‘ထာဝရဘုရားသခင်နှင့် ဂိဒေါင်၏ဓား’
သူတို့သည် ကျိုင်းကောင်အုပ်တမျှ အလွန်များပြားပြီး အထွက်တိုးကောင်းသော လယ်မြေများကို မြေရိုင်းအဖြစ်သို့ ရောက်ရှိစေကြသည်။ ဣသရေလပြည်ကို တရားသူကြီးများ အုပ်ချုပ်သည့် အချိန်တစ်ချိန်တွင် ယင်းသို့ဖြစ်ပျက်ခဲ့ရာ ဣသရေလလူတို့သည် စိတ်ပျက်အားလျော့နေကြ၏။ ကျူးကျော်ဝင်ရောက်လာကြသည့် မိဒျန်ပြည်သား၊ အာမလက်ပြည်သားနှင့် အရှေ့ပြည်သားတို့သည် ကုလားအုတ်များစီးလာ၍ ကြဲထားသောမျိုးစေ့များ အပင်ပေါက်လာသည်နှင့် စားသောက်ဖျက်ဆီးနေသည်မှာ ခုနစ်နှစ်ရှိပြီ။ လှည့်လည်သောင်းကျန်းနေကြသူတို့၏ တိရစ္ဆာန်အုပ်များသည် နေရာအနှံ့ စားကျက်များရှာဖွေကာ တွေ့သမျှအရွက်ကို အလုအယက်စားကြသည်။ ဣသရေလလူတို့တွင်မူ မြည်းနွားသိုး တစ်ကောင်မျှမရှိကြချေ။ မိဒျန်လူမျိုး ကြီးစိုးချိန်တွင် အလွန်ခက်ထန်ကြမ်းတမ်းသောကြောင့် နောက်ဆုံး၌ ဣသရေလလူတို့သည် လူသူအရောက်အပေါက်နည်းသော တောင်များတွင် မြေတွင်း၊ ဥမင်၊ ခံတပ်များ ပြုလုပ်ကာ နေထိုင်ခဲ့ကြရသည်။
အဘယ်ကြောင့် ဤမျှအခြေအနေဆိုးရွားခဲ့သနည်း။ အယူဖောက်ပြန်သော ဣသရေလပြည်တွင် မမှန်သောနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်နေကြ၏။ သို့ဖြစ်၍ ယေဟောဝါသည် သူတို့ကို ဖိနှိပ်ချုပ်ချယ်သူတို့လက်သို့ အပ်လိုက်လေသည်။ ဣသရေလလူတို့သည် မခံရပ်နိုင်တော့သည့်အခါ ယေဟောဝါထံ အကူအညီတောင်းခံကြ၏။ ကိုယ်တော် နားညောင်းတော်မူမည်လော။ ဣသရေလနိုင်ငံ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။—တရားသူကြီး ၆:၁-၆။
သတိရှိ လယ်သမားလော၊ ‘ရဲစွမ်းသတ္တိရှိ’ သူလော
သာမန်အားဖြင့် ဣသရေလ,လယ်သမားများသည် စပါးလှေ့ရာတွင် စပါးခွံများ လေထဲ လွင့်စဉ်သွားစေရန် လဟာပြင်၌ နွားထီးနှင့် စွပ်ဖားလှည်းတို့ကို အသုံးပြုလေ့ရှိကြသည်။ သို့သော် လယ်ကွက်ရှိသမျှကို ဖျက်ဆီးနေသော လှည့်လည်သောင်းကျန်းမှုကြောင့် ထိုသို့ပြုခြင်းသည် သိသာမြင်သာလွန်းလှသည်။ ဂိဒေါင်သည် မိဒျန်လူတို့ မတွေ့စေရန် အမိုးအကာရှိ ကျောက်စည်ပိုင်းကြီးဖြစ်နိုင်သော စပျစ်သီးနယ်ရာကျင်းတွင် စပါးနယ်ရ၏။ (တရားသူကြီး ၆:၁၁) ထိုတွင် စပါးနှံနည်းနည်းချင်းကိုသာ တုတ်ဖြင့်ရိုက်၍ ခြွေနိုင်ပေမည်။ အခြေအနေအရ ဂိဒေါင်သည် ဤသို့ကြံဖန်၍ စပါးနယ်ရ၏။
