အကျင့်စရိုက်သည် သင့်ကိုကောင်းကျိုးပြုပါစေ
အေသင်မြို့၏ဆင်ခြေဖုံးအရပ်တစ်ခုတွင် ၁၂ နှစ်တိုင် သူနေထိုင်ခဲ့၏။ နေ့စဉ် အလုပ်မှအိမ်သို့ လမ်းတစ်လမ်းတည်းမှပြန်လေ့ရှိသည်။ ထို့နောက် မြို့တစ်ဖက်ရှိ အခြားဆင်ခြေဖုံးအရပ်သို့ သူရွှေ့ပြောင်းသွား၏။ အလုပ်ပြီးနောက် နေ့တစ်နေ့၌ အိမ်ပြန်လေရာ ရပ်ကွက်ဟောင်းသို့ ရောက်မှသာ မိမိလမ်းမှားလာကြောင်း သတိပြုမိခဲ့သည်။ သူသည် အကျင့်ဖြစ်နေ၍ ယခင်အိမ်ဟောင်းသို့ ကားမောင်းပြန်ခဲ့ခြင်းတည်း!
ယင်းကြောင့် အကျင့်ပါမှုကို ရံဖန်ရံခါ ဒုတိယသဘာဝတရားဟု ခေါ်ဆိုကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ၊ ယင်းသည် ကျွန်ုပ်တို့၏ဘဝကို အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်၏။ ဤသဘောမျိုးဖြင့် အကျင့်ပါမှုများကို မီးနှင့်နှိုင်းယှဉ်နိုင်၏။ မီးသည် အမှောင်တွင် အလင်းပေးနိုင်ပြီး ကျွန်ုပ်တို့ခန္ဓာကိုယ်ကို နွေးထွေးစေကာ ၎င်းဖြင့် စားစရာများကို နွှေးနိုင်သည်။ သို့တိုင် မီးသည် အိုးအိမ်နှင့်အသက်ပေါင်းများစွာကို ဖျက်ဆီးသည့် ရက်စက်သောရန်သူတစ်ပါးလည်းဖြစ်နိုင်၏။ အကျင့်နှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။ ယင်းတို့ကို လျောက်ပတ်စွာမွေးမြူထားပါက အကျိုးကြီးပေသည်။ သို့သော်လည်း ၎င်းတို့သည် လူကိုဖျက်ဆီးနိုင်၏။
ဤဆောင်းပါးအစ၌ ထိုသူ၏ကိစ္စတွင် အကျင့်ပါသည့်အတိုင်း သူပြုမူမိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု၌ အချိန်အနည်းငယ်ပုပ်သွားခြင်းသာခံလိုက်ရသည်။ သာ၍အရေးကြီးသောကိစ္စများနှင့် ပတ်သက်သောအခါ အကျင့်ပါခြင်းကြောင့် အောင်မြင်မှုများရနိုင်သကဲ့သို့ ဘေးဥပဒ်များလည်း တွေ့နိုင်ပေသည်။ အကျင့်ပါမှုများသည် ဘုရားသခင့်အမှုတော်ဆောင်ခြင်းကိုလည်းကောင်း၊ ကိုယ်တော်နှင့်ဆက်ဆံရေးကိုလည်းကောင်း မည်သို့အထောက်အကူပြုနိုင်သည်၊ သို့မဟုတ် ဟန့်တားနိုင်သည်ကို ဖော်ပြသည့် သမ္မာကျမ်းစာပါ ဘဝဖြစ်ရပ်မှန် ပုံနမူနာအချို့ကို သုံးသပ်ကြည့်ပါ။
အကျင့်စရိုက်ကောင်းနှင့် အကျင့်စရိုက်ဆိုးများ ကျမ်းစာပုံနမူနာများ
နောဧ၊ ယောဘနှင့် ဒံယေလတို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိသည့် ကောင်းချီးကိုခံစားခဲ့ကြရသည်။ သမ္မာကျမ်းစာက သူတို့၏ “ကိုယ်ဖြောင့်မတ်ခြင်း” အတွက် သူတို့ကိုချီးမွမ်းထား၏။ (ယေဇကျေလ ၁၄:၁၄) ထူးခြားစွာထင်ရှားသည်မှာ ထိုသူသုံးဦးစလုံးသည် အကျင့်ကောင်းများကို မွေးမြူခဲ့ကြကြောင်း သူတို့၏အသက်တာလမ်းစဉ်က ဖော်ပြသည်။
