ပြန်လည်ပတ်သောအခါသင်ဘာပြောမည်နည်း
၁ ကျွန်ုပ်တို့ဓမ္မအမှုတွင်ထိရောက်မှုရှိရန် ပြင်ဆင်မှုလိုသည်။ သို့မှသာ စတင်စိတ်ဝင်စားခဲ့သူများထံပြန်လည်ပတ်သည့်အခါ သူတို့၏စိတ်ဝင်စားမှုကိုပြန်လည်နှိုးဆွပေးနိုင်ပြီး ကျွန်ုပ်တို့ ဆက်၍စကားပြောနိုင်မည်။
၂ ခရစ်ယာန်များသည် စိတ်ရင်းမှန်နှင့်သူတစ်ပါးကိုစိတ်ဝင်စားကြရာ ယခင်လည်ပတ်ခဲ့စဉ်က အိမ်ရှင်နှင့်ပတ်သက်၍သင်လေ့လာသိရှိခဲ့ရာများကို ပြန်လည်သုံးသပ်နိုင်သည်။
ရာဇဝတ်မှုနှင့်ပတ်သက်၍စိတ်ဝင်စားမှုတင်ပြသူကိုသင်ဤသို့ပြောနိုင်သည်။
▪ “အရင်တစ်ခေါက်ကျွန်တော်တို့စကားပြောခဲ့ကြတုန်းက သိသိသာသာတိုးပွားလာတဲ့မတရားမှုတွေကြောင့် ခင်ဗျားစိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ခင်ဗျားပြောခဲ့တယ်။ ဒီထက်ပိုပြီးရဲတွေများများစောင့်ကြပ်ရင်ပြဿနာပြေလည်မယ်လို့ခင်ဗျားထင်သလား။”
လက်ရှိကမ္ဘာ့အခြေအနေ၏ဖြစ်ပေါ်ပြောင်းလဲမှုများအတွက်စိုးရိမ်မကင်းဖြစ်နေသောလူတစ်ဦးကိုသင်ဤသို့ပြောနိုင်သည်။
▪ “အရင်တစ်ခေါက်ကျွန်တော်တို့စကားပြောကြတုန်းက ကမ္ဘာမှာငြိမ်သက်မှုကင်းမဲ့နေတဲ့အချက်ကို ခင်ဗျားကစိတ်ဝင်စားမှုပြခဲ့တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေဟာကမ္ဘာသစ်အစီအစဉ်ကိုကြေညာပေးမယ်လို့ခင်ဗျားထင်သလား။”
အခြားသူတို့၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် အနှောင့်အယှက်ဖြစ်နေသောသူအား ဤသို့ပြောနိုင်သည်။
▪ “အရင်တစ်ခေါက်ကျွန်တော်တို့စကားပြောခဲ့ကြတုန်းက အများအားဖြင့်လူတွေမှာတွေ့ရတဲ့လောဘသက္ကာယနဲ့ပတ်သက်လို့ သိပ်ကောင်းတဲ့အချက်အလက်တွေကိုခင်ဗျားပြောခဲ့တယ်။ လောဘကြီးတဲ့သူကိုဘုရားသခင်ဘယ်လိုမြင်မယ်လို့ခင်ဗျားထင်သလဲ။ [ဖြေခွင့်ပြု] အဲဒါကိုဧဖက် ၅:၅ မှာကျမ်းစာဒီလိုပြောထားတယ်။”
၃ ထိရောက်စွာအသုံးပြုနိုင်သည့်အခြားတင်ပြချက်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
▪ “ပြီးခဲ့တဲ့အခေါက်ကလိုပြောဆိုဆွေးနွေးခဲ့ရတာကိုကျွန်တော်သိပ်နှစ်သက်ပါတယ်။ ဒါကြောင့် အိုးမဲ့အိမ်မဲ့တွေရဲ့ဖြစ်အင်ကို ယေဟောဝါဘယ်လိုအသိအမှတ်ပြုသလဲဆိုတဲ့စဉ်းစားစရာအကြောင်းတိုကလေးကို ခင်ဗျားအတွက်ကျွန်တော်ရှာဖွေလေ့လာခဲ့တယ်။ ဟေရှာယ ၆၅: ၂၁-၂၃ ကိုသတိထားကြည့်ပါ။”
