ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၅/၁ စာ. ၄-၇
  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ရဲ့ ကြိုဟောချက်တွေက ဘယ်လောက်အထိ တိကျပါသလဲ
  • ဘုရားသခင့်ကြိုဟောချက်နဲ့ လူတွေရဲ့ကြိုဟောချက် ခြားနားပုံ
  • သင့်အနာဂတ်
  • အနာဂတ်ကို မည်သူသိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • မဟာကုရုမင်းကြီး
    နိုးလော့!—၂၀၁၃
  • ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၅/၁ စာ. ၄-၇
အိမ်စာလုပ်နေတဲ့သမီးကို ကူညီပေးနေတဲ့ အမေ

မျက်နှာဖုံးဆောင်းပါး

အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား

ကျွန်ုပ်တို့အားလုံး အနာဂတ်အကြောင်း တွေးမိတတ်ကြတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ချစ်ရသူတွေရဲ့ ဘဝဟာ ဘယ်လိုများဖြစ်လာမလဲလို့ သိချင်ကြတယ်။ ဒီမေးခွန်းတွေကို ကျွန်ုပ်တို့ စဉ်းစားတတ်တယ်– ‘ငါ့ကလေးတွေ ကြီးလာတဲ့အခါ ကမ္ဘာကြီး ဘယ်လိုများဖြစ်နေမလဲ၊’ ‘ဒီကမ္ဘာကြီး ပျက်စီးသွားတော့မှာလား၊’ ‘ငါ့အနာဂတ် ပိုကောင်းလာအောင် အခု ငါ ဘာလုပ်နိုင်မလဲ။’ အနာဂတ်ကို သိချင်တာက လူ့သဘာဝပါပဲ။ ကျွန်ုပ်တို့အားလုံးဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးကို လိုချင်ကြတယ်။ အနာဂတ်ကို ကြိုသိမယ်ဆိုရင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။

အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား။ ပညာရှင်တွေက အနာဂတ်အကြောင်း ကြိုဟောကြပေမဲ့ အမှားများနေတယ်။ ဘုရားသခင်ကတော့ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို တိတိကျကျ ကြိုဟောနိုင်ပါတယ်။ ဘုရားသခင်က “အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြ” တယ်လို့ သမ္မာကျမ်းစာမှာ ဆိုထားတယ်။ (ဟေရှာယ ၄၆:၁၀) ကိုယ်တော်ကြိုပြောတာတွေ ဘယ်လောက်မှန်ခဲ့ပါသလဲ။

ဘုရားသခင်ရဲ့ ကြိုဟောချက်တွေက ဘယ်လောက်အထိ တိကျပါသလဲ

ဘုရားသခင့်ကြိုဟောချက်တွေကို သင် ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ မိုးလေဝသခန့်မှန်းသူတစ်ဦးရဲ့ ကြိုပြောတာတွေက အမြဲမှန်တယ်ဆိုရင် သူ့ကို သင် အထင်ကြီးမှာပဲ။ နောက်နေ့အတွက် သူ့ရဲ့ခန့်မှန်းချက်ကိုလည်း သင် အလေးထားမှာဖြစ်တယ်။ အလားတူ၊ ဘုရားရဲ့ကြိုဟောချက်တွေက တိတိကျကျ ပြည့်စုံခဲ့တယ်ဆိုတာ သင်သိလာတဲ့အခါ အနာဂတ်အတွက် ကိုယ်တော့်ကြိုဟောချက်တွေကို သင် စိတ်ဝင်စားမှာ သေချာပါတယ်။

