ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁ စာ. ၂၀-၂၄
  • ကျွန်ုပ်တို့၏ ကြွယ်ဝသော ဝိညာဏအမွေအနှစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ ကြွယ်ဝသော ဝိညာဏအမွေအနှစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖေ၏အစောပိုင်းအသက်တာ
  • အရှေ့အာဖရိကသို့
  • မေတ္တာပါသောခရစ်ယာန်မွေးမြူမှု
  • အဆုံးအထိသစ္စာတည်ကြည်
  • ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မိဘခြေရာအတိုင်း လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ငါ့မိဘ နေမကောင်းရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁ စာ. ၂၀-၂၄

ကျွန်ုပ်တို့၏ ကြွယ်ဝသော ဝိညာဏအမွေအနှစ်

ဖိလစ်ပ် အက်ဖ်. စမစ်သ် ပြောပြသည်

“အမှောင်မိုက်ဆုံးသော အာဖရိကတိုက်တစ်လျှောက် လင်းထိန်စေမည့် မီးရှူးတိုင်တစ်ခုကို ထွန်းညှိခဲ့ပြီ။” ယေဟောဝါသက်သေများ၏ ၁၉၉၂ နှစ်ချုပ်စာအုပ် စာမျက်နှာ ၇၅ တွင် အထက်ပါစာသားများကို ဖတ်ရခြင်းသည် မည်မျှနှစ်ခြိုက်စရာပါတကား! ဤစာသားများကို ၁၉၃၁ ခုနှစ်တွင် ကျွန်တော့်အဖိုးဖြစ်သူ ဖရန့်ခ် ဒဗလျူ. စမစ်သ်က ထိုစဉ်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ညီအစ်ကို ဂျိုးဇက်. အက်ဖ်. ရပ်သဖော့ဒ်ထံရေးသည့်စာတစ်စောင်တွင် ရေးသားထားသည်။ အဖိုးက သူနှင့်သူ့ ညီတို့၏ ဟောပြောခြင်းခရီးစဉ်နှင့်ပတ်သက်၍ မှတ်တမ်းပေးပို့ရန် ရေးသားခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် နှစ်ချုပ်စာအုပ် က ဤသို့ရှင်းပြခဲ့သည်– “ကိပ်တောင်း [တောင်အာဖရိက] မှ ရဲရင့်သောရှေ့ဆောင်ဓမ္မအမှုဆောင်နှစ်ဦးဖြစ်သူ ဂရေးစမစ်သ်နှင့် သူ့အကိုဖရန့်ခ်တို့သည် ဗြိတိသျှအရှေ့အာဖရိကတွင် သတင်းကောင်းပျံ့နှံ့ခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နိုင်ရာများကို စူးစမ်းရှာဖွေရန် စထွက်ခဲ့ကြသည်။ သူတို့သည် စခန်းချယာဉ် (အိမ်ကား) အဖြစ်အသွင်ပြောင်းထားသည့် ဒီစိုတိုကားတစ်စီးကိုယူကာ စာအုပ်သေတ္တာ ၄၀ နှင့်အတူ သင်္ဘောပေါ်တင်လိုက်ကြပြီး ကင်ညာနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော မွန်ဘာဆာသို့ ရေကြောင်းခရီးဆန့်ခဲ့ကြသည်။”

ညီအစ်ကို ရပ်သဖော့ဒ်သို့ ပေးပို့သောသူ၏စာတွင် အဖိုးက မွန်ဘာဆာမှ ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီသို့ ခရီးစဉ်အကြောင်း ဤသို့ဖော်ပြထားသည်– “ကျွန်တော်တာဝန်ယူမောင်းနှင်ခဲ့တဲ့ မော်တော်ကားခရီးစဉ်တစ်ခုကို အလွန်ချောက်ချားဖွယ်ကောင်းတဲ့ ညတစ်ညမှာ ကျွန်တော်တို့စထွက်ခဲ့ပါတယ်။ စုစုပေါင်း ၃၆၀ မိုင်ခရီးအတွက်လေးရက်ကြာခဲ့ပြီး တစ်နေကုန်မောင်းရတယ်။ ကျွန်တော်တို့ဟာ တစ်မိုင်ပြီးတစ်မိုင်ပါပဲ၊ ကားပေါ်ကဆင်း မို့တက်နေတဲ့မြေဘောင်ရိုးတွေကို ညီသွားစေဖို့ ဂေါ်ပြားနဲ့ကော်ထုတ်ခဲ့ရတယ်၊ တွင်းတွေကို ဖို့ခဲ့ရတယ်၊ နွံပြင်မှာ ကားဘီးကောင်းကောင်းလိမ့်နိုင်ဖို့ မြက်မာတွေနဲ့ သစ်ပင်တွေကိုခုတ်ပြီး ခင်းခဲ့ရတယ်။”

