သတင်းကောင်းဝေငှခြင်း—ညနေပိုင်းအချိန်တွင်
၁ ယေရှုခရစ်၏ရှေးဦးတပည့်အချို့အား ဂျူးယဇ်ပုရောဟိတ်က “ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စေပြီ” ဟုပြောသည်။ (တ၊ ၅:၂၈) ထိုမြို့တွင် ချီးမွမ်းဖွယ်ကောင်းစွာ ညီအစ်ကိုများသက်သေခံခဲ့ကြရာ သူတို့ရပ်ကွက်ရှိသူတိုင်းထံရောက်ရန် ကြိုးစားခဲ့ကြောင်းထင်ရှားသည်။ ထိုတွင်လည်းကောင်း၊ အခြားအရပ်တွင်လည်းကောင်း စေ့ငစွာသက်သေခံရန် ဆက်ကြိုးစားခဲ့သည်။—တ၊ ၈:၂၅။
၂ ယနေ့နေရာဒေသများစွာတွင် ကျွန်ုပ်တို့ရပ်ကွက်ကို သမ္မာတရား၏သွန်သင်စကားများရောက်ရှိစေပြီ။ ကြေညာသူအရေအတွက် ချီးမွမ်းဖွယ်ကောင်းအောင်တိုးတက်လာသည်နှင့်အညီ အသင်းတော်အရေအတွက်များလည်း တိုးများလာပြီ။ ရပ်ကွက်များ ငယ်သည်ထက်ငယ်လာပြီး ထိုတွင်မကြာခဏပြန်အမှုဆောင်ထွက်နေရပြီ။ သတင်းကောင်းကိုလူများများကြားသိစေရန် ရပ်ကွက်ကိုတိုးချဲ့စရာအကြောင်း ပေါ်လာနေသည်။
ညနေချိန်သက်သေခံခြင်းအကျိုး
၃ ညနေချိန်တွင်အိမ်များသို့လည်ပတ်ခြင်းအားဖြင့် မိမိတို့ရပ်ကွက်ကိုတိုးချဲ့နိုင်ကြောင်း ကြေညာသူများစွာတွေ့ရှိခဲ့သည်။ ထိုအချိန်တွင် နေ့လည်ပိုင်း၌ အိမ်မှာမရှိသောသူများစွာကိုတွေ့ဆုံနိုင်ကြသည်။ ညနေချိန်တွင်လည်ပတ်သည့်အခါ အိမ်တိုင်းတွင် လူများတွေ့ရှိ၍ သက်သေခံခွင့်ရခဲ့ကြောင်း ကြေညာသူများပြောကြသည်။ အိမ်၌လူများစွာရှိရုံမက ထိုအချိန်တွင် လူအများသက်သောင့်သက်သာရှိကြပြီး သတင်းတရားကိုနားထောင်လိုစိတ်ပြကြသည်။ ညနေချိန်သက်သေခံထွက်ရန်စီစဉ်ပေးဖို့ အသင်းတော်များစွာကို တိုက်နယ်ကြီးကြပ်မှူးများကူညီပေးနိုင်ခဲ့ပြီ။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်အတွင်း ဗုဒ္ဓဟူးနေ့ညနေအစီအစဉ်ကို ကြေညာသူတိုင်းအားပေးကြရန် တိုက်တွန်းပါသည်။
၄ သင့်ရပ်ကွက်တွင် ညနေပိုင်း၌သက်သေခံရန်စမ်းကြည့်ဖူးပြီလော။ နွေရာသီတွင် နေဝင်ချိန်နောက်ကျသည့်အတွက် အခြားအချိန်ထက်ကြာရှည်အပြင်ထွက်နိုင်ခွင့်ရသည်။ ညနေပိုင်းတစ်ပိုင်းကို တစ်အိမ်မှတစ်အိမ်သက်သေခံထွက်ခြင်း သို့မဟုတ် ယခင်ကအိမ်တွင်လူမရှိသောအိမ်များထံပြန်လည်ပတ်သွားခြင်း ပြုလုပ်နိုင်ပေမည်။ ထိုနောက်ပြန်လည်ပတ်မှုများ သို့မဟုတ် ကျမ်းစာသင်အံမှုပြုလုပ်နိုင်မည်။ နှစ်ကုန်ခါနီးလများတွင် နေ့တာတိုသည်တိုင် ညနေစောစောပိုင်းတွင် တစ်အိမ်မှတစ်အိမ်သက်သေခံထွက်နိုင်ပေမည်။ သို့သော် အထူးသဖြင့် မိုးချုပ်လျှင်မလုံခြုံသောရပ်ကွက်တွင် သက်သေခံခြင်းနှင့်ပတ်သက်၍ ချင့်ချိန်တွေးတောတတ်သောဉာဏ်အသုံးပြုသင့်သည်။
