စည်းလုံးသော မိသားစုအဖြစ် ယေဟောဝါအမှုတော်ကို ထမ်းဆောင်ခြင်း
အန်တိုန်ယူ စန်တိုလေရီ ပြောပြသည်
၁၉၁၉၊ ကျွန်တော့်အဖေ ၁၇ နှစ်အရွယ်မှာ အီတလီကနေ သူထွက်ခွာခဲ့ပါတယ်။ သူဟာ ပိုပြီးကောင်းတဲ့အသက်တာကိုရှာဖွေဖို့ ဘရာဇီးကို ပြောင်းရွှေ့ခဲ့တယ်။ မကြာခင်မှာပဲ ဆော ပေါလိုပြည်နယ်ရဲ့အလယ်ပိုင်းမြို့ကလေးတစ်မြို့မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ရရှိလာခဲ့တယ်။
၁၉၃၈၊ ကျွန်တော့်အသက် ခုနစ်နှစ်ရှိတဲ့အချိန် တစ်နေ့မှာ အဖေဟာ ဆံပင်ညှပ်ဆိုင်ကို လာလည်ပတ်သွားတဲ့သူဆီကနေ ဘာသာပြန်ကျမ်းစာအုပ် ဘာရာဇီလေရာကို ရရှိခဲ့တယ်။ နှစ်နှစ်ကြာပြီးနောက်ပိုင်း အမေဟာ အသည်းအသန်ဖျားလာပြီး သူသေဆုံးသွားတဲ့အချိန်အထိ မသန်မစွမ်းဖြစ်ခဲ့တယ်။ အဖေလည်း ဖျားလာပြီး—အမေရယ်၊ အဖေရယ်၊ ညီမလေး အန်းရယ်၊ ကျွန်တော်ရယ်—ကျွန်တော်တို့အားလုံး ဆောပေါလိုမြို့မှာရှိတဲ့ ဆွေမျိုးတွေနဲ့အတူ သွားနေခဲ့ကြတယ်။
ဆောပေါလိုမှာ ကျောင်းနေစဉ်အတွင်း ကျွန်တော်ဟာ စာပေကိုစွဲစွဲလမ်းလမ်း ဖတ်ရှုသူဖြစ်လာတယ်၊ အထူးသဖြင့် သမိုင်းဝင်ရေးသားချက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့။ အဲ့ဒီအကြောင်းတွေကို အခါအားလျော်စွာ ဖော်ပြပေးတဲ့ ကျမ်းစာကို အထင်ကြီးလေးစားခဲ့တယ်။ တောင်ပေါ်ဒေသနာအကြောင်း အတော်များများဖော်ပြထားတဲ့ ဝတ္တုစာအုပ်တစ်အုပ်ကို ဆောပေါလိုမြို့မှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်ကနေ ကျွန်တော်ငှားယူခဲ့ပါတယ်။ ဒါနဲ့ ကျမ်းစာကိုရယူပြီး အဲဒီဒေသနာကို ကိုယ့်ဘာသာကိုယ်ဖတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နှစ်များစွာက အဖေရရှိခဲ့တဲ့ကျမ်းစာကို ရှာဖွေခဲ့တာ နောက်ဆုံးတော့ သေတ္တာတစ်ခုရဲ့အောက်ပိုင်းမှာတွေ့ရပြီး အဲဒီမှာ ခုနစ်နှစ်ရှိနေခဲ့တယ်။
ကျွန်တော်တို့မိသားစုဟာ ကက်သလစ်ဖြစ်ကြတဲ့အတွက် ကျမ်းစာကိုဖတ်ရှုဖို့ တစ်ခါမှတိုက်တွန်းမခံကြရဘူး။ အခုတော့ ကျွန်တော့်ဘာသာကျွန်တော် အခန်းကြီးနဲ့ အခန်းငယ်တွေကို ကြည့်တတ်ဖို့ သင်ယူခဲ့တယ်။ တောင်ပေါ်ဒေသနာတင်မကဘူး မဿဲကျမ်းတစ်ခုလုံးအပြင် တခြားကျမ်းစာအုပ်တွေကိုလည်း ဖတ်ရတာ အရမ်းကိုနှစ်ခြိုက်မိတယ်။ ယေရှုရဲ့သွန်သင်ချက်တွေနဲ့ ပြသခဲ့တဲ့ အံ့ဖွယ်ရာတွေနဲ့ပတ်သက်တဲ့ သမ္မာတရားဟာ ကျွန်တော့်စိတ်ကို အထိမိစေဆုံးပါပဲ။
