သတိရအောက်မေ့ပွဲဖိတ်စာများကို ကမ္ဘာတစ်ဝန်းတွင် ဝေငှကြမည်
၁။ သတိရအောက်မေ့ပွဲမတိုင်မီ အဘယ် အထူးကမ္ဘာချီကင်ပိန်းကို စီစဉ်ထားသနည်း။
၁ “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့။” (လု. ၂၂:၁၉) ယေရှု၏ဤမိန့်မှာချက်ကို နာခံသည့်အနေနှင့် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် ၂၀၁၀၊ မတ် ၃၀ ရက်တွင် ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို ကျင်းပရန် စိတ်ဝင်စားသူများနှင့်အတူ စုဝေးကြပါလိမ့်မည်။ သတိရအောက်မေ့ပွဲ အထူးဖိတ်စာကို မတ်လ ၁၃ ရက်မှ ၃၀ ရက်အထိ ကမ္ဘာတစ်ဝန်းတွင် ဝေငှကြမည်။
၂။ ဖိတ်စာကို ကျွန်ုပ်တို့ မည်သို့ဝေငှနိုင်သနည်း။
၂ ဖိတ်စာဝေငှနိုင်ပုံ– မျက်နှာဖုံးမှပုံကို အိမ်ရှင်တွေ့မြင်နိုင်ရန် ဖိတ်စာကို အိမ်ရှင်အားကမ်းပေးကာ ဤသို့ပြောပါ– “မတ်လ ၃၀ ရက်ညနေပိုင်းမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သန်းနဲ့ချီတဲ့သူတွေက ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲ ကျင်းပဖို့ စုရုံးကြမှာဖြစ်တယ်။ ဒီပွဲကို တက်ရောက်ဖို့အတွက် မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ မိသားစုကို ဖိတ်ခေါ်ပါတယ်။ မိတ်ဆွေတွေကိုလည်း ခေါ်လာနိုင်ပါတယ်။ ကျင်းပမယ့်အချိန်နဲ့နေရာကို ကျေးဇူးပြုပြီး သတိပြုပါ။” အခြေအနေပေါ်မူတည်၍ ကျမ်းစာမိန့်ဆိုချက်ကိုပြရန် လုကာ ၂၂:၁၉ ကိုဖတ်ဖို့ သင်ရွေးချယ်ပေမည်။ သို့သော် ရပ်ကွက်ကိုပြီးစီးရန် အချိန်အကန့်အသတ်သာရှိသောကြောင့် အတိုချုပ်တင်ဆက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း စိတ်စွဲမှတ်ထားပါ။
၃။ မည်သူတို့ကို ကျွန်ုပ်တို့ ဖိတ်နိုင်သနည်း။
၃ သင့်အသင်းတော်သည် ကြီးမားသောရပ်ကွက်ဖြစ်မည်ဆိုလျှင် ဦးဆုံးအကြိမ် သင်သွားသောအခါ လူမရှိသည့်အိမ်များတွင် ဖိတ်စာကိုထားခဲ့ရန် အကြီးအကဲများက ညွှန်ကြားပေမည်။ သင့်တော်မည်ဆိုလျှင် ဖိတ်စာအပြင် မဂ္ဂဇင်းများကိုလည်း ဝေငှပါ။ ပြန်လည်ပတ်မှုများ၊ ကျမ်းစာသင်အံမှုများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် အခြားအသိအကျွမ်းများကို ဖိတ်ခေါ်ကြောင်း သေချာစေပါ။
၄။ ရွေးနုတ်ဖိုးကိုပြင်ဆင်ပေးသည့် ယေဟောဝါ၏မေတ္တာကို ကျေးဇူးတင်လေးမြတ်ခြင်းက အဘယ်အရာပြုလုပ်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်မည်နည်း။
၄ အပြည့်အဝပါဝင်ရန် ကြိုတင်ပြင်ဆင်ပါ– အောက်မေ့ရာပွဲရာသီသည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကို တိုးချဲ့ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။ အရန်ရှေ့ဆောင်လုပ်ရန် သင်၏အချိန်ဇယားကို ပြုပြင်ပြောင်းလဲနိုင်သလော။ သင်၌ အမှန်တရားတွင် ကောင်းစွာတိုးတက်နေသော ကျမ်းစာသင်သားများ သို့မဟုတ် သားသမီးများ ရှိပါသလော။ ရှိသည်ဆိုလျှင် လူသစ်များသည် နှစ်ခြင်းမခံရသေးသော ကြေညာသူအနေနှင့် ဤအထူးကင်ပိန်းတွင်ပါဝင်ရန် အရည်အချင်းပြည့်မီမမီသိနိုင်ဖို့ အကြီးအကဲများထံ ချဉ်းကပ်ပါ။ ရွေးနုတ်ဖိုးကိုပြင်ဆင်ပေးသည့် ယေဟောဝါ၏မေတ္တာကို ကျေးဇူးတင်လေးမြတ်ခြင်းက သတိရအောက်မေ့ပွဲကို ကျွန်ုပ်တို့ကိုယ်တိုင် တက်ရောက်ဖို့သာမက များနိုင်သမျှလူများများကို ကျွန်ုပ်တို့နှင့်အတူ တက်ရောက်ရန်ဖိတ်ခေါ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မည်။—ယော. ၃:၁၆။