ယေဟောဝါ၏ကောင်းကင်တမန်သည် ကိုယ်ထင်ရှားပြ၍ ‘ရဲစွမ်းသတ္တိရှိသောအချင်းသူရဲ၊ ထာဝရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏’ ဟုမိန့်ဆိုသောအခါ ဂိဒေါင် မည်မျှအံ့သြသွားမည်ကို မြင်ယောင်ကြည့်ပါ။ (တရားသူကြီး ၆:၁၂) စပျစ်သီးနယ်ရာကျင်းတွင်ပင် ပုန်းလျှိုးကွယ်လျှိုး စပါးနယ်နေရသူအနေနှင့် ဂိဒေါင်သည် ရဲစွမ်းသတ္တိရှိသည်ဟုခံစားရမည် မဟုတ်ချေ။ သို့တိုင် အဆိုပါစကားများက ဂိဒေါင်သည် ရဲစွမ်းသတ္တိရှိ ဣသရေလခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်ဟု ဘုရားသခင် ယုံကြည်စိတ်ချကြောင်း ဖော်ပြ၏။ သူကိုယ်တိုင်ကလည်း ယုံကြည်စိတ်ချမှုရှိဖို့လိုသည်။
“ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်” ဖို့ ယေဟောဝါ တာဝန်ပေးသည့်အခါ ဂိဒေါင်က ဤသို့ကျိုးနွံစွာလျှောက်ဆို၏– “အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ကယ်နုတ်နိုင်ပါသနည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသောသူဖြစ်ပါ၏။” သတိရှိသော ဂိဒေါင်သည် မိဒျန်လူတို့ကို တိုက်ခိုက်ချိန်တွင် မိမိနှင့်အတူ ဘုရားသခင်ရှိမည့် နိမိတ်လက္ခဏာတစ်ခု တောင်းဆိုရာ အာမခံချက်အတွက် ဂိဒေါင်တောင်းဆိုသည်အတိုင်း ယေဟောဝါ ပြုလုပ်ပေးလို၏။ သို့နှင့် ဂိဒေါင်သည် ဧည့်သည်ကောင်းကင်တမန်အား အစားအစာကို ဆက်သရာ ကျောက်ထဲမှ မီးထွက်၍ ပူဇော်ရာယဇ် ကျွမ်းလောင်လေ၏။ ယေဟောဝါသည် ဂိဒေါင်၏ကြောက်စိတ်ကို ငြိမ်သက်စေပြီးနောက် ဂိဒေါင်သည် ထိုနေရာတွင် ယဇ်ပလ္လင်တစ်ခု တည်လေသည်။—တရားသူကြီး ၆:၁၂-၂၄။
‘ဗာလဘုရားသည် သူ့ကိုယ်သူ ကာကွယ်ပါလေစေ’
ဣသရေလနိုင်ငံ၏ အကြီးမားဆုံးပြဿနာမှ မိဒျန်လူမျိုး၏ဖိနှိပ်မှုမဟုတ်ချေ။ ဗာလဘုရားဝတ်ပြုရေး၏ ချုပ်နှောင်မှုအောက် ရောက်ရှိနေခြင်းဖြစ်သည်။ ယေဟောဝါသည် “သဝန်တိုသော ဘုရားသခင်” ဖြစ်သောကြောင့် တခြားနတ်ဘုရားများကို ကိုးကွယ်နေစဉ် မိမိအား ကိုးကွယ်ခြင်းကို လက်ခံနိုင်မည်မဟုတ်ပါ။ (ထွက်မြောက်ရာ ၃၄:၁၄၊ ကဘ) ထို့ကြောင့် ဖခင်တည်ထားသော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍ အာရှရပင်ကို ခုတ်လှဲရန် ဂိဒေါင်အား ယေဟောဝါ မိန့်မှာ၏။ ဂိဒေါင်သည် နေ့အချိန်၌ ဖြိုဖျက်ခုတ်လှဲမည်ဆိုလျှင် ဖခင်နှင့် တခြားသူတို့၏ရန်ကို ကြောက်သောကြောင့် ကျွန်ဆယ်ယောက်နှင့်အတူ ညအချိန်၌ ထိုသို့ပြုလေသည်။