ကျမ်းစာထဲကဖတ်ခဲ့တာတွေနဲ့ ကက်သလစ်ဘာသာရဲ့ခြားနားပုံကို သဘောပေါက်လာပြီး ပရက်စ်ပီတီးရီးယန်းအသင်းကို စတက်လိုက်တော့ အန်းပါ ကျွန်တော်နဲ့လာပေါင်းတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ဟာနေတုန်းပါပဲ။ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ထက်ထက်သန်သန် ရှာဖွေခဲ့တယ်။ (တမန်တော် ၁၇:၂၇) ကြယ်စီခြယ်ထားတဲ့ ညတစ်ညမှာ အတွေးထဲနစ်မျောနေရင်း ‘ကျွန်တော် ဘာကြောင့်ဒီကိုရောက်နေတာလဲ၊ ဘဝရဲ့ရည်ရွယ်ချက်ကဘာလဲ’ ဆိုပြီး စဉ်းစားနေမိခဲ့တယ်။ ကျွန်တော်ဟာ အိမ်ဝင်းအနောက်ဘက် ဆိတ်ငြိမ်တဲ့နေရာမှာ ဒူးထောက်ပြီး ‘သခင်ဘုရား၊ ကိုယ်တော်ဟာ ဘယ်သူလဲ၊ ကိုယ်တော်ကို ဘယ်လိုများသိနိုင်မှာလဲ’ ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အဖြေရခဲ့တယ်။
ကျမ်းစာသမ္မာတရားကို သင်ယူခြင်း
၁၉၄၉၊ တစ်နေ့မှာ အဖေကားပေါ်ကဆင်းလာတော့ အမျိုးသမီးငယ်တစ်ဦးက သူ့ဆီချဉ်းကပ်ခဲ့တယ်။ သူက ကင်းမျှော်စင် နဲ့ နိုးလော့!မဂ္ဂဇင်းကို ဝေငှခဲ့တယ်။ ကင်းမျှော်စင်ကို နှစ်စဉ်ကြေးယူလိုက်ပြီး သူ့မှာ ပရက်စ်ပီတီးယန်းအသင်းကိုသွားတက်တဲ့ ကလေးနှစ်ယောက်ရှိကြောင်း ရှင်းပြရင်း အိမ်ကိုလာလည်ပတ်ဖို့ တောင်းဆိုခဲ့တယ်။ အမျိုးသမီးလာလည်ပတ်တဲ့အချိန်မှာတော့ သူထားခဲ့တဲ့ ကလေးများ [လိပ်] ဆိုတဲ့စာအုပ်နဲ့ပဲ အန်းနဲ့အတူ ကျမ်းစာသင်အံမှုစတင်ခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော်လည်း သင်အံမှုမှာပါဝင်ခဲ့တယ်။
၁၉၅၀၊ နိုဝင်ဘာလမှာ ယေဟောဝါသက်သေများရဲ့ စည်းဝေးကြီးကို ပထမအကြိမ်တက်ရောက်ခဲ့ကြတယ်။ အဲဒီမှာ “ဘုရားသခင်၏သစ္စာတော်သည်တည်စေသတည်း” ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပြီး ကျွန်တော်တို့ရဲ့လမ်းညွှန်အနေနဲ့ ကျမ်းစာသင်အံမှုမှာဆက်ပြီး အဲဒီစာအုပ်ကိုအသုံးပြုခဲ့ကြတယ်။ အဲဒီနောက်ပိုင်း မကြာခင်မှာပဲ သမ္မာတရားကို တွေ့ထားကြပြီဆိုတာကို သိမြင်လာကြပါတယ်၊ ဒါနဲ့ ၁၉၅၁၊ ဧပြီလမှာ ယေဟောဝါကိုဆက်ကပ်အပ်နှံခြင်း အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ နှစ်ခြင်းယူခဲ့ကြတယ်။ အဖေကျတော့ နှစ်အတော်အတန်ကြာပြီးနောက်ပိုင်းကျမှ ဆက်ကပ်အပ်နှံခဲ့ပြီး ၁၉၈၂ မှာ သစ္စာရှိစွာနဲ့ သေဆုံးသွားခဲ့ပါတယ်။
အချိန်ပြည့်လုပ်ငန်းတွင် ပျော်ရွှင်ခြင်း
