စစ်မှန်သောလမ်းပြမှုပေးသည့် စာအုပ်
၁ လွန်ခဲ့သောရာစုနှစ်အတွင်း ကမ္ဘာလောကသည် အကြီးအကျယ် ပြောင်းလဲခဲ့ပြီ။ ဆက်သွယ်ရေး၊ ဆေးဘက်နှင့် သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် တိုးတက်ခဲ့ကြသော်လည်း မိသားစုဘဝ၏ အခြေအနေသည် တစ်ဖြည်းဖြည်းညံ့ဖျင်းလာပေပြီ။ အစဉ်အမြဲပြောင်းလဲနေသည့် လူ့အတွေးအခေါ်၏လမ်းညွှန်မှုကို သန်းပေါင်းများစွာသောသူတို့ လက်ခံထားကြပါသည်။
၂ အလျင်အမြန်ပြောင်းလဲနေသည့် လောကဇာတ်ခုံပေါ်တွင် ယေဟောဝါလူများသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို လိုက်နာမှီဝဲခြင်းကြောင့် အကျိုးကြီးမားခဲ့ပြီ။ သမ္မာကျမ်းစာသည် မပြောင်းမလဲတည်မြဲတည်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီခဲ့၍ ယနေ့ ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများကို လက်တွေ့အကျဆုံးနည်းဖြင့် ဖြေရှင်းနိုင်ဆဲရှိပါသေးသည်။ မျက်မှောက်ကာလတွင် သမ္မာကျမ်းစာသာလျှင် စစ်မှန်သောလမ်းပြမှုပေးနိုင်ကြောင်းကို စိတ်ဝင်စားသူတို့အား မည်သို့သဘောပေါက်စေနိုင်မည်နည်း။
၃ “သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့် အကြောင်းရင်း” ဝေစာကို သင်ထားရစ်ခဲ့ပါက ပထမအကြိမ်ပြန်သွားသည့်အခါ ဤသို့ပြောနိုင်မည်–
▪ “သမ္မာကျမ်းစာပါ သတင်းတရားဟာ ဘုရားသခင်ထံကနေဖြစ်တယ်ဆိုတာ ကျမ်းစာကိုယ်နှိုက်ကပြောထားပြီး အဲဒါကိုယုံကြည်မယ် အဲဒီအတိုင်း အသက်ရှင်မယ်ဆိုလျှင် ကိုယ်တော်ဟာ ကျွန်တော်တို့ကို ထာဝရအသက်ပေးမယ်ဆိုပြီးပြောတဲ့အတွက် အဲဒီအကြောင်းတွေကိုထပ်ဆင့်သိမယ်ဆိုရင် အကျိုးရှိမယ်ထင်သလား။ [ဖြေဆိုပါစေ။] လက်ရှိကမ္ဘာအစီအစဉ်စနစ်အကြောင်း ကျမ်းစာ မည်သို့ကြိုတင်ဟောထားသည်ကို သတိပြုပါ။ [၂ တိမောသေ ၃:၁-၅ ကို ဝေစာ၏ စာမျက်နှာ ၅ မှဖတ်ပြပါ။] ကမ္ဘာကြီးဟာ ဒီနေ့ ဒီမှာပါတဲ့အတိုင်းဖြစ်နေတယ်ဆိုပြီး ထင်သလား။ [ဖြေပါစေ။] အနာဂတ်ကောပိုပြီး အခြေအနေကောင်းလာစရာအကြောင်း ရှိသလား။” ထိုနောက် လူသားအတွက် သမ္မာကျမ်းစာကမ်းလှမ်းသည့် ဝမ်းသာစရာမျှော်လင့်ချက်ကို ပေါ်လွင်စေရန် ဝေစာ၏ နောက်ဆုံးအပိုဒ်နှစ်ပိုဒ် သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့ စာအုပ်လော၏ စာမျက်နှာ ၁၆၁ ကိုအသုံးပြုခြင်းအားဖြင့် နောက်တစ်ဖန်ပြန်လည်ပတ်မှုပြုခြင်းငှာ လမ်းခင်းထားနိုင်ပါသည်။
