ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ နိုဝင်ဘာ စာ. ၂၀-၂၅
  • ဆုတောင်းထားတာ ယေဟောဝါ ဖြည့်ဆည်းပေးမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းထားတာ ယေဟောဝါ ဖြည့်ဆည်းပေးမလား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ
  • ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ
  • ဆုတောင်းချက် ပြောင်းဖို့ ဘာကြောင့် လိုနိုင်သလဲ
  • ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ နိုဝင်ဘာ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၄၉

ဆုတောင်းထားတာ ယေဟောဝါ ဖြည့်ဆည်းပေးမလား

“မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ ပြောတာကို နားထောင်မယ်။”—ယေ. ၂၉:၁၂။

သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ

အကြိုသုံးသပ်ချက်a

၁-၂။ ဆုတောင်းထားတာ ယေဟောဝါ ဖြေမပေးဘူးလို့ ဘာကြောင့် ခံစားမိနိုင်သလဲ။

“ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။” (ဆာ. ၃၇:၄) သိပ်ကောင်းတဲ့ ကတိပဲ။ ဒါဆိုရင် တောင်းသမျှ ယေဟောဝါ ချက်ချင်း ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်သင့်သလား။ အခြေအနေတချို့ စဉ်းစားကြည့်ပါ။ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တက်ရဖို့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက် ဆုတောင်းတယ်။ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ်။ မတက်ရသေးဘူး။ အသင်းတော်မှာ ပိုပြီး အမှုဆောင်ချင်လို့ ရောဂါဆိုး သက်သာဖို့ ညီအစ်ကိုလေးတစ်ယောက် ဆုတောင်းတယ်။ သက်သာမလာဘူး။ သားသမီး အမှန်တရားထဲ ရှိနေဖို့ မိဘတွေ ဆုတောင်းတယ်။ ဒါပေမဲ့ ယေဟောဝါကို သားသမီး ဆက်ဝတ်မပြုဘူး။

၂ သင်လည်း ယေဟောဝါဆီ တစ်ခုခု ဆုတောင်းထားပေမဲ့ အဖြေ မရသေးတာ ဖြစ်နိုင်တယ်။ ‘တခြားသူတွေ တောင်းတာ ယေဟောဝါ ဖြည့်ဆည်းပေးပြီး ငါ တောင်းတာတော့ ဖြည့်ဆည်းမပေးဘူး’ လို့ ကောက်ချက် ချမိနိုင်တယ်။ အမှား တစ်ခုခု လုပ်ထားမိလို့ ဖြစ်မယ်ဆိုပြီး တွေးမိနိုင်တယ်။ ညီအစ်မ ဂျဲနက်b အဲဒီလို တွေးမိတယ်။ ဗေသလမှာ အမှုဆောင်ချင်တဲ့အကြောင်း သူတို့ ဇနီးမောင်နှံ ဆုတောင်းတယ်။ “သိပ်မကြာခင် ဖိတ်ခေါ်ခံရမယ် ထင်နေတာ” လို့ ဂျဲနက် ပြောတယ်။ လတွေ၊ နှစ်တွေ အလီလီ ပြောင်းသွားတယ်။ ဖိတ်ခေါ်မခံရဘူး။ “ဝမ်းလည်း နည်း၊ ဇဝေဇဝါလည်း ဖြစ်မိတယ်။ ယေဟောဝါ မကြိုက်တာ ဘာများ လုပ်ထားမိလို့လဲ။ ဗေသလမှာ အမှုဆောင်ချင်တဲ့အကြောင်း သတ်သတ်မှတ်မှတ် တောင်းထားတာ။ ဘာလို့ ဖြည့်ဆည်းမပေးတာလဲ” လို့ ပြောတယ်။