၁၉၅၄၊ ဇန်နဝါရီလ ကျွန်တော့်အသက် ၂၂ အရွယ်မှာ ဗေသလလို့ခေါ်တဲ့ ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ကျွန်တော့်ကို လက်ခံခဲ့တယ်။ အဲဒီကိုရောက်သွားတဲ့အခါ ဌာနခွဲကြီးကြပ်မှူးဖြစ်တဲ့ ရစ်ချက်မူးကာဟာ ကျွန်တော့်ထက် နှစ်နှစ်ပဲကြီးတာကို အံ့အားသင့်စွာနဲ့ တွေ့ခဲ့ရတယ်။ ၁၉၅၅ မှာတော့ နယ်လှည့်ကြီးကြပ်မှူးများလို့ခေါ်တဲ့ တိုက်နယ်အမှုထမ်းတွေ လိုအပ်နေတဲ့အတွက် အဲဒီလုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတဲ့ငါးယောက်ထဲမှာ ကျွန်တော်လည်းပါဝင်ခဲ့ပါတယ်။
ကျွန်တော့်ကို ရွန်ကရဲန်းဒိုဆူပြည်နယ်မှာ တာဝန်ပေးပါတယ်။ ကျွန်တော်စလုပ်တဲ့အချိန်မှာ ယေဟောဝါသက်သေများရဲ့အသင်းတော် ၈ ခုပဲရှိပေမဲ့ ၁၈ လအတွင်း အသင်းသစ်နှစ်ခုနဲ့ သီးခြားအုပ်စု ၂၀ ရှိလာခဲ့တယ်။ ယနေ့ဆိုရင် အဲဒီမှာ ယေဟောဝါသက်သေများရဲ့တိုက်နယ် ၁၅ ခုရှိပြီး တစ်ခုစီမှာ အသင်းတော် ၂၀ ခန့်ရှိနေပြီလေ! ၁၉၅၆ နှစ်ကုန်ပိုင်းမှာ ကျွန်တော့်ရဲ့တိုက်နယ်ကို တိုက်နယ်ငယ် လေးခုခွဲပြီး တိုက်နယ်အမှုထမ်း လေးယောက်ကနေထမ်းဆောင်ဖို့ ကျွန်တော့်ကို အကြံပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ခန့်အပ်ချက်အသစ်အတွက် ဗေသလကိုပြန်လာဖို့ ညွှန်ကြားခံရတယ်။
ဘရာဇီးမြောက်ပိုင်းမှာရှိတဲ့ တိုက်နယ်အတော်များများမှာ နယ်လှည့်အမှုထမ်းမယ့်သူ ခရိုင်ကြီးကြပ်မှူးတစ်ဦးအဖြစ် ခန့်အပ်ခံရတဲ့အတွက် အံ့အားသင့်ပြီး ဝမ်းမြောက်မိပါတယ်။ ဘရာဇီးနိုင်ငံမှာ ယေဟောဝါသက်သေများ ဓမ္မအမှုဆောင် ၁၂,၀၀၀ ရှိပြီး ခရိုင်နှစ်ခုရှိပါတယ်။ ရစ်ချက် ဝပ်ကီက တောင်ပိုင်းမှာထမ်းဆောင်ပြီး ကျွန်တော်က မြောက်ပိုင်းခရိုင်မှာထမ်းဆောင်ပါတယ်။ ယေဟောဝါသက်သေများက ထုတ်လုပ်တဲ့ The New World Society in Action နဲ့ The Happiness of the New World Society စတဲ့ရုပ်ရှင်ကားတွေကိုပြသဖို့အတွက် ကျွန်တော်တို့ကို ပြစက်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဗေသလမှာ သင်ပေးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ခရီးသွားရတာ တော်တော်ကြီးကို ခြားနားမှုရှိပါတယ်။ ဘယ်သက်သေခံဆီမှာမှ ကားမရှိတော့ ကနူးလှေ၊ လှော်လှေ၊ နွားလှည်း၊ မြင်းလှည်း၊ ဝန်တင်ကား၊ ထရပ်စ်ကား၊ လေယာဉ်နဲ့တစ်ကြိမ် စတဲ့ဟာတွေနဲ့ ခရီးနှင်ခဲ့ရတယ်။ အမေဇိုနပ်စ်ပြည်နယ်ရဲ့မြို့တော် မာနာအပ်စ်နှင့် အမေဇုန်မြစ်ဝရှိ ဆန်တာရဲမ်ပြည် ဘဲလင်မြို့ကြားရှိ အမေဇုန်သစ်တောပေါ်ကနေ ပျံသန်းခဲ့ကြရတာ တကယ့်ကိုရင်ဖိုစရာပါပဲ။ ခရိုင်အမှုထမ်းတွေ လုပ်ဆောင်ကြရမယ့် တိုက်နယ်အစည်းအဝေးတွေ အနည်းငယ်သာရှိတဲ့အတွက် အသင်းမရုပ်ရှင်ကားတွေကို ပြသတဲ့နေရာမှာ အချိန်ကိုပိုအသုံးပြုခဲ့တယ်။ ပိုပြီးကြီးတဲ့မြို့တွေမှာဆိုရင် ရာနဲ့ချီလာကြည့်ကြတယ်။