နောဧသည် ဘောလုံးကွင်းတစ်ကွင်းထက်ရှည်၍ ငါးထပ်တိုက်ထက်မြင့်သော သင်္ဘောတစ်စီးကို ဆောက်လုပ်ရန် မိန့်မှာခံခဲ့ရသည်။ ဤမျှဧရာမစီမံကိန်းကြီးတစ်ခုသည် ရှေးခေတ်မှ သင်္ဘောဆောက်လုပ်သူ မည်သူမဆိုအား အလွန်ပင်စိတ်ဖိစီးမှု ခံရစေပါလိမ့်မည်။ နောဧနှင့် သူ၏မိသားစု ခုနစ်ဦးတို့သည် ခေတ်မီလက်နက်ကိရိယာတို့မပါဘဲ သင်္ဘောကြီးကို ဆောက်လုပ်ခဲ့ကြသည်။ ထို့အပြင် နောဧသည် မိမိ၏တစ်ခေတ်တည်းသားများအား အဆက်မပြတ်ဟောပြောခဲ့သည်။ သူသည် မိသားစု၏ဝိညာဉ်ရေးနှင့် ကာယရေးလိုအပ်ရာများကိုလည်း ဖြည့်စွက်ပေးခဲ့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့တပ်အပ်ဆိုနိုင်ကြသည်။ (၂ ပေတရု ၂:၅) ထိုအရာအားလုံးပြီးမြောက်နိုင်ရန် နောဧတွင် အကျင့်ကောင်းများ ရှိခဲ့ရပေမည်။ ထိုထက်ကား နောဧသည် “ဘုရားသခင်နှင့်အတူသွားလာ၏။ . . . မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏” ဟူ၍ သမ္မာကျမ်းစာသမိုင်း၌ မှတ်တမ်းတင်ခံခဲ့ရသည်။ (ကမ္ဘာဦး ၆:၉၊ ၂၂; ၇:၅) သမ္မာကျမ်းစာတွင် သူ့အား “စုံလင်သောသူ” ဟုဖော်ပြထားသောကြောင့် ရေလွှမ်းမိုးဘေးပြီးနောက်နှင့် ဗာဗုလုန်၌ ယေဟောဝါကို ပုန်ကန်မှုဖြစ်ပွားပြီးနောက်၌ပင် ဘုရားသခင်နှင့်အတူ သူဆက်လက်သွားလာခဲ့ရပေမည်။ နောဧသည် သူသေဆုံးချိန် အသက် ၉၅၀ တိုင် ဘုရားသခင်နှင့်အတူ အမှန်ပင်ဆက်လက်သွားလာခဲ့သည်။—ကမ္ဘာဦး ၉:၂၉။
ယောဘ၏အကျင့်ကောင်းများက သူ့အား “စုံလင်ဖြောင့်မတ်” သောသူဖြစ်စေခဲ့သည်။ (ယောဘ ၁:၁၊ ၈; ၂:၃) သူသည် ထုံးစံရှိသည်အတိုင်း၊ သို့မဟုတ် အကျင့်ရှိသည်အတိုင်း ပွဲခံသောနေ့ရက်လွန်ပြီးသောအခါတိုင်း မိမိသားသမီးတို့သည် သူတို့၏ “စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုကျိန်ဆဲ၍ ပြစ်မှား” ခဲ့ကြမည်ကိုစိုးရိမ်ပြီး မိသားစုယဇ်ပုရောဟိတ်အဖြစ် မီးရှို့သောယဇ်ကို သူတို့အတွက်ပူဇော်လေ့ရှိသည်။ “ထိုသို့ ယောဘသည်အစဉ်ပြုမြဲရှိ၏။” (ယောဘ ၁:၅၊ သမ္မာ) ယောဘ၏မိသားစုတွင် ယေဟောဝါ၏ ဝတ်ပြုမှုအပေါ် အဓိကအာရုံစိုက်သော အကျင့်ဓလေ့များ ပေါ်လွင်ခဲ့မည်ကား မလွဲဧကန်ပင်။