နိုင်ရိုဘီကိုရောက်ပြီးနောက် ဖရန့်ခ်နှင့် ဂရေးတို့သည် သူတို့၏ကျမ်းစာစာပေစာတမ်းများကို ဝေငှရန် ၂၁ ရက်ကြာဆက်တိုက်လုပ်ဆောင်ခဲ့သည်။ “ကျွန်တော်တို့ကြားရတဲ့အတိုင်းအကဲဖြတ်ရမယ်ဆိုရင် လုပ်ငန်းဟာ ဘာသာတရားကြည်ညိုတဲ့ နိုင်ရိုဘီကို အတော်ပဲ လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီ” ဟု အဖိုးကရေးသားပေးပို့ခဲ့သည်။ ဤနောက်တွင် အဖိုးသည် သူ၏နှစ်နှစ်အရွယ်သားလေး ဒေါနဗန်နှင့် သူတို့၏ဒုတိယသားဖြစ်သော ကျွန်တော့်အဖေ ဖရန့်ခ်ကို ကိုယ်ဝန်ဆောင်နေသည့် ဇနီးသည် ဖိလစ္စရှိရာ ဌာနေသို့အလွန်ပြန်ချင်နေသည်။ အဖိုးသည် မွန်ဘာဆာမှရနိုင်မည့် ဦးဆုံးထွက်သည့်သင်္ဘောကို စီးခဲ့သော်လည်း ဌာနေမရောက်မီ ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့သည်။

ကျွန်တော့်အမ၊ ညီနှင့် ကျွန်တော်တို့သည် ဤနှစ်ချုပ်စာအုပ် ပါမှတ်တမ်းကို ပြန်ပြောင်းသုံးသပ်သည်နှင့်အမျှ ကျွန်တော်တို့၏စိတ်အစဉ်သည် ချစ်မြတ်နိုးရသောအဖေဆီသို့ ရောက်သွားသည်။ ၁၉၉၂ ခုနှစ်နှစ်ချုပ်စာအုပ် ကို ကျွန်တော်တို့မရမီ လအနည်းငယ်ခန့်လောက်ဖြစ်သည့် ၁၉၉၁ ခုနှစ်တွင် သူသည် နှလုံးခွဲစိတ်မှုကြောင့် ရလာသည့်ဆင့်ပွားဝေဒနာဒဏ်ချက်ကြောင့် သေဆုံးခဲ့သည်။ သူသည် သူ့အဖေကို တစ်ခါမျှမတွေ့ဖူးခဲ့သော်လည်း ယေဟောဝါရှင်အတွက်ထားသည့် သူ့အဖေ၏နက်ရှိုင်းသောမေတ္တာကို ဝေစုရခဲ့သည်။ မိမိ၏သားသည် နောင် ၂၈ နှစ်အကြာတွင်ဖြစ်သော ၁၉၅၉ ခုနှစ်တွင် အရှေ့အာဖရိက၌ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ယောက်အနေနှင့် သူ့ခြေရာကိုနင်းခဲ့ကြောင်း အဖိုးသိသွားလိုက်ရလျှင် မည်မျှပျော်လိုက်မည်ဖြစ်ခြင်း!