ဘရာဇီးမြောက်ပိုင်းမှာရှိတဲ့ အမေဇုန်ဒေသဟာ ကျွန်တော့်စိတ်ကို အလွန်ပဲထိမိစေပါတယ်။ ၁၉၅၇၊ ဧပြီလ ကျွန်တော် အဲဒီမှာအမှုဆောင်နေတုန်း အမေဇုန်မြစ်နဲ့ သူရဲ့မြစ်လက်တက်ကရေတွေဟာ ကမ်းကိုလျှံပြီးတက်ခဲ့တယ်။ ရုပ်ရှင်ကားတစ်ခုကို တောမှာပြသဖို့အခွင့်အရေးရခဲ့တဲ့အတွက် အပင်နှစ်ပင်ကြားမှာ ပိတ်ကားထောင်ခဲ့တယ်။ ပြစက်အတွက် လျှပ်စစ်မီးကိုတော့ အနီးမှာရှိတဲ့မြစ်ကမ်းခြေက မော်တော်ဘုတ်ဆီကနေရတယ်။ ပရိသတ်အများစု ကြည့်ခဲ့ကြဖူးသမျှထဲမှာ ဒီရုပ်ရှင်ကားဟာ ပထမဆုံးပဲဖြစ်ပါတယ်။
ဗေသလလုပ်ငန်းအတွက် ပြန်လာပြီးနောက်ပိုင်း သိပ်မကြာခင် နောက်တစ်နှစ် ၁၉၅၈ ခုနှစ်မှာ နယူးယောက်မြို့မှာကျင်းပမယ့် ယေဟောဝါသက်သေများရဲ့ သမိုင်းတွင် “မြင့်မြတ်သော အလိုတော်” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ အခွင့်အရေးရခဲ့တယ်။ ရန်ကီးအားကစားကွင်းနဲ့ အနီးမှာရှိတဲ့ ပိုလိုကစားကွင်းမှာ တက်ရောက်သူ ၂၅၃,၉၂၂ နဲ့အပြည့်ရှိတဲ့အနက်က ၁၂၃ နိုင်ငံက ကိုယ်စားလှယ်တွေပါဝင်ပြီး စည်းဝေးကြီးကို ရှစ်ရက်မြောက်တဲ့နေ့မှာ နိဂုံးချုပ်ခဲ့ပါတယ်။
ကျွန်တော့်ဘဝ အပြောင်းအလဲမှ ရွှင်လန်းခြင်း
ဗေသလကိုပြန်လာပြီး မကြာခင်မှာ ကလားရာဘတ်နဲ့ သိကျွမ်းလာခဲ့ပြီး ၁၉၅၉၊ မတ်လမှာ လက်ထပ်ခဲ့ကြပါတယ်။ ဗာဟီယားပြည်နယ်မှာ တိုက်နယ်လုပ်ငန်းအတွက် ခန့်အပ်ခံကြရပြီး အဲဒီမှာ တစ်နှစ်ခန့်အမှုဆောင်ခဲ့ကြတယ်။ ကလားရာနဲ့ကျွန်တော်ဟာ အဲဒီကညီအစ်ကိုတွေရဲ့ နှိမ့်ချမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ဇွဲ၊ မေတ္တာနဲ့အတူ ရွှင်လန်းမှုကို အမှတ်ရနေဆဲပါပဲ; သူတို့ဟာ ရုပ်ပစ္စည်းမှာ ဆင်းရဲကြပေမဲ့ နိုင်ငံတော်အသီးအပွင့်မှာတော့ ချမ်းသာကြပါတယ်။ အဲဒီနောက် ဆောပေါလိုပြည်နယ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ၁၉၆၀ ပြည့်နှစ် အဲဒီနေရာမှာ ကျွန်တော့်ဇနီး ကိုယ်ဝန်ရှိလာပြီး အချိန်ပြည့်ဓမ္မအမှုကို စွန့်လွှတ်ခဲ့ကြတယ်။