ဒံယေလသည် သူ၏ဘဝအသက်တာတစ်လျှောက်လုံး ယေဟောဝါအား ‘အဆက်မပြတ်’ ဝတ်ပြုကိုးကွယ်ခဲ့သည်။ (ဒံယေလ ၆:၁၆၊ ၂၀) ဒံယေလ၌ အဘယ်ဝိညာဉ်ရေးရာအကျင့်ကောင်းများ ရှိသနည်း။ တစ်ခုအနေဖြင့် ယေဟောဝါထံ သူမှန်မှန်ဆုတောင်းခဲ့၏။ ဤအလေ့အကျင့်ကို ကန့်ကွက်သည့် ဘုရင့်အမိန့်ထုတ်ထားသော်လည်း “[ဒံယေလသည်] ယေရုရှလင်မြို့သို့မျက်နှာပြုရာ အထက်ခန်းပြတင်းပေါက်ပွင့်လျက်ပင် အထက်ပြုလေ့ရှိသည်အတိုင်း တစ်နေ့သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကိုဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။” (ဒံယေလ ၆:၁၀) သူသည် အသက်ဘေးကြုံရစရာအကြောင်းရှိသည့်တိုင် ဘုရားသခင်ထံဆုတောင်းခြင်းအကျင့်ကို လက်မလွှတ်နိုင်ခဲ့ချေ။ ဤအကျင့်ဓလေ့က ဘုရားသခင်အပေါ် ထူးခြားစွာ တည်ကြည်မှုတင်ပြသည့် ဘဝအသက်တာကိုလျှောက်ရန် ဒံယေလအား အမှန်ပင်ခွန်အားပေးခဲ့ပေမည်။ ထို့ပြင် ဒံယေလသည် ဘုရားသခင်၏စိတ်လှုပ်ရှားဖွယ် ကတိတော်များကို လေ့လာ၍ လေးလေးနက်နက်စဉ်းစားဆင်ခြင်တတ်သည့် အကျင့်ကောင်းလည်းရှိခဲ့ကြောင်း ထင်ရှားသည်။ (ယေရမိ ၂၅:၁၁၊ ၁၂; ဒံယေလ ၉:၂) ဤအကျင့်ကောင်းများသည် သူ့အား အသက်ပြေးပွဲတွင် အဆုံးတိုင် ခံနိုင်ရည်ရှိရှိ အမှန်ပင် တည်ကြည်စွာပြေးနိုင်စေခဲ့သည်။
ယင်းနှင့်ခြားနားလျက် အကျင့်ဆိုးတစ်ခုကြောင့် ဒိနသည် ဝမ်းနည်းဖွယ်အခြေအနေ တွေ့ကြုံခဲ့ရသည်။ သူသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများမဟုတ်သည့် ‘ထိုပြည်၏အမျိုးသမီးတို့ကို အကြည့်အရှုသွားလေ့’ ရှိသည်။ (ကမ္ဘာဦး ၃၄:၁) မမှားပုံပေါက်သော ဤအကျင့်က ဘေးသင့်စေခဲ့သည်။ ဦးဆုံးအနေနှင့် သူသည် “အဘ၏အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိ” သည်ဟုယူမှတ်ကြသော လူငယ်ဖြစ်သူ ရှေခင်၏ ဗလက္ကာရပြုကျင့်ခြင်းကို ခံခဲ့ရ၏။ ထို့နောက်၊ လက်စားချေလိုသော အစ်ကိုနှစ်ဦး၏တန်ပြန်မှုက တစ်မြို့လုံးရှိ ယောက်ျားမှန်သမျှ အသက်ဆုံးရှုံးခဲ့ရသည်။ အမှန်တကယ်ကြောက်မက်ဖွယ် အကျိုးဆက်ပါတကား!—ကမ္ဘာဦး ၃၄:၁၉၊ ၂၅-၂၉။
ကျွန်ုပ်တို့၏အကျင့်များသည် ကျွန်ုပ်တို့ကို အန္တရာယ်မပေးဘဲ အကျိုးရှိစေမည်ဟု အဘယ်နည်းဖြင့်စိတ်ချနိုင်သနည်း။
အကျင့်စရိုက်များကို အသုံးချခြင်း
