တေရတိ—ပေါလု၏ သစ္စာရှိအတွင်းရေးမှူး
တေရတိသည် စိန်ခေါ်ချက်တစ်ရပ်နှင့် ရင်ဆိုင်ရလေသည်။ တမန်တော်ပေါလုက ရောမရှိခရစ်ယာန်ချင်းတို့ထံ ရှည်လျားသောစာတစ်စောင်ရေးသားရာတွင် သူ၏အတွင်းရေးမှူးအဖြစ် သူ့ကို အသုံးပြုလိုသည်။ ယင်းသည် ခက်ခဲသောအလုပ်ဖြစ်ပေမည်။
စီ.အီး. ပထမရာစုနှစ်တွင် အတွင်းရေးမှူးတစ်ဦးဖြစ်ရန် အဘယ်ကြောင့် ဤမျှခက်ခဲရသနည်း။ ယင်းအလုပ်ကို မည်သို့လုပ်ဆောင်ပြီးမြောက်သနည်း။ ထိုအချိန်က မည်သည့်စာရေးကိရိယာများကို အသုံးပြုခဲ့ကြသနည်း။
ရှေးကာလရှိ အတွင်းရေးမှူးများ
ရှေးအချိန်က ဂရိနှင့် ရောမတို့၏လူ့ဘောင်အဖွဲ့အစည်းတွင် အတွင်းရေးမှူးအမျိုးမျိုးရှိခဲ့ကြသည်။ အချို့သည် လူထုအရာရှိများအဖြစ် ဝန်ကြီးများ၏ရုံးခန်းတွင် အမှုထမ်းကြရသော နိုင်ငံ့အတွင်းဝန်များဖြစ်ကြသည်။ စျေးနေရာတွင် ပြည်သူလူထု၏အကျိုးကိုဆောင်ရွက်သော စာရေးများလည်းရှိသည်။ လူကုံထံတို့က သီးသန့်အတွင်းရေးမှူးများ (ကျွန်များဖြစ်လေ့ရှိ) ကိုခန့်ထားကြသည်။ ထို့အပြင် အခြားသူများအတွက် စေတနာအလျောက်စာရေးပေးလိုကြသည့် အဆွေခင်ပွန်းများလည်းရှိသည်။ ပညာရှင် အီး.ရန်ဒိုလ်ဖ် ရစ်ချာ့ဒ်က ရုံးနှင့်မဆိုင်သော အတွင်းရေးမှူးများ၏စွမ်းရည်များတွင် “ဘာသာစကား နှင့်/သို့မဟုတ် စာအရေးအသားဆိုင်ရာအစီအစဉ်ကျနမှုတို့ကို မတောက်တခေါက်သာတတ်သိခြင်းမှ တိကျလျောက်ပတ်၍ နှစ်လို့ဖွယ်ကောင်းသောစာကို အမြန်ရေးနိုင်သည့် အကျွမ်းကျင်ဆုံးအဆင့်အထိပါဝင်သည်” ဟုဆိုထားသည်။
မည်သူတို့က အတွင်းရေးမှူးများကို အသုံးပြုကြသနည်း။ ဦးဆုံးအနေနှင့် စာအရေးအဖတ်မတတ်သူများဖြစ်သည်။ ရှေးခေတ်စာချုပ်များစွာနှင့် စီးပွားရေးစာများတွင် အတွင်းရေးမှူးက မိမိအားအလုပ်အပ်နှင်းသူသည် စာရေးနိုင်စွမ်းမရှိသောကြောင့် ထိုအကြောင်းအရာကိုသူရေးသားရခြင်းဖြစ်ကြောင်း သက်သေထူသည့်မှတ်ချက်ဖြင့် အဆုံးသတ်သည်။ အတွင်းရေးမှူးအသုံးပြုရခြင်း၏ ဒုတိယအကြောင်းရင်းကို အီဂျစ်နိုင်ငံ၊ သီးဘီးစ်မြို့မှ ရှေးခေတ်စာတစ်စောင်က ရှင်းလင်းဖော်ပြထားသည်။ အာ့စ်ကလီပီယားဒိစ်အမည်ရှိ လူတစ်ဦးအတွက်ရေးသော ထိုစာ၏နိဂုံး၌ ဆိုထားသည်မှာ “. . . သည် စာရေးရာတွင် နှေးလှသောကြောင့် အဲရ်မာ၏သား အဲဗ်မဲလိစ်သည် သူ့အတွက်ရေးပေးခဲ့ရသည်” ဟူ၍ဖြစ်သည်။
