ယေဟောဝါ၌ယုံကြည်စိတ်ချခြင်းကကျွန်ုပ်ကိုထောက်မ
အာဇဲန်နိုရ် ဒါပိုင်ရှို ပြောပြသည်
ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသောသားလေး ပေါလ်ဟာ ၁၁ လသားအရွယ်လောက်မှာ အဆုတ်လေပြွန်ရောင်ရမ်းနာကြောင့် သေဆုံးသွားပါတယ်။ သုံးလကြာပြီးတဲ့နောက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျွန်တော်အလွန်မြတ်နိုးရတဲ့ဇနီးဟာ အဆုတ်ရောင်ရောဂါနဲ့သေဆုံးသွားပြန်တယ်။ ကျွန်တော်အသက် ၂၈ နှစ်အရွယ်မှာ ဒီဆုံးရှုံးမှုတွေက ကျွန်တော့်ကိုဝမ်းနည်းကြေကွဲစေပါတယ်။ ဒါပေမဲ့ ယေဟောဝါရှင်နဲ့ ကိုယ်တော့်ကတိတော်များကို ယုံကြည်စိတ်ချခြင်းက ကျွန်တော့်ကိုထောက်မပေးပါတယ်။ ဒီယုံကြည်စိတ်ချခြင်းကို ဘယ်လိုရလာတယ်ဆိုတာ ရှင်းပြပါရစေ။
၁၉၁၇၊ ဇန်နဝါရီ ၅ ရက်နေ့၊ ဘရာဇီးနိုင်ငံ၊ ဘဟီးယာပြည်နယ်၊ စဗေဒေါမြို့မှာ ကျွန်တော့်ကိုမွေးဖွားတဲ့အချိန်ကစပြီး အမေဟာချာ့ချ်ရဲ့ “သူတော်စင်များ” ကိုဝတ်ပြုဖို့ကျွန်တော့်ကိုသင်ပေးပါတယ်။ အမေဟာ ကျွန်တော့်အစ်ကိုတွေနဲ့ ကျွန်တော့်ကို မနက်စောစောနှိုးပြီး ကျွန်တော်တို့ကိုအတူတူဆုတောင်းခိုင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေဟာ ကန်ဒွမ်ဘလေလို့ခေါ်တဲ့ အာဖရိကန်-ဘရာဇီလျံ စုန်းကဝေအသင်းရဲ့ အခမ်းအနားများကိုလည်းတက်ရောက်ကြပါတယ်။ အဲဒီယုံကြည်ချက်တွေကို ကျွန်တော်လေးစားပေမဲ့ ချာ့ချ်ဘာသာရဲ့သန့်ရှင်းသူများလို့ဆိုတဲ့သူတွေကိုရော ကန်ဒွမ်ဘလေကိုပါ ကျွန်တော်မယုံကြည်ဘူး။ ကျွန်တော့်ကိုအထူးစိတ်ပျက်စေတဲ့အရာကတော့ ဒီဘာသာရေးတွေမှာသိသာထင်ရှားတဲ့ လူမျိုးရေးစိတ်စွန်းကွက်မှုပဲဖြစ်တယ်။
အချိန်တန်တော့ ကျွန်တော့်အစ်ကိုကြီးနှစ်ယောက်ဟာ အလုပ်ရှာဖို့အိမ်ကထွက်သွားကြပါတယ်။ နောက်ပိုင်းကျွန်တော့်ရဲ့အဖေဟာ မိသားစုကိုပစ်ထားခဲ့တယ်။ ဒါကြောင့် အမေနဲ့ညီမလေးတွေကိုကူညီဖို့အတွက် ကျွန်တော်ကိုးနှစ်သားအရွယ်မှာ အလုပ်ရှာခဲ့ရပါတယ်။ ၁၆ နှစ်လောက်ကြာပြီးတဲ့နောက်ပိုင်းမှာ စက်ရုံကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားစမြည်ပြောဆိုခြင်းက ကျွန်တော့်ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။
ယေဟောဝါ၌ယုံကြည်စိတ်ချမှုကိုဆည်းပူးခြင်း