ဆန်တာ ကာရီနာပြည်နယ်ကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြပြီး အဲဒီမှာ ကျွန်တော့်ဇနီးမီးဖွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့သားကြီး ဂါဇန်ဟာ ကလေးငါးယောက်ထဲမှာ ဦးဆုံးဖြစ်တယ်။ ၁၉၆၂ မှာ သူ့နောက်က ဂဲလ်ဆန်၊ ၁၉၆၅ မှာ တေလီးတာ၊ ၁၉၆၉ မှာ တာစီယိုနဲ့ ၁၉၇၄ မှာ ဂျဲနစ်တို့ဖြစ်ကြတယ်။ ကိုယ်တော်ဟာ ဩဝါဒကောင်းတွေကို ပေးထားပြီး “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” မွေးမြူခြင်းစိန်ခေါ်ချက်ကို ရင်ဆိုင်နိုင်ခဲ့ကြတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ကြပါတယ်။—ဧဖက် ၆:၄၊ ကဘ။
ကျွန်တော်တို့ရဲ့ကလေးတစ်ယောက်စီကို အဖိုးထိုက်သူတွေအဖြစ် ယူမှတ်ကြပါတယ်။ “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏” လို့ဆိုထားတဲ့ ဆာလံဆရာဖော်ပြထားသလိုမျိုး ခံစားကြရတယ်။ (ဆာလံ ၁၂၇:၃) ပြဿနာတွေကြားမှာပဲ ‘ယေဟောဝါထံမှရရှိတဲ့ အမွေဥစ္စာ’ အနေနဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ကြပြီး ကိုယ်တော်ရဲ့နှုတ်ကပါဌ်တော်မှာတွေ့ရတဲ့ သွန်သင်ချက်တွေကို နှလုံးသွင်းထားကြတယ်။ ရလဒ်ကတော့ အများကြီးပါပဲ။ ငါးယောက်စလုံး သီးခြားစီ ယေဟောဝါထံဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံဖို့ သူတို့ရဲ့ဆန္ဒကို စိတ်လိုကိုယ်လျောက် ဖော်ပြခဲ့ကြတဲ့အတွက် မဖော်ပြနိုင်တဲ့ရွှင်လန်းမှုကို ရရှိကြပါတယ်။—ဒေသနာ ၁၂:၁။
ကျွန်တော်တို့ကလေးများ၏ ရွေးချယ်မှု
ဂါဇန်ဟာ သူ့ရဲ့ကွန်ပျူတာသင်တန်းဆင်းပြီးတဲ့နောက် မကြာခင် ဗေသလမှာ အမှုဆောင်လိုကြောင်းပြောလာပြီး ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုမဲ့အစား အချိန်ပြည့်ဓမ္မအမှုကို ရွေးချယ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ များစွာရွှင်လန်းခဲ့ကြတယ်။ ဒါပေမဲ့ ဦးဆုံးအကြိမ် ဗေသလအသက်တာဟာ ဂါဇန်အတွက် မလွယ်ကူခဲ့ပါဘူး။ ဗေသလမှာနေတာ လေးလသာရှိသေးတဲ့အချိန်မှာ ကျွန်တော်တို့ သူ့ဆီကိုသွားလည်ပတ်ပြီးတဲ့နောက် ကျွန်တော်တို့ပြန်အထွက်မှာ သူ့မျက်နှာမှာထင်ဟပ်နေတဲ့ ဝမ်းနည်းမှုကို စိတ်ထဲစွဲမှတ်သွားတယ်။ လမ်းရဲ့ဦးဆုံးလမ်းခွဲတိုင်အောင် ကျွန်တော်တို့ကိုကြည့်နေတာကို ကားနောက်ကြည့်မှန်ပေါ်ကနေတွေ့ရတယ်။ ကျွန်တော့်ရဲ့မျက်လုံးမှာ မျက်ရည်တွေပြည့်လာတဲ့အတွက် မိုင် ၄၃၀ ဝေးတဲ့အိမ်အပြန်ခရီးကို ဆက်မမောင်းခင် ကားကိုလမ်းဘေးမှာ ထိုးရပ်လိုက်ရပါတယ်။