ဤသို့ဂိဒေါင်သတိရှိခြင်းသည် ခိုင်လုံခြေမြစ်ကြောင်း ထင်ရှား၏၊ အကြောင်းမှာ သူ၏ “မရိုမသေပြုမှု” ကို ဗာလဘုရားကိုးကွယ်သူ ဒေသခံများ တွေ့ကြသောအခါ သူ့ကိုသတ်လိုကြသည်။ သို့သော် ဂိဒေါင်၏ဖခင် ယောရှက ဗာလသည် ဘုရားသခင်မှန်လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဟု လူတို့နှင့် ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ ထို့ပြင် ယောရှသည် သားအမည်ကို “ဗာလဘုရားသည် သူ့ကိုယ်သူ ကာကွယ်နိုင်ပါစေ” ဟုအဓိပ္ပာယ်ရသည့် ယေရုဗ္ဗာလဟု ဆီလျော်စွာ မှည့်လိုက်လေသည်။—တရားသူကြီး ၆:၂၅-၃၂၊ ကဘ အောက်ခြေမှတ်ချက်။
ဘုရားသခင်သည် စစ်မှန်သောဝတ်ပြုရေးဘက် မားမားမတ်မတ်ရပ်တည်နေကြသော မိမိ၏ကျေးကျွန်များကို ကောင်းချီးမပြတ်သွန်းလောင်းတော်မူ၏။ မိဒျန်လူမျိုးနှင့် သူတို့၏အပေါင်းပါများသည် ဣသရေလနယ်မြေသို့ တစ်ဖန်ကျူးကျော်ဝင်ရောက်လာသောအခါ ‘ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်’ တော်မူ၏။ (တရားသူကြီး ၆:၃၄) ဂိဒေါင်သည် ဘုရားသခင်၏ဝိညာဉ်တော် သို့မဟုတ် တက်ကြွလှုပ်ရှားသော စွမ်းအားအကူအညီဖြင့် မနာရှေ၊ အာရှာ၊ ဇာဗုလုန်နှင့် နဿလိအမျိုးအနွယ်တို့မှ စစ်သည်များကို စုဆောင်းနိုင်ခဲ့သည်။—တရားသူကြီး ၆:၃၅။
စစ်ဆင်နွှဲရန် အသင့်ပြင်ခြင်း
ယခု ဂိဒေါင်တွင် စစ်သည် ၃၂,၀၀၀ ရှိနေပြီဖြစ်သော်လည်း ဘုရားသခင်ထံ နိမိတ်လက္ခဏာ တောင်းဆိုပြန်သည်။ မြေတစ်ပြင်လုံး သွေ့ခြောက်နေစဉ် တလင်းပေါ်ရှိ သိုးမွေးသည် နှင်းစိုလာလျှင် ယင်းက မိမိအားဖြင့် ဣသရေလပြည်ကို ဘုရားသခင် ကယ်တင်မည်ဟု ဖော်ပြရာရောက်လိမ့်မည်ဖြစ်သည်။ ဤအံ့ဖွယ်အမှုကို ယေဟောဝါ ပြုလုပ်ပြခဲ့သည်၊ တစ်ဖန် ဂိဒေါင်က မြေတစ်ပြင်လုံး နှင်းစိုကာ သိုးမွေး သွေ့ခြောက်ပါစေဟု နိမိတ်လက္ခဏာကို ပြောင်းပြန်တောင်းဆိုပြီး အတည်ပြုချက်ကို ကြိုးစားရယူပြန်သည်။ ဂိဒေါင်သည် သတိကြီးလွန်းနေပါသလော။ ထိုသို့ဖြစ်ပုံမရှိပါ၊ အကြောင်းမှာ သူတောင်းဆိုသော အာမခံချက်ကို ယေဟောဝါ လုပ်ဆောင်ပြ၍ဖြစ်သည်။ (တရားသူကြီး ၆:၃၆-၄၀) ယနေ့ ဤသို့သောအံ့ဖွယ်အမှုများကို ကျွန်ုပ်တို့ မမျှော်လင့်ပါ။ သို့တိုင် ယေဟောဝါ၏လမ်းညွှန်ချက်နှင့် အာမခံချက်ကို သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ ရရှိနိုင်ကြသည်။