၃။ ဒီဆောင်းပါးမှာ ဘာသုံးသပ်ကြမလဲ။

၃ ဆုတောင်းတာ ယေဟောဝါ နားကော ထောင်ရဲ့လားလို့ တစ်ခါတလေ တွေးမိနိုင်တယ်။ ရှေးသစ္စာရှိ အမျိုးသားတချို့တောင် အဲဒီလို တွေးမိကြတယ်။ (ယောဘ ၃၀:၂၀။ ဆာ. ၂၂:၂။ ဟဗ. ၁:၂) ကိုယ် ဆုတောင်းတာကို ယေဟောဝါ လျစ်လျူမရှုဘူးဆိုတာ ဘာက စိတ်ချစေနိုင်သလဲ။ (ဆာ. ၆၅:၂) အဖြေ ရဖို့ ဒီမေးခွန်းတွေ အရင် သုံးသပ်ကြည့်ရအောင်– (၁) ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ။ (၂) ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ။ (၃) ဆုတောင်းချက် ပြောင်းဖို့ ဘာကြောင့် လိုနိုင်သလဲ။

ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ

၄။ ယေရမိ ၂၉:၁၂ အရ ယေဟောဝါ ဘာကတိပေးသလဲ။

၄ ဆုတောင်းချက်တွေ နားထောင်မယ်လို့ ကတိပေးတယ်။ (ယေရမိ ၂၉:၁၂ ကို ဖတ်ပါ။) သစ္စာရှိ ဝတ်ပြုသူတွေကို ဘုရား သိပ်ချစ်လို့ ဆုတောင်းတဲ့အခါ ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ဘူး။ (ဆာ. ၁၀:၁၇။ ၃၇:၂၈) တောင်းသမျှ ပေးမယ်လို့တော့ မဆိုလိုဘူး။ တချို့ဆုတောင်းချက်တွေ ပြည့်ဖို့ ကမ္ဘာသစ် ရောက်တဲ့အထိ စောင့်ရနိုင်တယ်။

၅။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘာနဲ့ ချိန်ထိုးသလဲ။ ရှင်းပြပါ။

၅ ဆုတောင်းချက်တွေကို မိမိရည်ရွယ်ချက်နဲ့ ချိန်ထိုးတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ရည်ရွယ်ချက်တစ်ခုကတော့ မိမိအုပ်ချုပ်မှုကို ဝမ်းမြောက်ဝမ်းသာ၊ စည်းစည်းလုံးလုံး လက်အောက်ခံမယ့် အမျိုးသား/သမီးတွေ ကမ္ဘာမြေမှာ ပြည့်နေဖို့ပဲ။ ဒါပေမဲ့ လူလူချင်း အုပ်ချုပ်တာ ပိုကောင်းတယ်လို့ စာတန် ပြောတယ်။ (က. ၃:၁-၅) စာတန် မှားတယ်ဆိုတာ ပြချင်လို့ လူလူချင်း အုပ်ချုပ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ လူလူချင်း အုပ်ချုပ်လို့ ဒီနေ့ ပြဿနာတွေ များနေတာ။ (ဒေ. ၈:၉) ဒါပေမဲ့ ရှိသမျှ ပြဿနာ အခုချိန်မှာ ယေဟောဝါ ရှင်းမပေးဘူး။ လိုက်ရှင်းပေးရင် လူအုပ်ချုပ်တာ ကောင်းသားပဲ၊ ပြဿနာတွေ ဖြေရှင်းနိုင်သားပဲလို့ တချို့ ထင်သွားမယ်။

၆။ ယေဟောဝါ လုပ်သမျှ အမြဲ မေတ္တာပါတယ်၊ တရားမျှတတယ်ဆိုတာ ဘာကြောင့် စိတ်ချဖို့ လိုသလဲ။

