ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇန်နဝါရီ စာ. ၁၂-၁၆
  • ကြည်နူးစရာ စည်းလုံးမှုနဲ့ အောက်မေ့ရာပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြည်နူးစရာ စည်းလုံးမှုနဲ့ အောက်မေ့ရာပွဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တက်ရောက်ပြီး အကျိုးခံစားရဖို့ ပြင်ဆင်နိုင်ပုံ
  • အောက်မေ့ရာပွဲက ကျွန်တော်တို့ကို စည်းလုံးစေ
  • တစ်ဦးချင်းအနေနဲ့ စည်းလုံးမှု တိုးပွားစေနိုင်ပုံ
  • နောက်ဆုံးအောက်မေ့ရာပွဲ ဘယ်တော့လဲ
  • အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ဤသို့ပြုလျက်နေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇန်နဝါရီ စာ. ၁၂-၁၆
နိုင်ငံအသီးသီးကလူများ အောက်မေ့ရာပွဲ တက်ရောက်နေကြ

ကြည်နူးစရာ စည်းလုံးမှုနဲ့ အောက်မေ့ရာပွဲ

“စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ။”—ဆာ. ၁၃၃:၁။

သီချင်း– ၁၈၊ ၁၄

သင် ဘယ်လို ဖြေမလဲ

  • အောက်မေ့ရာပွဲက တစ်ယောက်ချင်းကို ဘယ်လို အကျိုးပြုသလဲ။

  • အောက်မေ့ရာပွဲက ဘုရားသခင့်လူမျိုးကို ဘယ်လို စည်းလုံးစေသလဲ။

  • အောက်မေ့ရာပွဲက စည်းလုံးမှု ဘယ်လို တိုးပွားစေသလဲ။

၁၊ ၂။ ၂၀၁၈ ခုနှစ်မှာ စည်းလုံးမှု အရှိဆုံးပွဲက ဘာပွဲလဲ။ ဘာကြောင့်လဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၂၀၁၈၊ မတ် ၃၁၊ နေဝင်တာနဲ့ ဘုရားသခင့်လူမျိုးတွေနဲ့ စိတ်ဝင်စားသူတွေဟာ နှစ်စဉ် ကျင်းပတဲ့ သခင့်ညစာစားပွဲ တက်ရောက်ဖို့ စုရုံးကြပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှာ သန်းနဲ့ချီတဲ့လူတွေဟာ ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲ ကျင်းပဖို့ စုဝေးကြပါမယ်။ နှစ်တိုင်း ကမ္ဘာမြေပေါ် ကျင်းပသမျှပွဲထဲမှာ ဒီပွဲဟာ စည်းလုံးမှုအရှိဆုံးပွဲ တစ်ခုပါပဲ။

၂ ကမ္ဘာတစ်ဝန်းလုံးမှာ သန်းနဲ့ချီတဲ့လူတွေ တစ်နေ့တာ ကုန်ဆုံးသွားတဲ့အထိ တစ်နာရီပြီးတစ်နာရီ ဒီအထူးပွဲတော်ကို ကျင်းပနေတဲ့အခါ ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ပျော်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ “မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေ” ဖြစ်ပြီး “ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်းရတာ” ဆိုပြီး ကြွေးကြော်ကြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဗျာ. ၇:၉၊ ၁၀) အောက်မေ့ရာပွဲကို နှစ်စဉ် ကျင်းပခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို ဂုဏ်တင်တာဟာ ထူးမြတ်လှပါတယ်။

၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဖြေဆိုပေးမလဲ။

၃ ဒီဆောင်းပါးမှာ မေးခွန်းတချို့ကို အဖြေပေးသွားပါမယ်။ (၁) အောက်မေ့ရာပွဲ တက်ရောက်ပြီး အကျိုးခံစားရဖို့ တစ်ယောက်ချင်းစီအနေနဲ့ ဘယ်လို ပြင်ဆင်နိုင်သလဲ။ (၂) အောက်မေ့ရာပွဲက ဘုရားသခင့်လူမျိုးကို ဘယ်လိုနည်းတွေနဲ့ စည်းလုံးစေသလဲ။ (၃) ကျွန်တော်တို့ကော စည်းလုံးမှုမှာ ဘယ်လို ပါဝင်အားဖြည့်နိုင်သလဲ။ (၄) နောက်ဆုံး အောက်မေ့ရာပွဲ ရှိမလား၊ ဘယ်တော့လဲ။

