သတင်းကောင်းဝေငှခြင်း—အလွတ်သဘောသက်သေခံခြင်းဖြင့်
၁ “ပညာသည်ပြင်မှာကြွေးကြော်၍ လမ်းခရီးတို့၌ မိမိစကားသံကိုလွှင့်တတ်၏” ဟုသု၊ ၁:၂၀ ကဆိုသည်။ လူတွေ့တိုင်း ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ယေဟောဝါ၏ကျေးကျွန်များ ဇွဲလုံ့လနှင့်ဟောပြောသည့်အခါ ထိုစကားများသည် ယနေ့အထူးမှန်ကန်လှသည်။ ယေရှုနှင့်ခရစ်ယာန်ခေတ်မတိုင်မီက ပရောဖက်များနည်းတူ လူတို့အပေါ် စစ်မှန်သောမေတ္တာရှိသည့်အတွက် လူတိုင်းအား နေရာတိုင်းတွင် သမ္မာတရားကို ပြောပြရန်တိုက်တွန်းခံရကြသည်။—ယေ၊ ၁၁:၆။ မာ၊ ၆:၅၆။ လု၊ ၁၃:၂၂၊ ၂၆။
၂ သမ္မာတရားအကြောင်းကို လူတစ်ဦးအားပြောဆိုရန် သူ၏အိမ်သည် အကောင်းဆုံးနေရာဖြစ်ဦးတော့ တစ်အိမ်မှတစ်အိမ်လည်ပတ်သွားသည့်အခါ လူအများအိမ်တွင်မရှိကြပေ။ အိမ်ရှင်များတွေ့ရှိသည့်တိုင် တံခါးလာဖွင့်ပေးသူသည် ယခင်သက်သေခံဟောပြောချက်ကြားခဲ့ဖူးသူဖြစ်သည်။ အိမ်တွင်းရှိ အခြားသူများကိုမူ မတွေ့ဆုံနိုင်ကြချေ။ ထိုကြောင့် အလွတ်သဘောသက်သေခံခြင်းကို ကျွန်ုပ်တို့ဓမ္မအမှုတွင် မလုပ်မနေပြုလုပ်သင့်ပေသည်။
ရင်းနှီးခင်မင်စွာ အပြုသဘောဖြင့်သက်သေခံ
၃ တိုးတက်မှုရှိကျမ်းစာဆွေးနွေးခန်းများစွာကို လမ်းဖွင့်ပေးခဲ့သည့် အလွတ်သဘောသက်သေခံခြင်းကို စမ်းကြည့်ပါ။ အလွတ်သဘောသက်သေခံ၍ ပျော်ရွှင်မှုများစွာရသော အရံရှေ့ဆောင်တစ်ဦးက ဈေးဝယ်လာသူများ၊ ကိုယ်ပိုင်ကားများတွင် ထိုင်နေသူများ၊ ဘတ်စ်ကားစောင့်သူ ခရီးသည်များနှင့် ယခင်ကနားမထောင်သူများကိုပင် ချန်မထားဘဲ ကြိုးစားသက်သေခံကြောင်းပြောပြသည်။ ရဲရင့်ပြီးဖျောင်းဖျပြောဆိုနိုင်၍ တစ်ချိန်တည်းတွင် အတင်းအဓမ္မမဖြစ်စေရန် သတ္တိနှင့်အမြော်အမြင်ဉာဏ်ရှိဖို့လိုသည်။
၄ လမ်းပေါ်သက်သေခံခြင်း၏ ထိရောက်သောသော့ချက်ကား ရင်းနှီးခင်မင်၍ စိတ်ရင်းစေတနာမှန်နှင့်ချဉ်းကပ်ခြင်းဖြစ်သည်။ မျက်နှာပြုံးရွှင်ရမည်။ ဖြစ်နိုင်လျှင် မိမိချဉ်းကပ်သူ၏မျက်လုံးကိုကြည့်မိရန် ကြိုးစားပါ။ မဖြစ်နိုင်သည်တိုင် ခင်မင်စွာသာစကားစမြည်စပြောပါ။ အခြေအနေကိုဂရုစိုက်ပြီး အခွင့်အခါရသလိုအသုံးပြုပါ။ ညီအစ်မတစ်ဦးသည် ဈေးချင်းတောင်းအပြည့်နှင့်အမျိုးသမီးများကိုသတိပြုမိသည့်အခါ “ဈေးဝယ်လာတယ်နော်။ အခု အတော်ဈေးတက်လာပြီ။ အားရှိစရာ စိတ်နှလုံးအတွက်အစာကော မယူသွားချင်ဘူးလား။ ဒီ . . . အကြောင်းကို ကျွန်မဖြင့်ဖတ်ပျော်တယ်။” ကလေးငယ်ပါလာသူအား သူမက “ချစ်စရာကောင်းတဲ့ကလေးလေးတွေပါလား။ သားသမီးများဟာ ဘုရားသခင်ပေးတဲ့ကောင်းချီးလို့ ကျမ်းစာပြောထားတာ ကြားဖူးသလား။ ဒီ . . . အကြောင်းကို ပြပါရစေ။” စိတ်ကူးလောကထဲရောက်နေသူတစ်ဦးအား ချဉ်းကပ်၍ သူမက “အကြောင်းတစ်ခုခုကို အာရုံပြုစဉ်းစားနေတာတွေ့မိတယ်။ ဒီလောကကြီးမှာ ဒုက္ခကြီးပဲကြုံနေရတယ်မဟုတ်လား။ . . . မဲ့အချိန်အခါ ရောက်လာမယ်ထင်သလား။”
၅ သင်သည်ဘတ်စ်ကားပေါ် အခြားသူတစ်ဦးဘေး ယှဉ်၍ထိုင်နေလျှင် ကင်းမျှော်စင် ကိုဖတ်နေပြီး သင်အဘယ်အကြောင်းဖတ်နေသည်ကို ထိုသူအားပြောပြနိုင်သည်။ ကမ္ဘာ့အခြေအနေကို နားလည်ရန် ထိုမဂ္ဂဇင်းကမည်သို့ကူညီပေးနိုင်ကြောင်း ပြောပြပါ။ ထိုနောက် တစ်စောင်ဝေကြည့်ပါ။ ဤသို့ပင် ကျောင်းတွင်လည်းပြုလုပ်ဖို့ကြိုးစားကြည့်ပါ။
၆ သင်သည် ဘတ်စ်သို့မဟုတ်တက်စ်စီကားဂိတ်တွင်ရှိနေပါက ကားထဲထိုင်နေသော ယဉ်မောင်းများထံသွား၍ မဂ္ဂဇင်းများဝေငှပါ။ လူတို့အဘယ်ကြောင့်ပင်ပန်းစွာလုပ်ကိုင်ရသည်၊ ငွေမှာအဘယ်ကြောင့်တန်ဖိုးမရှိတော့ကြောင်း အစရှိသည်တို့ကို ဤမဂ္ဂဇင်းများကနားလည်စေမည်အကြောင်းပြော၍ မဂ္ဂဇင်းများဝေငှပါ။ မဂ္ဂဇင်းများကို သူတို့အားပေး၍ ကြည့်ပါလေစေ။ သို့သော် အတင်းအကြပ်ကိုင်၍ မယူစေပါနှင့်။ ကြာရှည်စကားပြောဆိုစရာမလိုပါ။ လိုရင်းတိုရှင်းပြောရုံနှင့် အဖိုးအခကိုပြောဆိုနိုင်သည်။—သု၊ ၁:၂၀။