၆ တောင်းတာ တူရင်တောင် ဖြေတာ တူချင်မှ တူမယ်။ ဥပမာ၊ ဟေဇကိမင်း သေလုမြောပါး ဖျားလို့ ပြန်သက်သာဖို့ အသနားခံတော့ ယေဟောဝါ သက်သာစေတယ်။ (၂ ဘု. ၂၀:၁-၆) ကျန်းမာရေး ပြဿနာ ဖြစ်ပုံရတဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ဖယ်ရှားပေးဖို့ တမန်တော် ပေါလု အသနားခံတော့ ယေဟောဝါ ဖယ်ရှားမပေးဘူး။ (၂ ကော. ၁၂:၇-၉) တမန်တော် ယာကုပ်နဲ့ ပေတရုအကြောင်းလည်း စဉ်းစားကြည့်ပါ။ နှစ်ယောက်စလုံးကို ဟေရုဒ်မင်း အသက်ရန်ရှာတယ်။ ပေတရုအတွက် အသင်းတော် ဆုတောင်းပေးသလို ယာကုပ်အတွက်လည်း တောင်းပေးမှာပဲ။ ဒါပေမဲ့ ယာကုပ် အသတ်ခံလိုက်ရတယ်။ ပေတရုကိုတော့ ကောင်းကင်တမန် ကယ်လိုက်တယ်။ (တ. ၁၂:၁-၁၁) ‘ပေတရုကို ယေဟောဝါ ကယ်ပြီး ယာကုပ်ကို ဘာကြောင့် မကယ်သလဲ’ လို့ တွေးမိမယ်။ ကျမ်းစာမှာ ဖော်ပြမထားဘူး။c ဒါပေမဲ့ ယေဟောဝါရဲ့ နည်းလမ်းတွေ “မတရားမှု ကင်း” တယ်ဆိုတာ စိတ်ချနိုင်တယ်။ (တရား. ၃၂:၄) ဒါ့အပြင် နှစ်ယောက်စလုံးကို ယေဟောဝါ ချစ်မှန်း ကျွန်တော်တို့ သိတာပဲ။ (ဗျာ. ၂၁:၁၄) ကျွန်တော်တို့လည်း တစ်ခါတလေ မျှော်လင့်ထားတဲ့ အဖြေ မရတာမျိုး ဖြစ်နိုင်တယ်။ ယေဟောဝါ လုပ်သမျှ အမြဲ မေတ္တာပါတယ်၊ တရားမျှတတယ်ဆိုတာ စိတ်ချလို့ ဆုတောင်းချက် အဖြေပေးပုံကို မကျေမနပ် အတွန့်မတက်ကြဘူး။—ယောဘ ၃၃:၁၃။

၇။ ဘာကို ရှောင်ရမလဲ။ ဘာကြောင့်လဲ။

၇ ကိုယ့်အခြေအနေကို တခြားသူတွေနဲ့ ယှဉ်တာမျိုး ရှောင်ရမယ်။ ဥပမာ၊ ယေဟောဝါဆီ တစ်ခုခု သတ်သတ်မှတ်မှတ် ဆုတောင်းထားပေမဲ့ အဖြေ မရဘူး။ ကိုယ့်လို တောင်းတဲ့ နောက်တစ်ယောက်ကိုတော့ ယေဟောဝါ အဖြေပေးပုံ ပေါက်တာမျိုး ကြုံနိုင်တယ်။ ညီအစ်မ အန်နာ အဲဒီလို ကြုံရတယ်။ ခင်ပွန်း မက်သရူး ကင်ဆာရောဂါ သက်သာဖို့ အန်နာ ဆုတောင်းတယ်။ အဲဒီအချိန်မှာပဲ သက်ကြီး ညီအစ်မနှစ်ယောက်လည်း ကင်ဆာ ဖြစ်နေတယ်။ ဒါနဲ့ မက်သရူးအတွက်ကော ညီအစ်မတွေအတွက်ပါ အသည်းအသန် ဆုတောင်းတယ်။ ညီအစ်မတွေ ပြန်သက်သာလာပေမဲ့ မက်သရူး ဆုံးသွားတယ်။ ယေဟောဝါကြောင့် ညီအစ်မတွေ ပြန်သက်သာလာတာဆိုရင် မက်သရူးကျတော့ ဘာကြောင့် ဆုံးသွားရသလဲဆိုပြီး အန်နာ တွေးမိတယ်။ အကြောင်းရင်း ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ သိတာ ရှိတယ်။ ဆင်းရဲဒုက္ခအားလုံးကို ယေဟောဝါ အဆုံးတိုင်စေမယ်၊ ချစ်ရသူတွေကို ပြန်ထမြောက်ပေးချင်နေတယ်ဆိုတာပဲ။—ယောဘ ၁၄:၁၅။

