာသာသွင်းခြင်းတားမြစ်တဲ့ဥပဒေများနဲ့ ယေဟောဝါသက်သေတွေကို ဆယ်စုနှစ်အတော်ကြာကြာ တရားစွဲခဲ့ပါတယ်။ ဒါကြောင့် ၁၉၃၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ဂရိနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေများကို ဖမ်းဆီးမှုပေါင်း ၁၉,၁၄၇ ခုရှိခဲ့ပြီး တရားရုံးများက သူတို့စုစုပေါင်းထောင်ဒဏ် ၇၅၃ နှစ်ချမှတ်ခဲ့တဲ့ နှစ်တွေထဲကနေ ၅၉၃ နှစ် အမှန်တကယ် ထောင်နန်းစံခဲ့ရပါတယ်။ တစ်ဦးချင်းအနေနဲ့ဆိုရင် ကျွန်တော်ဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကြောင့် အကြိမ် ၄၀ ထက်မနည်း အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်အမျိုးမျိုးမှာ ၂၇ လထောင်နန်းစံခဲ့ရပါတယ်။
ကျွန်တော်အဖမ်းခံခဲ့ရတဲ့ကိစ္စတစ်ခုကတော့ ကားကစ်မြို့က . . . ဓမ္မဆရာတစ်ယောက်ဆီ ရေးလိုက်တဲ့ စာတစ်စောင်ကြောင့်ပါပဲ။ ၁၉၅၅ ခုနှစ်မှာ ယေဟောဝါသက်သေများရဲ့ အသင်းတော်တွေဟာ ခရစ်ယာန်ဘောင် သို့မဟုတ် ခရစ်ယာန်ဘာသာ—မည်သည်က “လောက၏အလင်းဖြစ်သနည်း” ဆိုတဲ့ စာအုပ်ငယ်ကို ဓမ္မဆရာအားလုံးထံပို့ကြဖို့ တိုက်တွန်းခံခဲ့ရပါတယ်။ ကျွန်တော် စာရေးလိုက်တဲ့ ရာထူးကြီးကြီးရထားတဲ့ ဓမ္မဆရာက ဘာသာသွင်းမှုနဲ့ ကျွန်တော်ကို တရားစွဲပါလေရော။ အမှုကြားနာစဉ်မှာ သက်သေခံဖြစ်တဲ့ ဥပဒေအကျိုးဆောင်ကော နယ်ခံရှေ့နေကပါ ခရစ်ယာန်စစ်တွေမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောဖို့ တာဝန်ရှိကြောင်း ရှင်းပြပြီး ပိုင်ပိုင်နိုင်နိုင် ထုချေခဲ့ကြတယ်။—မဿဲ ၂၄:၁၄။
တရားရုံးရဲ့ ဦးစီးတရားသူကြီးက ဘုရားကျောင်းအကြီးအမှူး (ဘိရှော့အောက် နိမ့်သောချာ့ချ်ရာထူးရှိသူ) ကို “ခင်ဗျား အဲ့ဒီစာနဲ့ စာအုပ်ကို ဖတ်သလား” လို့ မေးလိုက်ပါတယ်။
“မဖတ်ဘူး၊ စာအိတ်ကို ကျုပ်ဖွင့်ပြီးတာနဲ့ တစ်စစီဆွဲဆုတ်ပစ်လိုက်တယ်!” လို့ ဒေါနဲ့မောနဲ့ပြန်ဖြေတယ်။
“ဒါဆိုရင် ဒီလူက ခင်ဗျားကို ဘာသာသွင်းပါတယ်လို့ ဘယ်လိုလုပ်ပြီး ခင်ဗျားပြောနိုင်မှာလဲ” လို့ ဦးစီးတရားသူကြီးက စစ်ဆေးမေးမြန်းလိုက်တယ်။
အဲ့ဒီနောက် ကျွန်တော်တို့ရဲ့ ဥပဒေအကျိုးဆောင်က ပါမောက္ခတွေ၊ ပြည်သူ့စာကြည့်တိုက်တွေမှာလိုတဲ့ စာအုပ်အားလုံးကိုလှူဒါန်းခဲ့တဲ့ အခြားသူတွေရဲ့ နမူနာတွေကို ကိုးကားပြခဲ့ပါတယ်။ “ဒီလူတွေဟာ အခြားသူတွေကို ဘာသာသွင်းပါတယ်လို့ ခင်ဗျားပြောမှာလား” လို့ သူမေးလိုက်တယ်။