တက်ရောက်ပြီး အကျိုးခံစားရဖို့ ပြင်ဆင်နိုင်ပုံ

၄။ ဖြစ်နိုင်မယ်ဆိုရင် အောက်မေ့ရာပွဲမှာ ရှိနေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၄ အောက်မေ့ရာပွဲ တက်ရောက်ခြင်းရဲ့ အရေးကြီးမှုကို စဉ်းစားပါ။ အသင်းတော်အစည်းအဝေးတွေဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိရပါ။ တစ်နှစ်တာရဲ့ အရေးကြီးဆုံး ပွဲတော်ကို တက်ရောက်ဖို့ ကြိုးစားအားထုတ်သူတွေကို ယေဟောဝါနဲ့ ယေရှု သတိပြုကြည့်နေတာ သေချာပါတယ်။ ပွင့်ပွင့်လင်းလင်းဆိုရရင် လုံးဝ မဖြစ်နိုင်တဲ့အခြေအနေကလွဲလို့ အောက်မေ့ရာပွဲမှာ ကျွန်တော်တို့ ရှိနေတာ ယေဟောဝါနဲ့ ယေရှုကို မြင်စေချင်ကြပါတယ်။ ဝတ်ပြုအစည်းအဝေးတွေဟာ အရေးကြီးကြောင်း လုပ်ရပ်နဲ့ ဖော်ပြတဲ့အခါ ထာဝရအသက်ရမယ့်သူတွေရဲ့ နာမည်တွေပါတဲ့ “အသက်စာစောင်၊” “အောက်မေ့ရာစာစောင်” မှာ ယေဟောဝါကို ကျွန်တော်တို့နာမည် ထည့်သွင်းစေတာဖြစ်တယ်။—မာလ. ၃:၁၆။ ဗျာ. ၂၀:၁၅။

၅။ အောက်မေ့ရာပွဲ မတိုင်ခင်မှာ ‘ယုံကြည်ခြင်း ခိုင်မြဲနေမနေ ဆန်းစစ်’ ဖို့ ဘာလုပ်နိုင်သလဲ။

၅ အောက်မေ့ရာပွဲ နီးလာတဲ့အခါ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို သေသေချာချာ ဆုတောင်းဆန်းစစ်ဖို့ အချိန်ဖယ်ထားနိုင်ပါတယ်။ (၂ ကောရိန္သု ၁၃:၅ ကိုဖတ်ပါ။) ဘယ်လို လုပ်နိုင်မလဲ။ ‘ယုံကြည်ခြင်း ခိုင်မြဲနေမနေ ဆန်းစစ်’ ခြင်းအားဖြင့်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါရဲ့ အလိုတော် ပြီးမြောက်စေဖို့ ရွေးချယ်ထားတဲ့ တစ်ခုတည်းသောအဖွဲ့အစည်းထဲမှာ ငါပါနေတယ်လို့ တကယ် ယုံကြည်သလား။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ခြင်းမှာ အတတ်နိုင်ဆုံး ပါဝင်နေရဲ့လား။ အခုအချိန်ဟာ နောက်ဆုံးကာလဖြစ်ကြောင်း၊ စာတန့်အုပ်ချုပ်မှု အဆုံးတိုင်တော့မှာဖြစ်ကြောင်း တကယ်ယုံကြည်မှန်း ငါ့လုပ်ရပ်တွေနဲ့ ပြသလား။ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံခဲ့တဲ့အချိန်တုန်းကလိုပဲ အခုလည်း ယေဟောဝါနဲ့ ယေရှုကို ယုံကြည်စိတ်ချနေဆဲလား။’ (မ. ၂၄:၁၄။ ၂ တိ. ၃:၁။ ဟီ. ၃:၁၄) အဲဒီအဖြေတွေကို စဉ်းစားတွေးတောခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လို လူစားမျိုးဖြစ်မှန်း သိစေပါမယ်။