“အကျင့်ဓလေ့များသည် မလွန်ဆန်နိုင်သောတင်ကူးသတ်မှတ်ထားရာ” ဟု အတွေးအခေါ်ပညာရှင်တစ်ဦး ရေးသားခဲ့သည်။ သို့သော် ထိုသို့ဖြစ်စရာမလိုချေ။ ကျွန်ုပ်တို့၏အကျင့်ဆိုးများကို ပြုပြင်ပြောင်းလဲပြီး အကျင့်ကောင်းများကို မွေးမြူရန် ကျွန်ုပ်တို့ရွေးချယ်နိုင်ကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြသည်။
အကျင့်ကောင်းများရှိခြင်းဖြင့် ခရစ်ယာန်အသက်တာလမ်းစဉ်သည် သာ၍အထမြောက်ပြီး ၎င်းကိုလိုက်လျှောက်ရန် ပိုမိုလွယ်ကူသည်။ ဂရိနိုင်ငံမှ ခရစ်ယာန်တစ်ဦးဖြစ်သူ အဲလက်စ်က ဤသို့ဆိုသည်– “လုပ်ငန်းအသီးသီး ပြီးမြောက်ဖို့ ဇယားတစ်ခုအတိုင်း စွဲမြဲစွာပြုလုပ်တဲ့အကျင့်က ကျွန်တော့်ရဲ့တန်ဖိုးရှိအချိန်ကို မကုန်စေပါဘူး။” ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သော သီအိုဖီလပ်စ်က မိမိအား အကူအညီဖြစ်စေသည်ကား အစီအစဉ်ရေးဆွဲခြင်းအကျင့်ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ သူက ဤသို့ဆိုသည်– “ကောင်းစွာစီစဉ်တဲ့အကျင့်သာမရှိရင် ကျွန်တော့်ရဲ့ခရစ်ယာန်တာဝန်တွေကို အောင်မြင်စွာကိုင်တွယ်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။”
ကျွန်ုပ်တို့သည် ခရစ်ယာန်များအဖြစ် “လိုက်လျှောက်ခဲ့သည့် ပုံစံအတိုင်းပြုကျင့်” ကြရန် တိုက်တွန်းခံရသည်။ (ဖိလိပ္ပိ ၃:၁၆၊ သတင်းကောင်း) လုပ်ရိုးလုပ်စဉ်ပုံစံတိုင်းတွင် “အမြဲပြုလုပ်လေ့ရှိ အစီအစဉ်တစ်ခုကို အကျင့်ရှိသည်အတိုင်းပြုလုပ်ခြင်း” ပါဝင်သည်။ ထိုသို့သော အကျင့်ကောင်းများသည် ကျွန်ုပ်တို့ကို အကျိုးပြုသည်၊ အကြောင်းမှာ ဆောင်ရွက်ချက်တိုင်းကို ကျွန်ုပ်တို့သည် တမင်စဉ်းစားဖို့အချိန်ယူစရာမလိုဘဲ အကျင့်ပါသည့်အတိုင်း လိုက်လျှောက်ရန် ပုံစံကောင်းတစ်ရပ် ရှိထားနှင့်ပြီးဖြစ်၏။ စွဲမြဲနေသောအကျင့်များသည် အလိုအလျောက်ပင်ဖြစ်လာလေ့ရှိ၏။ အားထားရသော ကားမောင်းသည့်အကျင့်များက ယာဉ်မောင်းတစ်ဦးအား လမ်းပေါ်၌အန္တရာယ်များ ကြုံရသောအခါ အသက်ဘေးလွတ်မြောက်စေသည့် ဆုံးဖြတ်ချက်များကို ချက်ချင်းချရန် ညွှန်ကြားပေးတတ်သကဲ့သို့ အလေ့အကျင့်ကောင်းများသည် ကျွန်ုပ်တို့၏ခရစ်ယာန်လမ်းစဉ်တွင် လျှောက်လှမ်းနေကြစဉ် သင့်လျော်သောဆုံးဖြတ်ချက်များကို အလျင်အမြန်ချရန် ကူညီပေးနိုင်သည်။