▪ “လူသားတွေဟာ ဒီထက်ကောင်းတဲ့အုပ်ချုပ်မှုလိုအပ်နေတယ်ဆိုတဲ့ခင်ဗျားရဲ့တင်ပြချက်ကိုကျွန်တော်သဘောကျတယ်။”
▪ ဘာသာအားလုံးဘုရားသခင့်အလိုတော်နဲ့တွေ့ပါ့မလား ဆိုတဲ့စိတ်ဝင်စားစရာမေးခွန်းကိုခင်ဗျားမေးခဲ့တယ်။”
▪ “ကြိုတင်စီမံခံရမှုနဲ့ပတ်သက်လို့ ခင်ဗျားပြောတာတွေဟာ ကျွန်တော့ကိုအမှန်ပဲစဉ်းစားစရာဖြစ်စေတယ်။”
▪ “ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အချက်ကိုကျွန်တော်ပြန်စဉ်းစားနေမိတယ်။ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်ထဲမှာခင်ဗျားနှစ်သက်မယ်လို့ထင်တဲ့အချက်တစ်ချက်ရှိတယ်။ [စာအုပ်မှရွေးချယ်ထားသည့်အချက်တစ်ချက်ကိုအိမ်ရှင်အားပြနိုင်]”
ဤသို့သောနိဒါန်းများသည် ယခင်ကျွန်ုပ်တို့ပြောဆိုဆွေးနွေးခဲ့သည်များကိုတန်ဖိုးထားပြီးအိမ်ရှင်နှင့်ထပ်မံပြောဆိုရန်ကျွန်ုပ်တို့စိတ်ဝင်စားကြောင်းတင်ပြသည်။
၄ ပြန်လည်ပတ်မှုတစ်ခုမပြုမီ သင်ဘာပြောမည်ကိုစဉ်းစားပါ။ လူတစ်ဦးစီနှင့်ဆီလျော်အောင်တင်ပြပါ။
၅ ကျွန်ုပ်တို့လည်ပတ်သောသူသည်အလုပ်များနေသည့်တိုင် ဤသို့ထိရောက်စွာပြောဆိုနိုင်ပါသည်။
▪ “ခင်ဗျားအချိန်မရဘူးဆိုတာကျွန်တော်သိပါတယ်။ ဒါပေမဲ့ ခင်ဗျားအလုပ်တွေပြီးတဲ့အခါမှာ စဉ်းစားဖို့အချက်တစ်ချက်တော့ထားခဲ့ချင်တယ်။ [မဿဲ ၅: ၃ ကိုဖတ်ပါ]”
သို့မဟုတ်ဤသို့ပြောနိုင်သည်။
▪ “ခင်ဗျားအတွက်ဒီကျမ်းချက်သုံးချက်ကိုရေးထားပေးတယ်။ စကားပြောဖို့အဆင်မသင့်တဲ့အတွက် ဒါလေးထားခဲ့ပါရစေ။ နောက်တစ်ခါကျွန်တော်ပြန်လာရင် ဒီအကြောင်းတွေကို ခင်ဗျားနဲ့ငါးမိနစ်လောက်ဆွေးနွေးချင်ပါတယ်။”
၆ ဆန့်ကျင်ဘက်သဘောချဉ်းကပ်ခြင်းကိုရှောင်။ အတိုက်အခံဖြစ်စေမည့်၊ သို့မဟုတ် အိမ်ရှင်ကိုအကျပ်ရိုက်စေမည့်မေးခွန်းတို့သည် အများအားဖြင့်ကောင်းကျိုးမဖြစ်ထွန်းပါ။ ယင်းတို့တွင် “ကျွန်တော်ပေးခဲ့တဲ့အကြောင်းကိုဖတ်ပြီးပြီလား” “ဘာမေးစရာရှိသလဲ” ကျွန်တော့ကိုမှတ်မိသလား” “မြေကြီးနဲ့ပတ်သက်တဲ့ဘုရားရည်ရွယ်ချက်ကိုဆွေးနွေးဖို့ ခင်ဗျားစိတ်ဝင်စားတုံးပဲလားဆိုတာကိုကျွန်တော်လာမေးကြည့်တာ” စသည်တို့ပါဝင်သည်။
၇ စိတ်ဝင်စားသူတစ်ယောက်စီကို အမှန်အဓိပ္ပာယ်ပြည့်ဝသောအကူအညီပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင် သူတို့ထံပြန်လည်ပတ်ရန်ကျွန်ုပ်တို့တက်ကြွထက်သန်နေပေမည်။