၆။ (က) တစ်ခုတည်းသော အသက်လမ်းက ဘာလဲ။ (ခ) အောက်မေ့ရာပွဲအတွက် အကြီးအကဲတစ်ယောက် နှစ်စဉ် ဘယ်လို ပြင်ဆင်သလဲ။ သင်လည်း ဘယ်လို လုပ်နိုင်သလဲ။

၆ အောက်မေ့ရာပွဲရဲ့ အရေးကြီးမှုအကြောင်း ဆွေးနွေးထားတဲ့ ကျမ်းစာအခြေခံအကြောင်းအရာတွေကို ဖတ်ရှုဆင်ခြင်ပါ။ (ယောဟန် ၃:၁၆။ ၁၇:၃ ကိုဖတ်ပါ။) ထာဝရအသက် ရစေတဲ့ တစ်ခုတည်းသောလမ်းက ယေဟောဝါကို “သိကျွမ်း” ခြင်း၊ တစ်ဦးတည်းသောသား ယေရှုကို “သက်ဝင်ယုံကြည်” ခြင်းပါပဲ။ အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာမှာ ယေဟောဝါ၊ ယေရှုနဲ့ ပိုရင်းနှီးစေမယ့်အချက်တချို့ကို လေ့လာပါ။ ဝါရင့်အကြီးအကဲတစ်ယောက် လုပ်တာကို သုံးသပ်ကြည့်ပါ။ နှစ်တွေတစ်လျှောက် အောက်မေ့ရာပွဲအကြောင်း၊ ကျွန်တော်တို့အပေါ် ယေဟောဝါနဲ့ ယေရှု ပြတဲ့မေတ္တာအကြောင်း ဆွေးနွေးထားတဲ့ ကင်းမျှော်စင်ဆောင်းပါးတွေကို စုဆောင်းထားတယ်။ အောက်မေ့ရာပွဲ မတိုင်ခင် သီတင်းပတ်တွေမှာ ဒီဆောင်းပါးတွေကို ပြန်ဖတ်ပြီး ဒီပွဲရဲ့ အရေးကြီးမှုကို တွေးတောဆင်ခြင်တယ်။ ဒီအကြောင်းဆောင်းပါးတွေကို ထပ်စုဆောင်းတယ်။ ဒီဆောင်းပါးတွေကို ပြန်ဖတ်ခြင်း၊ အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းကနေ နှစ်တိုင်း အချက်အလက်သစ်တွေ ထပ်သိလာတယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့မေတ္တာ နှစ်တိုင်း တိုးတိုးလာတယ်။ ဒီလေ့လာနည်းက ယေဟောဝါနဲ့ ယေရှုကို ချစ်ခင်လေးမြတ်မှု တိုးများစေပြီး အောက်မေ့ရာပွဲကနေ အကျိုးအပြည့်အဝ ခံစားရစေပါမယ်။

အောက်မေ့ရာပွဲက ကျွန်တော်တို့ကို စည်းလုံးစေ

၇။ (က) ပထမဆုံး သခင့်ညစာစားပွဲမှာ ယေရှု ဘာဆုတောင်းခဲ့သလဲ။ (ခ) ယေရှုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားမှန်း ဘာက ဖော်ပြသလဲ။

