“ရက်ရောပါ၊ ဝေမျှဖို့အသင့်ရှိပါ”
၁ လွန်ခဲ့သည့်ရာစုနှစ်များစွာက တမန်တော်ပေါလုသည် တိမောသေအား “သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ် [“ရက်ရောပါ၊ ဝေမျှဖို့အသင့်ရှိပါ၊” ကဘ] ရှိ” ကြရန် ယုံကြည်သူချင်းတို့ကိုအားပေးဖို့ ညွှန်ကြားခဲ့သည်။ (၁ တိ. ၆:၁၈) ဟေဗြဲခရစ်ယာန်တို့ကိုလည်း “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြ” ရန် ပေါလုနှိုးဆော်ခဲ့သည်။ (ဟေဗြဲ ၁၃:၁၆) ယင်းညွှန်ကြားချက်များကို သူ အဘယ်ကြောင့်ရေးခဲ့ရသနည်း။ “ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှသည် ဘုန်း၊ အသရေ၊ ငြိမ်သက်ခြင်းကို ခံစားရ” မည်ကို သူသိသောကြောင့်ဖြစ်သည်။—ရော. ၂:၁၀၊ သမ္မာ။
၂ မိမိ၏ဖန်ဆင်းရှင်အဖြစ်တော်ကြောင့် ယေဟောဝါဘုရားသခင်သည် အရာခပ်သိမ်းကို ပိုင်တော်မူသောအရှင်ဖြစ်သည်။ (ဗျာ. ၄:၁၁) ကျွန်ုပ်တို့သည် ကိုယ်တော်၏ပိုင်ဆိုင်ရာများနှင့် ကျွန်ုပ်တို့၏အကျိုးအတွက် ကိုယ်တော်လုပ်ဆောင်ပေးရာများကို အမှန်ပင်လေးမြတ်ကြသည်။ လူသားများစွာသည် ကျေးဇူးကန်းသည့်သဘောရှိကြသော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် အသက်ကိုထောက်ပံ့ပေးရန်အတွက် ကိုယ်တော်၏ရက်ရောသော ပြင်ဆင်ပေးမှုများမှ အားလုံးအကျိုးခံစားရရန် ဆက်ခွင့်ပြုတော်မူ၏။ (မ. ၅:၄၅) ကျွန်ုပ်တို့ထာဝရအသက်ရနိုင်ရန် မိမိ၏အချစ်ဆုံးသားတော်ကိုပင် ပူဇော်သကာအဖြစ်ပေးခဲ့သည်။ ကျွန်ုပ်တို့အပေါ်ပြသည့်မေတ္တာက လူသားချင်းတို့ကိုရက်ရောခြင်းအားဖြင့် ကျေးဇူးသိတတ်ကြောင်း သက်သေထူရန် ကျွန်ုပ်တို့ကို တိုက်တွန်းသင့်သည်မဟုတ်လော။—၂ ကော. ၅:၁၄၊ ၁၅။
၃ ကျွန်ုပ်တို့ဝေမျှနိုင်သည့်အရာကား အဘယ်နည်း– ကျွန်ုပ်တို့တွင်ရှိသည့် အဘယ်တန်ဖိုးရှိရာကိုမဆို ဘုရားသခင့်အမြင်တွင်နှစ်သက်ဖွယ်ဖြစ်သည့်နည်းဖြင့် အသုံးပြုခြင်းသည် သင့်လျော်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို ရုပ်ပိုင်းအရနှင့် ဝိညာဉ်ရေးအရ ထောက်ပံ့လိုကြမည်မှာသေချာသည်။ အမှန်မှာ သတင်းကောင်းသည် မည်သူမဆိုပိုင်ဆိုင်နိုင်သည့် တန်ဖိုးအရှိဆုံးရတနာဖြစ်၏၊ အကြောင်းမှာ ယင်းသည် “ကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်” သောကြောင့်တည်း။ (ရော. ၁:၁၆) ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင်ပါဝင်ရန် လစဉ် ကျွန်ုပ်တို့၏အချိန်နှင့် ဥစ္စာအင်ခွင်များကို ရက်ရောစွာအသုံးပြုခြင်းဖြင့် အခြားသူတို့အား ထာဝရအသက်ရစေရန် ဤဝိညာဏရတနာကို ဝေမျှနိုင်ပေမည်။
၄ ငွေကြေးချို့တဲ့သူတို့ကို ကျွန်ုပ်တို့ကူညီသည့်အခါ ယေဟောဝါ အလွန်နှစ်သက်သဘောကျ၏။ ကိုယ်တော်သည် ကောင်းချီးပေးမည်ဟု ကတိပေးသည့်အပြင် ဤသို့လည်းသတိပေးတော်မူသည်– “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။” (သု. ၁၁:၄; ၁၉:၁၇) နိုင်ငံတော်လုပ်ငန်းကို ရုပ်ပိုင်းအရထောက်ပံ့ခြင်းနှင့် သတင်းကောင်းဟောပြောခြင်းတွင် အပြည့်အဝပါဝင်ခြင်းတို့သည် အမှန်တကယ်ရက်ရောပြီး ဝေမျှဖို့အသင့်ရှိကြောင်း ကျွန်ုပ်တို့တင်ပြနိုင်သည့် အလွန်ကောင်းသောနည်းများဖြစ်ကြသည်။