များများကြဲခြင်းက ကောင်းချီးများများရစေ
၁ ကျွန်ုပ်တို့အားလုံး ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ကြီးမြတ်သောကတိတော်များပြည့်စုံလာချိန်ကို စောင့်မျှော်ကြသည်။ ယခုတွင်ပင် ယေဟောဝါသည် ကျွန်ုပ်တို့၏အသက်တာကို ထပ်ဆင့်နှစ်ခြိုက်ပျော်ရွှင်စေသည့် ကောင်းချီးများစွာကို ရရှိစေတော်မူသည်။ သို့သော် တစ်ဦးစီ အကျိုးရနိုင်သည့်အတိုင်းအတာသည် ကျွန်ုပ်တို့ကြိုးစားအားထုတ်မှုအပေါ် များစွာမူတည်သည်။ တမန်တော်ပေါလုဆိုသည့်အတိုင်း “များစွာကြဲသောသူသည် များစွာရိတ်ရမည်။” (၂ ကော. ၉:၆) ဤမူနှင့်သက်ဆိုင်သည့် ကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ပါ။
၂ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဓမ္မအမှု– ကျွန်ုပ်တို့သက်သေခံနိုင်သည့်အခါတိုင်း လူတို့အား သတင်းကောင်းဝေငှခြင်းသည် အကျိုးကျေးဇူးများစွာရရှိစေသည်။ (သု. ၃:၂၇၊ ၂၈) များစွာသောသူတို့သည် အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်ခြင်းအပါအဝင် ဓမ္မအမှုတွင် တိုးချဲ့ပါဝင်ခြင်းဖြင့် များများကြဲနေကြသည်မှာ ချီးမွမ်းစရာပင်။ ကျွန်ုပ်တို့အားလုံးသည် တွေ့ရှိခဲ့ရသည့် စိတ်ဝင်စားမှုအားလုံးကို ပြုစုပျိုးထောင်ပေးရန် သိစိတ်ရှိရှိပြန်သွားခြင်းနှင့် အခွင့်အရေးရတိုင်း ကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းတို့ဖြင့် များများကြဲနိုင်ပါသည်။ (ရော. ၁၂:၁၁) ဤနည်းများဖြင့်ကြိုးစားခြင်းသည် အားရှိစရာတွေ့ကြုံမှုများရရှိစေကာ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ရွှင်လန်းမှုတိုးပွားစေသည်။
၃ နိုင်ငံတော်အကျိုးစီးပွားကို ထောက်ပံ့ကူညီခြင်း– ပေါလုသည် ‘များစွာကြဲခြင်း’ ကို ရုပ်ပစ္စည်းပေးကမ်းခြင်းနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (၂ ကော. ၉:၆၊ ၇၊ ၁၁၊ ၁၃) ယနေ့ နိုင်ငံတော်အကျိုးစီးပွားကို ကာယရေးနှင့် ရုပ်ပစ္စည်းအရ ကျွန်ုပ်တို့ထောက်ပံ့ကူညီနိုင်သော နည်းများစွာရှိ၏။ ကျွန်ုပ်တို့သည် နိုင်ငံတော်ခန်းမများနှင့် စည်းဝေးကြီးခန်းမများ ဆောက်လုပ်ရာတွင် ကူညီနိုင်သည်။ ဤစစ်မှန်သောဝတ်ပြုရေးအချက်အချာနေရာများကို သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ရာတွင်လည်း ပါဝင်အသုံးတော်ခံနိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဒေသခံအသင်းတော် ကုန်ကျစရိတ်များအတွက်သာမက ကမ္ဘာချီနိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက်ပါ ငွေကြေးထည့်ဝင်နိုင်သည်။ ကျွန်ုပ်တို့အားလုံး မိမိတို့အပိုင်းကိုလုပ်ဆောင်ကြသည်နှင့်အမျှ ဘုရားသခင်အပ်နှင်းထားသော ဤလုပ်ငန်းအပေါ် ယေဟောဝါကောင်းချီးများစွာ သွန်းလောင်းသည်ကို တွေ့မြင်ရခြင်းသည် အလွန်ဝမ်းသာစရာပင်!—မာလ. ၃:၁၀; လု. ၆:၃၈။
၄ ဘုရားသခင့်နှုတ်ကပါဌ်တော်က “သူတစ်ပါးအားကျေးဇူးပြုရန်၊ ကောင်းမှုများ၌ကြွယ်ဝရန်၊ ရက်ရောကာ ဝေမျှဖို့အသင့်ရှိရန်” ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ ကျွန်ုပ်တို့သည် ထိုသြဝါဒကိုလိုက်လျှောက်ကြသည်နှင့်အမျှ ကြွယ်ဝသောကောင်းချီးများ ယခုခံစားကြရသည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့သည် လာမည့် “အနာဂတ် [နှင့်] စစ်မှန်သောအသက်အတွက် အုတ်မြစ်ကောင်းတစ်ခုကို [မိမိတို့] အတွက် လုံခြုံစွာသိုမှီးထား” ကြသည်။—၁ တိ. ၆:၁၈၊ ၁၉၊ ကဘ။