၇ နောက်လိုက်တွေ တစ်စည်းတစ်လုံးတည်းဖြစ်ဖို့၊ ယေရှုနဲ့ ခမည်းတော် တန်ဖိုးထားတဲ့ စည်းလုံးမှုမျိုး ရှိကြဖို့ ပထမဆုံး သခင့်ညစာစားပွဲမှာ ယေရှု ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၂၀၊ ၂၁ ကိုဖတ်ပါ။) ချစ်မြတ်နိုးတဲ့သားတော်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ တကယ်အဖြေပေးခဲ့တယ်။ အခု သန်းနဲ့ချီတဲ့လူတွေဟာ သားတော်ကို ယေဟောဝါ စေလွှတ်ကြောင်း ယုံကြည်ကြတယ်။ ဘုရားသခင့်လူမျိုးရဲ့ တခြားအစည်းအဝေးနဲ့ မတူဘဲ အောက်မေ့ရာပွဲက ယေဟောဝါသက်သေတွေရဲ့ စည်းလုံးမှုကို ရှင်းရှင်းလင်းလင်း သက်သေထူတယ်။ လူမျိုးပေါင်းစုံ၊ အသားအရောင်မျိုးစုံရှိတဲ့လူတွေဟာ ကမ္ဘာတစ်ဝန်းက အစည်းအဝေး ကျင်းပရာနေရာတွေမှာ စုဝေးကြတယ်။ တချို့ဒေသရဲ့ ဘာသာရေးအစည်းအဝေးတွေမှာ လူမျိုးကွဲတွေ စုဝေးတာကို မကြားဖူးကြသလို အထင်သေးကြတယ်။ ဒါပေမဲ့ ဒီစည်းလုံးမှုက ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မှာ တင့်တယ်လှပပါတယ်။

၈။ စည်းလုံးမှုနဲ့ပတ်သက်ပြီး ယေဇကျေလကို ယေဟောဝါ ဘယ်စိတ်အာရုံ ပေးခဲ့သလဲ။

၈ ယေဟောဝါရဲ့ လူတွေအနေနဲ့ ကျွန်တော်တို့ မွေ့လျော်နေတဲ့ စည်းလုံးမှုကို မအံ့ဩကြပါဘူး။ ယေဟောဝါ ကြိုပြောပြီးသားပဲ။ “ယုဒ” နဲ့ “ယောသပ်” ဆိုတဲ့ တုတ်နှစ်ချောင်း ပူးကိုင်ထားခြင်းနဲ့ပတ်သက်ပြီး ပရောဖက် ယေဇကျေလကို ပေးခဲ့တဲ့ စိတ်အာရုံအကြောင်း သုံးသပ်ကြည့်ပါ။ (ယေဇကျေလ ၃၇:၁၅-၁၇ ကိုဖတ်ပါ။) ၂၀၁၆၊ ဇူလိုင်လထုတ် ကင်းမျှော်စင်၊ “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ ဒီလို ရှင်းပြထားတယ်– “အစ္စရေးလူမျိုးဟာ ကတိထားရာပြည်ကို ပြန်လာပြီး လူမျိုးတစ်မျိုးအဖြစ် ပြန်ပေါင်းစည်းကြမယ်လို့ ယေဇကျေလအားဖြင့် ယေဟောဝါ ကြိုဟောခဲ့တယ်။ နောက်ဆုံးကာလမှာ ဘုရားကို ဝတ်ပြုသူတွေဟာ လူမျိုးတစ်မျိုးအဖြစ် ပေါင်းစည်းကြမယ်ဆိုတာကိုလည်း ဒီပရောဖက်ပြုချက်က ဖော်ပြတယ်။”

၉။ နှစ်စဉ် အောက်မေ့ရာပွဲမှာ ယေဇကျေလ ပရောဖက်ပြုချက် ပြည့်စုံကြောင်း ဘယ်လို ထင်ရှားသလဲ။