၈။ (က) ဟေရှာယ ၄၃:၂ အရ ယေဟောဝါ ဘယ်လို ထောက်မပေးမလဲ။ (ခ) အခက်အခဲ ကြုံရချိန်မှာ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။ (ဆုတောင်းခြင်းက အခက်အခဲကို ခံရပ်စေ ဗီဒီယိုကို ကြည့်ပါ။)

၈ အမြဲ ထောက်မပေးမယ်။ ကျွန်တော်တို့ ဒုက္ခရောက်တာ မေတ္တာရှင် အဖ ယေဟောဝါ မကြည့်ရက်ဘူး။ (ဟေရှာ. ၆၃:၉) ဒါပေမဲ့ မြစ်ရေလို၊ မီးလို အခက်အခဲတွေ တစ်ခုမှ မကြုံအောင် လိုက်ကာကွယ်မပေးဘူး။ (ဟေရှာယ ၄၃:၂ ကို ဖတ်ပါ။) “ဖြတ်လျှောက်” နိုင်အောင် ကူညီပေးမယ်လို့တော့ ကတိပေးတယ်။ အခက်အခဲတွေကြောင့် မိမိနဲ့ ဆက်ဆံရေး ပြတ်တောက်သွားတာမျိုး အဖြစ်မခံဘူး။ ခံရပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။ (လု. ၁၁:၁၃။ ဖိ. ၄:၁၃) ဒါကြောင့် ခံနိုင်ရည် ရှိဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ လိုတာ ကွက်တိ ဘုရား အမြဲ ပေးမယ်ဆိုတာ စိတ်ချပါ။d

ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ

၉။ ယာကုပ် ၁:၆၊ ၇ အရ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ဘာကြောင့် ယုံဖို့ လိုသလဲ။

၉ မိမိကို ယုံဖို့ မျှော်လင့်တယ်။ (ဟီ. ၁၁:၆) တစ်ခါတလေ အခက်အခဲတွေ မကျော်လွှားနိုင်ပုံ ပေါက်နေနိုင်တယ်။ ယေဟောဝါ ကူညီပေးပါ့မလားလို့ သံသယ စဝင်လာနိုင်တယ်။ ဒါပေမဲ့ ဘုရားပေး ခွန်အားကြောင့် “မြို့ရိုးကို တက်နိုင်” မယ်လို့ ကျမ်းစာမှာ အာမခံတယ်။ (ဆာ. ၁၈:၂၉) ဒါကြောင့် သံသယ ဝင်မနေပါနဲ့။ ဆုတောင်းချက်တွေ ယေဟောဝါ ဖြေပေးမယ်ဆိုတာ စိတ်ချပြီး ယုံယုံကြည်ကြည်သာ တောင်းနေပါ။—ယာကုပ် ၁:၆၊ ၇ ကို ဖတ်ပါ။

၁၀။ ဆုလည်း တောင်း၊ ကိုယ့်ဘက်ကလည်း တတ်နိုင်တာ လုပ်ဖို့ လိုကြောင်း ဥပမာ ပေးပါ။

၁၀ ဆုလည်း တောင်း၊ ကိုယ့်ဘက်ကလည်း တတ်နိုင်တာ လုပ်ဖို့ မျှော်လင့်တယ်။ ခရိုင်အစည်းအဝေး တက်လို့ ရအောင် အလုပ်ကနေ ခွင့်ရပါစေဆိုပြီး ညီအစ်ကိုတစ်ယောက် ဆုတောင်းတယ် ဆိုပါစို့။ ဒီဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေးမလဲ။ အလုပ်ရှင်ဆီ ခွင့်သွားတောင်းရဲတဲ့ သတ္တိ ပေးနိုင်တယ်။ ဒါပေမဲ့ ခွင့်သွားတောင်းရမှာ ညီအစ်ကိုရဲ့ တာဝန်။ ခဏခဏတောင် သွားတောင်းရနိုင်တယ်။ နောက်တစ်ရက် အစားပြန်လုပ်ပေးမယ်၊ လစာ ဖြတ်လို့ ရတယ်စသဖြင့် ညှိရနိုင်တယ်။

