ဇူလိုင်လအတွင်း အလွတ်သဘောသက်သေခံခြင်း၌ သင်ပါဝင်မည်လော
၁ ကျွန်ုပ်တို့၏နေ့စဉ်ဘဝပုံစံတွင် လူတို့အား ယေဟောဝါအကြောင်းပြောပြရန် မကြာခဏအခွင့်ရသည်။ စည်းကမ်းတကျ တစ်အိမ်မှတစ်အိမ်၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုပြုလုပ်ခြင်းအားဖြင့် သက်သေခံရန် အချိန်သတ်မှတ်ထားကြသည်။ သို့သော် သမ္မာတရားအကြောင်း အလွတ်သဘောဖြင့် လူတို့အားပြောဆိုရသည့်အချိန်အခါများစွာရှိသည်။ ယင်းသို့ဟောပြောခြင်းမျိုးကို အလွတ်သဘောသက်သေခံခြင်းဟု ခေါ်ဆိုကြသည်။
၂ ဤသို့သက်သေခံခြင်းငှာ အခွင့်အရေးများစွာကြုံသော ကြေညာသူအချို့ရှိသည်။ စည်းဝေးပွဲကြီးများအသွားအလာ၊ အားလပ်ချိန်ယူသည့်အခါ၊ ဆွေမျိုးများထံလည်ပတ်သည့်အခါ၊ ကျောင်း၊ အလုပ်၊ ဈေးသွားသည့်အခါ အခွင့်ကောင်းများကိုမြင်တတ်ရန် ကြိုးစားသင့်သည်။ ဤအချိန်အတောအတွင်း အလွတ်သဘောသက်သေခံရန်ခွင့်ရေးများကို ယူကြမည်လော။
၃ ကြိုတင်စီစဉ်ထားပါ။ ပြင်ဆင်မှုနှင့် ကြိုတင်ကြံဆထားခြင်းဖြင့် ထိရောက်စွာအလွတ်သဘောသက်သေခံနိုင်လိမ့်မည်။ ဤကိစ္စတွင် အထောက်အကူပြုသော စာပေမြောက်မြားစွာရှိသည်။ ကင်းမျှော်စင် နှင့် နိုးလော့ အပြင် စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် စဉ်းစားစရာအချက်များကိုဖော်ပြသော ဝေစာများစွာရှိပါသည်။ နောက်ခံအသီးသီး၊ ဘာသာအမျိုးမျိုးမှလူတို့ စိတ်ဝင်စားမည့် ဘရိုရှာများလည်းရှိသည်။ နောက်ဆုံးစိတ်ဝင်စားရာတို့နှင့်ပတ်သက်သည့် အိတ်ဆောင်စာအုပ်များလည်းရှိသည်။ အဘယ်စာပေကို အသင်အသုံးပြုချင်ဆုံးဖြစ်သနည်း။ မိသားစုလိုက် ယင်းကိုဆွေးနွေးကြပါ။ ထိုနောက် အခွင့်အရေးကောင်းပေါ်လာသည့်အခါ ဘာပြောဆိုမည်ကို လေ့ကျင့်ထားပါ။
၄ အားလပ်ချိန်ခရီးထွက်သည့်အခါ။ အလွတ်သဘောသက်သေခံနိုင်သည့် အကောင်းဆုံးအချိန်သည် အားလပ်ချိန်ခရီးထွက်စဉ်ဖြစ်သည်။ လေယာဉ်၊ ရထား သို့မဟုတ် ကားဖြင့်ခရီးထွက်ရန်ကြံစည်နေသလော။ ထိုသို့ဆိုလျှင် ကျမ်းစာနှင့်အဆိုပါစာပေအချို့ကို ယူဆောင်သွားပါ။ လူထုပို့ဆောင်ရေးတစ်မျိုးမျိုးကို အသုံးပြုသည့်အခါ ယင်းစာပေများကိုဖတ်ရှုခြင်းသည် အပြန်အလှန်စကားပြောစရာအကြောင်း ပေါ်ပေါက်စေသည်။ ကိုယ်ပိုင်ကားဖြင့်ခရီးထွက်မည်ဆိုလျှင် ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်တွင် ဘာပြောဆိုမည်အကြောင်း စဉ်းစားထားပါ။ ဤအချိန်အခါမျိုးတွင် ဝေစာများအသင့်ထားပြီး စိတ်ဝင်စားသူတို့အား ပေးကမ်းနိုင်သည်။ ကား၊ ရထား၊ သင်္ဘောခရီးစဉ်တွင် ရှုခင်းသာတစ်ခုကိုမြင်ခဲ့သော် ဤသို့တစ်ဦးတစ်ယောက်ကို မေးမြန်းနိုင်သည်။ “တစ်ကမ္ဘာလုံး ဒီလိုပုံစံမျိုးဆိုယင် မကောင်းဘူးလား။” သာယာသောကမ်းခြေ သို့မဟုတ် ပန်းခြံတွင်ရှိနေလျှင်လည်း ဤသို့ပင်စကားချီးစနိုင်သည်။
၅ မိုးရာသီ။ မိုးဥတုတွင် အလွတ်သဘောသက်သေခံရန် အခွင့်ကောင်းများကို လက်မလွတ်သွားပါစေနှင့်။ ဥပမာ၊ ကျောင်းတွင်လည်းကောင်း၊ အလုပ်ခွင်တွင်လည်းကောင်း နားချိန်တွင် ဝေစာများအသုံးပြုနိုင်ပါသည်။ မိုးသည်းထန်လွန်းသဖြင့် အမှုဆောင်မထွက်နိုင်ပါက ဖုန်းရှိလျှင်ဘုရားသခင့်နိုင်ငံတော်သတင်းကို ဖုန်းဖြင့်ဟောပြောခြင်းသည် ပညာရှိရာရောက်သည်။ ဖုန်းမရှိသည့်တိုင် မိတ်ဆွေများအား ကမ္ဘာသစ်အကြောင်း စာရေးဖော်ပြခြင်းဖြင့် အချိန်ကိုပညာရှိရှိအသုံးပြုရာကျမည်။ သို့သော်ရှေ့ဆောင်များ၊ အခြားသူများ မိုးရာသီအတွင်း၌ပင် အမှုဆောင်ထွက်ကြပါသည်။ ဘုရားသခင့်လုပ်ငန်းတော်ဆောင်ရွက်ခြင်းကို မိုးကဤသူများအား မတားဆီးပါ။ သို့သော်မိုးသည်းထန်လွန်းသဖြင့် လုံးဝမထွက်နိုင်သည့်အချိန်အခါရှိနိုင်သည်။ ဤသို့သောအခါတွင် အလွတ်သဘောသက်သေခံခြင်းအားဖြင့် အချိန်ကိုပညာရှိရှိအသုံးပြုပါ။
၆ အလွတ်သဘောသက်သေခံရန်အခွင့်အရေးများကို ဘယ်သောအခါမျှ လျစ်လျူမရှုကြနှင့်။ ဤဟောပြောနည်းသည် အကျိုးများစွာဖြစ်ထွန်းပါသည်။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ဤလုပ်ငန်း၌ပါဝင်သင့်သည်။ ယေရှုနည်းတူပင် သင့်လျော်သည့်အခွင့်အခါကြုံတိုင်း လူလူချင်းကိုချစ်ခင်သည့်အတွက် ဟောပြောရန်တိုက်တွန်းခံကြစို့။—မ၊ ၅:၁၄-၁၆။