၁၉၄၂ ခုနှစ်မှာ ဖနဲန်ဒူ တဲလဇ်နဲ့ ကျွန်တော်ဆုံစည်းခဲ့တယ်။ သူက “သန့်ရှင်းသူများ” ကိုကိုးကွယ်ခြင်းဟာမှားတယ်လို့ မကြာခဏပြောတယ်။ (၁ ကောရိန္သု ၁၀:၁၄; ၁ ယောဟန် ၅:၂၁) အစပိုင်းမှာသူ့ကိုကျွန်တော် နည်းနည်းမှစိတ်မဝင်စားဘူး။ ဒါပေမဲ့ သူ့ရဲ့စိတ်ရင်းမှန်မှုနဲ့ လူတွေကိုအသားအရောင်မခွဲခြားပဲစိတ်ဝင်စားမှုက ကျွန်တော့်ကိုဆွဲဆောင်ခဲ့တယ်၊ ပြီးတော့ သူရဲ့ကျမ်းစာအသိပညာကို ကျွန်တော်ချီးမွမ်းလာမိပါတယ်။ အထူးသဖြင့် သူပြောပြတဲ့ဘုရားသခင့်နိုင်ငံတော်နဲ့ မြေကြီးပရဒိသုအကြောင်းကြောင့်ပဲ။ (ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၂:၄၄; ဗျာဒိတ် ၂၁:၃၊ ၄) ကျွန်တော့်စိတ်ဝင်စားမှုကို သူသတိထားမိတဲ့အတွက် ကျွန်တော့်ကိုသမ္မာကျမ်းစာတစ်အုပ်နဲ့ ကျမ်းစာစာပေတချို့ပေးပါတယ်။
ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက် အသင်းတော်ကျမ်းစာလေ့လာမှုကို တက်ရောက်ဖို့ဖိတ်ခေါ်တာကို ကျွန်တော်လက်ခံလိုက်ပါတယ်။ ဒီအုပ်စုဟာ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ထုတ်ဝေတဲ့ ဘာသာတရား ဆိုတဲ့စာအုပ်ကိုလေ့လာနေကြတယ်။ သင်အံလေ့လာမှုကိုကျွန်တော်နှစ်သက်ပြီး ယေဟောဝါသက်သေများရဲ့ အသင်းတော်အစည်းအဝေးတွေအားလုံးကိုစတက်ပါတယ်။ ကျွန်တော့်ကိုအထူးစွဲမှတ်စေတဲ့အရာကတော့ လူမျိုးရေးစိတ်စွန်းကွက်မှုမရှိခြင်းနဲ့ ကျွန်တော့်ကိုကြိုဆိုပုံပဲဖြစ်ပါတယ်။ အဲဒီအချိန်လောက်မှာ ကျွန်တော်ဟာ လင်ဒေါရာ ကိုစပိုးပန်းနေပါတယ်။ ကျွန်တော်သင်ယူနေတဲ့အကြောင်းတွေကို သူမကိုပြောပြတဲ့အခါ သူလည်းကျွန်တော်နဲ့အတူအစည်းအဝေးတွေကိုစတက်လာတယ်။
စည်းဝေးတွေမှာကျွန်တော့်ကို စွဲမှတ်စေတဲ့အရာနောက်တစ်ခုကတော့ ဟောပြောခြင်းလုပ်ငန်းကို အလေးအနက်ထားခြင်းပဲဖြစ်တယ်။ (မဿဲ ၂၄:၁၄; တမန်တော် ၂၀:၂၀) ရှေ့ဆောင်တွေလို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်ရဲ့ အားပေးတိုက်တွန်းမှုကြောင့် ကျွန်တော့်အလုပ်အသွားအပြန်ခရီးရထားပေါ်မှာ တခြားသူတွေကို အလွတ်သဘောစတင်ဟောပြောလာပါတယ်။ စိတ်ဝင်စားသူတစ်ယောက်ယောက်ကိုတွေ့တဲ့အခါ အဲဒီစိတ်ဝင်စားမှုကိုကြိုးစားပျိုးထောင်ဖို့ သူ့ရဲ့လိပ်စာကိုယူပြီးသွားလည်ပတ်တယ်။
တစ်ချိန်ထဲမှာပဲ ယေဟောဝါရှင်နဲ့ ကိုယ်တော်အသုံးပြုနေတဲ့အဖွဲ့အစည်းအပေါ် ကျွန်တော့်ရဲ့ယုံကြည်စိတ်ချမှုဟာဆက်တိုးပွားနေခဲ့တယ်။ ဒါကြောင့် ၁၉၄၃ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့မှာ ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းနဲ့ဆိုင်တဲ့ ကျမ်းစာဟောပြောချက်တစ်ခုကို နားထောင်ပြီးတဲ့နောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ ကျွန်တော်နှစ်ခြင်းခံခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်ဟာတစ်အိမ်မှတစ်အိမ် မှန်မှန်ဓမ္မအမှုဆောင်လုပ်ငန်းမှာ ပထမဦးဆုံးအကြိမ်ပါဝင်ခဲ့တယ်။