ယခု ဘုရားသခင်က ဂိဒေါင်၏စစ်အင်အား ကြီးမားလွန်းသည်ဟု မိန့်ဆိုလေသည်။ အကယ်၍ အင်အားကြီးမားသော ထိုစစ်တပ်ဖြင့် ရန်သူများကို အနိုင်ရရှိလျှင် မိမိတို့ကိုယ်ကို မိမိတို့ကယ်တင်ပြီဟု ဣသရေလလူတို့ ဝါကြွားကြပေလိမ့်မည်။ အမှန်မှာ အောင်မြင်မှုသည် ယေဟောဝါကြောင့်ဟူ၍သာ ဖြစ်ရမည်။ ဖြေရှင်းနည်းကား အဘယ်နည်း။ ဂိဒေါင်သည် မောရှေပညတ်အရ ကြောက်တတ်သူတို့ကို အိမ်ပြန်စေသည်။ ထိုအခါ လူ ၂၂,၀၀၀ ပြန်သွားကြရာ ၁၀,၀၀၀ သာကျန်ရစ်လေသည်။—တရားဟောရာ ၂၀:၈; တရားသူကြီး ၇: ၂၊ ၃။
ဘုရားသခင်၏ရှုထောင့်မှကြည့်လျှင် လူအင်အား အလွန်များနေသေး၏။ သူတို့ကို ရေဆိပ်သို့ခေါ်ဆောင်သွားရန် ဂိဒေါင်အား မိန့်မှာ၏။ နေပူကျဲကျဲတွင် ဂိဒေါင်၏စစ်သည်များကို ဘုရားသခင် ချီတက်စေခဲ့သည်ဟု ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်ကဆိုသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့ရေသောက်ပုံကို ဂိဒေါင်စောင့်ကြည့်နေ၏။ ရန်သူ၏တိုက်ခိုက်မှုကို သတိပြုစဉ် ရေကို လက်ခုပ်နှင့်ခပ်၍ လျက်သောက်သူ ၃၀၀ သာရှိသည်။ သတိရှိသူဤ ၃၀၀ သာလျှင် ဂိဒေါင်နှင့်အတူ လိုက်ပါရကြမည်။ (တရားသူကြီး ၇:၄-၈) သင်သည် သူတို့နေရာတွင် အစားထိုးဝင်ကြည့်ပါ။ သင့်ကြောင့်မဟုတ်ဘဲ ယေဟောဝါ၏တန်ခိုးတော်ကြောင့်သာ ရန်သူအင်အား ၁၃၅,၀၀၀ ကိုနိုင်လိမ့်မည်ဟု သင်အမှန်ပင်ကောက်ချက်ချပေမည်!
ဘုရားသခင်က ဂိဒေါင်အား ကျွန်တစ်ဦးကိုခေါ်၍ မိဒျန်တပ်စခန်းသို့ ကင်းထောက်သွားစေသည်။ ထိုတွင် လူတစ်ဦးက မိမိ၏အိပ်မက်အကြောင်း သူ၏အဖော်အား ပြောပြရာ အဖော်က မိဒျန်လူမျိုးကို ဂိဒေါင်လက်သို့ ဘုရားသခင်အပ်လိမ့်မည်ဟု ချက်ချင်း အနက်ဖွင့်သည်ကို ဂိဒေါင်ကြားလိုက်၏။ ထိုသို့ ဂိဒေါင်ကြားဖို့လို၏။ ထိုအခါ မိမိနှင့် မိမိ၏လူ ၃၀၀ အား မိဒျန်လူတို့အပေါ် ယေဟောဝါ အောင်ပွဲခံစေမည်ဟု ဂိဒေါင်ယုံကြည်စိတ်ချသွားလေသည်။—တရားသူကြီး ၇:၉-၁၅။
စစ်ဗျူဟာ
ထိုလူ ၃၀၀ ကို အယောက် ၁၀၀ စီသုံးစုခွဲလိုက်သည်။ လူတိုင်းကို တံပိုးတစ်လုံးနှင့် အိုးကြီးတစ်လုံးပေး၏။ ထိုအိုးတွင် မီးခွက်ကို ဝှက်ထား၏။ ဂိဒေါင်၏ဦးဆုံးအမိန့်မှာ ‘ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ။ ငါသည် တံပိုးမှုတ်သောအခါ သင်တို့သည် တံပိုးမှုတ်၍ “ထာဝရဘုရားသခင်နှင့် ဂိဒေါင်၏ဓား” ဟုဟစ်ကြလော့’ ဟူ၍ဖြစ်သည်။—တရားသူကြီး ၇:၁၆-၁၈၊ ၂၀။
