အခြားသူတို့ကို ကောင်းမှုပြုကာ ဝေမျှလော့
၁ ဒေါ်ကာသည် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံ” သည်။ (တ. ၉:၃၆၊ ၃၉) သူ၏ရက်ရောသောစိတ်ဓာတ်ကြောင့် သူ့အား သိရှိသူများရော ယေဟောဝါဘုရားသခင်ပါ သူ့ကိုချစ်မြတ်နိုးကြသည်။ ဟေဗြဲ ၁၃:၁၆ ကဤသို့ဆိုသည်– “ကျေးဇူးပြုခြင်း [“ကောင်းမှုပြုခြင်း၊” ကဘ]၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။” ယနေ့ အခြားသူတို့အား ကောင်းမှုပြုခြင်း၊ ဝေမျှခြင်းအမှုတို့ကို ကျွန်ုပ်တို့ မည်သို့ပြုနိုင်သနည်း။
၂ အခြားသူများအား ကျွန်ုပ်တို့အကျိုးပြုနိုင်သောနည်းတစ်နည်းမှာ ကျွန်ုပ်တို့၏ “အဖိုးထိုက်သောအရာများ” ကို ဝေမျှပေးခြင်းအားဖြင့်ဖြစ်၏။ (သု. ၃:၉၊ ကဘ) ကမ္ဘာချီလုပ်ငန်းအတွက် ကျွန်ုပ်တို့ထည့်ဝင်သောအလှူငွေများက ကမ္ဘာတစ်ဝန်းတွင် နိုင်ငံတော်ခန်းမများ၊ စည်းဝေးပွဲခန်းမများနှင့် ဌာနခွဲအဆောက်အအုံများကို ဆောက်လုပ်နိုင်စေသည်။ ကျွန်ုပ်တို့၏ရက်ရောမှုကြောင့် သန်းနှင့်ချီသောသူတို့သည် သီအိုကရက်တစ်သွန်သင်ချက်နှင့် တည်ဆောက်မှုဖြစ်စေသော ဝိညာဏပေါင်းသင်းမှုတို့မှ အကျိုးရရှိနိုင်ခဲ့ပြီ။
၃ နှစ်သိမ့်မှုပေးပါ– ဘေးဒုက္ခကျရောက်ချိန်တွင် ယေဟောဝါ၏လူမျိုးသည် ယုံကြည်သူချင်းများကိုသာမက ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသူများကိုပါ “ကောင်းမှုပြု” ရန် အသင့်ရှိကြသည်။ (ဂလ. ၆:၁၀၊ ကဘ) ပြင်သစ်နိုင်ငံရှိ ဓာတုဗေဒစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပြီးနောက် ထိုစက်ရုံနားတွင်နေထိုင်သည့် မောင်နှံတစ်စုံက ဤသို့ဆိုသည်– “ကျွန်တော်တို့ရဲ့အခန်းတွေကိုသာမက အဆောက်အအုံမှာရှိတဲ့ တခြားသူတွေရဲ့အခန်းတွေကိုပါ ဝိုင်းကူပြီးသန့်ရှင်းရေးလုပ်ပေးဖို့ ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကိုတွေ ချက်ချင်းရောက်လာကြတယ်။ ဒီလောက်များတဲ့လူတွေ လာပြီးအကူအညီပေးတာကိုတွေ့တော့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေ အရမ်းအံ့သြသွားကြတယ်။” နောက်ညီအစ်မတစ်ဦးက ဤသို့ထပ်ဆင့်ဆိုသည်– “အကြီးအကဲတွေ ကျွန်မတို့ကို လာကူညီပေးကြတယ်။ အားပေးကြတယ်။ တကယ်ဆိုရင် အဲဒါကို ရုပ်ပစ္စည်းအကူအညီထက် ကျွန်မတို့ပိုလိုအပ်ကြတယ်။”
၄ ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ကောင်းမှုပြုနိုင်သည့် နည်းလမ်းများစွာရှိသော်လည်း သူတို့ကိုကူညီပေးနိုင်သည့် အကျိုးအရှိဆုံးနည်းမှာ ယေဟောဝါကိုယ်တော်တိုင် ကတိပြုထားသည့် ‘ထာဝရအသက်မျှော်လင့်ချက်’ ပါဝင်သော အဖိုးထိုက်သည့် သမ္မာတရားအသိပညာကို ဝေမျှပေးခြင်းဖြစ်သည်။ (တိ. ၁:၁-၃) ကမ္ဘာ့အခြေအနေများနှင့် သူတို့ကိုယ်တိုင်၏ အပြစ်ရှိသောအခြေအနေကြောင့် ဝမ်းနည်းပူဆွေးနေသူများကို ကျမ်းစာသတင်းတရားက စစ်မှန်သောနှစ်သိမ့်မှုပေးသည်။ (မ. ၅:၄) ကျွန်ုပ်တို့သည် ထိုသို့လုပ်ဆောင်နိုင်ရန်အခွင့်သာလျှင် အခြားသူတို့အား ကောင်းမှုပြုခြင်း၊ ဝေမျှခြင်းအမှုတို့ကို ပြုလုပ်နိုင်ကြပါစေ။—သု. ၃:၂၇။