ဂါဇန်ဟာ ဗေသလမှာ အမှန်ပဲပျော်ရွှင်လာခဲ့ပါတယ်။ ခြောက်နှစ်နီးပါးခန့်ရှိပြီးတဲ့နောက် ဟေဒီ ဗက်ဆာနဲ့လက်ထပ်ခဲ့ပြီး နောက်ထပ်နှစ်နှစ် ဗေသလမှာ အတူတူအမှုဆောင်ခဲ့ကြတယ်။ ဟေဒီဟာ ကိုယ်ဝန်ရှိလာတဲ့အတွက် အဲဒီကနေထွက်လာကြပါတယ်။ သူတို့ရဲ့သမီး စင်းသီယာဟာ အခု ခြောက်နှစ်ရှိပြီဖြစ်ပြီး သူတို့နဲ့အတူ နိုင်ငံတော်လုပ်ငန်းတွေမှာ အတူပါဝင်နေပါတယ်။
ဗေသလမှာရှိတဲ့ ဂါဇန်ဆီလည်ပတ်ပြီးလို့ မကြာခင်မှာပဲ စီးပွားရေးပထမနှစ်ကျောင်းပြီးခါစ ဂဲလ်ဆန်လည်း အဲဒီမှာအမှုဆောင်ချင်တယ်လို့ ဆိုလှာတယ်။ ဗေသလမှာ တစ်နှစ်အမှုဆောင်ပြီးမှ သူ့ရဲ့စီးပွားရေးသင်တန်းကို ဆက်တက်မယ်ဆိုပြီး သူစီစဉ်ထားပါတယ်။ ဒါပေမဲ့ သူ့အစီအစဉ်ပြောင်းသွားပြီး ဗေသလလုပ်ငန်းမှာပဲ ဆက်လုပ်ခဲ့တယ်။ ၁၉၈၈ ခုနှစ်ကျတော့ အချိန်ပြည့်အမှုဆောင်များလို့ခေါ်တဲ့ ရှေ့ဆောင်တစ်ဦးဖြစ်သူ ဗီးဗေယမ် ဂိုစလ်ဗစ်နဲ့ လက်ထပ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ဗေသလမှာ အတူတူအမှုဆောင်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ တတိယကလေး တေလီးတာဟာ ပုံဆွဲသင်တန်းယူပြီးတဲ့နောက် ၁၉၈၆ မှာ ရှေ့ဆောင်လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ရွှင်လန်းခြင်းဟာ ဆက်တိုက်ဖြစ်ခဲ့တယ်။ သုံးနှစ်လုပ်ပြီးနောက် သူမလည်း ဗေသလကိုဖိတ်ခေါ်ခံခဲ့ရပါတယ်။ ၁၉၉၁ မှာ ဗေသလမှာ ဆယ်နှစ်လုပ်ဆောင်ခဲ့သူ ဇူဇဲ ကိုစီနဲ့ လက်ထပ်ခဲ့တယ်။ အိမ်ထောင်သည် မောင်နှံအဖြစ် အဲဒီမှာ ဆက်နေကြပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ တာစီယိုက “အဖေ ကျွန်တော် ဗေသလကိုသွားချင်တယ်” ဆိုပြီး အဲဒီစကားကိုပဲ သုံးကြိမ်တိုင်တိုင်ပြန်ပြောတဲ့အခါ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ တစ်ခါပြန်ပြီးဝမ်းမြောက်ကြပြန်ပါတယ်။ သူ့ရဲ့လျှောက်လွှာကို လက်ခံခဲ့ပြီး ၁၉၉၁ မှာ သူလည်း ဗေသလလုပ်ငန်း စတင်ခဲ့ပြီး ၁၉၉၅ အထိ အဲဒီမှာနေခဲ့တယ်။ အဲဒီနည်းနဲ့ သူ့ရဲ့လူငယ့်အားမာန်ကို ယေဟောဝါရဲ့နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးမှာ သုံးနှစ်ကျော်အသုံးပြုခဲ့တဲ့အတွက် ကျွန်တော်တို့ဝမ်းသာကြရပါတယ်။
ကျွန်တော်တို့ရဲ့ အငယ်ဆုံးကလေး ဂျဲနစ်ဟာ ယေဟောဝါအမှုတော်ဆောင်ဖို့စိတ်ဆုံးဖြတ်ခဲ့ပြီး အသက် ၁၃ နှစ်မှာ နှစ်ခြင်းခံခဲ့ပါတယ်။ ကျောင်းနေစဉ်အတွင်း အရန်ရှေ့ဆောင်အဖြစ် တစ်နှစ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၃၊ စက်တင်ဘာ ၁၊ ကစပြီး ဒီဂဲစ်ပါမြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့အသင်းတော်မှာ မှန်မှန်ရှေ့ဆောင်အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။
အောင်မြင်ခြင်း၏လမ်း
ယေဟောဝါကို ကိုးကွယ်ရာမှာ စည်းလုံးတဲ့မိသားစုတစ်ခုကို ဆက်ထိန်းထားဖို့အတွက် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။ ဆန်းကြယ်တဲ့စွမ်းပကားရှိ လုပ်ထုံးလုပ်နည်းဆိုတဲ့ဟာကိုတော့ ကျွန်တော်မယုံပါဘူး။ ခရစ်ယာန်မိဘများလိုက်လျှောက်ဖို့အတွက် ကိုယ်တော့်နှုတ်ကပါဌ်တော်မှာ ဩဝါဒတွေကို ယေဟောဝါ ဖော်ပြပေးထားတဲ့အတွက် ရလဒ်ကောင်းတွေရရှိပြီး ကျွန်တော်တို့ရွှင်လန်းကြရတယ်၊ ဒါတွေကြောင့် ဂုဏ်ဖော်စရာအားလုံးဟာ ကိုယ်တော်အတွက်ပဲဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ကျတော့ ကိုယ်တော်ရဲ့ညွှန်ကြားချက်တွေကို လိုက်လျှောက်ဖို့ ကြိုးစားရုံသာဖြစ်ပါတယ်။ (သု. ၂၂:၆) ကျွန်တော်တို့ကလေးတွေအားလုံးဟာ ကျွန်တော့်ဆီကနေ လက်တင်စိတ်ပိုင်းဆိုင်ရာစိတ်ဓာတ်မျိုးကို အမွေရရှိကြပြီး သူတို့အမေဆီကနေကျတော့ လက်တွေ့ကျ ဂျာမန်စိတ်ဓာတ်မျိုးကို အမွေရရှိကြတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာဖြစ်တဲ့ ဝိညာဏအမွေအနှစ်ကို ကျွန်တော်တို့ဆီက ရရှိခဲ့ကြတယ်။
ကျွန်တော်တို့မိသားစုအသက်တာဟာ နိုင်ငံတော်အကျိုးစီးပွားအတွက်သာ လည်ပတ်လှုပ်ရှားနေတယ်။ ဒီအကျိုးစီးပွားကို ရှေ့ဆက်လုပ်ဆောင်ရတာ မလွယ်ပါဘူး။ ဥပမာအနေနှင့် မိသားစုကျမ်းစာသင်အံမှုမှန်မှန်ပြုလုပ်ခြင်းကို အမြဲထိန်းသိမ်းရတာ ခက်ပါတယ်၊ ဒါပေမဲ့ ဘယ်တော့မှ လက်မလျော့ကြပါဘူး။ သူတို့ရဲ့ အသက်တာအစပြုချိန်ကစပြီး ကလေးတိုင်းကို ခရစ်ယာန်အစည်းအဝေးတွေအပြင် အစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေဆီကို ခေါ်သွားကြတယ်။ ဖျားနာတာ ဒါမှမဟုတ် တခြားအရေးပေါ်ကိစ္စတွေကလွဲရင် သွားတက်ကြတာပါပဲ။ ဒါ့ပြင် ကလေးတွေ ငယ်ရွယ်တဲ့အချိန်မှာလည်း ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော်တို့နဲ့အတူပါဝင်ကြပါတယ်။
အသက်ဆယ်နှစ်လောက်ရှိတဲ့အချိန်မှာတော့ ကလေးတွေဟာ သီအိုကရက်တစ်ကျောင်းမှာ စတင်ဟောပြောကြပြီဖြစ်တယ်။ သူတို့ရဲ့ဦးဆုံးဟောပြောချက်ကို ပြင်ဆင်ရာမှာ ကူညီပေးကြတယ်၊ စာမူကိုသုံးမယ့်အစား အောက်လိုင်းကိုအသုံးပြုဖို့ အားပေးကြပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟောပြောချက်အတွက် တစ်ဦးစီပြင်ဆင်ကြတယ်။ ဒါ့ပြင် အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြားရောက်တဲ့အခါ တစ်ဦးစီ ဓမ္မအမှုမှာ စတင်မှန်မှန်ပါဝင်လာကြပါတယ်။ ဒါဟာ သူတို့ဘဝလမ်းစဉ်သာလျှင်ဖြစ်တယ်ဆိုတာကို သူတို့သိကြတယ်။
ကျွန်တော်တို့ရဲ့ကလေးတွေ ပျိုးထောင်ပေးတဲ့နေရာမှာ ကျွန်တော့်ဇနီး ကလားရာဟာ အရေးပါတဲ့အခန်းကဏ္ဍကနေလုပ်ဆောင်ပါတယ်။ သူတို့တစ်တွေ လူမမယ်အရွယ်—ရေမြှုပ်တစ်လုံးလိုပဲ သွန်သင်ပေးသမျှအားလုံးကို ကလေးတွေလက်ခံတဲ့အချိန်မှာ—ကလားရာဟာ ညတိုင်း ကျမ်းစာပုံပြင်စာအုပ်ကို ကလေးတွေအတွက်ဖတ်ပြပြီး သူတို့နဲ့အတူ ဆုတောင်းတယ်။ သူဟာ ပရဒိသုပျောက်ဆုံးခြင်းမှ ပြန်လည်ရရှိသည်အထိ၊ ကြီးမြတ်သော ဆရာ့စကားကို နားထောင်ခြင်း၊ နဲ့ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်a စတဲ့စာအုပ်တွေကို ကောင်းစွာအသုံးချခဲ့တယ်။ ယေဟောဝါသက်သေတွေ စီစဉ်ထုတ်လုပ်ထားတဲ့ ရုပ်သံသွင်းတိတ်ခွေတွေရလာတဲ့အခါ အဲဒါတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့တွေ့ကြုံမှုက ခရစ်ယာန်မိဘတွေအနေနဲ့ ကလေးတွေကို နေ့တိုင်းအာရုံစိုက်ဖို့လိုတယ်ဆိုတာကို သေချာစေပါတယ်။ အားကြီးသောမေတ္တာ၊ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုနဲ့ အချိန်များစွာပေးခြင်း စတဲ့ဟာတွေဟာ ငယ်ရွယ်တဲ့သူတွေရဲ့အခြေခံလိုအပ်ရာတွေပဲဖြစ်တယ်။ ကျွန်တော်တို့စွမ်းဆောင်နိုင်သမျှနဲ့ ဒီလိုအပ်ရာတွေကိုဖြည့်ဆည်းပေးဖို့ မိဘတွေရဲ့တာဝန်အဖြစ်သာမဟုတ်ဘဲ အဲဒီလိုလုပ်ခြင်းကနေ များစွာသောဝမ်းမြောက်မှုကိုရရှိစေတယ်ဆိုပြီးလည်း ယူမှတ်ကြပါတယ်။
ဆာလံ ၁၂၇:၃-၅ မှာ “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။ အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ဆီးတားကြလိမ့်မည်” ဆိုပြီးဖော်ပြထားတဲ့ ဒီစကားတွေပြည့်စုံချက်ကို သိမြင်ကြတဲ့မိဘတွေအတွက် တကယ်ပဲ ကျေနပ်နှစ်သိမ့်မှုဖြစ်စေပါတယ်။ စည်းလုံးတဲ့မိသားစုအနေနဲ့ ယေဟောဝါရဲ့အမှုတော်ကိုထမ်းရွက်ရတာဟာ အမှန်ပဲ ကျွန်တော်တို့ကို ဝမ်းမြောက်စေပါတယ်!
[အောက်ခြေမှတ်ချက်များ]
a အားလုံးကို ကင်းမျှော်စင်နှင့် သမ္မာကျမ်းစာဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အန်တိုန်ယူ စန်တိုလေရီနှင့် သူ၏မိသားစုအရင်းအချာ