အင်္ဂလိပ်စာရေးဆရာ ဂျယ်ရမီတေလာဆိုသည့်အတိုင်း “အကျင့်များသည် လုပ်ဆောင်မှု၏သမီးများ ဖြစ်သည်။” ကျွန်ုပ်တို့အကျင့်ကောင်းမည်ဆိုလျှင် အခက်အခဲမရှိဘဲ ကောင်းမွန်ရာများကို ပြုလုပ်ဆောင်ရွက်နိုင်ကြ၏။ ဥပမာ၊ ခရစ်ယာန်ဓမ္မအမှုဆောင်များအနေဖြင့် ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်း၌ ပုံမှန်ပါဝင်ခြင်းအကျင့်ရှိကြမည်ဆိုလျှင် ယင်းက လယ်ကွင်းလုပ်ငန်းတော်၌ အလွယ်တကူ ပျော်ပျော်ပါးပါးပါဝင်မည်ဖြစ်သည်။ တမန်တော်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဖတ်ရသည်ကား သူတို့သည် “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏” ဟူ၍ဖြစ်သည်။ (တမန်တော် ၅:၄၂; ၁၇:၂) အခြားတစ်ဖက်တွင် ခရစ်ယာန်ဓမ္မအမှု၌ ရံဖန်ရံခါသာ ကျွန်ုပ်တို့ပါဝင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် စိတ်တထင့်ထင့်ဖြစ်ပြီး ဤအရေးပါ ခရစ်ယာန်ဆောင်ရွက်မှု၌ အရှိန်ရပြီး စိတ်ချလက်ချရှိနိုင်ဖို့ အချိန်ပိုပေးရန် လိုအပ်ပေလိမ့်မည်။
ကျွန်ုပ်တို့ခရစ်ယာန်လုပ်ရိုးလုပ်စဉ်၏ အခြားရှုထောင့်များနှင့်ပတ်သက်၍လည်း ထိုအတိုင်းပင်ဖြစ်သည်။ ကောင်းသောအလေ့အကျင့်များက ‘ကျမ်းစာ နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်’ ခြင်းကို ပုံမှန်ပြုလုပ်ရန် အကူအညီပေးနိုင်၏။ (ယောရှု ၁:၈; ဆာလံ ၁:၂) ခရစ်ယာန်တစ်ဦးသည် ညဘက်အိပ်ရာမဝင်မီ သမ္မာကျမ်းစာကို မိနစ် ၂၀ မှ ၃၀ အထိ ဖတ်သည့်အကျင့်ရှိသည်။ သူသည် အလွန်ပင်ပန်းနွမ်းနယ်သည့်တိုင် ကျမ်းစာမဖတ်ဘဲ အိပ်ရာဝင်ခဲ့လျှင် အိပ်မပျော်နိုင်ကြောင်း တွေ့ရှိရသည်။ ထိုအခါ ၎င်းဝိညာဉ်ရေးလိုအပ်ရာကို သူထပြုလုပ်လိုက်ရ၏။ ဤအကျင့်ကောင်းကြောင့် နှစ်ပေါင်းအတန်ကြာ သမ္မာကျမ်းစာတစ်အုပ်လုံးကို တစ်နှစ်တစ်ခေါက် ဖတ်ရှုပြီးစီးစေခဲ့သည်။
ကျွန်ုပ်တို့၏စံနမူနာရှင်၊ ယေရှုခရစ်သည် သမ္မာကျမ်းစာဆွေးနွေးသော အစည်းအဝေးများကို တက်ရောက်သည့်အကျင့်ရှိခဲ့၏။ “ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကိုဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။” (လုကာ ၄:၁၆) မိသားစုကြီးရှိပြီး အချိန်ကြာမြင့်စွာအလုပ်လုပ်ရသော အကြီးအကဲဖြစ်သူ ဂျိုးသည် အကျင့်ရှိခြင်းကြောင့် အစည်းအဝေးများကို မတက်မနေ ပုံမှန်တက်ရောက်ရန်ဆန္ဒ ပြင်းပြသည်။ သူဤသို့ပြောပြသည်– “ဒီအကျင့်ကြောင့် ကျွန်တော်လိုအပ်တဲ့ ဝိညာဉ်ရေးခွန်အားတွေရပြီး