ကြေညာသူများရဲ့ မေးခွန်း
◼ တိုင်းတစ်ပါးကသူစိမ်းတွေကိုအင်တာနက်သုံးပြီး သက်သေခံနိုင်သလား၊ သင်အံမှုပြုလုပ်နိုင်သလား။
ညီအစ်ကိုညီအစ်မတချို့က အင်တာနက်သုံးပြီး ကျွန်ုပ်တို့ရဲ့လုပ်ငန်းကို ကန့်သတ်ထားတဲ့ ဒါမှမဟုတ် ကြေညာသူအနည်းငယ်ပဲရှိတဲ့ နိုင်ငံတွေမှာ ကျမ်းစာသင်အံမှု ရှာကြတယ်။ ကျမ်းစာသင်အံမှုရသွားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူစိမ်းတွေနဲ့ အီးမေးလ် အပြန်အလှန်ပို့တာ၊ အင်တာနက်စကားဝိုင်း (chat room) ဖွဲ့တာတွေက အန္တရာယ်ရှိပါတယ်။ (၂၀၀၇၊ ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၃ ကိုကြည့်ပါ။) စိတ်နှလုံးရိုးဖြောင့်သူတွေကို နိုင်ငံတော်သတင်း ဟောပြောဖို့ အင်တာနက်ကိုအသုံးပြုနေရင်း မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ဆက်သွယ်မိနိုင်တယ်။ အဲဒီထဲမှာ အယူဖောက်ပြန်သူတွေလည်း ပါနိုင်တယ်။ (၁ ကော. ၁:၁၉-၂၅; ကော. ၂:၈) ဒါ့အပြင် နိုင်ငံတော်လုပ်ငန်းကို ကန့်သတ်ထားတဲ့ ဒါမှမဟုတ် ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ အာဏာပိုင်တွေက အီးမေးလ်တွေကို ကြားဖြတ်စစ်ဆေးတတ်တာကြောင့် ဒေသခံညီအစ်ကိုညီအစ်မတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် တိုင်းတစ်ပါးကသူစိမ်းတွေကို သတင်းကောင်းဟောပြောဖို့ အင်တာနက်ကို အသုံးမပြုသင့်ပါဘူး။
ကျွန်ုပ်တို့ အလွတ်သဘောသက်သေခံလိုက်တဲ့ တိုင်းတစ်ပါးဧည့်သည်က သူ့နိုင်ငံကို ပြန်သွားပြီးနောက် သူ့ရဲ့စိတ်ဝင်စားမှု မပျောက်သွားအောင် ဌာနခွဲရုံးရဲ့ ညွှန့်ကြားချက်မရှိဘဲ သူနဲ့မဆက်သွယ်သင့်ပါဘူး။ အဲဒီအစား jw.org ဝက်ဘ်ဆိုဒ်ကို ဘယ်လိုအသုံးပြုနိုင်သလဲ ဒါမှမဟုတ် သူ့ဒေသက ဌာနခွဲရုံးနဲ့ ဘယ်လိုဆက်သွယ်နိုင်မလဲဆိုတာ ရှင်းပြပေးလိုက်ပါ။ ဒါ့အပြင် သူ့အိမ်နဲ့နီးတဲ့ နိုင်ငံတော်ခန်းမကို သွားလည်ပတ်ဖို့လည်း အားပေးနိုင်တယ်။ တချို့နိုင်ငံတွေမှာတော့ နိုင်ငံတော်ခန်းမ မရှိပါဘူး။ အဲဒီအခါ သူ့ဒေသက သက်သေခံတွေ သူ့ဆီ လာလည်စေချင်တယ်ဆိုရင် ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ဖောင်ကိုဖြည့်ပြီး အတွင်းရေးမှူးကိုပေးပါ။ ဒါမှ အတွင်းရေးမှူးက jw.org ကိုအသုံးပြုပြီး ရှေ့ဆက်လုပ်ဆောင်သွားပါလိမ့်မယ်။ စိတ်ဝင်စားသူရဲ့ နိုင်ငံမှာရှိတဲ့ ဌာနခွဲရုံးက အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး သူ့ကို အကောင်းဆုံးကူညီပေးနိုင်အောင် လုပ်ဆောင်သွားပါလိမ့်မယ်။—၂၀၁၄၊ ဇွန်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၅ နဲ့ ၂၀၁၁၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၂ ကိုကြည့်ပါ။
ကျွန်ုပ်တို့ ပြန်လည်ပတ်မှုလုပ်နေတဲ့ ဒါမှမဟုတ် ကျမ်းစာသင်ပေးနေတဲ့ လူတစ်ယောက်က တိုင်းတစ်ပါးကို ပြောင်းသွားတဲ့အတွက် သူ့ကို အင်တာနက်ကနေပဲ ဆက်သွယ်နိုင်တော့မယ်ဆိုရင် အထက်မှာပါတဲ့ ညွှန်ကြားချက်တွေကို လိုက်နာသင့်တယ်။ ဒါပေမဲ့ သူ့ဒေသက သက်သေခံတစ်ယောက်နဲ့ အဆက်အသွယ်မရမချင်း ကျွန်ုပ်တို့ သူနဲ့ဆက်သွယ်နေပြီး သူ့ရဲ့စိတ်ဝင်စားမှု မပျောက်အောင် ထိန်းထားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့လုပ်ငန်းကို ကန့်သတ်ထားတဲ့ ဒါမှမဟုတ် ပိတ်ပင်ထားတဲ့နိုင်ငံမှာရှိတဲ့ လူတစ်ယောက်ကို စာ၊ ဖုန်း၊ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ကျမ်းစာအကြောင်းပြောပြတဲ့အခါ သတိရှိပါ။—မ. ၁၀:၁၆။