အပျက်အယွင်းတွေကြား ပြန်တည်ဆောက်ထားတဲ့ ရှေးခေတ်နိနေဝေမြို့ရိုး

အပျက်အယွင်းတွေကြား ပြန်တည်ဆောက်ထားတဲ့ ရှေးခေတ်နိနေဝေမြို့ရိုး

မြို့တစ်မြို့ပျက်စီးခြင်း–

အင်အားကြီးမားနေတာ ရာစုနှစ်အတော်ကြာပြီဖြစ်တဲ့ မြို့ကြီးတစ်မြို့ဟာ မကြာခင် ကျဆုံးသွားတော့မယ်လို့ ကြိုဟောတာက တော်တော့်ကို ထူးခြားတယ်မဟုတ်လား။ ဘုရားသခင်က လူသားကိုယ်စားလှယ်ကို စေလွှတ်ပြီး အင်အားကြီးမားတဲ့နိနေဝေမြို့ကြီး ပျက်စီးလိမ့်မယ်လို့ ကြိုဟောခဲ့တယ်။ (ဇေဖနိ ၂:၁၃-၁၅) သမိုင်းမှတ်တမ်းတွေကနေ ဘာသိရပါသလဲ။ အဲဒီကြိုဟောချက်ဖော်ပြပြီး ၁၅ နှစ်လောက်ကြာတော့ ဗာဗုလုန်နဲ့ မေဒိလူမျိုးတွေဟာ နိနေဝေမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒါဟာ ဘီစီ ၇ ရာစုမှာ ဖြစ်ခဲ့တယ်။ အဲဒီအပြင် ဘုရားသခင်က နိနေဝေမြို့ဟာ “လူဆိတ်ညံရာအရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်ရာအရပ်” ဖြစ်လိမ့်မယ်လို့ တိတိကျကျ ကြိုပြောခဲ့တယ်။ ဒီကြိုဟောချက်ရော ပြည့်စုံခဲ့ပါသလား။ ပြည့်စုံခဲ့ပါတယ်။ တချို့က မိုင်ပေါင်း ၂၀၀ လောက်ကျယ်ဝန်းတဲ့ နိနေဝေမြို့နဲ့ အနီးတစ်ဝိုက်နယ်မြေကို သိမ်းပိုက်ခဲ့သူတွေ ဆက်အသုံးပြုမယ်လို့ ယူဆကြပေမဲ့ အဲဒီမြို့ဟာ လုံးလုံးဖျက်ဆီးခံလိုက်ရတယ်။ ဘယ်နိုင်ငံရေးပညာရှင်က အဲဒီလောက်အထိ တိတိကျကျ ကြိုဟောနိုင်ပါသလဲ။

လူသေအရိုးတွေကို မီးရှို့လိမ့်မယ်–

လူသေအရိုးတွေကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့မယ့်လူရဲ့နာမည်၊ သူ့ရဲ့မျိုးရိုးနဲ့ ယဇ်ပလ္လင်ရှိတဲ့မြို့နာမည်ကို နှစ်ပေါင်း ၃၀၀ လောက်ကြိုပြီး ဘယ်သူဟောနိုင်မှာလဲ။ အဲဒီလို ထူးခြားတဲ့ကြိုဟောချက် ပြည့်စုံလာမယ်ဆိုရင် ကြိုဟောတဲ့သူဟာ တော်တော့်ကို နာမည်ကြီးသွားပါလိမ့်မယ်။ “ဒါဝိဒ်မင်းမျိုး၌ ယောရှိအမည်ရှိသောသူကို ဖွားမြင်လိမ့်” မယ်၊ သူဟာ ဗေသလမြို့ရဲ့ ယဇ်ပလ္လင်ပေါ်မှာ “လူသေအရိုးတို့ကို မီးရှို့လိမ့်” မယ်လို့ ဘုရားသခင့်ကိုယ်စားလှယ်တစ်ယောက် ကြိုဟောခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၃:၁၊ ၂) ယောရှိဆိုတဲ့နာမည်ဟာ ကျမ်းစာထဲမှာ တွေ့နေကျနာမည်မဟုတ်ဘူး။ ဒါပေမဲ့ နှစ်ပေါင်း ၃၀၀ လောက်ကြာပြီးတဲ့နောက် ဒါဝိဒ်မင်းရဲ့မျိုးနွယ်ကနေ ယောရှိ ပေါ်ထွက်လာတယ်။ ကြိုဟောထားတဲ့အတိုင်းပဲ ယောရှိဟာ ဗေသလမြို့မှာ ‘သင်္ချိုင်းထဲက လူသေအရိုးတို့ကိုထုတ်ပြီး ယဇ်ပလ္လင်ပေါ်မှာမီးရှို့’ ခဲ့တယ်။ (၄ ဓမ္မရာဇဝင် ၂၃:၁၄-၁၆) လူထက်တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကူအညီမပါဘဲ ဘယ်သူက အဲဒီလို တိတိကျကျ ကြိုဟောနိုင်မှာလဲ။

ဟေရှာယ ကြိုပြောထားသလို ပွင့်နေတဲ့ ဂိတ်တံခါးကနေ ဗာဗုလုန်မြို့ထဲဝင်သွားတဲ့ ကုရုရဲ့စစ်တပ်

ဗာဗုလုန်မြို့ ကျဆုံးခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင့် လူသားကိုယ်စားလှယ်တွေက အံ့ဩစရာကောင်းလောက်အောင် တိတိကျကျ ကြိုဟောခဲ့