အဲ့လိုလုပ်ဆောင်မှုတွေကို ဘာသာသွင်းတယ်လို့ သတ်မှတ်လို့မရတာ ရှင်းနေပါတယ်။ “အပြစ်မရှိ” ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ကြားလိုက်ရတဲ့အခါ ယေဟောဝါကို ကျေးဇူးတင်လိုက်တာဗျာ။
ကျွန်တော့်သား သေဆုံးခြင်း
များသောအားဖြင့် . . . ဓမ္မဆရာများရဲ့ သွေးထိုးမှုကြောင့် ကျွန်တော့်ရဲ့သားယိုရ်ဂို့စ်လည်း မပြတ်အနှောင့်အယှက်ခံနေရတယ်။ သူလည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာရာမှာ သူ့ရဲ့လူငယ့်ဇွဲကြောင့် အကြိမ်ပေါင်းများစွာ အဖမ်းခံခဲ့ရတယ်။ နောက်ဆုံးမှာ၊ ဆန့်ကျင်သူတွေက သူ့ကို လက်စတုံးပစ်ဖို့ ဆုံးဖြတ်လိုက်ကြသလို တစ်ချိန်တည်းမှာ ကျန်တဲ့ကျွန်တော်တို့လည်း ဟောပြောခြင်းကို ရပ်တန်းကရပ်ဖို့ သတိပေးလိုက်တဲ့သဘောပေါ့။
ယိုရ်ဂို့စ်သေကြောင်း ကျွန်တော်တို့အိမ်ကို သတင်းလာပို့တဲ့ ရဲက နယ်ခံဂရိ . . . ဓမ္မဆရာနဲ့ အရန်စစ်တပ်ခေါင်းဆောင်တချို့က ကျွန်တော့်သားကို သတ်ဖို့ လျှို့ဝှက်ကြံစည်ထားကြကြောင်းပြောခဲ့ပါတယ်။ အဲ့ဒီအန္တရာယ်ထူပြောတဲ့ကာလအတွင်းမှာ အဲ့လိုမျိုး “မတော်တဆဖြစ်မှုတွေ” ဟာ တွေ့မြင်နေကျပါပဲ။ သားဖြစ်သူသေသွားလို့ ယူကျုံးမရဖြစ်ပေမဲ့လည်း ဟောပြောခြင်းလုပ်ငန်းမှာ တက်တက်ကြွကြွဆက်ပါဝင်ဖို့နဲ့ တစ်ဦးတည်းသော အစွမ်းခွန်အားပေးရှင်ဖြစ်တဲ့ယေဟောဝါရှင်ကို အပြည့်အဝယုံကြည်ကိုးစားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
အခြားသူများ ယေဟောဝါရှင်ကို ယုံကြည်ကိုးစားလာရန် ကူညီပေးခြင်း
၁၉၆၀ ပြည့်လွန်နှစ်များရဲ့အလယ်မှာ ကျွန်တော့်ဇနီး၊ သားသမီးတွေနဲ့ နွေလတွေကိုအေသင်ကနေ မိုင် ၃၀ လောက်ဝေးတဲ့ စကာလာ အော်ရိုပတ်စ် ကမ်းခြေရွာမှာ အသုံးပြုလေ့ရှိကြတယ်။ အဲ့ဒီမှာ သက်သေခံတစ်ယောက်မှ မရှိတဲ့အချိန်ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ အိမ်နီးနားချင်းတွေကို အလွတ်သဘောသက်သေခံခဲ့ကြတယ်။ အချို့နယ်ခံလယ်သမားတွေဟာ တလိုတလားလက်ခံခဲ့ကြတယ်။ အမျိုးသားတွေဟာ လယ်ကွင်းထဲမှာ တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ရတဲ့အတွက်ကြောင့် ညနက်နက်မှာပဲ သူတို့နဲ့ ကျမ်းစာသင်ရတယ်။ သူတို့ထဲကတော်တော်များများဟာ သက်သေခံဖြစ်လာကြတယ်။
ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို ယေဟောဝါဘယ်လိုကောင်းချီးပေးတယ်ဆိုတာ တွေ့ရလို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ကျမ်းစာသင်ဖို့ ၁၅ နှစ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ အဲ့ဒီကိုအပတ်တိုင်းသွားကြတယ်။ အဲ့ဒီမှာ ကျွန်တော်တို့သင်ပေးတဲ့လူ ၃၀ လောက်ဟာ နှစ်ခြင်းခံတဲ့အဆင့်အထိ တိုးတက်ခဲ့ကြတယ်။ စစချင်း လေ့လာမှုအုပ်စုတစ်စုကို ဖွဲ့လိုက်တယ်၊ အစည်းအဝေးတွေကို ဦးစီးကျင်းပပေးဖို့ ကျွန်တော်တာဝန်ရခဲ့တယ်။ နောက်ပိုင်းမှာ အဲ့ဒီအုပ်စုဟာ အသင်းတော်တစ်ခုဖြစ်လာပါတယ်။ ဒီနေ့ဆိုရင် အဲ့ဒီဒေသမှာရှိတဲ့ သက်သေခံ တစ်ရာကျော်ဟာ မာလာကာစာအသင်းတော်အဖြစ် ရှိနေပါတယ်။ ခုဆိုရင် ကျွန်တော်တို့ အကူအညီပေးခဲ့တဲ့သူတွေထဲက လေးဦးဟာ အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် အမှုဆောင်နေကြလို့ ဝမ်းမြောက်မိပါတယ်။
ကြွယ်ဝသောအမွေအနှစ်
ကျွန်တော့်ရဲ့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးလို့မကြာမီမှာပဲ၊ ကျွန်တော့်ရဲ့ဇနီးဟာ ဝိညာဉ်ရေးဘက်မှာ စတင်တိုးတက်လာပြီး နှစ်ခြင်းခံခဲ့ပါတယ်။ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခက်အခဲကာလမှာ သူမရဲ့ ယုံကြည်ခြင်းဟာ သန်မာခဲ့ပြီး သူမရဲ့သမာဓိကို မယိုင်မလဲဘဲ ခိုင်ခိုင်မြဲမြဲ ဆက်လက်စောင့်ထိန်းခဲ့ပါတယ်။ ကျွန်တော်အကြိမ်ကြိမ်ထောင်ကျတဲ့အတွက် တွေ့ကြုံရတဲ့ ခက်ခဲမှုတွေအကြောင်း တစ်ခါမှ မညည်းညူခဲ့ဘူး။
နှစ်များစွာတစ်လျှောက်မှာ ကျွန်တော်တို့ဟာ ကျမ်းစာသင်အံမှုများစွာကို အတူတူသင်ပေးခဲ့ကြတယ်။ ရိုးရိုးလေးနဲ့ စိတ်ထက်သန်တဲ့ သူမရဲ့ချဉ်းကပ်နည်းနဲ့ လူများစွာကို ထိထိမိမိအကူအညီပေးခဲ့တယ်လေ။ လောလောဆယ်မှာ ကင်းမျှော်စင် နဲ့ နိုးလော့! တွေကို ဒါဇင်နဲ့ချီတဲ့လူတွေကို မှန်မှန်သွားပေးနေရတဲ့ မဂ္ဂဇင်းလမ်းကြောင်းတစ်ခု သူမရထားတယ်။
