ယေဟောဝါ၏သန့်ရှင်းသော နာမတော်ကိုကောင်းချီးပေးလော့
“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ။”—ဆာလံ ၁၄၅:၂၁။
၁၊ ၂။ ဘုရားသခင့်အုပ်ချုပ်ရေးကို စာတန်မည်သို့အန်တုစိန်ခေါ်ခဲ့သနည်း။ (ခ) ဆာလံ ၁၄၅:၁၁-၂၁ နှင့်ပတ်သက်၍ အဘယ်မေးခွန်းများပေါ်လာသနည်း။
ယေဟောဝါသည် စကြဝဠာအချုပ်အခြာအာဏာရှင်အမှန်ဖြစ်တော်မူသည်။ သို့သော်စာတန်သည် ဘုရားသခင့်အုပ်ချုပ်ရေး၏တရားမျှတမှုနှင့်အခွင့်အာဏာကို အန်တုစိန်ခေါ်ခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၁-၅) ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်အားလုံးတို့၏ သစ္စာသမာဓိကိုလည်းမာရ်နတ်စိန်ခေါ်ထားသည်။ (ယောဘ ၁:၆-၁၁။ ၂:၁-၅။ လုကာ ၂၂:၃၁) ထိုကြောင့် ကိုယ်တော်၏အုပ်ချုပ်မှုကိုတော်လှန်ပုန်ကန်ခြင်း၏ဆိုးကျိုးကို အသိဉာဏ်ရှိသတ္တဝါအပေါင်းတွေ့မြင်ရန်နှင့် ဤပြဿနာဖြစ်စေသည့်အရေးကိစ္စများတွင် မည်သူ့ဘက်တွင်ရှိကြောင်း သူတို့တင်ပြခွင့်ရရှိစေရန် ယေဟောဝါအချိန်ပေးတော်မူခဲ့ပြီ။
၂ ဆာလံ ၁၄၅ သည်ဘုရားသခင့်အုပ်ချုပ်မှုဘက် မားမားမတ်မတ်ရပ်တည်ရန် အထောက်အကူပြုသည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါ၏မင်းရိုက်ရာအကြောင်း ဒါဝိဒ်အဘယ်သို့ဆိုသနည်း။ ယင်းကိုထောက်ခံသူများအား ဘုရားသခင်မည်သို့ဆက်ဆံသနည်း။ ဆာလံ ၁၄၅:၁၁-၂၁ တွင်အထောက်အကူပြုအဖြေများရှိသည်။
ယေဟောဝါ၏မင်းရိုက်ရာအကြောင်းပြောဆိုကြ
၃။ ဘုရားသခင့်အုပ်ချုပ်မှုကိုကျွန်ုပ်တို့မြတ်နိုးမည်ဆိုလျှင် ကျွန်ုပ်တို့ဘာလုပ်မည်နည်း။
၃ “နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်းဟောပြောမြွက်ဆိုသဖြင့် တန်ခိုးပါသောအမှုများနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အားဖော်ပြကြပါ၏” ဟုပြောခဲ့သောဒါဝိဒ်အတွက် ယေဟောဝါ၏မင်းရိုက်ရာသည် အထူးစိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ (ဆာလံ ၁၄၅:၁၁၊ ၁၂) စိတ်ဝင်စားရာများအကြောင်း လူတို့ပြောဆိုလေ့ရှိကြသည်။ ယင်းကြောင့် မိမိအိမ်ထောင်စု၊ မိမိနေအိမ်၊ မိမိပျိုးပင်များအကြောင်း ပြောဆိုတတ်ကြသည်။ “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုထုတ်ဖော်တတ်၏” ဟုယေရှုဆိုသည်။ (လုကာ ၆:၄၅) ဘုရားသခင့်အုပ်ချုပ်မှုကိုကျွန်ုပ်တို့မြတ်နိုးမည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ဖို့ဆုတောင်းပါမည်။ ကိုယ်တော့်အုပ်ချုပ်မှုအောက်ရှိမည့် တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့်ဖြောင့်မတ်ခြင်းတရားအကြောင်း လူတို့အားပြောပြနေမည်။ ယေဟောဝါသည် “ထာဝရဘုရင်” ဖြစ်တော်မူကြောင်း ချီးမွမ်းထောမနာပြုကြမည်။ ကိုယ်တော်ချစ်မြတ်နိုးသောသားတော်ယေရှုခရစ်စိုးစံမည့် မေရှိယနိုင်ငံတော်အားဖြင့် အချုပ်အခြာအာဏာတော်ထင်ရှားမည်အကြောင်း ပြောဆိုကြမည်။ (ဗျာဒိတ် ၁၅:၃။ ဟေရှာယ ၉:၆၊ ၇) ယေဟောဝါ၏မင်းရိုက်ရာ ကောင်းကင်ဘုန်းအသရေအကြောင်းပြောဆိုရခြင်းသည် အခွင့်ထူးလှသည်တကား။ မကြာမီပျော်ရွှင်သောသူများဖြင့်ပြည့်နေသည့် မြေကြီးပရဒိသု၏အလှကျက်သရေ၌ ကိုယ်တော်၏ဘုန်းထင်ရှားလာမည်အမှန်။—လုကာ ၂၃:၄၃။
၄။ မည်သည့်အချိန်တွင်ယေဟောဝါ၏ “ကြီးမြတ်တော်မူခြင်း” အကြောင်းပြောဆိုရန်အခွင့်ကောင်းများရသနည်း။ ဤလုပ်ငန်းတွင် မည်သို့ထောက်ပံ့မှုရရှိသနည်း။
၄ ကျေးဇူးတင်လေးစားသောသဘောသည်လည်း ယေဟောဝါ၏ “ကြီးမြတ်တော်မူခြင်း” အကြောင်းပြောဆိုရန် လှုံ့ဆော်ပေးပါမည်။ “အနန္တတန်ခိုးရှင်” ဖြစ်သော်ငြားလည်း တန်ခိုးတော်ကိုအလွဲသုံးစားပြုတော်မမူ။ (ယောဘ ၃၇:၂၃) ကမ္ဘာမြေကြီးနှင့်လူသားကိုဖန်ဆင်းရန် တန်ခိုးတော်ကိုအသုံးပြုတော်မူခဲ့သည်။ လူဆိုးတို့အားဖျက်ဆီးရန်အတွက် တန်ခိုးတော်ကိုအသုံးပြုပေမည်။ သတင်းကောင်းဟောပြောချိန်တွင် ဘုရားသခင့်ကြီးမြတ်တော်မူခြင်းအကြောင်းပြောဆိုခွင့်ရရှိကြသည်။ အချုပ်အခြာအစွမ်းခွန်အားရှင်သည် ဤလုပ်ငန်းကိုထမ်းဆောင်ရန် ကျွန်ုပ်တို့အားမစတော်မူသည့်အတွက် ကျေးဇူးတင်ကြသည်မဟုတ်လော။ (ဟေရှာယ ၄၀:၂၉-၃၁) မှန်ပါသည်။ ယေဟောဝါသက်သေများအနေနှင့် ဘုရားသခင့်ဝိညာဉ်တော်ခွန်အားဖြင့် မြင့်မြတ်သောလုပ်ငန်းတော်ကိုထမ်းဆောင်နိုင်ကြသည်။ ဤနည်းအားဖြင့်ကမ္ဘာချီ ဘုရားသခင့်နိုင်ငံတော်သတင်းကို အောင်မြင်စွာဖြင့်ကြွေးကြော်နိုင်ကြသည်။—ဆာလံ ၂၈:၇၊ ၈။ ဇာခရိ ၄:၆။
