ကျမ်းစာသင်အံမှုကို မည်သူလက်ခံနိုင်သနည်း
၁ ပရောဖက်အာမုတ်က ဣသရေလနိုင်ငံတွင် ‘အစာခေါင်းပါး၍မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ယေဟောဝါ၏အမိန့်တော်ကိုမကြားရသောမွတ်သိပ်ခြင်းဘေး’ ကျရောက်မည်ဟုကြေညာခဲ့သည်။ (အာ. ၈:၁၁) ဝိညာဉ်ရေး ဆာလောင်မွတ်သိပ်သူများ၏အကျိုးအတွက် ယေဟောဝါ၏အဖွဲ့အစည်းသည် ကျမ်းစာစာပေ ပမာဏမြောက်မြားစွာကို ကမ္ဘာအနှံ့ဖြန့်ဝေနေပါသည်။
၂ ယခုထိ အသိပညာ စာအုပ်သန်း ၇၀ နှင့် တောင်းဆို ဘရိုရှာ ၉၁ သန်းကိုပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်၏။ သမ္မာတရားကိုသင်ကြားပေးရာတွင် ဤစာပေများ၏ရိုးရှင်းမှုနှင့် ထိရောက်မှုကို ကျွန်ုပ်တို့လေးမြတ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏စာပေကိုလက်ခံခဲ့ကြသည့် ပကတိမြောက်မြားစွာသောလူတို့သည် ကျွန်ုပ်တို့နှင့်အတူ ကျမ်းစာကိုမလေ့လာကြရသေးပေ။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။
၃ ဝေငှမှုတိုင်းသည် အလားအလာရှိသောသင်အံမှုတစ်ခုဖြစ်! တံခါးဝတွင် ပထမဆုံးအကြိမ်စကားပြောခဲ့ရသည့် အမျိုးသမီးတစ်ဦးအား သင်အံမှုကမ်းလှမ်းခဲ့သော ကြေညာသူတစ်ဦး၏တွေ့ ကြုံမှုကို သုံးသပ်ကြည့်ပါ။ ထိုအမျိုးသမီးသည် ချက်ချင်းလက်ခံခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးက ကြေညာသူအား “ကျွန်မနဲ့အတူကျမ်းစာလေ့လာဖို့ ကမ်းလှမ်းခဲ့တဲ့သူတွေထဲမှာ ရှင်ဟာ ပထမဆုံးလူပဲ” ဟုပြောခဲ့သည်။ သင့်ရပ်ကွက်တွင် ကျွန်ုပ်တို့၏စာပေကို လက်ဝယ်ရှိထားနှင့်ပြီးသူ ဘယ်နှစ်ယောက်သည် ထိုသို့ပြောကြမည်နည်း။ ဝေငှမှုတိုင်းသည် ပြန်လည်ပတ်မှုများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုအတွက် အခွင့်အရေးရရှိစေသည်။
၄ ကျွန်ုပ်တို့၏စာပေများရှိထားနှင့်ပြီးသူများနှင့် တွေ့ဆုံရလေ့ရှိသောကြောင့် စာပေများတွင်ပါသည့်အရာများကိုလေ့လာရာတွင် သူတို့၏စိတ်ဝင်စားမှုကို ကျွန်ုပ်တို့မည်သို့နှိုးဆွပေးနိုင်သနည်း။ သက်သေခံတစ်ဦးသည် အိမ်ရှင်တစ်ဦးအား မေးစရာကျမ်းစာမေးခွန်းတစ်ခုခုရှိသလားဟု တိုက်ရိုက်မေးခဲ့သည်၊ သို့သော် “မရှိဘူး” ဟုပြော၏။ ညီအစ်မက “မိတ်ဆွေဆီမှာ မေးစရာအနည်းအကျဉ်းတော့ရှိမှာ သေချာတယ်” ဟူ၍ဆက်ပြောသည်။ အမျိုးသမီးတွင်မေးစရာရှိခဲ့ကာ သင်အံမှုတစ်ခုရရှိခဲ့သည်။ အိမ်ရှင်အား သူနှင့်ပတ်သက်နေသည့်မေးခွန်းတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုအပေါ် သမ္မာကျမ်းစာ၏ရှုထောင့်ကိုသိချင်ပါသလားဟု မေးပါလေ။ သူသည် တစ်စုံတစ်ရာကို မစဉ်းစားနိုင်ပါက စိတ်ဝင်စားစရာမေးခွန်းတစ်ခုထုတ်ရန် ပြင်ဆင်ထားပါ။ ထိုကဲ့သို့သောဆွေးနွေးမှုများသည် အခြေခံကျမ်းစာသမ္မာတရားကို မှန်မှန်လေ့လာရန်အတွက် လမ်းဖွင့်ပေးနိုင်သည်။
၅ ကျမ်းစာသင်အံမှုလုပ်ငန်းသည် ကျွန်ုပ်တို့၏ဓမ္မအမှု၏အဓိကအပိုင်းဖြစ်၏။ ကျွန်ုပ်တို့သည် သင်အံမှုလက်ခံမည့်သူကို မည်သည့်အခါမျှသိမည်မဟုတ်သောကြောင့် သင်နှင့်တွေ့ဆုံသူတိုင်းကို သင်အံမှုကမ်းလှမ်းရန် မတွန့်ဆုတ်ပါနှင့်။ ထိုကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံဆုတောင်းကာ သင့်ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ပါ။ မကြာမီ သင်ကျမ်းစာသင်အံမှု ကမ်းလှမ်းသူတစ်စုံတစ်ဦးသည် ယင်းအားလက်ခံသည်ကို တွေ့ရပေမည်။—၁ ယော. ၅:၁၄၊ ၁၅။