သမ္မာကျမ်းစာ—ဒုက္ခမြားမြောင်သောကမ္ဘာတွင် စိတ်သက်သာမှုနှင့် မျှော်လင့်ခြင်း၏ဇာစ်မြစ်
၁ ဤကမ္ဘာကြီးသည် လူသားတို့ကို အကြီးအကျယ်ဖိစီးနေသည့်အတွက် သူတို့တွင် စိတ်သက်သာမှုနှင့် မျှော်လင့်ချက်ရရှိရန် လိုအပ်နေသည်။ စစ်မှန်သောသက်သာမှုကို သမ္မာကျမ်းစာသာလျှင် ပေးစွမ်းနိုင်သည်။ ဖြောင့်မတ်ခြင်းတရားတည်နေရာ ကမ္ဘာအသစ်ကို ယင်းကမျှော်လင့်စေသည်။ (ရော. ၁၅:၄; ၂ ပေ. ၃:၁၃) Insight စာအုပ်၊ အတွဲ ၁၊ စာမျက်နှာ ၃၁၁ ကဤသို့ဆိုသည်– “သမ္မာကျမ်းစာသာမရှိလျှင် ယေဟောဝါကို ကျွန်ုပ်တို့သိကြမည်မဟုတ်ပါ။ ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သက္ကာကြောင့် ခံစားရသော အံ့သြဖွယ် အကျိုးကျေးဇူးများအကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သောနိုင်ငံတော်အောက်တွင် ထာဝရအသက်ရနိုင်ရန် လိုအပ်ချက်များကိုလည်း သိနိုင်ကြမည်မဟုတ်ပါ။”
၂ လောက၏ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ အကူအညီပေးသည့်ကဏ္ဍကို နိုဝင်ဘာလအတွင်း ကျွန်ုပ်တို့အထူးအာရုံပြုစေကြမည်ဖြစ်သည်။ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်ကို ကျွန်ုပ်တို့ဝေငှကြမည်။ စိတ်ထားမှန်ရှိသူများသည် သမ္မာကျမ်းစာကိုတန်ဖိုးထားတတ်ရန် ကျွန်ုပ်တို့ဘာပြောဆိုနိုင်သနည်း။
၃ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးနောက် ဤကဲ့သို့ ပြောဆိုနိုင်ပေမည်–
◼ “ကျွန်တော်တို့ရဲ့မိသားစု စည်းလုံးမှုကို ပျောက်လွင့်စေတဲ့ ပြဿနာတွေ ဝိုင်းလည်နေတယ်ဆိုတာကို သဘောတူမယ်ထင်တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လက်တွေ့ကျတဲ့သြဝါဒကို ဘယ်မှာရနိုင်မလဲ။ [ဖြေဆိုပါစေ။] ကျွန်တော်တို့ ဘယ်လိုပျော်ရွှင်နိုင်မယ်ဆိုတာကို ကျမ်းစာကသင်ပေးလို့ အားရစရာဖြစ်တာကို တွေ့ရတယ်။ [လုကာ ၁၁:၂၈ ဖတ်။] ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူတွေဟာ ကျမ်းစာဖတ်ပြီး အဲ့ဒီသြဝါဒအကျိုးကို ခံစားစေဖို့အားပေးကြတာပါ။ ဒီသင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်က ကျမ်းစာလေ့လာဖို့ အကူအညီပေးပါလိမ့်မယ်။ ပြဿနာဖြေရှင်းတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာပြောထားတယ်ဆိုတာကို သတိပြုပါ။ [စာမျက်နှာ ၇၁ အပိုဒ် ၇၊ ၈ ဖတ်] ဒီစာအုပ်ကို ဖတ်ကြည့်ချင်ရင် ကျပ် ၃၀ နဲ့ဝယ်ထားနိုင်ပါတယ်။”
