လူမရှိသည့်အိမ်များကို အဘယ်ကြောင့်ရေးမှတ်ထားရခြင်း
၁ တစ်နေ့တွင် သက်သေခံမောင်နှံစုံတစ်စုံသည် လယ်ကွင်းလုပ်ငန်း၌ စောစောထွက်ကြသည်။ နောက်ပိုင်း ထိုနေ့ရက်တွင်ပင် ရပ်ကွက်၌တွေ့ခဲ့သော လူမရှိသည့်အိမ်များထံ သူတို့ပြန်သွားကြသည်။ အမျိုးသားတစ်ဦးက သူတို့အား အိမ်ထဲခေါ်ဖိတ်ပြီး စူးစိုက်နားထောင်ခဲ့သည်။ ထာဝစဉ်အသက်ရှင် စာအုပ်ကိုသူယူထားပြီး သက်သေခံများအား ပြန်လာမည်လောဟုမေးသည်။ သူသည် ယေဟောဝါသက်သေများနှင့် တစ်ခါမျှမကြုံကြိုက်ဖူးခဲ့ကြောင်း၊ သူအဖြေလိုချင်နေသည့် မေးခွန်းများစွာရှိကြောင်းပြောသည်; ကျမ်းစာသင်အံမှု စတင်ခဲ့သည်။ ဤမောင်နှံစုံသည် သိုးကဲ့သို့သောသူတစ်ဦးကို တွေ့ရှိခဲ့ရ၍ အလွန်ဝမ်းသာခဲ့သည်။ ဤသို့သောတွေ့ ကြုံမှုမျိုးကို အသင်ရရှိလိုသလော။ လူမရှိသည့် အိမ်များကိုကောင်းစွာရေးမှတ်ထားပြီး ချက်ချင်းပြန်လည်ပတ်သွားခြင်းဖြင့် ရရှိနိုင်စရာအကြောင်းရှိပါသည်။
၂ လူမရှိသည့် အိမ်များကို တိတိကျကျရေးမှတ်ယူထားပြီး အမြန်ဆုံးပြန်လည်ပတ်သွားရန် ကျွန်ုပ်တို့မကြာခဏတိုက်တွန်းခံခဲ့ရပြီ။ အထက်ပါတွေ့ ကြုံမှု ဖော်ပြသည့်အတိုင်းပင် တစ်နေ့တည်းတွင် ထပ်မံပြန်လည်ပတ်သွားခြင်းမှလည်း အကျိုးများစွာဖြစ်ထွန်းနိုင်သည်။ တာဝန်ကျသောရပ်ကွက်ကို အပြီးအမှုဆောင်ဖို့အတွက် စိတ်ဝင်စားနေမည်ဖြစ်သော်လည်း လူမရှိသည့်အိမ်များကို ရေးမှတ်ထားခြင်းနှင့်ပတ်သက်၍မူကား ဝီရိယစိုက်ထုတ်မှု လျော့နည်းနေမည်။ အချို့က ဤသို့ဆိုသည်– ‘ရပ်ကွက်ကို နှစ်ပတ် သို့မဟုတ် သုံးပတ်တစ်ကြိမ် ပြန်အမှုဆောင်တာပဲ; မကြာခင်ပြန်လာကြမယ်ဆိုတော့ ဒီလိုရေးမှတ်ထားစရာတွေ မလိုပါဘူး။’ သို့သော် ယင်းအတွက် ရေးမှတ်ထားစရာအကြောင်း ပိုများစေသည်။ ရပ်ကွက်ကိုမကြာခဏ အမှုဆောင်ရသည့်နေရာတွင် လူမရှိသည့် အိမ်များထံ ပြန်လည်ပတ်သွားခြင်းက ထိုက်တန်သူများကို စေ့စေ့ငငရှာဖွေနိုင်ပေသည်။ မည်သို့အားဖြင့်နည်း။
၃ ဒေသအများတွင် ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်မကသောအိမ်များတွင် နေ့အခါ လူမရှိကြပါ။ ထို့ကြောင့် လူမရှိသည့်အိမ်များကို အာရုံစူးစိုက်ခြင်းအားဖြင့် ရပ်ကွက်ပိုများလာစေသည်။ တစ်ခါတစ်ရံမှလုပ်သောရပ်ကွက်တွင်ပင် ယင်းရပ်ကွက်၌ အမှုဆောင်ပြီးပြီဟု မသတ်မှတ်မီ လူတိုင်းထံရောက်ရှိရန် အတတ်နိုင်ဆုံးကြိုးစားမည်ဆိုလျှင် အကျိုးပိုများစေပါမည်။
၄ လူမရှိသည့်အိမ်များထံ နောက်တစ်နေ့တွင် ပြန်လည်ပတ်နိုင်ပါသည်။ ဖြစ်နိုင်လျှင် တစ်ပတ်အတွင်း ပြန်လည်ပတ်သွားပါ။ ပထမအကြိမ်လည်ပတ်ခဲ့သည့် နေ့ရက်နှင့်အချိန် မဟုတ်သည့်အခါတွင် ပြန်လည်ပတ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းခဲ့ကြောင်း များစွာသောသူတို့ တွေ့ရှိခဲ့သည်။ ရက်သတ္တပတ်အတွင်း ရေးမှတ်ထားသော လူမရှိသည့် အိမ်များထံ စနေနေ့ သို့မဟုတ် တနင်္ဂနွေနေ့တွင် အချိန်အနည်းငယ်ယူပြီး ပြန်လည်ပတ်သွားလိုပေမည်။ ထို့ပြင် ဤကဲ့သို့သော ပြန်လည်ပတ်မှုများကို ညနေပိုင်းအချိန်တွင် ပြုလုပ်ခြင်းက အကျိုးများစွာရှိခဲ့ကြောင်း အသင်းတော်များစွာသတိပြုမိခဲ့ပြီ။ တစ်ဝက်ကျော်သော အိမ်ရှင်များကို အိမ်တွင်တွေ့ရှိကြရသည်။
၅ ပြန်လည်ပတ်မှုများကို သင့်ကိုယ်ပိုင်မှတ်တမ်းများတွင် ရေးမှတ်သင့်သည်။ လူမရှိသည့်အိမ်များထံ သင်ပြန်မသွားနိုင်လျှင် လူမရှိသည့်အိမ်များနှင့် ပတ်သက်သော သင်၏မှတ်တမ်းကို အုပ်စုကိုကြီးကြပ်သောညီအစ်ကိုအား ပေးသင့်သည်။ ဤသို့အားဖြင့် ထိုရပ်ကွက်သို့ အခြားအုပ်စုတစ်စုသွားသည့်အခါ အသုံးပြုနိုင်ပေမည်။
၆ ကျွန်ုပ်တို့ဓမ္မအမှု၏ ဤကဏ္ဍကို ပိုမိုဂရုစိုက် လုပ်ကိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုနှင့်တကွ ဖြစ်မြောက်အောင်မြင်မှုနှုန်းကိုပင် တိုးပွားစေနိုင်သည်။ သိုးကဲ့သို့သောသူများအား ရှာဖွေပြီး ဂရုစိုက်ရေးကို မိမိစေ့ငစွာဆောင်ရွက်နေကြောင်း သိရှိခြင်းမှ ကျေနပ်မှုခံစားရပေမည်။—ယေဇ. ၃၄:၁၁-၁၄။