ကျွန်တော်မြတ်နိုးတွယ်တာရတဲ့ အိမ်ထောင်ဖက်က အဓိကပံ့ပိုးပေးမှုကြောင့် ကျွန်တော်တို့ရဲ့လက်ရှိသားသမီးသုံးယောက်နဲ့ မြေးခြောက်ယောက်၊ မြစ်လေးယောက်ပါဝင်တဲ့ သူတို့ရဲ့မိသားစုတွေဟာ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ တက်တက်ကြွကြွရှိနေကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့လင်မယားနှစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ညှဉ်းပန်းမှု၊ အပြင်းအထန်တိုက်ခံဆန့်ကျင်မှုတွေကို ရင်ဆိုင်ဖြေရှင်းစရာမလိုခဲ့ပေမဲ့လည်း ယေဟောဝါရှင်ကို သူတို့လုံးလုံးလျားလျား ယုံကြည်ကိုးစားခဲ့ကြပြီး ကိုယ်တော့်လမ်းတော်အတိုင်း ဆက်လျှောက်လှမ်းနေကြပါတယ်။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ယိုရ်ဂို့စ်ရှင်ပြန်ထမြောက်လာတဲ့အခါမှာ ကျွန်တော်တို့အားလုံး ပြန်လည်ဆုံစည်းရမှာဖြစ်လို့တော်တော်ပျော်ကြရမှာ!
ယေဟောဝါရှင်ကို ယုံကြည်ကိုးစားရန် သန္နိဋ္ဌာန်ချထား
ဒီနှစ်တွေတစ်လျှောက်မှာ ယေဟောဝါရဲ့ဝိညာဉ်တော်ဟာ ကိုယ်တော့်လူမျိုးတော်အပေါ်မှာ အလုပ်လုပ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ လူသားတို့ရဲ့ အားထုတ်မှုများကို ယုံကြည်စိတ်ချလို့ မရကြောင်းသဘောပေါက်ဖို့ ကိုယ်တော့်ဝိညာဉ်တော်နဲ့ ညွှန်ကြားနေတဲ့ အဖွဲ့အစည်းက ကျွန်တော့်ကို အကူအညီပေးခဲ့ပါတယ်။ ပိုပြီးကောင်းမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်တွေဟာ တန်ဖိုးမဲ့ပြီး တစ်ပြားသားမှမလျော့တဲ့ မဟာမုသားတွေပါပဲ။—ဆာလံ ၁၄၆:၃၊ ၄။
အသက်အရွယ်ထောက်လာပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပေမဲ့လည်းကျွန်တော်ရဲ့ မျက်စိတွေကတော့ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ရဲ့ အမှန်တရားပေါ်မှာ စူးစိုက်နေပါတယ်။ မှားယွင်းတဲ့ဘာသာတရားမှာ ဘဝကိုမြှုပ်နှံအသုံးပြုခဲ့တဲ့ နှစ်တွေ၊ ပိုပြီးကောင်းတဲ့အခြေအနေတွေဖြစ်လာဖို့ နိုင်ငံရေးအရ ကြိုးစားခဲ့တဲ့ နှစ်တွေကို ကျွန်တော်နှမြောတသမိတယ်ဗျာ။ အကယ်၍ ကျွန်တော်ရဲ့ဘဝကို ပြန်စခွင့်ရမယ်ဆိုရင် ယုံကြည်ကိုးစားထိုက်တဲ့ ဘုရားသခင်ယေဟောဝါထံ အမှုထမ်းဖို့ တစ်ကျော့ပြန်ဆုံးဖြတ်မယ်ဆိုတာ မေးနေစရာမလိုပါဘူး။
(ကီမွန်ပရိုဂါးခိစ်သည် မကြာသေးမီကဆုံးသွားရှာသည်။ သူ့တွင် မြေကြီးမျှော်လင့်ချက်ရှိထားသည်)
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကီမွန်နှင့် သူ့ဇနီးယမ်နူးလေတို့၏ မကြာသေးမီကဓာတ်ပုံ