အင်ပါယာတစ်ခုရဲ့ ကျဆုံးခန်း–

ကမ္ဘာ့အင်အားကြီးအင်ပါယာတစ်ခုကို သိမ်းပိုက်မယ့် လူရဲ့နာမည်နဲ့ သူအသုံးပြုမယ့်နည်းကိုပါ အဲဒီလူမမွေးခင် နှစ်ပေါင်းအများကြီးကြိုပြီး ဟောနိုင်မယ်ဆိုရင် တော်တော့်ကို အံ့သြဖို့ကောင်းပါလိမ့်မယ်။ ကုရုဆိုတဲ့သူဟာ ဗာဗုလုန်မြို့ကို တိုက်ခိုက်အနိုင်ယူလိမ့်မယ်၊ ဂျူးလူမျိုးကို ကျွန်ဘဝကနေ လွတ်မြောက်စေပြီး သူတို့ရဲ့ ဗိမာန်တော် ပြန်လည်တည်ဆောက်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ ဘုရားသခင် ကြိုဟောခဲ့ပါတယ်။ အဲဒီအပြင် ကုရုဟာ ဗာဗုလုန်မြို့ကို တိုက်ခိုက်တဲ့အခါ မြစ်ရေကို ခန်းခြောက်စေမယ်။ မြို့ရဲ့ဂိတ်တံခါးတွေကလည်း ပွင့်နေမှာဖြစ်တဲ့အတွက် သူသိမ်းပိုက်ရ လွယ်ကူလိမ့်မယ်လို့လည်း ကြိုဟောခဲ့တယ်။ (ဟေရှာယ ၄၄:၂၇-၄၅:၂) ဘုရားသခင်ရဲ့ အသေးစိတ်ကြိုဟောချက်အတိုင်း အတိအကျ ဖြစ်ခဲ့သလား။ ကုရုဟာ ဗာဗုလုန်မြို့ကို အောင်နိုင်ခဲ့ပြီး ဗာဗုလုန်အင်ပါယာကို ကျဆုံးစေခဲ့တယ်ဆိုတာ သမိုင်းပညာရှင်တွေ သဘောတူကြတယ်။ သူဟာ အံ့ဩစရာကောင်းတဲ့ အင်ဂျင်နီယာ နည်းပညာကိုသုံးပြီး မြစ်ရေကို ဗာဗုလုန်ရဲ့ရေလမ်းကြောင်းတစ်ခုဆီ လွှဲလိုက်လို့ မြစ်ရေခန်းခြောက်သွားတယ်။ အဲဒီအပြင် သူ့ရဲ့စစ်သားတွေဟာ ပွင့်နေတဲ့ဂိတ်တံခါးတွေကနေ မြို့ထဲကို ဝင်သွားကြတယ်။ ကုရုဟာ နောက်ပိုင်းမှာ ဂျူးတွေကို လွှတ်ပေးလိုက်ပြီး ဂျေရုဆလင်မြို့က သူတို့ရဲ့ဗိမာန်တော်ကို ပြန်ဆောက်စေခဲ့တယ်။ ဂျူးတွေရဲ့ဘုရားကို မကိုးကွယ်တဲ့ ဘုရင်ကုရု အဲဒီလိုလုပ်တာဟာ တကယ့်ကို ထူးခြားပါတယ်။ (ဧဇရ ၁:၁-၃) အသေးစိတ်ကျတဲ့ ဒီလိုသမိုင်းဝင်ဖြစ်ရပ်တွေကို ဘုရားသခင်ကလွဲလို့ ဘယ်လူသားက ကြိုဟောနိုင်မှာလဲ။

ဘုရားသခင့်ကြိုဟောချက်တွေဟာ အမှန်တကယ်ဖြစ်လာတယ်ဆိုတာ အဲဒီအဖြစ်အပျက်သုံးခုကနေ သိနိုင်ပါတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်တွေ အများကြီး ရှိပါသေးတယ်။ ဂျူးတွေရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ယောရှုက သူ့ပရိသတ် ကောင်းကောင်းသိထားတဲ့ အချက်တစ်ချက်ကို အခုလိုပြန်ပြောပြတယ်– “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။” (ယောရှု ၂၃:၁၊ ၂၊ ၁၄) ဘုရားသခင့်ကြိုဟောချက်တွေ၊ ကတိတော်တွေဟာ အတိအကျ ပြည့်စုံလာခဲ့တယ်ဆိုတာ ယောရှုရဲ့လူတွေ မငြင်းနိုင်ပါဘူး။ တိတိကျကျပြည့်စုံလာအောင် ဘုရားကြိုဟောနိုင်တဲ့အချက်က လူတွေရဲ့ကြိုဟောချက်နဲ့ လုံးဝမတူလို့ဖြစ်တယ်။ အဲဒီမတူတဲ့အချက်ကို သင်လည်း သိထားဖို့အရေးကြီးတယ်။ မကြာခင် ဖြစ်လာတော့မယ့် ဘုရားသခင်ရဲ့ ထူးခြားတဲ့ကြိုဟောချက်တွေဟာ သင်နဲ့လည်း သက်ဆိုင်နေလို့ပါပဲ။