အဖေ၏အစောပိုင်းအသက်တာ

ကျွန်တော်တို့အဖေသည် သူ၏အဖေရင်းသေပြီးနောက် နှစ်လအကြာ၊ ၁၉၃၁ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ကိပ်တောင်းမြို့၌ မွေးဖွားလာပြီး သူ့အဖေနာမည်ပင်မှည့်ခံခဲ့ရသည်။ ငယ်စဉ်ကတည်းက အဖေသည် ယေဟောဝါရှင်အတွက် သူ၏မေတ္တာကို ပြသခဲ့သည်။ ကိုးနှစ်သာရှိသေးသည့်အချိန်တွင် သူ၏ကျောင်းနေဖက်များက ရယ်သွမ်းသွေးလှောင်ပြောင်ကြသော်လည်း ကိပ်တောင်းဘူတာရုံကြီးတွင် မတ်တတ်ရပ်ကာကြေညာခြင်းလုပ်ငန်းကိုလုပ်နေခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင် နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံ သူ၏ဆက်ကပ်အပ်နှံမှုကို အထိမ်းအမှတ်ပြုခဲ့သည်။ တစ်ခါတစ်ရံတွင်အဖေသည် တစ်ယောက်တည်း တစ်လမ်းလုံးဓမ္မအမှုဆောင်ဖို့ တာဝန်ပေးခံရသည်။ သူ ၁၈ နှစ်အရွယ်ရောက်လာသည့်အခါ ကိပ်တောင်းမြို့ဆင်ခြေဖုံးတွင်ရှိသည့် သက်ကြီးခရစ်ယာန်ညီအစ်မအုပ်စုတစ်စုနှင့်အတူ ကင်းမျှော်စင်သင်တန်းကို ဦးစီးလုပ်ဆောင်နေခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ကင်းမျှော်စင်အသင်းက ဥရောပ၌ နောက်နှစ်တွင် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဖေသည် အလွန်သွားချင်သော်လည်း ကိပ်တောင်းမှ ထိုနေရာသို့ သွားရန် ငွေအလုံအလောက်မရှိပါ။ ထို့ကြောင့် သူသည် မြောက်ရိုဒီးရှား (ယခု ဇမ်ဘီယာ) ၌ရှိသော ကြေးနီမိုင်းတွင် ဓာတုဗေဒပညာရှင်တစ်ယောက်အဖြစ် သုံးလကြာအလုပ်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။ အဖိုးတန်တွင်းထွက်သတ္တုရိုင်းများကို အကဲဖြတ်သည့်စက်ရုံများသည် အာဖရိကတောရိုင်းမြေတွင် တည်ရှိသည်။

မြောက်ရိုဒီးရှားတွင် အာဖရိကန်လူမျိုးသက်သေခံများစွာရှိကြောင်း အဖေသိထားပြီး ရောက်သွားသောအခါ သူတို့ကိုရှာ၍ အစည်းအဝေးများလုပ်သည့်နေရာကို စုံစမ်းသိရှိခဲ့သည်။ အဖေသည် ဒေသခံဘာသာစကားကို မပြောနိုင်လင့်ကစား သူတို့နှင့်ပေါင်းသင်းခဲ့ပြီး ယေဟောဝါသက်သေများ၏ ဤမိုင်းအသင်းတော် စည်းဝေးကို မှန်မှန်တက်ရောက်ခဲ့သည်။ ဤမိုင်းများတွင်ရှိ ဥရောပသားများသည် လူမျိုးရေးအရစိတ်စွန်းကွက်မှုရှိခဲ့ကြပြီး သူတို့၏စိတ်စွန်းကွက်မှုကို အာဖရိကန်များအား နှုတ်ဖြင့်မတော်မလျော်မကြာခဏပြောဆိုခြင်းဖြင့် ပြသခဲ့ကြသည်။ သို့သော် အဖေသည် အမြဲတမ်းကြင်နာမှုပြသည်။

သုံးလပြည့်သွားသောအခါ သက်သေခံမဟုတ်သော အာဖရိကန်လူမျိုးအလုပ်သမားတစ်ယောက်က အဖေ့နားလာပြီး ဤသို့မေးသည်– “ခင်ဗျားကို ကျွန်တော်တို့ ဘယ်လိုခေါ်သလဲသိလား။” ဤအမျိုးသားက ပြုံးလျက် ဤသို့ဆိုသည်– “ကျွန်တော်တို့က ခင်ဗျားကို ဘွာနာ [မစ္စတာ] ကင်းမျှော်စင်လို့ခေါ်တယ်။”

အဖေသည် ၁၉၅၅ ခုနှစ်၌ ဥရောပတွင် “အောင်ပွဲခံနိုင်ငံတော်” အစည်းအဝေးကို တက်ရောက်နိုင်ခဲ့သည်။ ဤနေရာတွင် နောက်တစ်နှစ်၌သူ့ဇနီးဖြစ်လာသည့် မေရီ ဇဟားရီးယူးနှင့် ဆုံစည်းခဲ့သည်။ သူတို့လက်ထပ်ပြီးနောက် အမေရိကန်နိုင်ငံ အိုဟိုင်အိုပြည်နယ် ပါမာမြို့တွင် အခြေချခဲ့သည်။