သို့သော် စာရေးတတ်ဖတ်တတ်ခြင်းသည် အတွင်းရေးမှူးအဖြစ်ခန့်အပ်ခံရရန် အဆုံးအဖြတ်ပေးသည့်အချက် ဖြစ်ခဲ့ဟန်မတူချေ။ သမ္မာကျမ်းစာဋီကာဆရာ ဂျွန် အဲလ်. မက်ကန်းဇီ၏အဆိုအရ အတွင်းရေးမှူးတစ်ဦး၏အကူအညီကိုရယူရန် လူတို့ကိုဆွဲဆောင်သည့်အကြောင်းမှာ “ဖတ်ရလွယ်ကူရန်အတွက်မဟုတ်ဘဲ လက်ရေးလက်သားလှခြင်းနှင့် ယုတ်စွအဆုံး သပ်ရပ်ခြင်းတို့ရှိရန်အတွက်ဖြစ်သည်။” ပညာတတ်များပင်လျှင် အထူးသဖြင့် ရှည်လျားပြီး အသေးစိတ်ကာရေးသားရမည့် စာသားများနှင့်ပတ်သက်လာလျှင် ငြီးငွေ့ကြလေသည်။ ပညာရှင် ဂျေ.အေ. အက်ရှ်လီမာန်က အတွင်းရေးမှူးကို အသုံးပြုနိုင်သူတစ်ဦးသည် “ဤငြီးငွေ့ဖွယ်ရာအလုပ်ကို ဝမ်းသာစွာဖြင့်ရှောင်ရှားကာ ယင်းကို ကျွန်များ၊ ကြေးစားစာရေးသူများကို အပ်နှင်းလိုက်သည်” ဟုဖော်ပြထားသည်။ ထို့ပြင် အသုံးပြုသည့်စာရေးကိရိယာများနှင့် ပြုလုပ်ရသည့်အခြေအနေများကို ထည့်သွင်းစဉ်းစားသောအခါ လူတို့သည် မိမိတို့၏စာများကိုကိုယ်တိုင်ရေးရန် မနှစ်သက်ရခြင်းအကြောင်းကို လွယ်ကူစွာနားလည်ရပါသည်။
စီ.အီး. ပထမရာစုနှစ်တွင် အသုံးများသောစာရေးကိရိယာမှာ ပါပိုင်းရတ်ကျူပင်ဖြင့်ပြုလုပ်သောစက္ကူဖြစ်သည်။ ယင်း၏ပင်စည်တွင်ပါသော အူတိုင်ပျော့ကို တောက်လျှောက်လှီးထုတ်ပစ်ခြင်းအားဖြင့် ပါးလွှာရှည်လျားသည့်အစများကိုရရှိသည်။ ထိုအစများကိုစီ၍ ပထမအလွှာအဖြစ်ခင်းလိုက်သည်။ နောက်တစ်လွှာကို ပထမအလွှာပေါ်တွင် ကန့်လန့်ဖြတ်စီလိုက်သည်။ ထိုနှစ်လွှာကို ဆက်စပ်သွားလေအောင် ဖိအားဖြင့်ကပ်စေခြင်းဖြင့် “စက္ကူ” တစ်ချပ်ကိုဖြစ်စေသည်။
၎င်းပေါ်တွင် ရေးသားရန် မလွယ်ကူလှပါ။ ယင်းသည် ကြမ်းတမ်း၍ အမျှင်ငယ်များပါရှိသည်။ ပညာရှင် အန်ဂျယ်လို ပဲန်နာက “ပါပိုင်းရတ်တွင်ပါဝင်သော ပွယောင်းသည့်အမျှင်ငယ်များက မှင်ကိုပျံ့စေသည်။ အထူးသဖြင့် ပါးလွှာရှည်လျားသောအစများကြားရှိဆက်ကြောင်းများ တစ်လျှောက်တွင်ဖြစ်သည်” ဟုဆိုသည်။ အတွင်းရေးမှူးသည် မြေပေါ်တွင်တင်ပျဉ်ခွေထိုင်ကာ စားပွဲပေါ်ရှိထိုအချပ်ကို လက်တစ်ဖက်ဖြင့်ကိုင်၍ ရေးပေမည်။ အကယ်၍ သူသည် အတွေ့အကြုံမရှိ သို့မဟုတ် ထိုကိရိယာသည် အကောင်းဆုံးအရည်အသွေးမဟုတ်ပါက သူ၏မင်တံ သို့မဟုတ် ကျူကညစ်သည် ပါပိုင်းရတ်ပေါ်တွင် အထစ်အငေါ့ဖြစ်သွားနိုင်ကာ ထိုအချပ်သည်ဆုတ်ပြဲသွားခြင်း သို့မဟုတ် လက်ရေးကိုဖတ်၍မရခြင်း ဖြစ်သွားနိုင်သည်။