ဘုရားသခင့်ကြိုဟောချက်နဲ့ လူတွေရဲ့ကြိုဟောချက် ခြားနားပုံ

လူတွေက သိပ္ပံတွေ့ရှိချက်တွေ၊ ရရှိနိုင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဒါမှမဟုတ် အကြားအမြင်ရတယ်ဆိုပြီး ကြိုဟောတတ်ကြတယ်။ ကြိုဟောပြီးနောက် သူတို့ဟောတာတွေ ဖြစ်လာမလာဆိုတာကို စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။—သုတ္တံ ၂၇:၁။

ဘုရားသခင်ကတော့ လူတွေနဲ့ လုံး၀မတူပါဘူး။ ကိုယ်တော်ဟာ အချက်အလက် အားလုံးကိုသိတယ်။ လူတွေရဲ့ သဘောသဘာဝ၊ စိတ်နေစိတ်ထားတွေကိုလည်း ကောင်းကောင်းသိတယ်။ ကိုယ်တော် သိချင်တယ်ဆိုရင် လူတစ်ယောက်စီက၊ လူမျိုးတစ်မျိုးလုံးက ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ကြိုသိနိုင်တယ်။ ဒါထက်မကသေးပါဘူး။ ဘုရားသခင်က ကြိုပြောထားတဲ့အတိုင်း ဖြစ်လာဖို့ အခြေအနေတွေကို ထိန်းချုပ်နိုင်၊ ပြောင်းလဲနိုင်တယ်။ ဒါကြောင့် “ငါ၏နှုတ်ကပါဌ်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်” လို့ ကိုယ်တော် ပြောထားတယ်။ (ဟေရှာယ ၅၅:၁၁) တစ်ခါတလေ ဘုရားသခင်ရဲ့ ကြိုဟောချက်ဆိုတာ အနာဂတ်မှာ လုပ်ဆောင်မယ့်အရာတွေကို ကြိုပြောနေတာတွေ ဖြစ်တယ်။ ကြိုဟောတဲ့အတိုင်းဖြစ်လာဖို့ နောက်ကွယ်ကနေ ကိုယ်တော် လုပ်ဆောင်နေပါတယ်။

သင့်အနာဂတ်

သင်ကိုယ်တိုင်နဲ့ ချစ်ရသူတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ချရတဲ့ကြိုဟောချက် ရှိပါသလား။ မကြာခင် မုန်တိုင်းဝင်လာတော့မယ်လို့ သင်သိထားမယ်ဆိုရင် အသက်အန္တရာယ်မကြုံရအောင် ပြင်ဆင်စရာရှိတာကို ပြင်ဆင်မယ်မဟုတ်လား။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်တွေအတွက်လည်း သင် ပြင်ဆင်ထားနိုင်ပါတယ်။ ကမ္ဘာတစ်ခုလုံးကို အကြီးအကျယ်ပြောင်းလဲပစ်တော့မယ်လို့ ဘုရားသခင် ကြေညာထားပါတယ်။ (“အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့် ကြိုဟောချက်များ” ဆိုတဲ့လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါပေမဲ့ ဘုရားကြိုဟောထားတာက လူတွေကြိုဟောထားတာတွေနဲ့ မတူပါဘူး။

ပုံပြင်တစ်ပုဒ်ကို သင်ဖတ်တဲ့အခါ နောက်ဆုံးဘာဖြစ်မလဲဆိုတာကို ကျော်ပြီး ဖတ်လို့ရတယ်။ အဲဒီလိုပဲ လူသားတွေရဲ့ အနာဂတ် ဘာဖြစ်လာမလဲဆိုတာ ကျမ်းစာကြိုဟောချက်တွေကနေ သိနိုင်ပါတယ်။ “အဦးမှစ၍ အဆုံးတိုင်အောင်” ဖြစ်ပျက်မယ့် အမှုအရာတွေကို ဖော်ပြတဲ့ ဘုရားသခင်က “ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” လို့ ကြေညာထားတယ်။ (ဟေရှာယ ၄၆:၁၀) သင်နဲ့ သင့်မိသားစုအတွက် တကယ့်ကို ကောင်းမွန်တဲ့အနာဂတ် ရှိပါတယ်။ အနာဂတ်အကြောင်း ကျမ်းစာကြိုဟောချက်တွေကို သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေကို မေးကြည့်ပါ။ ယေဟောဝါသက်သေတွေက အကြားအမြင်ရသူတွေတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့အာရုံရသူတွေ၊ အနာဂတ်ကို ကြိုဟောနိုင်စွမ်းရှိသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ကျမ်းစာကို စေ့စေ့စပ်စပ် လေ့လာသူတွေ ဖြစ်လို့ အနာဂတ်မှာ သင့်အတွက် ဘုရားစီစဉ်ထားတဲ့အရာတွေကို ကျမ်းစာထဲကနေ ဖော်ပြပေးနိုင်ပါတယ်။

