“သင့်တော်မှုရှိမရှိ စမ်းသပ်ခံကြရ”—မည်သို့အားဖြင့်နည်း
၁ ယေဟောဝါ၏အဖွဲ့အစည်းတွင် ဆက်လက်တိုးပွားနေရာ ဓမ္မအမှုထမ်းများအဖြစ်အမှုထမ်းရန် အရည်အချင်းရှိသောညီအစ်ကိုများ အဆက်မပြတ်လိုအပ်နေသည်။ ဆယ်ကျော်သက်များအပါအဝင် ခန့်အပ်မခံရသေးသော ညီအစ်ကိုအများစုသည် အသင်းတော်တွင်အမှုထမ်းရန် ဆန္ဒရှိကြသည်။ သူတို့သည် အပိုအလုပ်ပေးအပ်ခံရသည့်အခါ အသုံးဝင်သူများဖြစ်သည်ဟုခံစားရကာ ပြီးမြောက်စေလိုသည့်သဘောထားရှိကြသည်။ သူတို့၏ထပ်ဆင့်တိုးတက်မှုသည် “သင့်တော်မှုရှိမရှိစမ်းသပ်ခံကြရ” ခြင်းအပေါ်မူတည်သည်။ (၁ တိ. ၃:၁၀၊ ကဘ) ၎င်းသည် မည်သို့ဖြစ်မြောက်နိုင်သနည်း။
၂ အကြီးအကဲများ၏ကဏ္ဍ– ညီအစ်ကိုတစ်ဦးကို ၁ တိမောသေ ၃:၈-၁၃ ပါဓမ္မအမှုထမ်းများအတွက် ကျမ်းဆိုင်ရာအရည်အချင်းများဖြင့် အကဲဖြတ်သကဲ့သို့ အကြီးအကဲများသည် တာဝန်ကိုထမ်းဆောင်ရန် ညီအစ်ကိုတစ်ဦး၏သင့်တော်မှုကို စမ်းသပ်ပါမည်။ သူတို့သည် မဂ္ဂဇင်းနှင့်စာအုပ်စာတမ်းများထုတ်ပေးခြင်း၊ မိုက်ကိုင်ခြင်း၊ နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းခြင်း စသည်တို့နှင့်ဆိုင်သော အကူလုပ်ငန်းများကိုထမ်းရွက်ရန် သူ့အား တာဝန်ပေးပေမည်။ အကြီးအကဲများက ထိုသူသည် တာဝန်များကို မည်သို့တုံ့ပြန်သည်နှင့် မည်သို့ထမ်းဆောင်သည်တို့ကို ဂရုပြုကြည့်ရှုပါမည်။ သူတို့သည် အားထားမှီခိုနိုင်မှု၊ အချိန်တိကျမှု၊ ဝီရိယရှိမှု၊ ကျိုးနွံမှု၊ လိုလိုလားလားရှိသည့်စိတ်ဓာတ်နှင့် အခြားသူများနှင့်သင့်မြတ်စွာနေထိုင်တတ်ခြင်းဟူသော အရည်အသွေးများကို ကြည့်ရှုပါမည်။ (ဖိ. ၂:၂၀) သူသည် ဝတ်စားဆင်ယင်မှုတွင် စံထားလောက်သူလော။ သူသည် တာဝန်သိတတ်သည့်စိတ်ရှိသလော။ “ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ ခြင်းနှင့်တကွ၊ ကောင်းမြတ်သောကျင့်ကြံပြုမူခြင်း” ရှိသည်ကိုအကြီးအကဲများ တွေ့ မြင်လိုပါသည်။ (ယာ. ၃:၁၃) သူသည် အသင်းတော်တွင် အကူအညီပေးရန် အမှန်တကယ်ကြိုးစားတက်လှမ်းနေသလော။ သူသည် လယ်ကွင်းဓမ္မအမှုတွင် ထက်သန်စွာပါဝင်ခြင်းဖြင့် ‘တပည့်ဖြစ်စေကြလော့’ ဟူသောယေရှု၏အမိန့်တော်ကို လုပ်ဆောင်နေသလော။—မ. ၂၈:၁၉; နိုဝင်ဘာ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၉-၂၂ ရှု။
၃ သမ္မာကျမ်းစာက လူတစ်ဦးအတွက် ဓမ္မအမှုထမ်းတစ်ဦးအဖြစ်ခန့်အပ်ခံရဖို့ အနိမ့်ဆုံးအသက်ကို သတ်မှတ်ထားခြင်းမရှိသော်လည်း ထိုသို့သောညီအစ်ကိုများအား “ဓမ္မအမှုကိုထမ်းဆောင်သော အမျိုးသားများ” အဖြစ်ရည်ညွှန်းထားသည်။ အထူးသဖြင့် မယားတစ်ယောက်နှင့် သားသမီးများရှိနိုင်ခြေကို ဖော်ပြထားသောကြောင့် သူတို့အား ဆယ်ကျော်သက်အစောပိုင်းနှင့် အလယ်ပိုင်းအရွယ်ဖြစ်ဖို့ ကျွန်ုပ်တို့မျှော်လင့်ကြမည်မဟုတ်ပါ။ (၁ တိ. ၃:၁၂၊ ၁၃၊ ကဘ) ထိုအမျိုးသားတို့သည် “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်” ကိုအလျှော့မပေးသင့်ဘဲ ဣန္ဒြေသိက္ခာရှိစွာပြုမူကျင့်ကြံကာ ဘုရားသခင်နှင့်လူတို့ရှေ့တွင် ကောင်းသောရပ်တည်မှုနှင့် စင်ကြယ်သောသြတ္တပ္ပစိတ်ရှိသင့်သည်။—၂ တိ. ၂:၂၂။
၄ ပင်ကိုအရည်အသွေးသည် အသုံးဝင်သော်လည်း လူတစ်ဦး၏စိတ်နေသဘောထားသည် အမှန်ပင်အရေးပါသည့်အရာဖြစ်၏။ ညီအစ်ကိုတစ်ဦးသည် ဘုရားသခင်ကိုချီးမွမ်းရန်နှင့် သူ၏ညီအစ်ကိုများ၏အကျိုးကိုသယ်ပိုးရန် နှိမ့်ချစွာဖြင့်ဆန္ဒရှိခြင်းလော။ ထိုသို့ဖြစ်ပါက အသင်းတော်တိုးတက်ရန် သူ၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။