အရှေ့အာဖရိကသို့

အမေရိကန်ပြည်ထောင်စုတွင် ခရိုင်စည်းဝေးကြီးတစ်ခုအတွင်း ဓမ္မအမှုဆောင်များ သာ၍လိုအပ်သည့် နေရာများတွင်အမှုထမ်းရန် စည်းဝေးကြီးလာသူများအား ဖိတ်ခေါ်ချက်တစ်ခုကမ်းလှမ်းခဲ့သည်။ ကျွန်တော်တို့၏မိဘများသည် အရှေ့အာဖရိကသို့သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် ကင်းမျှော်စင်အသင်းအကြံပေးသည့်အရာကို အတိအကျလိုက်နာခဲ့ကြသည်။ အလုပ်လုပ်ရန်ခွင့်ပြုချက်ရထားသူများကိုသာ ဤဒေသတွင်နေထိုင်ခွင့်ပေးထားသောကြောင့် အကယ်၍ အဖေသည် အလုပ်ရှာရာတွင်မအောင်မြင်ခဲ့သော် အပြန်လက်မှတ်များဝယ်ဖို့အတွက်ပါ ငွေအလုံအလောက်စုခဲ့ကြသည်။

နိုင်ငံကူးလက်မှတ်များ၊ ပြည်ဝင်ခွင့်များရရှိကာ ကာကွယ်ဆေးများထိုးပြီးနောက် ၁၉၅၉ ခုနှစ် ဇူလိုင်လတွင် နယူးယောက်မြို့မှ မွန်ဘာဆာမြို့သို့ ကိပ်တောင်းလမ်းကြောင်းမှသွားသော ကုန်သည်သင်္ဘောတစ်စီးတွင် စီးနင်းလိုက်ပါခဲ့ကြသည်။ ခရီးသည် လေးပတ်ကြာသည်။ မွန်ဘာဆာတွင် ပစ္စည်းကုန်တင်ကုန်ချဆိပ်ခံဘော၌ သာ၍လိုအပ်သောနေရာများတွင် အမှုတော်ထမ်းရန် သူတို့မတိုင်မီရောက်နှင့်နေသော ခရစ်ယာန်ညီအစ်ကိုများ၏လှိုက်လှဲသောကြိုဆိုမှုကို သူတို့ခံစားခဲ့ရသည်။ နိုင်ရိုဘီသို့ သူတို့ရောက်သောအခါ စာတစ်စောင်က သူ့အားစောင့်ကြိုနေသည်ကို အဖေတွေ့ရှိခဲ့ရသည်။ ယင်းကား ယူဂန်ဒါနိုင်ငံ အင်တက်ဘီမြို့ရှိ ဘူမိတိုင်းတာစစ်ဆေးရေးဌာနတွင် ဓာတုဗေဒပညာရှင်တစ်ယောက်အဖြစ် ရာထူးတစ်နေရာအတွက် သူ့တောင်းဆိုချက်ကို အကြောင်းပြန်ထားခြင်းဖြစ်သည်။ အဖေနှင့်အမေတို့သည် အဖေ့အား လူတွေ့မေးမြန်းပြီး ငှားရမ်းမည့်နေရာဖြစ်သည့် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့သို့ ရထားခရီးနှင်ခဲ့ကြသည်။ ဤအချိန်တွင် အင်တက်ဘီ-ကမ်ပါလာ၌ ဂျော့ချ်ကဒူးအမည်ရှိ အခြားသက်သေခံတစ်ယောက်သာရှိသည်။

ကိုလိုနီအစိုးရက အဖေ့ကို ဒေသခံဘာသာစကားဖြစ်သော လူဂန်ဒါစကား သင်ယူရန် အထောက်အပံ့ပေးသည်။ ဓမ္မအမှုတွင် ပို၍ထိရောက်နိုင်စေရန် ယင်းကို တစ်နည်းနည်းဖြင့် သင်ယူဖို့အတွက် အစီအစဉ်ရှိထားသောကြောင့် သူအလွန်နှစ်ခြိုက်ခဲ့သည်။ နောက်ပိုင်းတွင် အဖေသည် “နိုင်ငံတော်နှင့်ယှဉ်သောဤသတင်းကောင်း” စာအုပ်ငယ်ကို ဘာသာပြန်ရာတွင် အကူအညီပင်ပေးခဲ့သည်။

