ညနေပိုင်းသက်သေခံခြင်းကို သင်ကြိုးစားကြည့်ဖူးသလော
၁ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏လုပ်ငန်းအကျိုးဖြစ်ထွန်းခြင်းမှ ပျော်ရွှင်မှုရရှိကြသည်။ အခြားတစ်ဖက်တွင်မူ အပြုသဘောပါသည့်အကျိုးရလဒ်များကို မရရှိသည့်အခါ လုပ်ဆောင်ရခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်လာနိုင်ပြီး ကျေနပ်မှုမရတော့ချေ။ အဓိပ္ပာယ်ရှိသောအလုပ်သည် လူတစ်ဦးစီကို ဆုကျေးဇူးရရှိစေပြီး ယင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။ (ဒေသနာ ၃:၁၀-၁၃ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ဤမူကိုကျင့်သုံးနိုင်သည်။ တစ်အိမ်မှတစ်အိမ်သွားကာ လူတို့နှင့်ကျမ်းစာအကြောင်းဆွေးနွေးနိုင်မည်ဆိုလျှင် ဝိညာဏလန်းဆန်းမှုနှင့်အိမ်သို့ပြန်လာရကြောင်း ကျွန်ုပ်တို့ကိုယ်တွေ့သိရှိကြရသည်။ ကျွန်ုပ်တို့သည် အရေးကြီးသည့်အရာကို အမှန်တကယ်ကျေပွန်စွာထမ်းဆောင်နေသည်ဟု ခံစားကြရသည်။
၂ အချို့ဒေသများ၌ နေ့ဘက်တချို့အချိန်များတွင် အိမ်များ၌လူတို့ကိုတွေ့ရန် အလွန်ခက်ခဲလာသည်။ နေရာများစွာတွင် လူ ၅၀ ရာခိုင်နှုန်းကျော်သောသူတို့ကို ကျွန်ုပ်တို့လည်ပတ်သည့်အခါ အိမ်၌မတွေ့ရကြောင်း မှတ်တမ်းများက ဖော်ပြပါသည်။ ဤပြဿနာကိုဖြေရှင်းရန် အသင်းတော်များစွာ၌ ညနေပိုင်းသက်သေခံခြင်းအစီအစဉ်ကို ပြုလုပ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းသည့်အောင်မြင်မှုများရရှိကြသည်။ ကြေညာသူများ၏သတင်းပေးချက်အရ ညနေပိုင်းလည်ပတ်ရာတွင် အိမ်များ၌လူများကိုပိုတွေ့ရပြီး များသောအားဖြင့် လူတို့သည် နိုင်ငံတော်သတင်းတရားကိုနားထောင်ရန် ပို၍သက်သောင့်သက်သာရှိကာ ပို၍စိတ်ဝင်စားတတ်ကြသည်။ သင့်ရပ်ကွက်တွင် ညနေပိုင်းသက်သေခံခြင်းကို သင်ကြိုးစားကြည့်ဖူးသလော။—မာကု ၁:၃၂-၃၄ နှိုင်းယှဉ်။
၃ အကြီးအကဲများ ညနေပိုင်းသက်သေခံရန် စီစဉ်ပါ– အချို့ဒေသများ၌ လယ်ကွင်းလုပ်ငန်းတော်စည်းဝေးကို မွန်းလွဲနှောင်းပိုင်း သို့မဟုတ် ညနေအစောပိုင်းတွင် ပြုလုပ်ခြင်းဖြင့် ပို၍အထောက်အကူဖြစ်စေသည်။ မွန်းလွဲပိုင်းတွင် ကျောင်းဆင်းပြီးသည့်လူငယ်ကြေညာသူများနှင့် ညနေပိုင်းတွင် လောကအလုပ်အကိုင်လက်စသတ်သည့်လူကြီးများကို ထောက်ထားစာနာရာရောက်ပါသည်။ ရက်သတ္တပတ်၏ကုန်ဆုံးရက်များတွင် လယ်ကွင်းလုပ်ငန်းတော်၌ မပါဝင်နိုင်သည့်ကြေညာသူအချို့သည် ဟောပြောခြင်းလုပ်ငန်း၌မှန်မှန်ပါဝင်ရန် ညနေပိုင်းသက်သေခံခြင်းသည် သူတို့အတွက် လက်တွေ့ကျသောနည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိကြသည်။