၁၁။ ဘာကြောင့် ထပ်ခါထပ်ခါ တောင်းသင့်သလဲ။

၁၁ ထပ်ခါထပ်ခါ တောင်းဖို့ မျှော်လင့်တယ်။ (၁ သက်. ၅:၁၇) ဆုတောင်းချက်တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်မှန်း ယေရှုစကားကနေ သိနိုင်တယ်။ (လု. ၁၁:၉) စိတ်ဓာတ်မကျပါနဲ့။ ဇွဲမလျှော့ဘဲ ခဏခဏ တောင်းပါ။ (လု. ၁၈:၁-၇) တစ်ခုခုနဲ့ပတ်သက်ပြီး တောက်လျှောက် တောင်းတာဟာ စိတ်ကူးပေါက်တုန်း ထတောင်းတာ မဟုတ်မှန်း ပြရာ ရောက်တယ်။ ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ယုံကြောင်းလည်း ပြရာ ရောက်တယ်။

ဆုတောင်းချက် ပြောင်းဖို့ ဘာကြောင့် လိုနိုင်သလဲ

၁၂။ (က) ဆုတောင်းချက်နဲ့ပတ်သက်ပြီး စဉ်းစားသင့်တဲ့ မေးခွန်းတစ်ခုက ဘာလဲ။ ဘာကြောင့်လဲ။ (ခ) ယေဟောဝါကို လေးစားရာ ကျဖို့ ဘယ်လို ဆုတောင်းရမလဲ။ (“ငါ့ဆုတောင်းချက်တွေက ယေဟောဝါကို လေးစားရာ ကျရဲ့လား” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၂ ဆုတောင်းထားတာ အဖြေ မရဘူးဆိုရင် မေးခွန်း သုံးခု စဉ်းစားကြည့်ပါ။ ပထမ၊ ‘တောင်းသင့်တာ တောင်းနေတာ ဟုတ်ရဲ့လား။’ ကိုယ့်အတွက် ဘာအကောင်းဆုံးလဲ ကိုယ် သိတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ် တောင်းထားတာက ရေရှည် အကျိုးမရှိတာမျိုး ဖြစ်နေနိုင်တယ်။ ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး ဆုတောင်းတာဆိုရင် ကိုယ် တောင်းထားတဲ့ ဖြေရှင်းနည်းထက် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိနေနိုင်တယ်။ တစ်ခါတလေ ကိုယ် တောင်းတာတွေက ယေဟောဝါရဲ့ အလိုတော်နဲ့ မညီတာ ဖြစ်နေနိုင်တယ်။ (၁ ယော. ၅:၁၄) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ မိဘတွေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ သားသမီး အမှန်တရားမှာ ဆက်ရှိနေဖို့ ဆုတောင်းတယ်။ ဒီလိုတောင်းတာ သင့်တော်ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ မိမိကို ဝတ်ပြုဖို့ ဘယ်သူ့ကိုမှ ယေဟောဝါ ဖိအားမပေးဘူး။ သားသမီးတွေ အပါအဝင် ကျွန်တော်တို့အားလုံး ကိုယ့်စိတ်နဲ့ကိုယ် ရွေးချယ်ပြီး ဝတ်ပြုတာကို လိုချင်တာ။ (တရား. ၁၀:၁၂၊ ၁၃။ ၃၀:၁၉၊ ၂၀) ဒီတော့ မိဘတွေ ဘယ်လို ပြောင်းပြီး ဆုတောင်းနိုင်သလဲ။ ဘုရားကို သားသမီး ချစ်လာအောင်၊ ဘုရားနဲ့ ရင်းနှီးလာအောင် ထိထိမိမိ သွန်သင်ဆုံးမနိုင်ဖို့ ကူညီပေးပါဆိုပြီး တောင်းနိုင်တယ်။—ပညာ. ၂၂:၆။

ငါ့ဆုတောင်းချက်တွေက ယေဟောဝါကို လေးစားရာ ကျရဲ့လား

ယေဟောဝါဟာ ဆုတောင်းချက်တွေ ဖြေပေးချင်တဲ့ မေတ္တာရှင် ဖခင်ပါ။ ဒါပေမဲ့ ဖန်ဆင်းရှင် ဖြစ်တာမို့ လေးစားခံထိုက်တယ်။ (ဗျာ. ၄:၁၁) ဆုတောင်းတဲ့အခါ ကောင်းကင်ဘုံစံ ဖခင်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ကိုယ် တောင်းတာတွေဟာ အလိုတော်နဲ့ ညီပါစေ။ တောင်းတဲ့ အကြောင်းရင်း မှန်ပါစေ။ (၁ ယော. ၅:၁၄) ကိုယ် လိုချင်တာ၊ ဖြစ်ချင်တာတွေပဲ တစ်ကိုယ်ကောင်းဆန်ဆန် မတောင်းသင့်ဘူး။ တစ်ကိုယ်ကောင်းဆန်ဆန် “တလွဲ တောင်းနေ” ရင် အဖြေ ရမှာ မဟုတ်ဘူးလို့ ပထမရာစု ခရစ်ယာန်တွေကို ယာကုပ် သတိပေးတယ်။—ယာ. ၄:၃။

  • မရမက ဇွတ်မတောင်းပါနဲ့။ (မ. ၄:၇) ဆုတောင်းချက်ကို ဘယ်လို ဖြေရင် အကောင်းဆုံး ဖြစ်မလဲ ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ကိုယ် မျှော်လင့်တာနဲ့ ဘုရား ဖြေတာ တစ်ခါတလေ တူချင်မှ တူမယ်။—ဧ. ၃:၂၀။

  • နေ့တိုင်း ဘုရား ပေးထားတာတွေအတွက် ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ဘုရား ဘယ်လောက် ပီတိဖြစ်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။—ကော. ၃:၁၅။ ၁ သက်. ၅:၁၇၊ ၁၈။

၁၃။ ၁ ပေတရု ၅:၆၊ ၇ အရ ဘယ်အချိန်မှာ ယေဟောဝါ ကူညီပေးမလဲ။ ရှင်းပြပါ။

၁၃ ဒုတိယ၊ ‘ယေဟောဝါ ဖြည့်ဆည်းပေးဖို့ အချိန် တန်ပြီလား။’ ဆုတောင်းချက် အဖြေ ချက်ချင်း ရမှ ဖြစ်မယ်လို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဘယ်အချိန် အကောင်းဆုံးလဲ ယေဟောဝါ သိတယ်။ (၁ ပေတရု ၅:၆၊ ၇ ကို ဖတ်ပါ။) တောင်းတာ ချက်ချင်း မရရင် ယေဟောဝါ ‘မပေးဘူး’ လို့ မတွေးလိုက်ပါနဲ့။ ‘မပေးသေးတာ’ ဖြစ်မှာပါ။ ရောဂါ သက်သာဖို့ ဆုတောင်းတဲ့ ညီအစ်ကိုလေးအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကုပေးလိုက်ရင် ‘ယေဟောဝါကို ဆက်ဝတ်ပြုမှာပေါ့။ ရောဂါ ပျောက်အောင် လုပ်ပေးထားတာကိုး’ ဆိုပြီး စာတန် စွပ်စွဲမှာ။ (ယောဘ ၁:၉-၁၁။ ၂:၄) အနာရောဂါအားလုံး ပျောက်ကင်းအောင် လုပ်ပေးမယ့်အချိန် ယေဟောဝါ သတ်မှတ်ပြီးပြီ။ (ဟေရှာ. ၃၃:၂၄။ ဗျာ. ၂၁:၃၊ ၄) အဲဒီအချိန် မရောက်ခင်တော့ အံ့ဖွယ်နည်းနဲ့ ရောဂါ ပျောက်ဖို့ မျှော်လင့်လို့ မရဘူး။ ဒီတော့ ညီအစ်ကိုလေး ဘယ်လို ပြောင်းပြီး ဆုတောင်းနိုင်သလဲ။ ရောဂါဒဏ် ခံနိုင်ဖို့၊ ဘုရားကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့ အစွမ်းခွန်အား၊ ငြိမ်သက်ခြင်း ပေးပါဆိုပြီး တောင်းနိုင်တယ်။—ဆာ. ၂၉:၁၁။