ကျပ်ခိုးနှင့် အပင်၏အစေးကို ရောနှောဖော်စပ်ထားရာဖြင့် မင်ကိုပြုလုပ်ကြသည်။ ယင်းကို အခဲလိုက်ရောင်းချကြပြီး၊ မင်အိုးထဲတွင်ထည့်ကာ ရေဖြင့်ဖျော်၍ အသုံးပြုနိုင်သည်။ တေရတိကဲ့သို့သော အတွင်းရေးမှူးတစ်ဦးအသုံးပြုမည့် အခြားကိရိယာများထဲတွင် ကျူကညစ်ကိုအသွားထက်စေရန် ချွန်သောဓားတစ်ချောင်းနှင့် သူ၏အမှားများကိုဖျက်ရန် စိုထိုင်းသောရေမြှုပ်တစ်ခုပါရှိနိုင်ပေသည်။ စာလုံးတိုင်းကို ဂရုတစိုက်ရေးသားခဲ့ရပေသည်။ သို့ဖြင့် စာရေးခြင်းသည် ကြန့်ကြာပြီး အခက်အခဲရှိသောအလုပ်ဖြစ်သည်။
‘ကျွန်ုပ် တေရတိသည် သင်တို့ကိုနှုတ်ဆက်ပါ၏’
ရောမသို့ရေးသောစာ၏အဆုံးတွင် “ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကိုထောက်၍ သင်တို့ကိုနှုတ်ဆက်ပါ၏” ဟုပေါလု၏အတွင်းရေးမှူးက နှုတ်ဆက်စကားရေးသားထားသည်။ (ရောမ ၁၆:၂၂) ယင်းက ပေါလု၏စာများတွင် ဤတစ်နေရာတည်း၌သာလျှင် သူ၏အတွင်းရေးမှူးအမည်ကို အတိအလင်းဖော်ပြထားခြင်းဖြစ်သည်။
တေရတိနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အနည်းငယ်သာသိရှိရသည်။ “သခင်ဘုရားကိုထောက်၍” ဟူသောသူ၏နှုတ်ဆက်ခြင်းမှ သူသည် သစ္စာရှိခရစ်ယာန်တစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့ကောက်ချက်ချနိုင်ပါသည်။ သူသည် ကောရိန္သုအသင်းတော်၏ အသင်းဝင်တစ်ဦးဖြစ်နိုင်ပြီး ရောမရှိခရစ်ယာန်များစွာကိုသူသိပေမည်။ ကျမ်းပညာရှင် ယူဇက်ပေ ဘာဘလီရိုက တေရတိသည် ကျွန်တစ်ဦး သို့မဟုတ် လူလွတ်တစ်ဦးဖြစ်မည် ဟုဖော်ပြသည်။ အဘယ်ကြောင့်နည်း။ ဦးဆုံး “စာရေးသူများသည် ဤလူတန်းစားအလွှာတွင်ပါဝင်သောကြောင့် ဖြစ်သည်; ထို့အပြင် . . . သူ၏လက်တင်အမည်က ကျွန်များနှင့် လူလွတ်များအလယ်တွင် အလွန်လူသိများသောကြောင့် ဖြစ်သည်။” ဘာဘလီရိုက “သို့ဖြစ်၍ သူသည် ‘ခိုင်းသည့်အရာကိုသာလုပ်သည့်’ ကြေးစားစာရေးသူတစ်ဦးမဟုတ်ဘဲ ပေါလုက မိမိ၏အရှည်လျားဆုံးနှင့် ရှင်းလင်းပီပြင်မှုအရှိဆုံးသောစာကို စုစည်းပြုစုရာတွင် သူသည် ဤနည်းဖြင့် အကူအညီပေးခဲ့သော လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်ကာ၊ ပေါလုအတွက် အချိန်ကုန် လူပန်းမဖြစ်ရလေအောင် တန်ဖိုးရှိသည့်ဆောင်ရွက်မှုကို လုပ်ဆောင်လေသည်” ဟုဆိုသည်။
တေရတိလုပ်ခဲ့သော ယင်းလုပ်ငန်းသည် အမှန်ပင်တန်ဖိုးရှိပေသည်။ ဗာရုတ်သည် ယေရမိအတွက် အလားတူလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပြီး၊ သိလွာနုသည်လည်း ပေတရုအတွက်ဆောင်ရွက်ခဲ့သည်။ (ယေရမိ ၃၆:၄; ၁ ပေတရု ၅:၁၂) ထိုသို့ ပူးတွဲလုပ်ကိုင်သူများအတွက် ကောင်းလှသည့်အခွင့်အရေးပါတကား!