ဣသရေလစစ်သည် ၃၀၀ သည် ရန်သူ၏တပ်ပြင်သို့ တိတ်တဆိတ် ချီတက်သွားသည်။ ကင်းတပ်သားလဲပြီးခါစ ညဆယ်နာရီခန့်ရှိနေပြီ။ ထိုအချိန်သည် ဝင်ရောက်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ပုံရသည်၊ အကြောင်းမှာ လဲပြီးခါစကင်းတပ်သားများသည် အမှောင်တွင် ကျင့်သားမရသေးချေ။
ယခု မိဒျန်လူတို့ ကြောက်လန့်တုန်လှုပ်နေကြ၏! အိုး ၃၀၀ ကွဲသံ၊ တံပိုး ၃၀၀ မှုတ်သံနှင့် လူ ၃၀၀ အော်သံတို့သည် တိတ်ဆိတ်ငြိမ်သက်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်လေသည်။ အထူးသဖြင့် ‘ထာဝရဘုရားသခင်နှင့် ဂိဒေါင်၏ဓား’ ဟူသော အော်သံကြောင့် မိဒျန်လူတို့ကြက်သေသေသွားပြီး သူတို့ပါ အော်ဟစ်ကြလေတော့သည်။ ဤသို့ဗရုန်းသုန်းကားဖြစ်နေစဉ် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင်တော့ချေ။ လူ ၃၀၀ တို့မူ ရန်သူအချင်းချင်းကို ဘုရားသခင် တိုက်ခိုက်နေစေစဉ် သူတို့နေရာတွင် ရပ်မြဲရပ်နေကြ၏။ မိဒျန်တို့၏တပ်စခန်း အဖျက်ခံရပြီးနောက် သူတို့သည် ပြေးပေါက်မရှိတော့ရာ အပြီးသတ်နှိမ်နင်းခံလိုက်ရ၏။ ယခုမှ ထိုရက်စက်ကြမ်းကြုတ်သောခေတ် ကုန်ဆုံးလေတော့သည်။—တရားသူကြီး ၇:၁၉-၂၅; ၈:၁၀-၁၂၊ ၂၈။
ဂိဒေါင်သည် ဤသို့အနိုင်ရပြီးနောက်တွင်ပင် စိတ်နှိမ့်ချမှုရှိ၏။ စစ်တိုက်သွားကြစဉ် မိမိတို့ကိုမခေါ်သည့်အတွက် မထီလေးစားပြုခံရသည်ဟု ထင်မှတ်ပုံရသော ဧဖရိမ်လူတို့က သူ့ကို ရန်မူကြသည့်အခါ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်ပြောဆို၏။ ဖြည်းညင်းစွာ ဂိဒေါင်ပြန်ပြောခဲ့ခြင်းကြောင့် သူတို့ စိတ်ပြေသွားကြ၏။—တရားသူကြီး ၈:၁-၃; သု. ၁၅:၁။
ယခု အေးချမ်းသွားပြီဖြစ်ရာ ဣသရေလလူတို့က ဂိဒေါင်ကို ဘုရင်တင်မြှောက်လိုကြသည်။ ဆွဲဆောင်မှုကြီးပါတကား! သို့သော် ဂိဒေါင် လက်မခံခဲ့ချေ။ မိဒျန်လူမျိုးကို အနိုင်ရစေသူအား မျက်ခြည်မပြတ်ခဲ့ချေ။ သူဤသို့ဆို၏– ‘ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသခင်သည် သင်တို့ကို အုပ်စိုးတော်မူရ၏။’—တရားသူကြီး ၈:၂၃။
