ကျမ်းစာသင်အံမှုစစေနိုင်မယ့် ဆောင်းပါးတွဲအသစ်
၁။ လူထုကင်းမျှော်စင်မှာ ဘာဆောင်းပါးတွဲအသစ် ပါလာမလဲ၊ ဒါကို ဘာအတွက် ရည်ရွယ်ထားသလဲ။
၁ နောက်လကစပြီး လူထုကင်းမျှော်စင်မှာ ကျမ်းစာသင်အံမှုများစတင်ဖို့ အကူအညီဖြစ်စေမယ့် ဆောင်းပါးတွဲအသစ် ပါလာပါလိမ့်မယ်။ ခေါင်းစဉ်က “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ဖြစ်ပါတယ်။ ရပ်ကွက်မှာရှိတဲ့သူတွေက ဒီဆောင်းပါးတွေကို ဖတ်ရှုရတာနှစ်သက်မှာသေချာပေမဲ့ အမှန်တော့ ဒါဟာ ဆွေးနွေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်။
၂။ ဒီဆောင်းပါးတွေမှာ ဘာတွေပါဝင်လဲ။
၂ ပါဝင်ရာများ– ဆွေးနွေးနေစဉ်အိမ်ရှင်ကိုမေးရမယ့် မေးခွန်းပုံစံနဲ့ ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်တွေကို ရေးသားထားပါတယ်။ အဓိကကျမ်းချက်တွေကို မကိုးကားထားဘဲ ညွှန်းထားပါတယ်၊ ဒါမှ အိမ်ရှင်အနေနဲ့ ကျမ်းစာအုပ်ရဲ့စာသားတွေကနေ တိုက်ရိုက်သင်ယူနိုင်မှာဖြစ်တယ်။ စာပိုဒ်တွေကတိုတဲ့အတွက် အိမ်တံခါးဝမှာတင် သုံးသပ်နိုင်ပါတယ်။ ဆောင်းပါးတစ်ခုစီက သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုညွှန်းထားတဲ့အတွက် သင့်တော်တဲ့အခါ အဲဒီစာအုပ်ကိုပြောင်းပြီးလေ့လာဖို့ ကူညီပေးတယ်။
၃။ တစ်အိမ်မှတစ်အိမ်သွားစဉ် အိမ်တံခါးဝမှာ ကျမ်းစာသင်အံမှုစတင်နိုင်ဖို့ ဒီဆောင်းပါးတွဲကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၃ အသုံးပြုပုံ– မဂ္ဂဇင်းကိုဝေငှတဲ့အခါ ဆောင်းပါးရဲ့ယေဘုယျအကြောင်းအရာကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးမယ့်မေးခွန်း မေးနိုင်တယ်။ ဥပမာ ဇန်နဝါရီ ၁ ရက်ထုတ်စာစောင်က ကျမ်းစာရဲ့တန်ဖိုးအကြောင်း ဆွေးနွေးထားတယ်။ သင်ဒီလိုမေးနိုင်တယ်– “ကျမ်းစာကို ဘုရားသခင့်စကားတော်အဖြစ် ယူဆသလား ဒါမှမဟုတ် စာအုပ်ကောင်းတစ်အုပ်လို့ပဲ ယူဆသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အချက်ကို ပြောပြချင်တယ်။” ပထမမေးခွန်းကို ပြပါ၊ ပထမစာပိုဒ်ကို ဖတ်ပါ၊ ညွှန်းထားတဲ့ကျမ်းချက်ကို ဖွင့်ကြည့်ပါ။ မေးခွန်းကို နောက်တစ်ခေါက်ဖတ်ပြီး အိမ်ရှင်ရဲ့ထင်မြင်ချက်ကို မေးပါ။ နံပါတ်တပ်ထားတဲ့မေးခွန်းတွေကို ဆွေးနွေးမယ့်အချက်တွေအဖြစ်သုံးပြီး သင့်တော်သလောက် အကြောင်းအရာကိုသုံးသပ်သွားပါ။ ထွက်ခွာမသွားခင်မှာ နောက်မေးခွန်းကိုအာရုံစိုက်စေပြီး ဒါကို ပြန်လာဆွေးနွေးဖို့ သေချာစီစဉ်ပါ။ နောက်စာစောင် သွားမပေးခင်အထိ ဆောင်းပါးပါနောက်အကြောင်းအရာတွေကို အပတ်တိုင်း ပြန်သွားဆွေးနွေးပါ။ လုပ်နိုင်တာနောက်တစ်ခုက တိုက်ရိုက်ချဉ်းကပ်နည်းကိုသုံးပြီး အိမ်ရှင်ကို ကျမ်းစာသင်အံမှုကမ်းလှမ်းဖို့သာဖြစ်တယ်။ အဲဒီနောက် သင်အံမှုကိုသရုပ်ပြဖို့ မဂ္ဂဇင်းပါဆောင်းပါးကိုသုံးပါ။
၄။ ပြန်လည်ပတ်မှုပြုလုပ်ရာမှာ ဒီဆောင်းပါးတွေကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၄ သင့်မဂ္ဂဇင်းလမ်းကြောင်းတွေနဲ့ တခြားလည်ပတ်မှုတွေမှာလည်း ဒီဆောင်းပါးတွဲအသစ်ကို ထိရောက်စွာအသုံးပြုနိုင်ပါတယ်။ ရိုးရိုးလေးဒီလိုပြောနိုင်တယ်– “ကင်းမျှော်စင်မှာ အသွင်သစ်တစ်ခုပါလာတယ်။ ဒါကို ဘယ်လိုသုံးသလဲဆိုတာ ပြချင်ပါတယ်။” ဒီဆောင်းပါးတွဲအသစ်က နောက်ထပ်လူပေါင်းများစွာကို “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်” အကူအညီဖြစ်စေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၁ တိ. ၂:၄။