အဖေသည် အခြားသူများအား မကြောက်မရွံ့သက်သေခံခဲ့သည်။ သူသည် မိမိဌာနတွင်ရှိ ဥရောပသားရှိရှိသမျှကို ဟောပြောခဲ့ပြီး ယူဂန်ဒါလူမျိုးများကို ဟောပြောခြင်းတွင် မှန်မှန်ပါဝင်ခဲ့သည်။ သူသည် ယူဂန်ဒါနိုင်ငံ၏ အာဖရိကန်လူမျိုး နိုင်ငံတော်ရှေ့နေချုပ်ကိုပင် သက်သေခံခဲ့သည်။ ဤပုဂ္ဂိုလ်သည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို နားထောင်ရုံသာမကဘဲ အဖေနှင့်အမေကို ညစာစားဖို့ပါဖိတ်ခေါ်ခဲ့ဖူးသည်။

ကျွန်တော့်အမ အန်သီကို ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ကျွန်တော့်ကိုမွေးသည်။ မြို့တော် ကမ်ပါလာရှိ ငယ်သော်လည်း ကြီးထွားတိုးတက်နေသည့် အသင်းတော်မှ ညီအစ်ကိုညီအစ်မများကို ကျွန်တော်တို့မိသားစု အလွန်သံယောဇဉ်တွယ်တာလာခဲ့သည်။ အင်တက်ဘီအနီးအနားတွင် တစ်ခုတည်းသော မျက်နှာဖြူသက်သေခံများဖြစ်သည်နှင့်အမျှ ကျွန်တော်တို့သည် ရယ်စရာတချို့တွေ့ကြုံခဲ့ရသည်။ တစ်ကြိမ်တွင် အဖေ့မိတ်ဆွေတစ်ယောက်က ခရီးသွားစဉ် အင်တက်ဘီ၌ မထင်မှတ်ဘဲခေတ္တရပ်နားပြီး အဖေကို ဆက်သွယ်ဖို့ကြိုးစားခဲ့သည်။ သူဤသို့မမေးမချင်း ဆက်သွယ်၍မရခဲ့ပါ– “ဒီနားမှာ ယေဟောဝါသက်သေတွေဖြစ်တဲ့ ဥရောပလူမျိုး မောင်နှံစုံကို သိလား။” ဤပုဂ္ဂိုလ်သည် သူ့အား ချက်ချင်းအမေနဲ့အဖေအိမ်သို့ တန်းတန်းမတ်မတ် ကားမောင်းပို့ခဲ့သည်။

လက်နက်ကိုင်ပုန်ကန်မှုနှစ်ခုကြား ဖြတ်သန်းအသက်ရှင်ရခြင်းအပါအဝင် ကျွန်တော်တို့တွင် ခက်ခဲသောတွေ့ကြုံမှုများလည်းရှိခဲ့သည်။ တစ်ကြိမ်တွင် အစိုးရစစ်တပ်များက အချို့သောလူမျိုးစုမှ မည်သူကိုမဆိုပစ်ခတ်နေသည်။ တစ်နေ့နှင့်တစ်ညလုံး အဆက်မပြတ်ပစ်ခတ်နေသည်။ ညနေ ၆:၀၀ နာရီမှ မနက် ၆:၀၀ အထိ ညမထွက်ရအမိန့်ထုတ်ထားသောကြောင့် စည်းဝေးများကို အင်တက်ဘီရှိ ကျွန်တော့်မိဘများ၏အိမ်၌ မွန်းလွဲပိုင်းအချိန်အတွင်း ကျင်းပခဲ့ရသည်။

နောက်ပိုင်း၌ ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်သောအခါ အဖေသည် ကင်းမျှော်စင် သင်တန်းကျင်းပရန် ကမ်ပါလာသို့ ကျွန်တော်တို့ကို ကားနှင့်ခေါ်သွားသည်။ စစ်သားတစ်ယောက်က ကျွန်တော်တို့ကို ရိုင်ဖယ်နှင့်ချိန်ထားပြီး ကားကိုရပ်ခိုင်းကာ ကျွန်တော်တို့သွားမည့်နေရာကို ပြောစေသည်။ ဤအချိန်တွင် ကျွန်တော်သည်လူမမယ်လေးသာဖြစ်ပြီး အန်သီသည် ငါးနှစ်သမီးဖြစ်သည်။ အဖေက အေးအေးဆေးဆေးရှင်းပြပြီး ဤစစ်သားကို ကျွန်တော်တို့၏ ကျမ်းစာနှင့် စာပေများကိုပြသရာ ကျွန်တော်တို့ကို သွားခွင့်ပြုလိုက်သည်။