၄ သမ္မာကျမ်းစာသည် လက်တွေ့ကျသည်ကို အိမ်ရှင်စိတ်ဝင်စားသဖြင့် “သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့စာအုပ်လော” အခန်း ၁၂ ပါစည်းမျဉ်းမူအနည်းငယ်ကို သင်တင်ပြရန် ဤသို့ပြောနိုင်မည်–
▪ “ဒီနေ့ လက်တွေ့ကျတဲ့အရာတွေကို ကျွန်တော်တို့စိတ်ဝင်စားကြတယ်မဟုတ်လား။ စစ်မှုကို အဆုံးသတ်လိုက်ခြင်းဟာ လက်တွေ့ကျမယ်ဆိုပြီး ခင်ဗျားယူဆသလား။ [ဖြေပါစေ။] အခြားတိုင်းနိုင်ငံတွေနှင့် လူတွေ သင့်မြတ်ငြိမ်သက်နိုင်မယ်ဆိုလျှင် အစကောင်းတစ်ခုဖြစ်မယ်မဟုတ်လား။ [ဖြေဆိုပါစေ။] သမ္မာကျမ်းစာက အတိအကျ အဲဒီလိုဘဲကြိုတင်ဟောထားပါတယ်။ [ဟေရှာယ ၂:၂၊ ၃ ကိုဖတ်။] ဒီအရာတွေ ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာလိမ့်မယ်ဆိုတာ စဉ်းစားဖူးသလား။” အိမ်ရှင်အတွက် အဆင်ပြေသည့်အခါ နောက်တစ်ကြိမ်ပြန်လာ၍ ယင်းအကြောင်းကို ဆွေးနွေးလိုကြောင်း ရှင်းပြပါ။
၅ “ကမ္ဘာသစ်ဘာသာပြန်ကျမ်း” ကို သင်ထားရစ်ခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သွားချိန်တွင် ဤသို့ပြောနိုင်မည်–
▪ “ခင်ဗျားဟာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မြတ်နိုးတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် အခြားဘာသာပြန်တွေကြားမှာ ကြီးလေးတဲ့ခြားနားမှုတစ်ခုကိုသိရင် စိတ်ဝင်စားမယ်ဆိုတာ ကျွန်တော်သေချာပြောရဲတယ်။ အဲဒီခြားနားမှုဟာ ကျမ်းစာမှာပါတဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ်ရဲ့ နာမည်နှင့်ပတ်သက်ပါတယ်။ အဲဒီအရှင်ဟာဘယ်သူဖြစ်တယ်ဆိုတာကို ခင်ဗျားသိပါသလား။” အိမ်ရှင်ဖြေဆိုပါစေ။ ထိုနောက် ဆာလံ ၈၃:၁၈ ကိုဖတ်ပါ။ ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ် စာမျက်နှာ ၁၉၁ တွင်စတင်သည့် “ယေဟောဝါ” ခေါင်းစဉ်အောက် ထပ်ဆင့်အချက်အလက်များကို တွေ့ရှိမည်။
၆ သမ္မာကျမ်းစာသာလျှင် လူသားလိုအပ်သည့် လမ်းပြမှုကို ပေးပါသည်။ (ယေ. ၁၀:၂၃) ကိုယ်တော်ရည်ရွယ်ချက်များအကြောင်း သင်ယူကာ ကိုယ်တော်၏မျက်နှာသာရရန် တစ်နည်းတည်းကား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်း၏ပညာရှိသြဝါဒနှင့် လက်တွေ့ကျအကြံပြုချက်မှ အကျိုးရရှိရန် သူတစ်ပါးအား စိတ်စေတနာဖြင့် ကမ်းလှမ်းကြစို့။