၉ ၁၉၁၉ ခုနှစ်ကစပြီး “ယုဒ” တုတ်ချောင်းနဲ့ တင်စားတဲ့ ဘိသိက်ခံတွေကို ယေဟောဝါ တဖြည်းဖြည်း ပြန်လည်စုစည်းခဲ့တယ်။ အဲဒီနောက် “ယောသပ်” တုတ်ချောင်းနဲ့ တင်စားတဲ့ မြေကြီးဆိုင်ရာ မျှော်လင့်ချက် ရှိသူတွေဟာ ဘိသိက်ခံတွေနဲ့ ပူးပေါင်းလာပြီး အုပ်စုနှစ်စုဟာ “သိုးအုပ်တစ်အုပ်တည်း” ဖြစ်လာတယ်။ (ယော. ၁၀:၁၆။ ဇာ. ၈:၂၃) ဒီတုတ်နှစ်ချောင်းကို လက်ထဲမှာ ပူးကိုင်ပြီး တစ်ချောင်းတည်း ဖြစ်စေမယ်လို့ ယေဟောဝါ ကတိပေးခဲ့တယ်။ (ယေဇ. ၃၇:၁၉) အခု အုပ်စုနှစ်စုလုံးဟာ ဘုရားသခင့် “ကျွန်ဒါဝိဒ်” လို့ ပရောဖက်ပြုခေါ်ဆိုထားတဲ့ ဘုန်းတန်ခိုးပြည့်ဝတဲ့ဘုရင် ယေရှုခရစ်လက်အောက်မှာ စည်းစည်းလုံးလုံး အမှုဆောင်နေကြတယ်။ (ယေဇ. ၃၇:၂၄၊ ၂၅) ယေဇကျေလကျမ်းမှာ ဖော်ပြထားတဲ့ အဖိုးတန်စည်းလုံးမှုဟာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပဖို့ ဘိသိက်ခံ အကြွင်းအကျန်တွေနဲ့ “တခြားသိုး” တို့ နှစ်တိုင်း စုရုံးတဲ့အခါ အထူးသိသာထင်ရှားပါတယ်။ အဲဒီစည်းလုံးမှုကို ကျွန်တော်တို့ ဘယ်လို ထိန်းသိမ်းတိုးပွားစေနိုင်သလဲ။

တစ်ဦးချင်းအနေနဲ့ စည်းလုံးမှု တိုးပွားစေနိုင်ပုံ

၁၀။ ဘုရားသခင့်လူမျိုးအလယ်မှာ စည်းလုံးမှုကို ဘယ်လို တိုးပွားစေနိုင်သလဲ။

၁၀ ဘုရားသခင့်လူတွေရဲ့ စည်းလုံးမှုကို တိုးပွားစေနိုင်တဲ့နည်းတစ်နည်းကတော့ နှိမ့်ချမှု ပျိုးထောင်ခြင်းပါပဲ။ ယေရှု ကမ္ဘာပေါ် ရှိခဲ့စဉ်က နှိမ့်ချကြဖို့ တပည့်တွေကို သတိပေးခဲ့တယ်။ (မ. ၂၃:၁၂) နှိမ့်ချတဲ့သဘောရှိရင် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ခြင်းဆိုတဲ့ လောကစိတ်ဓာတ်ကို တင်ပြကြမှာ မဟုတ်ဘူး။ နှိမ့်ချမှုက ဦးဆောင်သူတွေကို လက်အောက်ခံဖို့ ကူညီပေးမယ်။ ဒီလိုနာခံတတ်တဲ့စိတ်ဓာတ်ဟာ အသင်းတော်စည်းလုံးမှုအတွက် အရေးပါတယ်။ အရေးကြီးဆုံးကတော့ နှိမ့်ချမှုက ဘုရားသခင့်နှစ်သက်မှု ရရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ “ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်ပြီး စိတ်နှိမ့်ချသူတွေကို မဟာကရုဏာ ပေးသနားလို့ပဲ။”—၁ ပေ. ၅:၅။

၁၁။ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားခြင်းက စည်းလုံးမှု ဘယ်လို တိုးပွားစေသလဲ။