စိန်ခေါ်ချက်တွေနဲ့ ပြဿနာတွေကို အောင်မြင်စွာရင်ဆိုင်နိုင်တာ။”—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ထိုသို့သောအကျင့်များကို အသက်အတွက်ပြေးရသည့် ခရစ်ယာန်အပြေးပြိုင်ပွဲ၌ မရှိမဖြစ်လိုအပ်သည်။ ယေဟောဝါသက်သေများ နှိပ်စက်ညှဉ်းပန်းခံရသော နိုင်ငံတစ်နိုင်ငံမှ အစီရင်ခံစာတစ်စောင်က ဤသို့ဖော်ပြသည်– “ဝိညာဉ်ရေးအကျင့်ကောင်းများရှိပြီး အမှန်တရားကို တကယ်လေးမြတ်တန်ဖိုးထားသူတို့သည် စုံစမ်းခံရသောအခါ ခိုင်မြဲတည်ကြည်ရန် ပြဿနာမရှိကြချေ၊ သို့သော် ‘အခွင့်သာချိန်’ တွင် အစည်းအဝေးများကိုမတက်၊ လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်းမရှိ၊ သေးငယ်သောအရေးကိစ္စများ၌ အလျှော့ပေးလိုက်လျောသူတို့သည် ‘ပြင်းထန်သော’ စမ်းသပ်မှုခံရသည့်အခါ ကျရှုံးလဲသွားလေ့ရှိ၏။”—၂ တိမောသေ ၄:၂။
အကျင့်စရိုက်ဆိုးများရှောင်၍ အကျင့်စရိုက်ကောင်းများကို အသုံးချပါ
‘မိမိအား ချုပ်ကိုင်စေလိုသောအကျင့်များကိုသာ မိမိမွေးမြူသင့်၏’ ဟု ဆိုလေ့ရှိသည်။ အကျင့်ဆိုးများသည် အမှန်ပင် နှိပ်စက်ကလူပြုတတ်သော သခင်တစ်ပါးဖြစ်၏။ သို့တိုင် ယင်းတို့ကို ဖျောက်ဖျက်နိုင်သည်။
စတယ်လာသည် အခိုက်အတန့် တီဗွီစွဲသူတစ်ဦးဖြစ်ခဲ့၏။ သူက ဤသို့ဝန်ခံသည်– “ကျွန်မအရှုံးပေးခဲ့တဲ့ အကျင့်ဆိုးတိုင်းအတွက် ‘ဘေးသင့်စေမဲ့ရည်ရွယ်ချက်မရှိတဲ့’ ဆင်ခြေတစ်ခု ပေးလေ့ရှိတယ်။” တီဗွီကို တရားလွန်ကြည့်ခဲ့ခြင်းအကျင့်နှင့်ပတ်သက်၍ ဤသို့ဖြစ်ခဲ့သည်။ သူသည် “အနည်းငယ်အပန်းဖြေရန်” သို့မဟုတ် “အပြောင်းအလဲတစ်ခုအနေနှင့်” တီဗွီကြည့်ခြင်းသာဖြစ်သည်ဟု သူ့ကိုယ်သူပြောဆိုတတ်သည်။ သို့သော် သူ၏အကျင့်ကို မထိန်းချုပ်နိုင်ဘဲ အချိန်ကြာမြင့်စွာ ရုပ်မြင်သံကြားရှေ့ ထိုင်နေလေတော့သည်။ “အနည်းဆုံးတော့ ဒီအကျင့်ဆိုးက ကျွန်မရဲ့ဝိညာဉ်ရေးတိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်” ဟုသူပြောပြသည်။ ထိုနောက် သူသည် ပြတ်ပြတ်သားသားစိတ်ပိုင်းဖြတ်၍ တီဗွီကြည့်ချိန်ကို လျှော့ရုံမက ရွေးချယ်ကြည့်တတ်လာခဲ့၏။ “ဒီအကျင့်ကို ကျွန်မ ဘာကြောင့်ဖျောက်ဖျက်ချင်တယ်ဆိုတာကို အမြဲသတိရဖို့ကြိုးစားပြီး ကျွန်မရဲ့ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်နိုင်ဖို့ ယေဟောဝါကိုအားကိုးတယ်” ဟူ၍ စတယ်လာပြောပြသည်။