၅။ ယေဟောဝါ၏ “ကြီးမားသောစီရင်တော်မူချက်များ” အကြောင်းလူအများမသိကြသဖြင့် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၅ အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ရသည့်အဖြစ်မှ ဘုရားသခင်ကယ်နှုတ်ပေးတော်မူခဲ့ကြောင်း သားသမီးများအား ဣသရေလလူမျိုးတို့ပြောပြခဲ့သည်နည်းတူ ယေဟောဝါ၏ “ကြီးမားသောစီရင်တော်မူချက်များ” အကြောင်းလူသားအပေါင်းအားကြေညာဖို့လိုပါသည်။ (ထွက်မြောက်ရာ ၁၃:၁၄-၁၆) မှတ်သားလောက်သည့်လုပ်ရပ်ပြုသူများအတွက် လူတို့သည်အထိမ်းအမှတ်များပြုလုပ်လေ့ရှိသော်လည်း ဘုရားသခင်၏ကြီးမားသောစီရင်ချက်များကိုသိရှိသူများမူ မည်မျှရှိသနည်း။ ပညာရှိတစ်ဦးဆိုသကဲ့သို့ပင်ဖြစ်သည်။ “သူရဲကောင်းများ၏လုပ်ငန်းကို ကြေးပြားပေါ်ထွင်းလေ့ရှိသော်လည်း ယေဟောဝါ၏ဘုန်းတန်ခိုးကိုမူ သဲပေါ်ရေးသား၍ အချိန်ဒီလှိုင်းသည် မျက်မှောက်မှတ်ဉာဏ်ထဲမှဆေးကြောလိုက်လေသည်။” ထိုလုပ်ရပ်များကို လူအများစုမသိသော်လည်း အမှန်မှာထိုလုပ်ရပ်များပြယ်ပျောက်မသွားပါ။ ထိုကြောင့် ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပချိန်နှင့် အခြားအချိန်အခါများတွင် ဘုရားသခင်၏ကြီးမားသောစီရင်တော်မူချက်များအကြောင်း ဇွဲရှိရှိပြောဆိုကြစို့လေ။
၆။ (က) လွန်ခဲ့သောနှစ်များစွာက ကျွန်ုပ်တို့ဓမ္မအမှုကိုဆောင်ရွက်သည့်ဇွဲအကြောင်း အဘယ်အခါသမယက ကောင်းစွာဖော်ပြခဲ့သနည်း။ (ခ) ၁၉၂၂ ခုနှစ်ကဘုရားသခင်၏နိုင်ငံသတင်းကြေညာခြင်းအကြောင်း ဘာပြောသနည်း။
၆ ဘုရားသခင်၏မင်းရိုက်ရာဘုန်းအကြောင်းကိုလည်း ဇွဲလုံ့လနှင့်ကြေညာသင့်သည်။ ၁၉၂၂ ခုနှစ်တွင် ထိုအချိန်ကကင်းမျှော်စင်အသင်း၏ဥက္ကဌဖြစ်သော ဂျေ၊ အက်ဖ်၊ ရပ်သဖော့သည် အိုဟိုက်အိုနယ်၊ စီဒါပွိုင့်မြို့သို့လာကြသောရွှေပွဲလာများအား အောက်ပါအတိုင်းမိန့်ခဲ့ခြင်းက ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအတွက် ဇွဲလုံ့လပြင်းထန်ကြောင်းထင်ရှားသည်အမှန်။ “၁၉၁၄ ခုနှစ်ကတည်းက ဘုန်းကြီးမားတော်မူသောဘုရင်သည် အာဏာကိုသိမ်းပိုက်တော်မူပြီ။ . . . ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ ဘုရင်စိုးစံလေပြီ။ စာတန့်အင်ပိုင်ယာပြိုလဲနေပေပြီ။ ယခုအသက်ရှင်သူ သန်းပေါင်းများစွာတို့သည် သေရကြတော့မည်မဟုတ်။ သင်တို့ယုံကြည်သလော။ . . . ထိုသို့ဆိုလျှင် အမြင့်မြတ်ဆုံးဘုရားသခင်၏အသင်သားတော်အပေါင်းတို့။ လယ်ကွင်းသို့ပြန်ဆင်းကြစို့။ လက်နက်တန်ဆာကို