ကျမ်းစာကြိုဟောချက်တွေကို လေ့လာတဲ့အခါ ဘုရားသခင့်ပင်ကိုယ်အရည်အသွေးနဲ့ ပတ်သက်ပြီး စိတ်၀င်စားစရာကောင်းတဲ့ အချက်တစ်ချက်ကို သိရပါတယ်။ ကိုယ်တော် ဘာအလိုရှိတယ်ဆိုတာ ကျွန်ုပ်တို့ကို ဖော်ပြလေ့ရှိတဲ့အတွက် လူတွေကို စိတ်မဝင်စားတဲ့၊ ဂရုမစိုက်တဲ့ ဘုရားမဟုတ်ဘူးဆိုတာ သိရတယ်။ ကျွန်ုပ်တို့ကို ကိုယ်တော်စိတ်ဝင်စားပြီး ကောင်းမွန်တဲ့အနာဂတ်ကိုလည်း ရရှိစေချင်တယ်။

အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့် ကြိုဟောချက်များ

ကောင်းကင်က လက်နှစ်ဖက်ဟာ နာခံမှုရှိတဲ့သူတွေကို ပိုကောင်းတဲ့အနာဂတ် ပိုင်ဆိုင်နိုင်အောင် လမ်းညွှန်ပေးနေ
  • ကမ္ဘာပျက်တော့မယ်လို့ လူတွေကြိုဟောတတ်ကြတယ်။ ဘုရားသခင်ကတော့ ကမ္ဘာမြေကြီးဟာ ဘယ်တော့မှ ပျက်စီးသွားမှာမဟုတ်ဘူးလို့ ကြိုဟောထားပါတယ်။—ဆာလံ ၁၀၄:၅; ဒေသနာ ၁:၄။

  • ကမ္ဘာကြီးကို လူတွေဖျက်ဆီးနေချိန်မှာ သူတို့ကို ဘုရားသခင် အရေးယူပြီး သူတို့လုပ်ရပ်ကို ရပ်တန့်ပစ်ပါလိမ့်မယ်။—ဆာလံ ၉၂:၇; ဗျာဒိတ် ၁၁:၁၈။

  • ဘာသာတရားအများစုက ဘုရားကို ရှုတ်ချစော်ကားနေပြီး ကျမ်းစာကို လျစ်လျူရှုနေကြတယ်ဆိုတာ ကိုယ်တော် သိတယ်။ သူတို့ကို ကိုယ်တော် ဖျက်ဆီးပစ်ပါလိမ့်မယ်။—ဗျာဒိတ် ၁၈:၄-၉။

  • ဆိုးသွမ်းတဲ့သူ၊ နာခံမှုမရှိတဲ့သူအားလုံးဟာ လူလူချင်း ကြောင့် ဒါမှမဟုတ် သဘာဝဘေးဒဏ်တွေကြောင့် ပျက်စီးသွားမှာမဟုတ်ဘူး။ ဘုရားသခင် တည်ထောင်ထားပြီး ကောင်းကင်မှာတည်ရှိနေတဲ့ အစိုးရက သူတို့ကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ “မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၃၈; ဒံယေလ ၂:၄၄၊ ၄၅။

  • ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှု ရရှိသူတွေဟာ ကိုယ်တော်ရဲ့ ကာကွယ်ပေးမှုကို ခံရမှာဖြစ်ပြီး ဧဒင်ဥယျာဉ်လိုမျိုး လှပတဲ့ကမ္ဘာမြေကြီးမှာ ထာဝစဉ်နေထိုင်သွားကြပါလိမ့်မယ်။ “စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၃၇; ဗျာဒိတ် ၂၁:၃၊ ၄။

  • ဘုရားသခင့် နှစ်သက်လက်ခံမှု ရရှိနိုင်ပုံနဲ့ “ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်” နိုင်ပုံကို သမ္မာကျမ်းစာထဲမှာ ဖော်ပြပေးထားပါတယ်။—လုကာ ၂၁:၃၆; ယောဟန် ၁၇:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