ရက်သတ္တနှစ်ပတ်ကြာပြီးတဲ့နောက် မေ ၅ ရက်နေ့မှာ လင်ဒေါရာနဲ့ကျွန်တော်လက်ထပ်ခဲ့ကြတယ်။ ဒါနဲ့ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လရောက်တော့ စဗေဒေါမြို့မှာ ပထမဆုံးကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှာ သူမနှစ်ခြင်းခံလိုက်ပါတယ်။ ၁၉၇၃ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် မှာအဲဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဒီလိုဆိုပါတယ်– “စဗေဒေါမြို့၌ လူထုဟောပြောချက်ကို ဓမ္မဆရာတို့၏လှုပ်ရှားမှုက ရပ်ဆိုင်းသွားစေခဲ့သော်လည်း ကျေနပ်လောက်အောင် အကြီးအကျယ်ကြေညာ . . . ပြီးမှဖြစ်သည်။” ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုရင်ဆိုင်ရတဲ့အခါ ယေဟောဝါရဲ့လမ်းပြမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေက ကိုယ်တော့်အပေါ် ယုံကြည်စိတ်ချမှုကို တိုးပွားစေပါတယ်။
အစပိုင်းမှာကျွန်တော်ပြောပြခဲ့သလိုပဲ လင်ဒေါရာနှစ်ခြင်းခံပြီးနောက် နှစ်နှစ်လောက်—ကျွန်တော်တို့ရဲ့သားလေးဆုံးပြီးသုံးလ—မှာကျွန်တော်ချစ်ခင်မြတ်နိုးရတဲ့ ဇနီးသေဆုံးသွားပါတယ်။ သူမအသက်က ၂၂ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ယေဟောဝါကိုယုံကြည်စိတ်ချခြင်းက အဲဒီခက်ခဲတဲ့လများအတွင်း ကျွန်တော့်ကိုအားပေးထောက်မပေးပါတယ်။
ဝိညာဉ်ရေးရာလုပ်ဆောင်မှုဖြင့်ခွန်အားရရှိ
ကျွန်တော့်ဇနီးနဲ့သားလေးဆုံးပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၄၆ ခုနှစ်မှာ အဲဒီအချိန်က စဗေဒေါမြို့မှာရှိတဲ့ တစ်ခုတည်းသောအသင်းတော်မှာ ကျွန်တော်ဟာ ကျမ်းစာသင်အံမှုအမှုထမ်းအဖြစ် ခန့်အပ်ခံရပါတယ်။ အဲဒီနှစ်မှာပဲ ဘရာဇီးနိုင်ငံကအသင်းတော်တွေမှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းစတင်ခဲ့ပြီး ကျွန်တော်ဟာ ဘဟီးယားပြည်နယ်မှာ ပထမဆုံးကျောင်းသင်တန်းမှူးဖြစ်လာတယ်။ အဲဒီနောက် ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလမှာ “ပျော်ရွှင်သောလူမျိုးများ” အမည်ရှိတဲ့သီအိုကရက်တစ်အစည်းအဝေးကို ဆောပေါလိုမြို့မှာကျင်းပခဲ့ပါတယ်။ ဆယ်နှစ်လောက် ကျွန်တော့်အလုပ်ရှင်ဖြစ်ခဲ့တဲ့သူက ကျွန်တော့်ကိုသူလိုအပ်တဲ့အကြောင်းနဲ့ ကျွန်တော်မသွားဖို့ဖိအားပေးပြန်တယ်။ ဒါပေမဲ့ ဒီအစည်းအဝေးကိုတက်ရောက်ခြင်းဟာ ကျွန်တော့်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ သူ့ကိုရှင်းပြပြီးတဲ့နောက် ကျွန်တော့်ကိုရက်ရောတဲ့လက်ဆောင်ပေးပြီး ခရီးထွက်ခါနီးနှုတ်ဆက်မေတ္တာပို့သခဲ့တယ်။
