လန်းဆန်းမှုဖြစ်စေသောတေးဂီတ
၁ သီဆိုခြင်းနှင့် တေးဂီတသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်၏။ ရှေးဣသရေလနိုင်ငံတွင်အာသပ်နှင့် သူ၏ညီအစ်ကိုများက ဤသို့သီဆိုခဲ့၏– “ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ... ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကိုဆို [သီဖွဲ့၊ ကဘ] ကြလော့။ အံ့ဖွယ်သောအမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။” (၅ ရာ. ၁၆:၈၊ ၉) ယနေ့ ကျွန်ုပ်တို့သည် ပတ်စဉ် အသင်းတော်အစည်းအဝေးများတွင် ယေဟောဝါအား ကျူးဧသီဆိုကြသည်။ (ဧ. ၅:၁၉) ကိုယ်တော်၏နာမတော်ကို ဤသို့ချီးမွမ်းထောမနာပြုရခြင်းသည် အံ့ဖွယ်အခွင့်ထူးပါတကား!—ဆာ. ၆၉:၃၀။
၂ နိုင်ငံတော်သီချင်းများကို သံစုံတီးမှုတ်စီစဉ်ထားသော နိုင်ငံတော်တေးသံသာများ နားထောင်ခြင်းသည် ကျွန်ုပ်တို့၏စိတ်တွင် ဝိညာဉ်ရေးဆိုင်ရာ တွေးတောမှုများနှင့် ပြည့်နေစေနိုင်သည်။ “တေးသံသာများကိုဖွင့်နားထောင်တဲ့အခါကျွန်မရဲ့စိတ်ထဲမှာသီချင်းစာသားတွေကို ပြန်အမှတ်ရလာတယ်။ တေးသံနားထောင်နေချိန်မှာ ယေဟောဝါအကြောင်း တွေးတောနေစေဖို့ တကယ့်နည်းကောင်းတစ်ခုပါပဲ!” ဟု ညီအစ်မတစ်ဦးက ရှင်းပြခဲ့သည်။—ဖိ. ၄:၈။
၃ တေးသံသာနားထောင်ရန် အခါသမယများ– အိမ်တွင် နိုင်ငံတော်တေးသံသာများဖွင့်နားထောင်ခြင်းသည် မိသားစုငြိမ်သက်မှုကို ဖြည့်ဆည်းပေးသည့် နွေးထွေးသောဝိညာဏဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်။ “ကျွန်တော်တို့ရဲ့အိမ်နဲ့ ကားထဲမှာ ဒီ [တေးသံ] ကို ထပ်တလဲလဲဖွင့်နားထောင်ကြတယ်၊စိတ်ဝင်စားစရာဖြစ်အောင်အမျိုးစုံ စီစဉ်ပေးထားတဲ့အတွက်ကြောင့် နားထောင်ရတာ ဘယ်တော့မှမငြီးငွေ့ခဲ့ဘူး။ အများအားဖြင့် နိုင်ငံတော်တေးသံသာများဟာ ခရစ်ယာန်အစည်းအဝေးတွေအတွက် အသင့်ဖြစ်နေချိန်မှာ ဒါမှမဟုတ် စည်းဝေးပွဲတစ်ခုကို သွားနေချိန်မှာ ငြိမ်သက်အေးဆေးတဲ့ စိတ်နေသဘောထားကို ရရှိစေပါတယ်” ဟုမိသားစုတစ်စုက ရေးသားခဲ့သည်။ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မ အိမ်မှုကိစ္စတွေလုပ်နေရင်း တေးသံနားထောင်ရတာ တကယ့်ကို စိတ်အားတက်စေတယ်—အဝတ်အစားတွေခေါက်နေရင်း ကျွန်မပျော်ရွှင်နေမယ်လို့ ဘယ်သူကထင်မှာလဲ။ ကျွန်မစိတ်ဓာတ်ကျတဲ့အခါ ဒီတေးသံကို ဖွင့်နားထောင်ဖို့ စိတ်ကူးထားတယ်။ တေးသံဟာ တကယ့်ကို မြူးကြွလန်းဆန်းစေတယ်! ... သီချင်းတိုင်းဟာ ပျော်ရွှင်စေတယ်။” ထိုသို့သော လန်းဆန်းမှုဖြစ်စေသည့်တေးဂီတက သင့်ကို အကျိုးပြုသည့်အခါသမယများ ရှိပါသလော။
၄ ယနေ့တေးဂီတများစွာသည်လောကစိတ်ဓာတ်ကိုထင်ဟပ်ပြ၏။မိဘတို့သည် နိုင်ငံတော်တေးသံသာတိပ်ခွေများကို ကောင်းစွာ အသုံးပြုခြင်းဖြင့် အကျိုးပြုသည့်တေးဂီတကို အရသာတွေ့လာစေရန် မိမိတို့၏သားသမီးများအား ကူညီပေးနိုင်သည်။ ကျမ်းစာသင်သားများနှင့် စိတ်ဝင်စားသူများစွာတို့လည်း ယေဟောဝါကို ဂုဏ်တင်ကာ စိတ်ဓာတ်ကိုမြှင့်တင်ပေးသည့် ဤနှစ်လိုဖွယ် ဝိညာဉ်ရေးသီချင်းများအကြောင်းသိရလျှင် ဝမ်းသာကြမည်ဖြစ်သည်။—ဆာ. ၄၇:၁၊ ၂၊ ၆၊ ၇။