၁၄။ ဂျဲနက်အဖြစ်ကနေ ဘာသင်ယူရသလဲ။

၁၄ ဗေသလမှာ အမှုဆောင်ချင်လို့ ဆုတောင်းတဲ့ ဂျဲနက်အကြောင်း ပြန်စဉ်းစားကြည့်ပါ။ မျှော်လင့်မထားတဲ့ နည်းနဲ့ ယေဟောဝါ အဖြေပေးတာကို နောက်ငါးနှစ် ကြာမှ သဘောပေါက်လာတယ်။ “အဲဒီအတောအတွင်း ယေဟောဝါ အများကြီး သင်ပေး၊ လေ့ကျင့်ပေးနေတာပဲ။ ကျွန်မ ဘုရားကို ပိုကိုးစားတတ်ဖို့၊ ကျမ်းစာကို ထဲထဲဝင်ဝင် လေ့လာတတ်ဖို့ လိုနေခဲ့တာ။ ဘယ်နေရာကနေပဲ အမှုဆောင်ရ ဆောင်ရ ပျော်တတ်ဖို့ လိုနေခဲ့တာ” လို့ ပြောတယ်။ နောက်ပိုင်း၊ ဂျဲနက်တို့ ဇနီးမောင်နှံ တိုက်နယ်လုပ်ငန်းမှာ ပါဝင်ရတယ်။ “ပြန်တွေးကြည့်ရင် ကျွန်မ မျှော်လင့်ထားတဲ့ ပုံစံနဲ့သာ မဟုတ်တာ။ ဆုတောင်းချက်တွေ ယေဟောဝါ ဖြေပေးတယ်။ ဘုရား ပေးတဲ့ အဖြေ ဘာကြောင့် အကောင်းဆုံး ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ အချိန်တော့ လိုတာပေါ့။ ဘုရားမေတ္တာ၊ ကြင်နာမှု ခံစားရလို့ ပျော်တယ်” လို့ ပြောတယ်။

ရုပ်ပုံ– ၁။ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်လွှာ ညီအစ်မနှစ်ယောက် ဖြည့်နေ။ နှစ်ယောက်စလုံး လျှောက်လွှာ မတင်ခင် ဆုတောင်း။ ၂။ လျှောက်လွှာ တင်ထားတဲ့ နောက်ညီအစ်မ အပါအဝင် သူငယ်ချင်းတွေကို နိုင်ငံတော်ခန်းမမှာ ညီအစ်မတစ်ယောက် သင်တန်း ဖိတ်ခေါ်စာ ဝမ်းသာအားရ ပြနေ။ ၃။ သင်တန်း ဖိတ်မခံရတဲ့ ညီအစ်မ ယေဟောဝါဆီ ဆုတောင်း။ အဲဒီနောက် စာရေး။ နောက်ပိုင်း၊ တိုင်းတစ်ပါးမှာ အမှုဆောင်။ အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းမှာ ပါဝင်။

ယေဟောဝါဆီက အဖြေ မရဘူးလို့ ခံစားရရင် ဆုတောင်းချက် ပြောင်းကြည့်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)f