၁၁ စည်းလုံးမှု တိုးပွားစေနိုင်တဲ့ ဒုတိယနည်းကတော့ အောက်မေ့ရာပွဲမှာသုံးတဲ့ မုန့်နဲ့ ဝိုင်ရဲ့ အဓိပ္ပာယ်ကို ဂရုတစိုက် ဆင်ခြင်ခြင်းအားဖြင့်ပါပဲ။ အဲဒီအထူးည မတိုင်ခင်၊ အထူးသဖြင့် အဲဒီညမှာ တဆေးမဲ့မုန့်နဲ့ ဝိုင်နီရဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် စဉ်းစားရမယ်။ (၁ ကော. ၁၁:၂၃-၂၅) မုန့်က ပူဇော်သက္ကာအဖြစ် ပေးခဲ့တဲ့ ယေရှုရဲ့ အပြစ်မဲ့ကိုယ်ကို တင်စားတယ်။ ဝိုင်က ယေရှု သွန်းလောင်းတဲ့သွေးကို တင်စားတယ်။ ဒါပေမဲ့ မုန့်နဲ့ ဝိုင်ရဲ့ အဓိပ္ပာယ်ကို နားလည်ရုံထက်မက လိုတယ်။ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာမှာ အကြီးမြတ်ဆုံး မေတ္တာနှစ်မျိုး ပါဝင်တယ်။ ကျွန်တော်တို့အတွက် သားတော် ပေးပြီး ဖော်ပြတဲ့ ယေဟောဝါရဲ့ မေတ္တာ။ တလိုတလား အသက်ပေးခဲ့တဲ့ ယေရှုရဲ့ မေတ္တာ။ သူတို့ရဲ့ မေတ္တာကို စဉ်းစားဆင်ခြင်ခြင်းက သူတို့ကို ပြန်ချစ်ဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့နဲ့ ဝတ်ပြုကိုးကွယ်သူချင်းတွေ ယေဟောဝါကို ချစ်တဲ့မေတ္တာက ကျွန်တော်တို့ကို စည်းနှောင်ပေးတဲ့ ကြိုးနဲ့တူပြီး စည်းလုံးမှုကို ခိုင်ခံ့စေတယ်။

အောက်မေ့ရာပွဲ မတက်ခင် တခြားညီအစ်ကိုတစ်ယောက်ကို ခွင့်လွှတ်သင့်မှန်း ညီအစ်ကိုတစ်ယောက် သဘောပေါက်

ခွင့်လွှတ်ခြင်းက စည်းလုံးမှု တိုးပွားစေ (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

၁၂။ စာရင်းရှင်းတဲ့ဘုရင် ဥပမာမှာ ယေဟောဝါ ခွင့်လွှတ်စေချင်ကြောင်း ယေရှု ဘယ်လို ရှင်းရှင်းလင်းလင်း ဖော်ပြသလဲ။

၁၂ စည်းလုံးမှု တိုးပွားစေတဲ့ တတိယနည်းက ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်းပဲ။ ကျွန်တော်တို့ကို စိတ်ဆိုးစေတဲ့သူတွေကို ခွင့်လွှတ်တဲ့အခါ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာအားဖြင့် ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတာကို လေးမြတ်ကြောင်း ဖော်ပြတယ်။ မဿဲ ၁၈:၂၃-၃၄ မှာပါတဲ့ ယေရှုရဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ‘ယေရှု သင်ပေးတာကို ကျင့်သုံးဖို့ ငါလှုံ့ဆော်ခံရသလား။ ယုံကြည်သူချင်းတွေအပေါ် စိတ်ရှည်နားလည်ပေးသလား။ ငါ့အပေါ် ပြစ်မှားတဲ့သူတွေကို ခွင့်လွှတ်ဖို့ ငါအသင့်ရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ အပြစ်ဆိုတာ အမျိုးမျိုးရှိတာ မှန်ပါတယ်။ တချို့အပြစ်တွေက မစုံလင်တဲ့သူတွေအတွက် ခွင့်လွှတ်ဖို့ ခက်တယ်။ ဒါပေမဲ့ ဒီဥပမာက ယေဟောဝါ မျှော်လင့်တာကို ဖော်ပြတယ်။ (မဿဲ ၁၈:၃၅ ကိုဖတ်ပါ။) ခွင့်လွှတ်ဖို့ အကြောင်းခိုင်လုံလျက်နဲ့ ညီအစ်ကိုကို ခွင့်မလွှတ်ဘူးဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ခွင့်မလွှတ်ကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ အလေးအနက် စဉ်းစားစရာပါပဲ။ ယေရှု သင်ပေးတဲ့အတိုင်း တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ရဲ့ အဖိုးတန်စည်းလုံးမှုကို ကာကွယ်ထိန်းသိမ်းရာ ရောက်တယ်။