ကာရာလမ်ဗပ်စ်အမည်ရှိ ခရစ်ယာန်တစ်ဦးသည် သူ၏ဝိညာဉ်ရေးတိုးတက်မှုကို ဟန့်တားခဲ့သည့် ရွှေ့ဆိုင်းတတ်သောအကျင့်ဆိုးကို ထောက်ပြခဲ့သည်။ “ရွှေ့ဆိုင်းတတ်တာဟာ အကျိုးယုတ်စေတယ်ဆိုတာကို ကျွန်တော်သတိထားလာတဲ့အခါ ကျွန်တော်ရဲ့ဘဝကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတော့တယ်။ ပန်းတိုင်တွေထားတဲ့အခါ ဘယ်အချိန်မှာ ဘယ်လိုစလုပ်မယ်ဆိုတာ ကျွန်တော် အတိအကျစီစဉ်တယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ အစီအစဉ်တွေအတိုင်း ပုံမှန်ပြုလုပ်တာက အဖြေပဲ၊ အခုထိလည်း အဲဒီအကျင့်ကောင်းရှိတုန်းပဲ။” မှန်ပါသည်၊ အကျင့်ဆိုးများအစား အကျင့်ကောင်းများရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။
ကျွန်ုပ်တို့၏အပေါင်းအသင်းများကလည်း အကျင့်ကောင်း သို့မဟုတ် အကျင့်ဆိုးများရှိစေနိုင်သည်။ အကျင့်ကောင်းများ ကူးစက်တတ်သကဲ့သို့ပင် အကျင့်ဆိုးများလည်း ထို့အတူဖြစ်၏။ “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်” သည့်နည်းတူ အပေါင်းအသင်းကောင်းများက ကျွန်ုပ်တို့အတုယူစရာ အကျင့်ကောင်းများ တင်ပြလေ့ရှိသည်။ (၁ ကောရိန္သု ၁၅:၃၃) အရေးအကြီးဆုံးကား အကျင့်များသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေနိုင်၏၊ သို့မဟုတ် အားလျော့စေနိုင်၏။ စတယ်လာက ဤသို့ပြောသည်– “ကျွန်မတို့ရဲ့အကျင့်တွေ ကောင်းမယ်ဆိုရင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ပိုပြီးလွယ်ကူစေတယ်။ အကျင့်ဆိုးတွေက ကျွန်မတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် အတားအဆီးဖြစ်စေတယ်။”
အကျင့်ကောင်းများကို မွေးမြူပါ၊ သင့်အား လမ်းပြညွှန်ကြားစေပါ။ ယင်းတို့သည် သင်၏ဘဝတွင် တန်ခိုးပါသော အကျိုးဖြစ်ထွန်းသည့်အစွမ်း ဖြစ်ပေလိမ့်မည်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မီးကဲ့သို့ပင် အကျင့်စရိုက်များသည် အကျိုးဖြစ်ထွန်းစေနိုင်၊ သို့မဟုတ် ပျက်စီးစေနိုင်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရွတ်ခြင်းငှာ ဥပုသ်နေ့တွင် တရားဇရပ်သို့သွားခြင်းသည် ယေရှု၏ထုံးစံဖြစ်ခဲ့
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးအကျင့်စရိုက်ကောင်းများက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေ