အောက်မေ့ရာပွဲဖိတ်စာတွေကို ဧပြီ ၂ ရက်မှာ စဝေမယ်
၁။ ဒီနှစ် အောက်မေ့ရာပွဲဖိတ်စာတွေကို ဘယ်နေ့တွေမှာ ဝေကြမလဲ၊ နှစ်စဉ်ပြုလုပ်တဲ့ ဒီကင်ပိန်းရဲ့ အကျိုးကျေးဇူးကို ပြောပြပါ။
၁ နှစ်တစ်နှစ်ရဲ့ အရေးအကြီးဆုံးအခါသမယဖြစ်တဲ့ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲ ဖိတ်စာတွေကို ဧပြီ ၂ ရက်ကနေ ၁၇ ရက်အထိ ဝေကြမယ်။ နှစ်စဉ်ပြုလုပ်ခဲ့တဲ့ ဒီကင်ပိန်းကို စိတ်ဝင်စားသူများစွာ တုံ့ပြန်ခဲ့ကြတယ်။ ဥပမာ၊ အောက်မေ့ရာပွဲနေ့မှာ အမျိုးသမီးတစ်ဦးက ဌာနခွဲရုံးကိုဖုန်းဆက်ပြီး ဒီလိုပြောခဲ့တယ်– “ကျွန်မအခုလေးတင် အိမ်ပြန်ရောက်တယ်၊ တံခါးအောက်မှာ ဖိတ်စာတစ်စောင်တွေ့လို့ ဖုန်းဆက်လိုက်တာပါ။ ကျွန်မလာချင်တယ်၊ ဒါပေမဲ့ ဘယ်အချိန်လဲဆိုတာမသိဘူး။” ညီအစ်ကိုက ဖိတ်စာရဲ့ဘယ်နေရာမှာအချိန်ပါတယ်ဆိုတာ ပြောပြလိုက်တယ်။ “ဒီည အဲဒီပွဲကို ကျွန်မ သွားဖြစ်အောင်သွားမယ်” လို့ပြောပြီးဖုန်းချသွားတယ်။
၂။ ဖိတ်စာဝေတဲ့အခါ ဘယ်တင်ဆက်နည်းကို သုံးနိုင်သလဲ။
၂ ဝေငှနိုင်ပုံ– ရပ်ကွက်တစ်ခုလုံးကို ပြီးစီးနိုင်ဖို့ အချိန်အကန့်အသတ်ပဲရှိတဲ့အတွက် အတိုချုပ်တင်ဆက်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ဒီလိုပြောနိုင်ပါတယ်– “မင်္ဂလာပါ။ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကျင်းပတဲ့ အရေးကြီးတဲ့ပွဲတော်တစ်ခုကို တက်ရောက်ဖို့ ဒီကမိသားစုကို ဖိတ်ချင်ပါတယ်။ [ဖိတ်စာကို အိမ်ရှင်ထံကမ်းပေးပါ။] ဒီနှစ်တော့ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့မှာကျတယ်။ အဲဒီနေ့က ယေရှုရဲ့သေခြင်းနှစ်ပတ်လည်နေ့ဖြစ်တယ်။ ခရစ်တော်ရဲ့သေခြင်းကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးကျေးဇူးခံစားရတယ်ဆိုတာ ရှင်းပြတဲ့ ကျမ်းစာဟောပြောချက်ကို အခမဲ့ဟောပြောမှာဖြစ်တယ်။ ဒီဖိတ်စာမှာ ဒီပွဲကျင်းပမယ့် အချိန်နဲ့နေရာကို ဖော်ပြထားတယ်။”
၃။ များနိုင်သမျှလူများများကို ဘယ်လိုဖိတ်နိုင်သလဲ။
၃ အသင်းတော်ရပ်ကွက်က အရမ်းကျယ်မယ်ဆိုရင် လူမရှိတဲ့အိမ်တွေမှာ တခြားသူတွေမမြင်သာတဲ့နေရာမှာ ဖိတ်စာကိုထားခဲ့ဖို့ အကြီးအကဲတွေ ညွှန်ကြားနိုင်တယ်။ ပြန်လည်ပတ်မှုတွေ၊ ဆွေမျိုးသားချင်းတွေ၊ အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေနဲ့ တခြားအသိအကျွမ်းတွေကိုဖိတ်ဖို့ မမေ့ပါနဲ့။ စနေ/တနင်္ဂနွေနေ့တွေမှာ ဖိတ်စာကိုဝေတဲ့အခါ ဖြစ်နိုင်တဲ့အခါတိုင်း မဂ္ဂဇင်းတွေကိုလည်းဝေပါ။ ပျော်ရွှင်စရာကောင်းတဲ့ ဒီကင်ပိန်းမှာ ပိုပါဝင်နိုင်ဖို့ ဧပြီလအတွင်း သင် အရန်ရှေ့ဆောင်လုပ်နိုင်မလား။
၄။ ကျွန်ုပ်တို့ ဘာကြောင့် စိတ်ဝင်စားသူတွေကို အောက်မေ့ရာပွဲ တက်ရောက်စေလိုသလဲ။
၄ စိတ်ဝင်စားတဲ့တက်ရောက်သူတွေက တကယ်ကောင်းတဲ့ ဟောပြောချက်တစ်ခုကို ကြားရမယ်။ ရွေးနုတ်ဖိုးကိုပြင်ဆင်ပေးတဲ့ ယေဟောဝါရဲ့ကြီးမားတဲ့မေတ္တာအကြောင်းကို ကြားရပါလိမ့်မယ်။ (ယော. ၃:၁၆) ဘုရားသခင့်နိုင်ငံတော်က လူသားတွေကို ဘယ်လိုအကျိုးပြုမယ်ဆိုတာ သိရမယ်။ (ဟေရှာ. ၆၅:၂၁-၂၃) တက်ရောက်သူတွေက ပိုသိချင်တယ်ဆိုရင် ကျမ်းစာလေ့လာလိုတဲ့အကြောင်း ဧည့်ကြိုတွေကိုပြောပြနိုင်တယ်ဆိုတာကိုလည်း ကြားရမှာဖြစ်တယ်။ စိတ်နှလုံးရိုးဖြောင့်သူတွေ ဒီကင်ပိန်းကိုတုံ့ပြန်ပြီး ကျွန်ုပ်တို့နဲ့အတူ အောက်မေ့ရာပွဲတက်ရောက်ဖို့ ဆုတောင်းပါတယ်။