၁၃။ သင့်မြတ်ငြိမ်သက်စေသူဖြစ်ကြောင်း ပြခြင်းက စည်းလုံးမှု ဘယ်လို တိုးပွားစေသလဲ။

၁၃ တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ သင့်မြတ်ငြိမ်သက်အောင် လုပ်ဆောင်သူဖြစ်ကြောင်း ဖော်ပြရာရောက်တယ်။ “အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ” ဆိုတဲ့ တမန်တော်ပေါလုရဲ့ အကြံပေးချက်ကို သတိရပါ။ (ဧ. ၄:၃) ဒီအောက်မေ့ရာပွဲကာလ၊ အထူးသဖြင့် အောက်မေ့ရာပွဲညမှာ တခြားသူတွေကို သင်ဘယ်လိုဆက်ဆံသလဲဆိုတာ အလေးအနက် စဉ်းစားပါ။ ‘အငြိုးမထားတတ်တဲ့သူဖြစ်ကြောင်း ငါသက်သေထူနေသလား။ ငါ့ကို သင့်မြတ်စည်းလုံးမှု တိုးပွားစေတဲ့သူအဖြစ် သိထားကြသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဒါတွေဟာ ဒီနှစ်မှာ အလေးအနက် စဉ်းစားရမယ့် မေးခွန်းတွေ ဖြစ်တယ်။

၁၄။ “အချင်းချင်း မေတ္တာထားပြီး သည်းခံ” ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၄ စည်းလုံးမှု တိုးပွားစေတဲ့ စတုတ္ထနည်းကတော့ ချစ်ခြင်းမေတ္တာဖြစ်တဲ့ ယေဟောဝါကို တုပ၊ မေတ္တာပြခြင်းပါပဲ။ (၁ ယော. ၄:၈) ယုံကြည်သူချင်းတွေနဲ့ပတ်သက်ပြီး “ချစ်လို့ရတယ်။ ဒါပေမဲ့ သဘောကျစရာ မလိုဘူး” လို့ ဘယ်တော့မှ မပြောချင်ကြပါဘူး။ အဲဒီလို စဉ်းစားတာက “အချင်းချင်း မေတ္တာထားပြီး သည်းခံပါ” ဆိုတဲ့ ပေါလုရဲ့ အကြံပြုချက်နဲ့ ဆန့်ကျင်တယ်။ (ဧ. ၄:၂) ‘အချင်းချင်း သည်းခံ’ သင့်တယ်လို့ပဲ မပြောဘူး။ “မေတ္တာထားပြီး သည်းခံပါ” လို့ပြောတယ်။ အဲဒါက မတူဘူး။ အသင်းတော်တွေထဲမှာ ယေဟောဝါ ဆွဲဆောင်ထားတဲ့ လူအမျိုးမျိုး ရှိတယ်။ (ယော. ၆:၄၄) သူတို့ကို ယေဟောဝါ ချစ်လို့ ဆွဲဆောင်ထားတာ။ ဒါဆိုရင် ကိုးကွယ်သူချင်းတစ်ယောက်ကို ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ယေဟောဝါ မိန့်မှာထားတဲ့မေတ္တာမျိုး ပြဖို့ မတွန့်ဆုတ်သင့်ဘူး။—၁ ယော. ၄:၂၀၊ ၂၁။

