ထိုက်တန်သူများကို ရှာဖွေခြင်း
၁ ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်မှုအတွက် ယေရှု၏ညွှန်ကြားချက်များသည် ကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– “မည်သည့်မြို့ရွာကိုမဆိုဝင်သော် မည်သူထိုက်တန်ကြောင်း စူးစမ်းရှာဖွေ . . . ကြလော့။” (မ. ၁၀:၁၁၊ သမ) ယနေ့ လူတို့သည် အိမ်တွင်အနေနည်းလာကြသောကြောင့် ဤရှာဖွေမှုကို မည်သို့ထိရောက်စွာ လုပ်ဆောင်နိုင်သနည်း။
၂ သင့်ရပ်ကွက်ကို ဆန်းစစ်ပါ– ဦးဆုံးအနေနှင့် သင့်ရပ်ကွက်ကို ဆန်းစစ်ပါ။ အဘယ်အချိန်တွင် အိမ်၌ လူအများဆုံး ရှိနိုင်သနည်း။ နေ့ဘက်တွင် အဘယ်နေရာ၌ သူတို့ကိုတွေ့ရှိနိုင်သနည်း။ သူတို့သည် ရက်သတ္တပတ်၏မည်သည့်နေ့ သို့မဟုတ် တစ်နေ့တာ၏မည်သည့်အချိန်တွင် လည်ပတ်မှုကို ပို၍လက်ခံနိုင်သနည်း။ ဒေသခံရပ်ကွက်ရှိ လူတို့၏လုပ်ရိုးလုပ်စဉ်၊ အခြေအနေများနှင့်အညီ သင့်ဓမ္မအမှုကို ပြုပြင်ချိန်ညှိပေးခြင်းက အကျိုးအများဆုံးရရှိရန် သင့်ကိုကူညီပေးနိုင်သည်။—၁ ကော. ၉:၂၃၊ ၂၆။
၃ ကြေညာသူများစွာသည် ညနေအစောပိုင်းအချိန်များအတွင်း အောင်မြင်မှုရှိကြောင်း တွေ့ရှိခဲ့ကြပြီ။ အိမ်ရှင်အချို့သည် ထိုအချိန်တွင် ပို၍အေးအေးဆေးဆေးရှိကာ နားထောင်လိုကြသည်။ ဆောင်းရာသီလများတွင် နေ့တာတိုသောကြောင့် ညနေပိုင်းများတွင် (လုပ်ခွင့်ရသည့်နေရာတွင်) တယ်လီဖုန်းဖြင့်သက်သေခံလျှင် ထိရောက်မှုရှိနိုင်၏။ စီးပွားရေးရပ်ကွက်တွင်အမှုဆောင်ခြင်းနှင့် လူအများရှိရာနေရာများတွင် သက်သေခံခြင်းသည်လည်း လူတို့ထံ သတင်းကောင်းရောက်ရှိရန် နည်းလမ်းများဖြစ်သည်။
၄ အထူးအမှုဆောင်လတစ်လအတွင်း အသင်းတော်တစ်ခုသည် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် မွန်းလွဲနှောင်းပိုင်းသက်သေခံခြင်းနှင့် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ညနေပိုင်းသက်သေခံခြင်းတို့ကို စီစဉ်ခဲ့ကြသည်။ သူတို့သည် တယ်လီဖုန်းဖြင့်သက်သေခံခြင်းနှင့် စီးပွားရေးရပ်ကွက်တွင် အမှုဆောင်ခြင်းတို့ကိုလည်း စီစဉ်ခဲ့ကြသည်။ ဤအစီအစဉ်များက ဆက်လက်လုပ်ဆောင်ရန် အသင်းတော်ဆုံးဖြတ်ထားသည့် ဓမ္မအမှုအတွက် တက်ကြွမှုများစွာဖြစ်စေခဲ့သည်။
၅ ဝီရိယရှိရှိ ပြန်လည်ပတ်ပါ– သင့်ရပ်ကွက်တွင် ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ လူတို့ကို အိမ်တွင်တွေ့ဖို့ခက်ပါက ဦးဆုံးအကြိမ်လည်ပတ်မှုအပါအဝင် လည်ပတ်မှုတစ်ခုစီ၏အဆုံးတွင် ပြန်လည်ပတ်ရန် တိကျသောချိန်းဆိုမှုတစ်ခုပြုဖို့ ကြိုးစားပါ။ ထို့နောက် ထိုချိန်းဆိုမှုကို မပျက်ကွက်စေပါနှင့်။ (မ. ၅:၃၇) သင့်လျော်ပါက အိမ်ရှင်၏တယ်လီဖုန်းနံပါတ်ကို တောင်းနိုင်သည်။ ယင်းက ထိုသူနှင့် ထပ်မံဆက်သွယ်ရန် အကူအညီဖြစ်စေနိုင်သည်။
၆ ထိုက်တန်သူများအား ကျွန်ုပ်တို့၏ ဝီရိယရှိရှိကြိုးစားရှာဖွေမှုများနှင့် တွေ့ရှိသောစိတ်ဝင်စားမှုကို ပျိုးထောင်ပေးခြင်းက ယေဟောဝါ၏ကောင်းချီးခံစားရစေမည်မှာ သေချာသည်။—သု. ၂၁:၅။