ရောမသို့ စာရေးခြင်း
ရောမရှိသူများထံသို့ ရေးသောစာသည် ကောရိန္သုမြို့ရှိဂါယု၏အိမ်တွင် ပေါလု ဧည့်သည်အဖြစ်ရောက်ရှိနေစဉ်တွင် ရေးသားခဲ့ခြင်းဖြစ်ပေမည်။ ယင်းသည် စီ.အီး. ၅၆ ခုနှစ်ခန့်ကဖြစ်ပြီး၊ တမန်တော်၏ တတိယသာသနာပြုခရီးစဉ် အတောအတွင်းလည်းဖြစ်သည်။ (ရောမ ၁၆:၂၃) ပေါလုသည် ဤစာကိုရေးသားရန် တေရတိကို သူ၏အတွင်းရေးမှူးအဖြစ် အသုံးပြုခဲ့ကြောင်း ကျွန်ုပ်တို့သိရှိကြရသော်လည်း သူအားမည်သို့အသုံးပြုခဲ့ကြောင်းကိုမူ အတိအကျမသိကြပါ။ မည်သည့်နည်းဖြင့်မဆို အသုံးပြုပါစေ၊ လုပ်ဆောင်မှုမှာလွယ်ကူစွာဖြင့် ပြီးမြောက်နိုင်ခဲ့မည်မဟုတ်ချေ။ သို့သော် ရောမသို့ရေးသောပေါလု၏စာသည် သမ္မာကျမ်းစာ၏ ကျန်အပိုင်းကဲ့သို့ပင် “ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်” ဖြစ်ကြောင်း ကျွန်ုပ်တို့ စိတ်ချယုံကြည်နိုင်ပါသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ဤစာစောင်ကိုရေးသားပြီးနောက် ပေါလုနှင့်တေရတိတို့သည် ပါပိုင်းရတ်စက္ကူချပ်များကို အသုံးပြု၍ သတင်းစကားများစွာကို ရေးသားခဲ့ပေသည်။ အနားသားများတစ်လျှောက် တစ်ခုပြီးတစ်ခု ကော်ဖြင့်ကပ်၍ဆက်လိုက်ရာ၊ ဤအချပ်များသည် အရှည် ၁၀ ပေမှ ၁၅ ပေခန့် ရှိနိုင်သည့် စာလိပ်တစ်ခုဖြစ်ပေါ်လာပေသည်။ ထိုစာကို သတိကြီးစွာဖြင့်လိပ်ကာ အလုံပိတ်၍တံဆိပ်ခတ်လိုက်သည်။ ထို့နောက်တွင် ပေါလုသည် ယင်းကို ရောမသို့ခရီးထွက်ခွာမည့်ဆဲဆဲဖြစ်သော ကင်ခြေမြို့မှညီအစ်မတစ်ဦးဖြစ်သူ ဖိဗေဖြင့်ပေးလိုက်ဟန်တူသည်။—ရောမ ၁၆:၁၊ ၂။
ပထမရာစုနှစ်မှဆိုလျှင် စာရေးကိရိယာများကို ထုတ်လုပ်သည့်နည်းစနစ်မှာ အလွန်ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သို့သော် ရောမရှိခရစ်ယာန်များထံရေးသောစာကို ရာစုနှစ်များတစ်လျှောက် ဘုရားသခင်ထိန်းသိမ်းပေးလာခဲ့သည်။ ပေါလု၏ သစ္စာနှင့်လုံ့လဝီရိယရှိသော အတွင်းရေးမှူးတေရတိ၏အကူအညီဖြင့် ရေးသားခဲ့သော ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဤအပိုင်းအတွက် ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်နိုင်ကြပါသည်တကား!