နောက်ဆုံးအောက်မေ့ရာပွဲ ဘယ်တော့လဲ

၁၅။ နောက်ဆုံး အောက်မေ့ရာပွဲ ရှိမယ်ဆိုတာကို ဘယ်လို သိရသလဲ။

၁၅ တစ်နေ့တော့ အောက်မေ့ရာပွဲကို နောက်ဆုံးအနေနဲ့ ကျင်းပရပါလိမ့်မယ်။ ဘယ်လို သိရသလဲ။ ဘိသိက်ခံ ခရစ်ယာန်တွေဆီ ပေါလုရေးတဲ့ ကောရိန္သု ပထမစာစောင်အရ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို နှစ်စဉ် ကျင်းပခြင်းအားဖြင့် “သခင်အသေခံခဲ့တဲ့ အကြောင်းကို သခင်ရောက်လာချိန်အထိ ကြွေးကြော်နေ” ကြတယ်။ (၁ ကော. ၁၁:၂၆) “ရောက်လာ” ဆိုတဲ့စကားက နောက်ဆုံးကာလအကြောင်း ယေရှုရဲ့ ပရောဖက်ပြုချက်မှာပါတဲ့ “လာ” ဆိုတဲ့စကားနဲ့ အတူတူပဲ။ ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “အဲဒီအခါ လူသားလာပြီဆိုတဲ့ ထူးခြားတဲ့လက္ခဏာတွေ ကောင်းကင်မှာ ထင်ရှားလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံး ရင်ဘတ်ထုပြီး ငိုကြွေးကြလိမ့်မယ်။ လူသားဟာ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို လူတွေမြင်ရကြလိမ့်မယ်။ ခရာသံအကျယ်ကြီး ထွက်ပေါ်လာလိမ့်မယ်။ [ယေရှု] က ကောင်းကင်တမန်တွေကို စေလွှတ်လိမ့်မယ်။ သူတို့က ရွေးချယ်ခံရသူတွေကို ကောင်းကင် ဟိုဘက်စွန်းကနေ ဒီဘက်စွန်းအထိ အရပ်လေးမျက်နှာကနေ စုသိမ်းလိမ့်မယ်။” (မ. ၂၄:၂၉-၃၁) ‘ရွေးချယ်ခံရသူတွေကို စုသိမ်းခြင်း’ ဆိုတာက မြေကြီးပေါ်မှာ ရှိနေသေးတဲ့ ဘိသိက်ခံအားလုံး ကောင်းကင် ဆိုင်ရာဆု ရရှိမယ့်အချိန်ကို ရည်ညွှန်းတယ်။ ကြီးစွာသောဒုက္ခ စတင်ပြီး အာမဂေဒုန်စစ်ပွဲ မတိုင်ခင်မှာ ဖြစ်ပျက်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ၁၄၄,၀၀၀ အားလုံး ယေရှုနဲ့အတူ မြေကြီးဘုရင်တွေကို အနိုင်ယူကြပါလိမ့်မယ်။ (ဗျာ. ၁၇:၁၂-၁၄) ယေရှု ‘ရောက်လာ’ တော့မှာမို့ ကောင်းကင်ကို ဘိသိက်ခံတွေ စုသိမ်းမခံရခင်မှာ နောက်ဆုံးအောက်မေ့ရာပွဲ ကျင်းပပါလိမ့်မယ်။

၁၆။ ဒီနှစ် အောက်မေ့ရာပွဲ တက်ဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။

၁၆ ၂၀၁၈၊ မတ် ၃၁ မှာ ကျင်းပမယ့် အောက်မေ့ရာပွဲကို တက်ရောက်ခြင်းအားဖြင့် အကျိုးရယူဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ယေဟောဝါလူမျိုးရဲ့ စည်းလုံးမှုကို ပါဝင်အားဖြည့်နေဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းကြပါစို့။ (ဆာလံ ၁၃၃:၁ ကိုဖတ်ပါ။) တစ်နေ့ကျရင် အောက်မေ့ရာပွဲကို နောက်ဆုံးအနေနဲ့ ကျင်းပရမယ်ဆိုတာကို သတိရပါ။ လောလောဆယ်တော့ အောက်မေ့ရာပွဲ တက်ရောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမယ်။ အောက်မေ့ရာပွဲမှာ တွေ့ရတဲ့၊ တင့်တယ်တဲ့ စည်းလုံးမှုကို တန်ဖိုးထားကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