ယူဂန်ဒါတွင် ရှစ်နှစ်နီးပါးကြာပြီးနောက် ၁၉၆၇ ခုနှစ်တွင် ကျွန်တော်၏မိဘများသည် ကျန်းမာရေးပြဿနာများနှင့် မိသားစုတာဝန်များကြောင့် အမေရိကန်သို့ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်တော်တို့သည် အဖေအကြီးအကဲအဖြစ်အမှုထမ်းသည့် အိုဟိုင်အိုပြည်နယ်ရှိ ကန်းဖီးလ်ဒ်အသင်းတော်သားဖြစ်လာသည်။ ကျွန်တော်၏မိဘများသည် ကမ်ပါလာအသင်းတော်ငယ်လေးကို ချစ်မြတ်နိုးခဲ့ကြသကဲ့သို့ ဤတွင်ရှိသည့် ညီအစ်ကိုများကို သံယောဇဉ်တွယ်တာခဲ့ကြသည်။

မေတ္တာပါသောခရစ်ယာန်မွေးမြူမှု

၁၉၇၁ ခုနှစ်တွင် ကျွန်တော့်ညီ ဒေးဗစ်မွေးဖွားလာခဲ့သည်။ ကျွန်တော်တို့ကြီးပြင်းလာသည်နှင့်အမျှ မေတ္တာနှင့်နွေးထွေးမှုအပြည့်ရှိသည့် အိမ်ထောင်စုဝန်းကျင်တွင် ပြုစုယုယခံခဲ့ရသည်။ ယင်းသည် ကျွန်တော့်မိဘများတစ်ဦးနှင့်တစ်ဦးစပ်ကြား မွေ့လျော်ခဲ့သည့် မေတ္တာပါသောဆက်ဆံရေးမှ ပေါက်ဖွားလာရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

ကျွန်တော်တို့ငယ်စဉ်ကတည်းက အဖေသည် အိပ်ရာဝင်ချိန်တွင် ကျမ်းစာပုံပြင်တစ်ခုကို အမြဲဖတ်ပြီး ဆုတောင်းသည်၊ ၎င်းနောက် အမေမသိပဲ တောက်ပသောရွှေရောင်စက္ကူနှင့်ပတ်ထားသည့် ချော့ကလက်တစ်ထုပ် ကျွန်တော်တို့ကိုပေးသည်။ ကျွန်တော်တို့သည် မည်သည့်နေရာပင်ရောက်ရောက် ကင်းမျှော်စင် ကို မိသားစုလိုက်အတူတကွ အမြဲလေ့လာကြသည်။ မိသားစုအပန်းဖြေနေစဉ်များ၌၊ တစ်ကြိမ်တွင် တောင်စောင်း၌၊ နောက်တစ်ခါတွင် အဏ္ဏဝါပြင်အပေါ်စီးမှနေရင်း ယင်းကို လေ့လာခဲ့ကြသည်။ ဤအရာများသည် သူ၏မှတ်မိနိုင်သောအပျော်ရွှင်ဆုံးအရာတချို့ဟု အဖေမကြာခဏပြောသည်။ သူက မိသားစုလေ့လာမှုမှရနိုင်သည့် ကြီးမားသည့် ရွှင်လန်းမှုကို လက်လွှတ်ခံသည့်သူများအတွက် သူဝမ်းနည်းမိသည်ဟု ပြောခဲ့သည်။