ဆင်မြန်းထားလေ။ တည်ငြိမ်ကြ၊ သတိရှိကြ၊ တက်ကြွလှုပ်ရှားနေကြ၊ သတ္တိရှိကြပါ။ သခင်၏သစ္စာတည်မြဲသောသက်သေခံအစစ်အမှန်ဖြစ်ကြပါ။ ဗာဗုလုန်သည်အစအနမကျန်ကြွင်းသည်အထိ ချီတက်ကြပါလေ။ သတင်းတရားကို နေရာအနှံ့ကြားပြောကြ။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၍ ယေရှုခရစ်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်တော်မူကြောင်း ကမ္ဘာသားတို့သိရှိကြရမည်။ ဤကား နေ့ရက်တကာတို့၏နေ့ရက်ပင်တည်း။ ကြည့်ရှုလော့။ ဘုရင်စိုးစံလေပြီ။ ထိုကြောင့် ဘုရင်နှင့်ကိုယ်တော်၏နိုင်ငံတော်ကို ကြေညာလော့၊ ကြေညာလော့၊ ကြေညာလော့။”
၇။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့လုပ်ငန်းကိုမည်သို့သဘောထားသင့်သနည်း။
၇ “ဘုရားသခင့်နာမတော်ကိုအောက်မေ့” ရန်၊ ကိုယ်တော်၏မင်းရိုက်ရာအကြောင်း ပြောဆိုရန်၊ ချစ်မြတ်နိုးသောသားတော်၏ မေရှိယနိုင်ငံတော်အကြောင်းကြေညာရန် မည်မျှအားရရွှင်လန်းစရာပါတကား။ (မာလခိ ၃:၁၆) ဘုရားသခင့်နိုင်ငံတော်အကြောင်းကြွေးကြော်ထောက်ခံသူများအနေနှင့် သတင်းကောင်းကြေညာခွင့်နှင့် ဘုရားသခင်၊ ခရစ်တော်နှင့်နိုင်ငံတော်ဘက်လှည့်လာစေရန်လူသားတို့အားကူညီနိုင်ခြင်းကို တန်ဖိုးထားလေးမြတ်ပါသည်။ ယေဟောဝါ၏မင်းရိုက်ရာဘုန်းကျက်သရေအကြောင်း သူတစ်ပါးအားပြောဆိုရန်စိတ်ထားသည် ကျွန်ုပ်တို့အတွင်းလောင်နေသောမီးပမာဖြစ်နေသင့်သည်။—ယေရမိ ၂၀:၉ နှိုင်းယှဉ်ပါ။
၈။ (က) ယနေ့ယေဟောဝါ၏မင်းရိုက်ရာကို အဘယ်အရာကကိုယ်စားပြုထားသနည်း။ (ခ) “ကာလအစဉ်အဆက်” ဘုရားသခင်၏အာဏာတော်တည်သည်ဟု အဘယ်ကြောင့်ပြောဆိုနိုင်သနည်း။
၈ ဒါဝိဒ်ဤသို့ဆိုထားသဖြင့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကြေညာရန် တိုက်တွန်းခံရသင့်သည်။ “ကိုယ်တော်၏နိုင်ငံတော်သည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။” (ဆာလံ ၁၄၅:၁၃) ယေဟောဝါ၏မင်းရိုက်ရာအကြောင်း ဆာလံဆရာဆက်ဆင်ခြင်သုံးသပ်ရာတွင် နာမ်စား “ထိုအရှင်၏” မှ “ကိုယ်တော်” ဟူ၍လှည့်အသုံးပြုကာ ဘုရားသခင်အားတိုက်ရိုက်ဆုပတ္ထနာပြုလေသည်။ မေရှိယနိုင်ငံတော်အားဖြင့် ယေဟောဝါ၏မင်းရိုက်ရာကိုကိုယ်စားပြုခြင်းကား ဘုရားသခင်၏ထာဝရဘုရင်အရာကို အစားမထိုးပါ။ အမှန်မှာနာခံမှုရှိသောလူသားသည် စုံလင်ခြင်းအဖြစ်သို့ရောက်သွားသည့်အခါ ခရစ်တော်သည်နိုင်ငံတော်ကိုခမည်းတော်လက်ထဲအပ်နှင်းတော်မူမည်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) ထိုကြောင့်ဘုရားသခင်၏အာဏာတော်သည် “ကာလအစဉ်အဆက်” တည်ပါသည်။ အာဒံဖန်ဆင်းခံရချိန်တွင် ယေဟောဝါသည်ဘုရင်ဖြစ်တော်မူသည်။ ဖြောင့်မတ်သူများအပေါ်လည်း အစဉ်အဆက်အုပ်စိုးတော်မူမည်။
၉။ ဆာလံ ၁၄၅ တွင်ဟေဗြဲအက္ခရာ နန်း နှင့်စသောအခန်းငယ်တစ်ခုအကြောင်း ဘာပြောနိုင်သနည်း။
၉ မာစိုရာကျမ်းစာတွင် အက္ခရာစဉ်အတိုင်းစတင်သည့် ဤဆာလံကျမ်း၌ ဟေဗြဲအက္ခရာနန်း နှင့်စသောအခန်းငယ်မပါပါ။ သို့သော်ဂရိစပ်ထွားဂျင့်၊ ရှုရိပီရှီတာ ၊ လက်တင်ဗာလ်ဂိတ် ကျမ်းများအရ ဟေဗြဲလက်ရေးစာမူတစ်ခုက ဤသို့ဆိုသည်။ “ယေဟောဝါသည်ကတိတော်တည်၍ စီရင်တော်မူသမျှချစ်ခင်ကြင်နာမှု [သို့မဟုတ် “သစ္စာ”] ရှိတော်မူသည်။” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း—ကိုးကားချက်များပါ၊ အောက်ခြေမှတ်ချက်) ဘုရားသခင်သည် မိမိ၏ကတိတော်အတိုင်းဆောင်ရွက်တော်မူ၍ ကိုယ်တော်၏ကောင်းမြတ်ခြင်းကိုတန်ဖိုးထားသူအပေါင်းအား သစ္စာစောင့်သိသည်၊ ကရုဏာထားပြီး ကြင်နာတော်မူသည်။—ယောရှု ၂၃:၁၄။
ယေဟောဝါ၏ထောက်ပံ့မှု ဘယ်သောအခါမျှမပြတ်စဲ
၁၀။ ‘ကျွန်ုပ်တို့အားဘုရားသခင်မည်သို့အဆက်မပြတ်ထောက်မ’ တော်မူသနည်း။
၁၀ ထာဝရရှင်ဘုရင်သည် ကျေးကျွန်တော်များ၏ဝမ်းနည်းဖွယ်အခြေအနေကို ဘယ်တော့မျှလျစ်လျူရှုမနေပါ။ ယင်းကြောင့်လည်းဒါဝိဒ်က “ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကိုထောက်မတော်မူ၏။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၄) အာဗေလခေတ်ကတည်းက ကိုယ်တော်အားဝတ်ပြုသူများကို ယေဟောဝါထောက်မတော်မူခဲ့သည်။ မိမိဘာသာဆိုလျှင် ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်တို့ကြောင့် အကြိမ်ကြိမ်လဲမည်အမှန်။ ဘုရားသခင့်လူမျိုးတော်အနေနှင့်ခံရသော လူ့ဘဝဒုက္ခများနှင့်ညှဉ်းပန်းနှိပ်စက်မှုများကိုခံရပ်နိုင်သည့်ခွန်အား အလုံအလောက်မရှိကြသော်လည်း ကျွန်ုပ်တို့ကိုယေဟောဝါထောက်မတော်မူသည်။ ဤတွင်အသုံးပြုထားသည့်ဟေဗြဲကြိယာက ‘ကျွန်ုပ်တို့အားဘုရားသခင်အဆက်မပြတ်ထောက်မ’ တော်မူသည့်သဘောတင်ပြသည်။ နှစ်ခြင်းဆရာယောဟန်နှင့်ဘုရားသခင့်သားတော်ကိုယ်တိုင် အပြစ်သားများ၏စိတ်ဓာတ်ကိုမြှင့်တင်ပေးကြောင်း သတိပြုနိုင်ပါသည်။ ဤသူတို့သည် နောင်တရပြီးဘုရားသခင့်ကျေးကျွန်များဖြစ်လာကြသောအခါ ဘုရားထံတော်မှအံ့ချီးဖွယ်ကောင်းချီးကိုခံစားခဲ့ရသည်။—မဿဲ ၂၁:၂၈-၃၂။ မာကု၊ ၂:၁၅-၁၇။