၄ ဤသို့သော လွယ်ကူစွာချဉ်းကပ်နည်းကို သင်အသုံးပြုလိုပေမည်–
◼ “ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ပိုတန်ဖိုးထားတတ်ဖို့ အားပေးချင်တယ်။ သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်းဆိုတဲ့ ဝေစာကိုပေးချင်တယ်။ ပိုကောင်းတဲ့ကမ္ဘာတစ်ခု ဖြစ်လာမှာကို စိတ်ချနိုင်ဖို့ ကျမ်းစာကို ဘာကြောင့်လေ့လာရင်ကောင်းမယ်ဆိုတာ ရှင်းပြထားတယ်။ [စာမျက်နှာ ၆ သို့ဖွင့်၍ နောက်ဆုံးအပိုဒ်နှင့်အတူ ဆာလံ ၃၇:၂၉ ကိုဖတ်ပါ။] ဒီဝေစာကို ဖတ်ထားပါ။ နောက်တစ်ခါပြန်လာတဲ့အခါ ကျမ်းစာထဲမှာပါတဲ့မျှော်လင့်ချက်ကို ခင်ဗျားဘယ်လိုသဘောရတယ်ဆိုတာကို ပြောပြပါ။”
၅ ကျမ်းစာသင်အံမှုစရန် ကြေညာသူအချို့က ဤတိုက်ရိုက်ချဉ်းကပ်နည်းကို အသုံးပြုလိုပေမည်–
◼ “အခမဲ့ အိမ်တွင်းကျမ်းစာသင်တန်းပေးဖို့ လာတာပါ။ ကျမ်းစာဟာ ဘုရားသခင်မှုတ်သွင်းထားတာကြောင့် ကျမ်းစာရဲ့သွန်သင်ချက်တွေဟာ မှန်မှန်ကန်ကန်အသက်ရှင်ဖို့ အကူအညီပေးတယ်။ ကျမ်းစာလေ့လာဖို့ အကူအညီပေးတဲ့ ဒီစာအုပ် (သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း ကိုပြ) ကကျမ်းစာကိုနားလည်ဖို့နဲ့ ခင်ဗျားမိသားစုကို ရွှင်လန်းစေဖို့ ကူညီပေးပါလိမ့်မယ်။ [ဥပမာ၊ (သင့်လျော်သောအပိုဒ်တစ်ခုကိုပြ။) စိတ်ဝင်စားမှုတင်ပြသည့်အလျောက် ကိုးကားထားသည့် ကျမ်းချက်တစ်ခုနှစ်ခုကို ဖွင့်ဖတ်၍ ဆွေးနွေးနေသည့်အချက်ကို ပေါ်လွင်စေပါ။ ကိုးကားထားသည့်ကျမ်းချက်များကို ဖွင့်ဖတ်ခြင်းက နိုင်ငံတော်အားဖြင့် မိသားစုအတွက် ဘုရားသခင်အဘယ်အမှုကို ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်းကို ဖော်ပြမည်ဖြစ်ကြောင်း ရှင်းပြပါ။] ဒီစာအုပ်ကို ကျပ် ၃၀ နဲ့ဝယ်ယူဖတ်ကြည့်နိုင်တယ်။ ဒီနိုင်ငံတော်မျှော်လင့်ချက်ကို ထပ်သိရအောင် ပြန်လာပြောပြချင်တယ်။”
၆ သမ္မာကျမ်းစာသည် ထာဝရအသက်သို့ပို့ဆောင်နိုင်သည့် သမ္မာတရား၏ မူလအမြစ်ဖြစ်သည်။ (ယော. ၁၇:၃၊ ၁၇) သမ္မာကျမ်းစာအသိပညာကို သူတစ်ပါးအား ပြောပြခြင်းသည် ‘လူအပေါင်းတို့အား ကယ်တင်ခြင်းသို့ရောက်’ စေလိုသော ယေဟောဝါ၏အလိုတော်နှင့်တွေ့ပေသည်။—၁ တိ. ၂:၄။