ယေဟောဝါအတွက် မေတ္တာပြခြင်းနှင့်ပတ်သက်လာလျှင် အဖေသည် ပုံသက်သေနှင့်သွန်သင်ခဲ့သည်။ ကင်းမျှော်စင်သို့မဟုတ် နိုးလော့! အသစ်တစ်စောင်ရောက်လာလျှင် သို့မဟုတ် အခြားကင်းမျှော်စင်စာပေစာတမ်းရသည့်အခါတိုင်း အဖေသည် စာစောင်တစ်ခုလုံးကို ထက်သန်စွာဖတ်လိုက်သည်။ ကျွန်တော်တို့သည် ကျမ်းစာသမ္မာတရားကို ပေါ့ပေါ့တန်တန်မရှုမြင်သင့်ဘဲ အဖိုးတန်ရတနာအဖြစ် လေးမြတ်သင့်ကြောင်း သူ့ထံမှ တတ်သိလာခဲ့သည်။ ကျွန်တော်တို့၏ တန်ဖိုးအရှိဆုံးပိုင်ဆိုင်ရာများထဲမှတစ်ခုမှာ အဖေ၏ အညွှန်းကျမ်းစာ ဖြစ်သည်။ စာမျက်နှာတိုင်းလောက်တွင် သူ့လေ့လာမှုမှစုဆောင်းထားသည့် မှတ်ချက်များနှင့်ပြည့်နေသည်။ ယခု ကျွန်တော်တို့သည် သူ့၏ဘေးလိုင်းမှတ်ချက်များကို ဖတ်လိုက်သည့်အခါ ကျွန်တော်တို့အား သူသွန်သင်သြဝါဒပေးနေသည့်အရာများကို ကြားယောင်နေနိုင်တုန်းပင်ဖြစ်သည်။

အဆုံးအထိသစ္စာတည်ကြည်

၁၉၉၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် လယ်ကွင်းဓမ္မအမှုဆောင်ထွက်နေစဉ် အဖေသည် နှလုံးရုတ်တရက်ဖောက်ပြန်သွားခဲ့သည်။ သီတင်းပတ်များကုန်လွန်ပြီးနောက် အောင်မြင်ပုံရှိသည့် နှလုံးခွဲစိတ်မှု ပြုခဲ့သည်။ သို့ရာတွင် ခွဲစိတ်ပြီးသည့်ညတွင်ပင် ကျွန်တော်တို့ကို ဆေးရုံမှ တယ်လီဖုန်းဆက်ခဲ့သည်။ အဖေသည် သွေးထွက်နေပြီး ဆရာဝန်များက အလွန်စိုးရိမ်နေကြသည်။ သူသည် ဤညတွင် သွေးတိတ်သွားရန် နှစ်ကြိမ်မြောက်ခွဲစိတ်ခံခဲ့ရသော်လည်း မအောင်မြင်ခဲ့ပါ။ အဖေ့သွေး မခဲသွားပါ။

နောက်တစ်နေ့၊ အဖေ့အခြေအနေသည် သိသိသာသာဆိုးလာသည်နှင့်အမျှ ဆရာဝန်များက အဖေ့ကို သွေးသွင်းဖို့လက်ခံရန် ဖိအားပေးဖို့အတွက် ပထမတွင် အမေကို၊ ယင်းနောက်တွင် ညီလေးကို တစ်ဦးချင်းစကားပြောခဲ့သည်။ သို့တိုင် အဖေသည် ယခင်ကတည်းက ဆရာဝန်များအား မည်သည့်အခြေအနေတွင်ရောက်ရောက် သွေးသွင်းခြင်းကို လက်ခံမည်မဟုတ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ သူသည် သူတို့အား သွေးကိုငြင်းပယ်ရခြင်း၏ကျမ်းစာအကြောင်းရင်းကို ရှင်းပြခဲ့လင့်ကစား သွေးမပါသောအခြားနည်းများကို လက်ခံမည်ဖြစ်ကြောင်း ပြောခဲ့သည်။—ဝတ်ပြုရာ ၁၇:၁၃၊ ၁၄; တမန်တော် ၁၅:၂၈၊ ၂၉။

ဆေးဘက်ဆိုင်ရာဝန်ထမ်းအဖွဲ့ဝင်များစွာဘက်မှ ရန်လိုမုန်းထားသည့်အခြေအနေက အိုင်စီယူ (မခြားမလပ်စောင့်ရှောက်သည့်အခန်း) တွင် အလွန်တင်းမာသောဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ယင်းနှင့်အတူ အဖေ၏ သာ၍ဆိုးလာသောအခြေအနေက တစ်ခါတစ်ရံ ကျွန်တော်တို့ခံနိုင်သည်ထက်ပင်ပိုမည်ဟု ထင်မြင်ရသည်။ ကျွန်တော်တို့သည် အထောက်အမအတွက် ယေဟောဝါရှင်ထံတောင်းခံကြသည့်အပြင် လက်ခံရရှိသည့် လက်တွေ့အကြံပြုချက်များကို လိုက်နာရန် ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် အိုင်စီယူသို့ သွားရောက်လည်ပတ်သည့်အခါ အမြဲပင်ကောင်းကောင်းဝတ်စားသွားပြီး ဆေးဘက်ဆိုင်ရာအမှုထမ်းများကို တလေးတစားဆက်ဆံသည်။ ကျွန်တော်တို့သည် အဓိပ္ပာယ်ရှိသောမေးခွန်းများမေးခြင်းဖြင့် အဖေ၏အခြေအနေကို လက်တွေ့စိတ်ဝင်စားကြောင်းနှင့် အဖေ၏ကုသမှုနှင့်ပတ်သက်သည့် ဝန်ထမ်းတိုင်းကို ကျေးဇူးတင်ကြောင်း ပြခဲ့ကြသည်။

