လူငယ်များအမေး
ငါ့မိဘ နေမကောင်းရင် ဘာလုပ်ရမလဲ
လူငယ်အများစုဟာ ပြုစုစောင့်ရှောက်ပေးရမှာကို စိတ်ထဲသိပ်မထားကြဘူး။ မိဘတွေ အသက်တော်တော်ကြီးလာမှ ကျန်းမာရေးမကောင်းမှာလို့ တွေးမိလို့လည်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ သင် လူငယ်အရွယ်မှာပဲ အဖေ ဒါမှမဟုတ် အမေ ကျန်းမာရေးမကောင်း ဖြစ်လာရင်ကော။ အဲဒီအခြေအနေကြုံခဲ့ရတဲ့ လူငယ်နှစ်ယောက်အကြောင်း ဖတ်ကြည့်ပါ။
အမ်မလင်းရဲ့ အဖြစ်
ကျွန်မရဲ့အမေမှာ အဆစ်တွေ၊ အရေပြားနဲ့ သွေးကြောတွေ နာကျင်တဲ့ နာတာရှည်ရောဂါ (Ehlers-Danlos syndrome—EDS) ရှိတယ်။
အဲဒီရောဂါကို မကုသနိုင်ဘူး။ အမေ့အခြေအနေကလည်း ဆယ်နှစ်ကျော်အတွင်းမှာ ပိုပိုဆိုးလာတယ်။ သူ သွေးအားနည်းလာတဲ့အခါ အသက်အန္တရာယ်တောင်ရှိတယ်။ နာကျင်လွန်းတဲ့အခါတွေဆို သူ့ခမျာ အသက်တောင်မရှင်ချင်တော့ဘူး။
ကျွန်မတို့မိသားစုဟာ ယေဟောဝါသက်သေတွေဆိုတော့ အသင်းတော်က ကျွန်မတို့အားလုံးကို နှစ်သိမ့်ပေးတယ်။ သိပ်မကြာခင်ကပဲ ကျွန်မအရွယ် မိန်းကလေးတစ်ယောက်က ကျွန်မတို့ကို သိပ်ချစ်ကြောင်း၊ ကူညီပေးဖို့ အမြဲ အသင့်ရှိကြောင်း စာပို့လာတယ်။ ဒီလိုသူငယ်ချင်းမျိုးရှိတာ ကောင်းလိုက်တာ။
ကျမ်းစာကလည်း ကျွန်မအတွက် တကယ် အကူအညီ ဖြစ်တယ်။ ကျွန်မသိပ်ကြိုက်တဲ့ ကျမ်းတစ်ချက်က ‘ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်’ ဆိုတဲ့ ဆာလံ ၃၄:၈ ပဲ။ နောက်ကျမ်းပိုဒ်တစ်ခုကတော့ ဟေဗြဲ ၁၃:၆။ အဲဒီမှာ ‘ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး’ လို့ ပြောထားတယ်။
ဟေဗြဲကျမ်းက ကျွန်မအတွက် အထူးအဓိပ္ပာယ်ရှိတယ်။ ကျွန်မ အကြောက်ဆုံးက အမေ ဆုံးသွားမှာကိုပဲ။ အမေ့ကို သိပ်ချစ်တယ်၊ နေ့တိုင်း အမေနဲ့အတူနေရလို့ ကျေးဇူးတင်တယ်။ ရှေ့မှာ ဘာတွေပဲ ကြုံရကြုံရ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရင်ဆိုင်နိုင်ဖို့ အဲဒီကျမ်းပိုဒ်က ခွန်အားပေးတယ်။
နောက်ထပ် ကျွန်မ ကြောက်တာရှိသေးတယ်။ EDS က မျိုးရိုးလိုက်တယ်။ အဖွားဆီကနေ အဲဒီရောဂါ အမေ ရလာတာ။ ကျွန်မမှာလည်း အဲဒီရောဂါ ရှိနေတယ်။ ဒါပေမဲ့ ဟေဗြဲ ၁၃:၆ မှာပြောသလို ယေဟောဝါက ကျွန်မရဲ့ ‘ကူညီမစရှင်’ ဖြစ်မယ်ဆိုတာ စိတ်ချတယ်။
