ညနေပိုင်းသက်သေခံခြင်းမှာ သင် ပါဝင်နိုင်မလား
၁။ ကျမ်းပညာရှင်တစ်ဦးရဲ့အဆိုအရ တမန်တော်ပေါလုဟာ ဘယ်အချိန်မှာ တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့သလဲ။
၁ တမန်တော်ပေါလုဟာ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းကို “ညနေ ၄ နာရီကနေ ညနက်တဲ့အထိ” လုပ်ဆောင်လေ့ရှိတယ်လို့ သမ္မာကျမ်းစာခေတ်က နေ့စဉ်အသက်တာဆိုတဲ့စာအုပ်မှာ ဖော်ပြထားတယ်။ ပေါလု အဲဒီလိုလုပ်ခဲ့၊ မလုပ်ခဲ့ဆိုတာကိုတော့ ကျွန်ုပ်တို့ အတိအကျမသိရပေမဲ့ ပေါလုဟာ “သတင်းကောင်း . . . အတွက် အရာခပ်သိမ်းကို” လုပ်ဆောင်ဖို့ တလိုတလားရှိခဲ့တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ သိထားတယ်။ (၁ ကော. ၉:၁၉-၂၃) လူအများစုကိုတွေ့နိုင်တဲ့အချိန်မှာ တစ်အိမ်မှတစ်အိမ်အမှုဆောင်ဖို့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ချိန်ညှိခဲ့မှာဖြစ်တယ်။
၂။ ညနေပိုင်းအချိန်တွေက ဘာကြောင့် အမှုဆောင်လို့ ကောင်းတဲ့အချိန်ဖြစ်သလဲ။
၂ ဒေသများစွာမှာ ကြေညာသူတွေဟာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းကို မနက်ပိုင်းတွေမှာ လုပ်ဆောင်ကြလေ့ရှိတယ်။ ဒါပေမဲ့ သင့်ဒေသမှာ အဲဒီအချိန်က ဟောပြောဖို့ အကောင်းဆုံးအချိန် ဖြစ်နေဆဲပဲလား။ ရှေ့ဆောင်တစ်ယောက်က သူ့ရပ်ကွက်နဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “နေ့ဆိုရင် အိမ်တွေမှာ လူတွေကို တွေ့ရဖို့ခက်တယ်။ အများစုက ညနေပိုင်းကျမှပဲ အိမ်မှာရှိကြတယ်။” ညနေပိုင်းသတင်းကောင်းဟောပြောခြင်းက အမျိုးသားတွေကိုတွေ့နိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်လေ့ရှိတယ်။ အိမ်ရှင်တွေဟာ ပိုအေးအေးဆေးဆေးရှိပြီး စကားအပြန်အလှန်ပြောလိုစိတ်ရှိကြတယ်။ ညနေပိုင်းသက်သေခံခြင်းက အကျိုးရှိတယ်ဆိုရင် အကြီးအကဲတွေဟာ ညနေပိုင်းလယ်ကွင်းလုပ်ငန်းအတွက် အစီအစဉ်ဆွဲသင့်တယ်။
၃။ ညနေပိုင်းသက်သေခံခြင်းမှာ ပါဝင်တဲ့အခါ ဘယ်လိုပိုင်းခြားသိမြင်မှု တင်ပြနိုင်သလဲ။
၃ ပိုင်းခြားသိမြင်မှုရှိပါ– ညနေပိုင်းဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ပိုင်းခြားသိမြင်မှုရှိဖို့ အရေးကြီးတယ်။ ဥပမာ၊ ညနေစာစားနေချိန်လိုမျိုး အိမ်ရှင်အတွက် အဆင်မပြေတဲ့အချိန်မှာ ခေါ်မိတယ်ဆိုရင် နောက်မှပြန်လာမယ်လို့ပြောခြင်းက အကောင်းဆုံးပါပဲ။ မှောင်သွားပြီဆိုရင် အိမ်ရှင် သင့်ကိုမြင်နိုင်တဲ့နေရာမှာရပ်ပါ၊ သင် ဘယ်သူဖြစ်ကြောင်းနဲ့ ဘာကြောင့်လာရကြောင်းကို အမြန်ဆုံးပြောပြပါ။ နှစ်ယောက်သွားတာ၊ အုပ်စုလိုက်သွားတာက ပညာရှိရာရောက်တယ်။ အလင်းရောင်ကောင်းကောင်းရပြီး တခြားသူတွေလည်းရှိတဲ့နေရာမှာနေပါ။ အိပ်ရာဝင်တော့မယ့်အိမ်ရှင်ကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ သိပ်မနောက်ကျစေပါနဲ့။ (၂ ကော. ၆:၃) ရပ်ကွက်က မှောင်လာတဲ့အခါ အန္တရာယ်ရှိတယ်ဆိုရင် နေမဝင်ခင်အချိန်မှာ ဟောပြောပါ။—သု. ၂၂:၃။
၄။ ညနေပိုင်းသက်သေခံခြင်းကနေ ဘယ်ကောင်းချီးတွေ ရရှိသလဲ။
၄ ကောင်းချီးများ– လူတွေကိုတွေ့ရပြီး သက်သေခံခွင့်ရတယ်ဆိုရင် အမှုဆောင်ရတာ ပိုပျော်စရာကောင်းလာတယ်။ ပိုသက်သေခံခွင့်ရလေ တခြားသူတွေ “ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” အောင် ပိုကူညီခွင့်ရလေဖြစ်တယ်။ (၁ တိ. ၂:၃၊ ၄) ညနေပိုင်းသက်သေခံခြင်းမှာ ပါဝင်ဖို့ သင့်အချိန်ဇယားကို ချိန်ညှိနိုင်မလား။