ကျွန်တော်တို့၏ကြိုးစားလုပ်ဆောင်မှုများကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများ သတိမပြုမိဘဲမဖြစ်ခဲ့ပါ။ ရက်အနည်းငယ်အတွင်း တင်းမာသောဝန်းကျင်သည် ကြင်နာမှုရှိဝန်းကျင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဖေအားစောင့်ရှောက်ခဲ့သည့် သူနာပြုများသည် အဖေကို ကြည့်ရှုဖို့တာဝန်မကျတော့လျက်ပင် သူ၏တိုးတက်မှုကို ဆက်၍စစ်ဆေးပေးလေ့ရှိသည်။ ကျွန်တော်တို့ကို အလွန်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့သည့် ဆရာဝန်တစ်ယောက်ပင် အမေအား အဆင်ပြေကြရဲ့လားဟု မေးခြင်းက နူးညံ့ပျော့ပျောင်းလာကြောင်း ထင်ရှားသည်။ ကျွန်တော်တို့အသင်းတော်နှင့် ဆွေမျိုးဉာတိများကလည်း မေတ္တာပါပါထောက်ပံ့ပေးခဲ့သည်။ သူတို့သည် အစားအစာများနှင့် စိတ်ဖြေသာသည့်ကတ်များကို ပို့ပေးခဲ့ပြီး ကျွန်တော်တို့အတွက် ဆုတောင်းပေးခဲ့ကြသည်။

ဝမ်းနည်းစရာကား အဖေသည် ကုသမှုကို တုံ့ပြန်ခြင်းမရှိတော့ပါ။ သူ၏စပြီးခွဲစိတ်သည့်အချိန်မှ ဆယ်ရက်ကြာပြီးနောက် သေဆုံးသွားခဲ့သည်။ ကျွန်တော်တို့သည် အဖေအတွက် အလွန်ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရသည်။ ရံဖန်ရံခါ ဆုံးပါးသွားပြီဆိုသည့်ခံစားချက်က စိုးမိုးနေသည်။ ဝမ်းသာစရာကောင်းသည်မှာ ကျွန်တော်တို့၏ဘုရားသခင်သည် ‘ကျွန်တော်တို့အတွက် ဝန်တွေကိုနေ့စဉ်ထမ်းပေး’ မည်ဖြစ်ကြောင်း ကတိပေးထားရာ ယခင်ကထက် ကိုယ်တော်ကိုပို၍မှီခိုဖို့ တတ်သိလာခဲ့သည်။—ဆာလံ ၆၈:၁၉၊ ကဘ။

ကမ္ဘာသစ်တွင် အဖေကို တွေ့မြင်ရခြင်း၏ရွှင်လန်းမှုကို ခံစားရမည်ဖြစ်သောကြောင့် ကျွန်တော်တို့အားလုံးလည်း ယေဟောဝါရှင်ကို ဆက်၍သစ္စာရှိရှိအမှုထမ်းရန် ဆုံးဖြတ်ထားကြသည်။—မာကု ၅:၄၁၊ ၄၂; ယောဟန် ၅:၂၈; တမန်တော် ၂၄:၁၅။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ကိပ်တောင်းမြို့တွင် ဖရန့်ခ်စမစ်သ်သည် သူ့မိခင် ဖိလစ္စနှင့်အတူ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

အဖေနှင့်အမေတို့ လက်ထပ်ချိန်တွင်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အင်တက်ဘီတွင် ဦးဆုံးနှစ်ခြင်းပေးဖို့အတွက် အာဖရိကန်အကြီးအမှူး၏ ရေကန်ကို ညီအစ်ကိုများငှားရမ်းခဲ့ကြ

ဤထုံးစံအတိုင်းနှုတ်ဆက်နေ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အဖေမသေမီလေးတွင် အဖေနှင့်အမေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