အခုလောလောဆယ်တော့ ရှိတာနဲ့ ကျေနပ်တယ်။ အရင်အချိန်ကို မတမ်းတဘူး။ အနာဂတ်ကိုလည်း တွေးပူမနေဘူး။ အမေ့ရဲ့ အခုအခြေအနေကို အရင်ကအခြေအနေနဲ့ နှိုင်းယှဉ်မိရင် ကျွန်မ စိတ်ဓာတ်ကျမယ်။ ဒါပေမဲ့ အခုကြုံရတဲ့ အခက်အခဲတွေဟာ ဖျားနာမှုမရှိတဲ့ ထာဝရအသက် မျှော်လင့်ချက်နဲ့ ယှဉ်ရင် ‘ခဏတာခံရတဲ့ ပေါ့ပါးတဲ့ ဆင်းရဲဒုက္ခ’ တွေပါ။—၂ ကောရိန္သု ၄:၁၇; ဗျာဒိတ် ၂၁:၁-၄။
သုံးသပ်စရာ– အကောင်းမြင်စိတ်ရှိဖို့ အမ်မလင်းကို ဘာက ကူညီပေးတာလဲ။ အခက်အခဲတွေ ကြုံတဲ့အခါ အကောင်းမြင်စိတ် ဘယ်လို ဆက်ရှိနိုင်မလဲ။
အယ်မလီရဲ့ အဖြစ်
ကျွန်မ အထက်တန်းတက်တဲ့အချိန်မှာ အဖေ စိတ်ကျရောဂါ စဖြစ်တယ်။ အဖေ မဟုတ်တော့ဘဲ တခြားလူတစ်ယောက်လို ဖြစ်သွားတယ်။ အဲဒီကတည်းက အဖေ့ခမျာ ဝမ်းနည်းရ၊ ထိတ်လန့်ကြောက်ရွံ့နေရ၊ စိုးရိမ်ပူပန်နေရတော့တယ်။ အခုဆို ၁၅ နှစ်တောင် ရှိသွားပြီ။ အဲဒီလို ဝမ်းနည်းစရာအကြောင်း မရှိဘူးဆိုတာ အဖေ သိရဲ့သားနဲ့ ဝမ်းနည်းနေတာ သူ ဘယ်လောက်တောင် ခံရခက်မလဲ။
ကျွန်မတို့ဟာ ယေဟောဝါသက်သေ ဖြစ်ပြီး အသင်းတော်က တကယ် ကူညီပေးတယ်။ အသင်းသားတွေဟာ သိပ်ကြင်နာပြီး နားလည်ပေးကြတယ်။ အဖေ့ကို လူရာမဝင်သူလို ဘယ်သူမှ မဆက်ဆံကြဘူး။ ဒီဝေဒနာကို အဖေ ကြံ့ကြံ့ခံနေတာ တွေ့ရတော့ အဖေ့ကို အရင်ကထက် ပိုချစ်လာတယ်။
မစိုးရိမ်တတ်တဲ့၊ ဝေဒနာမခံစားရတဲ့၊ ပျော်ပျော်နေတတ်တဲ့ အဖေ ဘယ်ရောက်သွားပါလိမ့်။ အဖေဟာ သူ့စိတ်နဲ့ပဲ နေ့တိုင်း တိုက်လှန်နေရတာကို ကျွန်မ မမြင်ရက်ဘူး။
ဒါပေမဲ့ အကောင်းမြင်စိတ်ရှိဖို့ အဖေ ကြိုးစားရှာပါတယ်။ သူ စိတ်ဓာတ်တအားကျနေတဲ့အချိန်မှာ ကျမ်းတစ်ပိုဒ်နှစ်ပိုဒ်ပဲ ဖြစ်ပါစေ နေ့တိုင်း ကျမ်းစာဖတ်ဖို့ ကြိုးစားတယ်။ ဒါက သူ့ကို အတော်လေး အားရှိစေတယ်။ အသေးအမွှားလို့ ထင်ရတဲ့ ဒီလုပ်ရပ်လေးနဲ့ သူအသက်ဆက်နေတာ။ အဲဒီလိုကြိုးစားခဲ့တဲ့ အဖေ့ကို သိပ်ဂုဏ်ယူတာပဲ။
‘ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ရဲတိုက်ပဲ’ လို့ ပြောထားတဲ့ နေဟမိ ၈:၁၀ ကို တကယ်ကြိုက်တယ်။ သိပ်မှန်တယ်။ ဝမ်းနည်းအားငယ်နေချိန်မှာ ကျွန်မ အသင်းတော်မှာ ရောက်နေပြီး ပါဝင်ဖြေဆိုတာတွေကနေ ပျော်ရွှင်မှုခံစားရတယ်။ တစ်နေ့လုံး လန်းဆန်းသွားတယ်။ ဘာပဲ ကြုံရပါစေ ယေဟောဝါ အမြဲကူညီထောက်မပေးမယ်ဆိုတာ အဖေ့ရဲ့ပုံသက်သေကနေ သင်ယူရတယ်။
သုံးသပ်စရာ– အဖေ မကျန်းမာချိန်တစ်လျှောက် အယ်မလီ ဘယ်လို ကူညီပေးခဲ့သလဲ။ စိတ်ကျရောဂါ ခံစားနေရသူကို ဘယ်လို ကူညီပေးနိုင်သလဲ။