၄ ညနေပိုင်းသက်သေခံခြင်းကို နည်းအမျိုးမျိုးဖြင့်လုပ်ဆောင်နိုင်ပါသည်။ မဂ္ဂဇင်းသို့မဟုတ် ယင်းလအတွက်ဝေငှခိုင်းသည့် စာပေစာတမ်းများကိုအသုံးပြု၍ တစ်အိမ်မှတစ်အိမ်သက်သေခံနိုင်သည်။ နေ့၏အစောပိုင်း သို့မဟုတ် အလုပ်နားရက်များ၌ အိမ်များတွင်မတွေ့ရသည့်လူများထံသွားရောက်လည်ပတ်ရန် ညနေပိုင်းသည် သင့်တော်သည့်အချိန်ဖြစ်ပေသည်။ လမ်းပေါ်သက်သေခံခြင်းအတွက် အကျိုးဖြစ်ထွန်းသည့်ရပ်ကွက်လည်းဖြစ်နိုင်သည်၊ အလုပ်မှအိမ်သို့ပြန်လာသူများနှင့် ထိတွေ့ဆက်သွယ်ခွင့်ရရှိစေပါသည်။ များစွာသောသူတို့သည် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုပြုလုပ်ရန် ညနေပိုင်းသည် အကောင်းဆုံးအချိန်ဖြစ်ကြောင်းတွေ့ရှိကြသည်။
၅ သတိဝီရိယရှိပါ– အချို့ဒေသတွင် နေဝင်ချိန် သို့မဟုတ် မှောင်ပြီးနောက်ပိုင်း သွားလာခြင်းသည် အန္တရာယ်ရှိပေမည်။ အလင်းကောင်းစွာရရှိသည့်လမ်းပေါ်၌ နှစ်ယောက်စီ သို့မဟုတ် အုပ်စုလိုက်သွားခြင်းနှင့် လုံခြုံမည်ဟုအတော်အတန်စိတ်ချရသည့် အိမ်များနှင့်အခန်းတွဲအဆောက်အဦများကိုသာ လည်ပတ်ခြင်းသည် ပညာရှိရာရောက်သည်။ သင်တံခါးခေါက်သည့်အခါ သင့်ကိုမြင်သာသည့်နေရာတွင်ရပ်ပြီး သင့်ကိုယ်သင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောပြပါ။ ပိုင်းခြားသိမြင်မှုရှိပါ။ သင်သွားသည့်အချိန်သည် မိသားစုထမင်းစားချိန်ကဲ့သို့ အခွင့်အခါမသင့်သည့်အချိန်ဖြစ်နေသည်ကို သတိပြုမိသောအခါ အခြားအချိန်တွင်ပြန်လာမည်ဟု ကမ်းလှမ်းပါ။ အိမ်ရှင်များ ညဘက်အနားယူရန် အသင့်ပြင်ဆင်နေသည့် အချိန်နှောင်းပိုင်းတွင်သွားခြင်းထက် ညနေအစောပိုင်းအချိန်များကို သက်သေခံရန် သတ်မှတ်ထားခြင်းသည် များသောအားဖြင့် အကောင်းဆုံးဖြစ်သည်။
၆ ကြာရှည်သည့်နွေရာသီညနေပိုင်းများသည် ညနေပိုင်းသက်သေခံရန် အထူးသင့်လျော်ပါသည်။ “ဘုရားဝတ်ကိုနေ့ညမပြတ်” လုပ်ဆောင်သည်နှင့်အမျှ ယေဟောဝါသည် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို မလွဲဧကန်ကောင်းချီးပေးပါလိမ့်မည်။—ဗျာ. ၇:၁၅။