သို့ရာတွင် ဂိဒေါင်သည် မစုံလင်သူဖြစ်သည်အလျောက် ကောင်းစွာချင့်ချိန်နိုင်စွမ်း အမြဲမရှိချေ။ အတိအကျမဖော်ပြထားသော အကြောင်းတစ်ခုခုကြောင့် သူသည် လက်ရပစ္စည်းများဖြင့် သင်တိုင်းတော်တစ်ခုကိုပြုလုပ်၍ သူ၏မြို့တွင်ထားရှိခဲ့သည်။ ဣသရေလလူအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် “မှားယွင်း” ကြသည်ဟု မှတ်တမ်းကဆို၏။ ယင်းကို သူတို့ကိုးကွယ်ကြရာ ဂိဒေါင်နှင့် သူ၏အိမ်ထောင်စုပင် ကျော့မိသွားလေသည်။ သို့တိုင် သူသည် ရုပ်ပုံကိုးကွယ်သူ လုံးလုံးလျားလျားဖြစ်မသွားချေ၊ အကြောင်းမှာ သူ့ကို ယေဟောဝါအား ယုံကြည်သူအဖြစ် သမ္မာကျမ်းစာက ဖော်ပြထား၍ဖြစ်သည်။—တရားသူကြီး ၈:၂၇; ဟေဗြဲ ၁၁:၃၂-၃၄။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ
ဂိဒေါင်၏အတ္ထုပ္ပတ္တိမှ သတိပေးချက်နှင့် အားပေးမှုဆိုင်ရာ သင်ခန်းစာများရရှိ၏။ ကျွန်ုပ်တို့၏ထင်ရာစိုင်းလုပ်ရပ်ကြောင့် ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်တော်နှင့် ကောင်းချီးကို ရုပ်သိမ်းလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေသည် ကျိုင်းကောင်များကြောင့် ပျက်စီးသွားသည့် ဆင်းရဲချို့တဲ့သော ပြည်သားများ၏အခြေအနေနှင့် တူလာလိမ့်မည်ဟု သတိပေး၏။ ကျွန်ုပ်တို့သည် ခဲယဉ်းဆိုးယုတ်သောကာလတွင် အသက်ရှင်နေထိုင်နေကြရာ ယေဟောဝါ၏ကောင်းချီးသည် “စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ကြောင်း ဘယ်တော့မျှ မမေ့သင့်ချေ။ (သု. ၁၀:၂၂) ကျွန်ုပ်တို့သည် ဘုရားသခင်ကို “စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြု” နေကြသောကြောင့် ကိုယ်တော်၏ကောင်းချီး ခံစားနေရခြင်းဖြစ်သည်။ ထိုသို့မပြုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော်စွန့်တော်မူလိမ့်မည်။—၁ ရာဇဝင်ချုပ် ၂၈:၉။
ကျွန်ုပ်တို့သည် ဂိဒေါင်အဖြစ်အပျက်မှ အားယူနိုင်သည်၊ အကြောင်းမှာ ယေဟောဝါသည် အားနည်းသူ၊ အကူအညီမဲ့သူဟု ယူမှတ်ခံရသူများကိုပင် အသုံးပြု၍ အဘယ်အန္တရာယ်မျိုးမှမဆို မိမိ၏လူမျိုးတော်ကို ကယ်တင်နိုင်၍ဖြစ်သည်။ မိဒျန်လူ ၁၃၅,၀၀၀ ကို ဂိဒေါင်နှင့် သူ၏လူ ၃၀၀ တို့ အနိုင်ရခြင်းက ဘုရားသခင်၏အတိုင်းအဆမဲ့တန်ခိုးတော်ကို ပေါ်လွင်ထင်ရှားစေ၏။ ကျွန်ုပ်တို့သည် ဘေးကျပ်နံကျပ်ဖြစ်နေပြီး ကျွန်ုပ်တို့၏ရန်သူများက သာလွန်နေပုံရပေမည်။ သို့တိုင် ဂိဒေါင်နှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက ယေဟောဝါအား ယုံကြည်ကိုးစားရန် ကျွန်ုပ်တို့ကို အားပေးတိုက်တွန်းသည်၊ ကိုယ်တော်သည် မိမိအား ယုံကြည်သူအပေါင်းကို ကောင်းချီးပေးပြီး ကယ်တင်တော်မူလိမ့်မည်။