ဆောပေါလိုမြို့ရဲ့မြူနီစီပယ်ဇာတ်ရုံမှာ စည်းဝေးအစီအစဉ်တွေကို ဘရာဇီးနိုင်ငံရဲ့ဘာသာစကားဖြစ်တဲ့ ပေါ်တူဂီဘာသာနဲ့အပြင် အင်္ဂလိပ်၊ ဂျာမန်၊ ဟန်ဂေရီ၊ ပိုလန်နဲ့ ရုရှားဘာသာများနဲ့လည်းကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ပေါ်တူဂီဘာသာစကားနဲ့ နိုးလော့! မဂ္ဂဇင်းထွက်လာတယ်။ လူထုဟောပြောချက်ကိုလူပေါင်း ၁,၇၀၀ တက်ရောက်ခဲ့တဲ့ အစည်းအဝေးရဲ့လှုံ့ဆော်မှုကြောင့် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှာ ရှေ့ဆောင်စလုပ်ဖို့ လျှောက်လွှာဖြည့်သွင်းခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ ရှေ့ဆောင်လုပ်ငန်းမှာဓာတ်စက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတယ်။ အိမ်ရှင်တွေကိုကျွန်တော်တို့ အများအားဖြင့်ဖွင့်ပြလေ့ရှိတဲ့ ဟောပြောချက်တစ်ခုကတော့ “အကာအကွယ်” ဆိုတဲ့ဟောပြောချက်ပဲဖြစ်တယ်။ ဖွင့်ပြပြီးတဲ့နောက် ကျွန်တော်တို့က– “မမြင်နိုင်တဲ့ရန်သူတစ်ဦးကနေ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မမြင်နိုင်တဲ့မိတ်ဆွေတစ်ဦးကိုတွယ်ကပ်နေရမယ်။ ယေဟောဝါရှင်ဟာ ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးမိတ်ဆွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ရန်သူစာတန်ထက် တန်ခိုးပိုကြီးမားတယ်။ ဒါကြောင့် စာတန့်ရန်ကနေကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ ယေဟောဝါနဲ့နီးကပ်စွာတွယ်ကပ်နေရမယ်” လို့ပြောပြကြတယ်။ အဲဒီနောက် ပိုပြီးအကျယ်တဝင့်ရှင်းပြထားတဲ့ အကာအကွယ် ဆိုတဲ့စာအုပ်ငယ်ကိုဝေငှကြတယ်။
ကျွန်တော်ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ပြီး တစ်နှစ်မပြည့်ခင်မှာ ရီယိုဒီဂျနေရိုမြို့က ကာရီယိုကာအသင်းတော်မှာ အထူးရှေ့ဆောင်တစ်ဦးအဖြစ် အမှုထမ်းဖို့ဖိတ်ခေါ်ချက်ကို ရရှိခဲ့ပါတယ်။ အဲဒီမှာကျွန်တော်တို့ဟာ တစ်ခါတလေ ပြင်းထန်တဲ့အတိုက်အခံတွေကိုကြုံရပါတယ်။ တစ်ခါတုန်းက ကျွန်တော်ရဲ့တွဲဖက် အီဗန်း ဘရဲနားဟာ အိမ်ရှင်တစ်ဦးရဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုကိုခံခဲ့ရတယ်။ အိမ်နီးနားချင်းတွေက ရဲကိုခေါ်လိုက်ပြီး ကျွန်တော်တို့အားလုံးကို ရဲစခန်းကိုခေါ်သွားကြတယ်။
စစ်ဆေးမေးမြန်းတဲ့အချိန်အတွင်း ဒေါသထွက်နေတဲ့အိမ်ရှင်က ငြိမ်သက်ခြင်းကိုနှောင့်ယှက်တယ်ဆိုပြီး ကျွန်တော်တို့ကိုစွပ်စွဲတယ်။ စခန်းမှူးက သူ့ကိုတိတ်တိတ်နေဖို့အမိန့်ပေးတယ်။ အဲဒီနောက် စခန်းမှူးကကျွန်တော်တို့ဘက်လှည့်ပြီး နူးညံ့တဲ့လေသံနဲ့ ကျွန်တော်တို့သွားနိုင်ပြီဆိုပြီးပြောတယ်။ ကျွန်တော်တို့ကိုစွပ်စွဲတဲ့သူကိုဖမ်းပြီး လက်ရောက်မှုနဲ့စွဲချက်တင်လိုက်တယ်။ အဲဒီလိုအခြေအနေမျိုးတွေက ယေဟောဝါအပေါ်ကျွန်တော်ရဲ့ယုံကြည်စိတ်ချမှုကို ထောက်မပေးပါတယ်။
အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းကိုတိုးချဲ့ခြင်း
၁၉၄၉ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ရောက်တော့ အဲဒီနိုင်ငံမှာ ယေဟောဝါသက်သေများလို့ခေါ်တဲ့သူတွေရဲ့ အဓိကဌာနဖြစ်တဲ့ဗေသလမှာအမှုထမ်းဖို့ ဖိတ်ခေါ်ခံရတဲ့အတွက် ကျွန်တော်ဟာစိတ်လှုပ်ရှားတက်ကြွခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘရာဇီးနိုင်ငံရဲ့ဗေသလအိမ်ဟာ ရီယိုဒီဂျနေရိုမြို့ရဲ့ ၃၃၀၊ လီစီနီယို ကာဒိုစူလမ်း မှာတည်ရှိတယ်။ အဲဒီအချိန်တုန်းက ဗေသလမိသားစုတစ်ခုလုံးမှာ ၁၇ ယောက်ပဲရှိသေးတယ်။ အဲန်ဇဲန်ယို ဒဲဒဲန်ထရူး လို့ခေါ်တဲ့ဒေသန္တရအသင်းတော်မှာ တစ်ခဏလောက်တက်ရောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရီယိုဒီဂျနေရိုမြို့ကနေ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ဘဲလ်ဖိုးရ် ရိုရှူးမြို့ကတစ်ခုတည်းသောအသင်းတော်မှာ ဦးစီးကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။
ရက်သတ္တပတ်အဆုံးတွေမှာ သိပ်အလုပ်များတယ်။ စနေနေ့တွေမှာဆိုရင် ကျွန်တော်ဟာရထားနဲ့ ဘဲလ်ဖိုးရ် ရိုရှူးမြို့ကိုသွားပြီး နေ့လယ်ပိုင်းမှာ လယ်ကွင်းဓမ္မအမှုမှာပါဝင်ပြီးတဲ့နောက် ညနေပိုင်းမှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်စည်းဝေးကိုသွားတယ်။ စနေနေ့ညပိုင်းမှာ ညီအစ်ကိုများနဲ့အတူနေပြီး နောက်တစ်မနက်လယ်ကွင်းဓမ္မအမှုမှာ သူတို့နဲ့အတူပါဝင်ပါတယ်။ အဲဒီနေ့လယ်ပိုင်းမှာ ကျမ်းစာဆိုင်ရာလူထုဟောပြောချက်နဲ့ ကင်းမျှော်စင်သင်တန်းကိုတက်ရောက်ပြီး ညကိုးနာရီခွဲလောက်မှာ ဗေသလအိမ်ကိုပြန်ပါတယ်။ အခုဆိုရင် ဘဲလ်ဖိုးရ် ရိုရှူးမြို့မှာ အသင်းတော်ပေါင်း ၁၈ ခုရှိနေပြီ။
သုံးနှစ်ခွဲလောက် အဲဒီအစီအစဉ်အတိုင်းသွားပြီးတဲ့နောက် ၁၉၅၄ ခုနှစ်မှာ ကျွန်တော်ဟာ ရီယိုဒီဂျနေရိုမြို့က စောင် ခရီစတယ်ဗောင်အသင်းတော်မှာ ဦးစီးကြီးကြပ်မှူးအဖြစ် ပြန်လည်ခန့်အပ်ခံရတယ်။ နောက်ထပ်ဆယ်နှစ်ကြာတဲ့အထိ အဲဒီအသင်းတော်မှာ ကျွန်တော်အမှုထမ်းခဲ့ပါတယ်။
ကျွန်တော်၏ဗေသလတာဝန်များ
ဗေသလအိမ်မှာ ကျွန်တော့်ရဲ့ပထမဦးဆုံးတာဝန်ကတော့ အညိုရောင်အဆင်းအရောင်ကြောင့် ချောကလက်လို့ချစ်စနိုးနာမည်ပေးထားတဲ့ အသင်းမရဲ့တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးယာဉ်၊ ၁၉၄၉ ခုနှစ်ထုတ် ဒေါ့ဂ်ျဗဲန် အတွက် ကားဂိုဒေါင်တစ်ခုဆောက်လုပ်ဖို့ဖြစ်တယ်။ ကားဂိုဒေါင်ဆောက်လို့ပြီးသွားတဲ့အခါမှာ မီးဖိုဆောင်မှာအလုပ်လုပ်ဖို့တာဝန်ခန့်အပ်ခံရတယ်၊ အဲဒီမှာကျွန်တော်သုံးနှစ်လောက်လုပ်ခဲ့ပါတယ်။ မကြာခင် အခုအချိန်ထိနှစ်ပေါင်း ၄၀ ကျော်ကျွန်တော်အလုပ်လုပ်လာတဲ့နေရာဖြစ်တဲ့ အသေးစားပုံနှိပ်လုပ်ငန်းဌာနကို ပြောင်းရွှေ့ရတယ်။
ကျွန်တော်တို့မှာရှိတဲ့ ပုံနှိပ်ကိရိယာအများစုဟာ တစ်ပတ်ရစ်တွေပဲဖြစ်တယ်။ ဥပမာအနေနဲ့ အာဗြဟံရဲ့ဇနီးကိုရည်စူးပြီး စာရာလို့ကျွန်တော်တို့ချစ်စနိုးအမည်ပေးထားတဲ့ ပလိပ်ပြားပုံနှိပ်စက်အဟောင်းတစ်ခုရှိတယ်။ အဲဒီစက်ကို ဘရွတ်ကလင်၊ နယူးယောက်မှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ဌာနချုပ်စက်ရုံမှာ နှစ်တော်တော်ကြာအသုံးပြုခဲ့ကြတယ်။ ဒါနဲ့ ၁၉၅၀ ပြည့်လွန်နှစ်များမှာ အဲဒီစက်ကို ဘရာဇီးနိုင်ငံကိုပို့လိုက်တယ်။ ဒီမှာဆိုရင် အာဗြဟံရဲ့ဇနီးလိုပဲ သူ့ရဲ့သက်ကြီးပိုင်းအချိန်မှာ—ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေကိုထုတ်ဝေခြင်းအားဖြင့် အသီးသီးနေပါတယ်။
ဘရာဇီးနိုင်ငံရဲ့ပုံနှိပ်လုပ်ငန်းစက်ရုံတွေမှာ ထုတ်လုပ်တဲ့စာအုပ်စာတမ်းအရေအတွက် တိုးများလာတာကိုကျွန်တော်အံ့သြလို့မဆုံးဘူး။ ၁၉၅၃ ခုနှစ်တစ်နှစ်ထဲမှာ ကျွန်တော်တို့ဟာမဂ္ဂဇင်းစောင်ရေပေါင်း ၃၂၄,၄၀၀ ပုံနှိပ်ခဲ့တယ်၊ ဒါပေမဲ့အခုဆိုရင် လစဉ်သုံးသန်းကျော်လောက် ထုတ်ဝေနေပါတယ်။
ကျွန်တော်တို့၏ဗေသလအဆောက်အအုံများ
နှစ်များတစ်လျှောက် ဘရာဇီးနိုင်ငံက ကျွန်တော်တို့ရဲ့ဗေသလအဆောက်အအုံ တိုးချဲ့လာတာကိုတွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရီယိုဒီဂျနေရိုမြို့က ကျွန်တော်တို့ရဲ့ဗေသလအိမ်အနောက်မှာ အထပ်နှစ်ထပ်ရှိတဲ့စက်ရုံတစ်ခုကို ဆောက်လုပ်ကြတယ်။ ဒါနဲ့ ၁၉၆၈ ခုနှစ်ရောက်တော့ ဗေသလအိမ်ဟာ ဆောပေါလိုမြို့မှာရှိတဲ့ အဆောက်အဦအသစ်တစ်ခုဆီကို ပြောင်းရွှေ့ခံရတယ်။ ကျွန်တော်တို့ပြောင်းရွှေ့ပြီးတဲ့အခါ ကျွန်တော်တို့ဗေသလမိသားစုဝင် ၄၂ ဦးအတွက် အရာအားလုံးဟာကျယ်ဝန်းတယ်လို့ထင်ရတယ်။ ဒီအဆောက်အဦဟာ ကျွန်တော်တို့ရဲ့ ရှေ့ဆက်တိုးတက်မှုအားလုံးအတွက် လုံလောက်ပြီလို့တကယ်ထင်ခဲ့မိတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ်မှာ အထပ်ငါးထပ်ရှိတဲ့ နောက်ထပ်အဆောက်အဦနှစ်ခုကိုဆောက်လုပ်ပြီး ကပ်လျက်ရှိတဲ့စက်ရုံတစ်ရုံကိုဝယ်လိုက်ပြီးတော့ ပြုပြင်မွမ်းမံလိုက်တယ်၊ အဲဒီနောက် ဒီအဆောက်အဦတွဲကို ဆက်သွယ်လိုက်တယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ဆက်တိုက်တိုးတက်လာခြင်း—၁၉၇၅ ခုနှစ်မှာ ၁၀၀,၀၀၀ အမှတ်ကိုကျော်—က အခန်းပိုလိုအပ်လာပြန်တယ်။
ဒါကြောင့် ဆောပေါလိုမြို့နဲ့မိုင် ၉၀ အကွာလောက်မှာရှိတဲ့ စဇာရီယိုလန်ဇေမြို့ကလေးနားမှာ အဆောက်အဦတွဲအသစ်တစ်ခုကို ဆောက်လုပ်ခဲ့တယ်။ ၁၉၈၀ ပြည့်နှစ်မှာ အဖွဲ့ဝင် ၁၇၀ ရှိတဲ့ကျွန်တော်တို့ဗေသလမိသားစုဟာ ဒီအဆောက်အအုံအသစ်ကိုပြောင်းရွှေ့လာပါတယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းဟာ သိသာထင်ရှားစွာတိုးတက်လာပါတယ်။ အခုဆိုရင် ဘရာဇီးနိုင်ငံမှာ လူပေါင်း ၄၁၀,၀၀၀ ကျော်ဟာဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန်ပါဝင်နေကြတယ်! ဒီဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအားလုံးရဲ့ ဝိညာဏလိုအပ်ရာများကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် ကျမ်းစာဆိုင်ရာစာအုပ်စာတမ်းကိုပုံနှိပ်ဖို့ စက်ရုံအသစ်များနဲ့ ဗေသလစေတနာ့ဝန်ထမ်းများကို နေရာချထားဖို့ နေရာထိုင်ခင်းအသစ်များကို ဆက်လက်ဆောက်လုပ်ရပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဗေသလအဖွဲ့ဝင်ပေါင်း ၁,၁၀၀ လောက်ရှိနေပြီလေ!
အခွင့်ထူးများကိုတန်ဖိုးထားလေးစားခြင်း
ဗေသလလုပ်ငန်းကို ကြီးမြတ်တဲ့အခွင့်ထူးတစ်ရပ်အဖြစ် ကျွန်တော်ယူမှတ်ပါတယ်။ ဒါကြောင့် အစောပိုင်းနှစ်တွေမှာ နောက်ထပ်အိမ်ထောင်ပြုဖို့ ကျွန်တော်စဉ်းစားခဲ့ပေမဲ့ ဗေသလအိမ်မှာကျွန်တော့်ရဲ့အခွင့်ထူးများနဲ့ ဟောပြောခြင်းလုပ်ငန်းကို အပြည့်အဝအာရုံစူးစိုက်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဒီမှာဆိုရင် ပုံနှိပ်စက်ရုံမှာလူငယ်တွေနဲ့အတူအမှုထမ်းပြီး သူတို့ရဲ့တာဝန်တွေနဲ့ပတ်သက်ပြီးလေ့ကျင့်ပေးရတာကို ကျွန်တော်ပျော်ရွှင်တယ်။ သူတို့ကို ကျွန်တော့်ရဲ့သားတွေလိုပဲ ဆက်ဆံဖို့ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့ဇွဲနဲ့ တစ်ကိုယ်ကောင်းမဆန်မှုတို့က ကျွန်တော့်အတွက်ကြီးမားတဲ့အားပေးမှု အခြေအမြစ်တစ်ခုဖြစ်တယ်။