စာနာမှုရှိပါ
၅ ညနေချိန်တွင်သက်သေခံလုပ်ငန်း၌အောင်မြင်မှုတွေ့ရှိရန် အခြေခံအချက်အချို့ကိုသိထားရမည်။ ဥပမာ၊ ညနေချိန်တွင် မထင်မမှတ်ဘဲဧည့်သည်များရောက်လာခြင်းကို အချို့နေရာများတွင် စိုးရိမ်ကြမည်ဖြစ်ရာ နိဒါန်းပျိုးရာတွင် ခင်မင်မှုပြကာ အဘယ်ကြောင့်လည်ပတ်ရကြောင်း ချက်ချင်းအသိပေးလျှင်ကောင်းမည်။ အိမ်ရှင်များအကျိုးကို အမှန်လိုလားစိတ်ပြင်းပြကြောင်း တင်ပြပေးနိုင်မည်ဆိုလျှင် သူတို့သက်သောင့်သက်သာရှိသွားပြီး စကားစမြည်ပြောဆိုချင်စိတ်ရှိလာပေမည်။
၆ အချို့နေရာများတွင် အိမ်ရှင်တို့သည် လုံခြုံမှုအတွက်အကာအကွယ်များပြုစုထားသည်။ ယင်းကြောင့် အိမ်ရှင်နှင့်စကားပြောဆိုရာတွင် တံခါးအပြင်ဖက် သို့မဟုတ် ချောင်းကြည့်သည့်အပေါက်ငယ်မှတစ်ဆင့် ပြောဆိုရကောင်းပြောဆိုရမည်။ အိမ်ရှင်ပြုလုပ်ထားသည့်အကာအကွယ်များကို လေးစားမှုပြခြင်းအားဖြင့် သူ့အားဝေမျှလိုသောသမ္မာတရားစကားများကို ကြားနာဖို့ ပိုသဘောတူညီပေမည်။
၇ အသင်းတော်များစွာတို့သည် အုပ်စုလိုက် ညနေချိန်တွင်သက်သေခံထွက်ကြရန် တစ်ပတ်အတွင်း တစ်ကြိမ်နှစ်ကြိမ်စီစဉ်ထားပေမည်။ ယင်းအစီအစဉ်ကြောင့် အချိန်ပြည့်အလုပ်လုပ်ကိုင်ရသောကြေညာသူများ ဓမ္မအမှုတွင်ပါဝင်ခွင့်ပိုရရှိစေပြီး အလုပ်ချိန်များတိုက်ဆိုင်နေသဖြင့် ယခင်ကတွဲအမှုဆောင်ခွင့်မရသော အခြားကြေညာသူတို့နှင့်အတူ အမှုဆောင်နိုင်စေသည်။ ညနေချိန်သက်သေခံထွက်ခြင်းအားဖြင့် အချို့ကြေညာသူများသည် လယ်ကွင်းဓမ္မအမှု၌ပါဝင်ချိန်ကိုတိုးများစေနိုင်ခဲ့ပြီ။ ယင်းကြောင့်လည်း သူတစ်ပါးအားသတင်းကောင်းဟောပြောခြင်းအရည်အချင်း ပို၍တိုးတက်လာစေပြီ။ ထို့ပြင် ယခင်ကယေဟောဝါသက်သေများ၏သတင်းကို နားမထောင်ဖူးခဲ့သူများနှင့်တွေ့ဆုံခွင့်ရပြီး သူတို့နှင့်ကျမ်းစာသင်အံမှုများပင်စတင်နိုင်ခဲ့ပြီ။
၈ အသင်လည်း ညနေချိန်သက်သေခံခြင်း၌ပါဝင်ကာ ‘ဧဝံဂေလိသတင်းဟောသူ၏လုပ်ငန်း၌’ တိုး၍ပါဝင်ခွင့်ကိုလက်ခံယူနိုင်ပါသလော။ (၂ တိ၊ ၄:၅) ထိုမေးခွန်းကို ကျွန်ုပ်တို့အနက်များစွာသောသူတို့သည် ဟုတ်ကဲ့ဟူ၍သာဖြေဆိုနိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ရပ်ကွက်၌ သမ္မာတရားအနှံ့အပြားရောက်စေရန် ပို၍ပါဝင်လုပ်ကိုင်နေပေမည်။