၁၅။ ဘောင်ကျယ်ကျယ် ထားပြီး ဆုတောင်းဖို့ ဘာကြောင့် လိုနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ တတိယ၊ ‘ပြောင်းပြီး ဆုတောင်းသင့်သလား။’ သတ်သတ်မှတ်မှတ် ဆုတောင်းတာ ကောင်းပါတယ်။ ဒါပေမဲ့ ယေဟောဝါ ဘာဖြစ်စေချင်သလဲ သိရအောင် တစ်ခါတလေ ဘောင်ကျယ်ကျယ် ထားပြီး ဆုတောင်းနိုင်တယ်။ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တက်ချင်လို့ ဆုတောင်းတဲ့ တစ်ကိုယ်ရေ ညီအစ်မအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နိုင်အောင် သင်တန်း တက်ချင်တာ။ ဒါဆိုရင် သင်တန်း တက်ရဖို့ ဆက်ဆုတောင်းရင်း တစ်ဖက်မှာ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ တခြားအခွင့်အလမ်းတွေ မြင်လာအောင်လည်း တောင်းနိုင်တယ်။ (တ. ၁၆:၉၊ ၁၀) အဲဒီနောက် အနီးနားမှာ ရှေ့ဆောင် ပိုလိုတဲ့ အသင်းတော် ရှိသလားလို့ တိုက်နယ် ကြီးကြပ်မှူးကို မေးနိုင်တယ်။ ဟောပြောသူ ပိုလိုတဲ့ နိုင်ငံဒေသ ရှိသလားလို့ ဌာနခွဲရုံးကို စာရေးမေးနိုင်တယ်။e

၁၆။ ဘာကို စိတ်ချနိုင်သလဲ။

၁၆ ဆွေးနွေးခဲ့တဲ့အတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ မေတ္တာပါပါ၊ တရားမျှမျှတတ ဖြေပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဆာ. ၄:၃။ ဟေရှာ. ၃၀:၁၈) မျှော်လင့်တဲ့အတိုင်း အမြဲ အဖြေ ရချင်မှ ရမယ်။ ဒါပေမဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်တော့မှ လျစ်လျူမရှုဘူး။ ကျွန်တော်တို့ကို သိပ်ချစ်တဲ့အတွက် ဘယ်တော့မှ ပစ်မထားဘူး။ (ဆာ. ၉:၁၀) ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို “အချိန်တိုင်း” ဆက်သာ “ယုံကြည်ကိုးစား” နေပါ။—ဆာ. ၆၂:၈။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ။

  • ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ။

  • ဆုတောင်းချက် ပြောင်းဖို့ ဘာကြောင့် လိုနိုင်သလဲ။

သီချင်း ၄၃ ကျေးဇူးတင်ချီးမွမ်းတဲ့ ဆုတောင်းစကား

a ဆုတောင်းချက်တွေကို မေတ္တာပါပါ၊ တရားမျှမျှတတ ယေဟောဝါ အမြဲ ဖြေပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်ကြောင်း ဒီဆောင်းပါးမှာ ရှင်းပြသွားပါမယ်။

b အမည်လွှဲများ။

c ၂၀၂၂၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါဘုရားရဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေကို ယုံကြည်စိတ်ချသလား” ဆောင်းပါး၊ ပိုဒ်. ၃-၆ ကို ကြည့်ပါ။

d အခက်အခဲတွေ ခံရပ်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း ထပ်သိချင်ရင် ဆုတောင်းခြင်းက အခက်အခဲကို ခံရပ်စေ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

e တခြားဌာနခွဲ ရပ်ကွက်မှာ အမှုဆောင်ချင်တယ်ဆိုရင် ထပ်ဆင့် ညွှန်ကြားချက်တွေ သိဖို့ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ် အခန်း ၁၀၊ ပိုဒ်. ၆-၉ ကို ကြည့်ပါ။

f ပုံအညွှန်း– သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း မလျှောက်ခင် ညီအစ်မနှစ်ယောက် ဆုတောင်းနေ။ တစ်ယောက် တက်ရပြီး နောက်တစ်ယောက် မတက်ရ။ မတက်ရတဲ့ ညီအစ်မ အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်မသွား။ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်မယ့် တခြားအခွင့်အလမ်းတွေ မြင်လာအောင် ကူညီပေးဖို့ ဆုတောင်း။ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ချင်တဲ့အကြောင်း ဌာနခွဲရုံးကို စာရေး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