တခြားအခွင့်ထူးကတော့ နှစ်များတစ်လျှောက် ကောင်းသောအခန်းဖော်များနဲ့အတူ ပေါင်းသင်းခွင့်ရလို့ ပျော်ရွှင်ရခြင်းပဲ။ စရိုက်မတူမှုတွေက တစ်ခါတလေ စိန်ခေါ်ချက်တစ်ခုဖြစ်တာတော့မှန်ပါတယ်။ ဒါပေမဲ့ တခြားသူတွေဆီကနေစုံလင်မှုကို မမျှော်လင့်နိုင်ဘူးဆိုတာ ကျွန်တော်သိလာတယ်။ တစ်ဆိတ်ကိုတစ်အိတ်မလုပ်မိဖို့နဲ့ ကိုယ့်ကိုယ်ကိုသိပ်အရေးပါတယ်လို့ ယူဆခြင်းကိုရှောင်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ကိုယ့်အမှားတွေကို ဟားတိုက်ရယ်ခြင်းက တခြားသူတွေရဲ့အမှားကိုသည်းခံဖို့ အကူအညီဖြစ်စေပါတယ်။
ကျွန်တော်ခံစားရတဲ့ တန်ဖိုးရှိအခွင့်ထူးနောက်တစ်ခုကတော့ အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေကို တက်ရောက်နိုင်ခြင်းပဲဖြစ်တယ်။ အဲဒီအထဲကတစ်ခုကတော့ ၁၉၆၃ ခုနှစ်၊ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ “ထာဝရသတင်းကောင်း” ဆိုတဲ့အစည်းအဝေးပဲ၊ နောက်တစ်ခုကတော့ ၁၉၆၉ ခုနှစ်မှာ အဲဒီနေရာမှာပဲကျင်းပခဲ့တဲ့ “မြေကြီးပေါ်၌ငြိမ်သက်ခြင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးပဲဖြစ်တယ်။ ကျွန်တော်အဲဒီမှာရောက်နေတဲ့အခါ အနီးအနားမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဘရွတ်ကလင်ကမ္ဘာ့ဌာနချုပ်ကို သွားရောက်လည်ပတ်ရလို့ ပျော်ရွှင်မိပါတယ်!
ဗေသလမိသားစုရဲ့ နံနက်ဝတ်ပြုမှုအစီအစဉ်မှာ တခြားအကြီးအကဲတွေနဲ့ အလှည့်ကျဦးစီးရတဲ့ အခွင့်အရေးကိုရရှိခဲ့တာ ဆယ်နှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော့်ကိုကြီးမားတဲ့ရွှင်လန်းမှုနဲ့ အားပေးမှုဖြစ်စေတဲ့ အကြီးမြတ်ဆုံးအခွင့်ထူးကတော့ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်ပြုလုပ်ခဲ့သလိုပဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်ရိုးဖြောင့်သူတွေထံကို သယ်ဆောင်ပေးခြင်းပဲဖြစ်တယ်။
မကြာသေးခင်နှစ်များမှာ ကျွန်တော်ဟာ ပါကင်စင်ရောဂါရရှိလာတယ်။ ဗေသလအိုမင်းမစွမ်းပြုစုဌာနကညီအစ်ကို ညီအစ်မများရဲ့ မေတ္တာနဲ့စောင့်ရှောက်မှုက ကျွန်တော့်အတွက်တည်မြဲတဲ့ အကူအညီနဲ့နှစ်သိမ့်မှုရဲ့ အခြေအမြစ်တစ်ခုဖြစ်လာခဲ့တယ်။ ကိုယ်တော်ရဲ့စစ်မှန်သောဝတ်ပြုရေးအတွက် အကောင်းဆုံးဆက်လုပ်ဆောင်နိုင်အောင်ခွန်အားပေးဖို့ ယေဟောဝါထံယုံကြည်မှုအပြည့်နဲ့ ကျွန်တော်ဆုတောင်းပါတယ်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော်၏ဇနီးနှင့်အတူ၊၁၉၄၅ ခုနှစ်တွင်သူမသေဆုံးသည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော်ယခုနေထိုင်သော ဘရာဇီးနိုင်ငံဌာနခွဲ