၁၁။ ‘ညွှတ်ကိုင်းနေသူအပေါင်းအား ယေဟောဝါမည်သို့ကြွပင့်ထူမပေးသနည်း။’
၁၁ စုံစမ်းခြင်းအမျိုးမျိုးဖြင့် ‘ညွှတ်ကိုင်းနေသူအပေါင်းအား ယေဟောဝါကြွပင့်ထူမပေးကြောင်းသိရခြင်းကား စိတ်သက်သာမှုရရှိစေသည်။ ကျွန်ုပ်တို့အလယ်ရှိစိတ်ညှိုးငယ်သူတို့ကို စိတ်ရွှင်လန်းစေသည်၊ ဝမ်းနည်းကြေကွဲသူတို့ကို နှစ်သိမ့်ပေးသည်၊ ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ နှုတ်ကပါဌ်တော်ကိုရဲရင့်စွာပြောဟောနိုင်ရန် ကူညီပေးတော်မူသည်။ (တမန်တော် ၄:၂၉-၃၁) ကိုယ်တော့်အကူအညီကိုသာလက်ခံမည်ဆိုလျှင် ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်များအောက် နာလန်မထူနိုင်အောင်မဖြစ်စေပါ။ (ဆာလံ ၅၅:၂၂) “ကိုယ်ကုန်း၍ကိုယ်အလျှင်းမဆန့်နိုင်” သော်လည်းယေရှုကြောင့်ရောဂါပျောက်ကင်းသော “အာဗြဟံ၏သမီး” ကဲ့သို့ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရမ ပင့်ပေးသည့်အခါ “ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း” ရမည်။ (လုကာ ၁၃:၁၀-၁၇) ဗာဗုလုန်ချည်နှောင်မှုအောက်ညွှတ်ကိုင်းနေရသော ဘိသိက်ခံများအား ၁၉၁၉ ခုနှစ်တွင်ဘုရားသခင်ထူမကြွပင့်ပေးတော်မူသည့်အခါ ကျေးဇူးတော်ချီးမွမ်းခဲ့ကြ၏။ ၁၉၃၅ ခုနှစ်ကတည်းကစ၍ကျေးဇူးသိတတ်သော “အခြားသိုး” တို့ကိုကြွပင့်ပေးနေတော်မူသည်။—ယောဟန် ၁၀:၁၆။
၁၂။ ‘ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုအဘယ်နည်းဖြင့်မျှော်ကြည့်’ သနည်း။
၁၂ ဤသို့ရှင်းလင်းပြတ်သားစွာဒါဝိဒ်ပြောသည်အတိုင်းပင် ယေဟောဝါသည် မိမိလူမျိုးကိုဘယ်သောအခါမျှစွန့်ပစ်ထားတော်မမူပါ။ “ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်၍ အချိန်တန်မှ သူတို့ကိုကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ (ဆာလံ ၁၄၅:၁၅၊ ၁၆) စကြဝဠာအချုပ်အခြာအရှင်ထံ၌ သတ္တဝါအပေါင်းမျှော်လင့်ရသကဲ့သို့ဖြစ်သည်။ ကောင်းကင်တမန်များ ဆက်အသက်ရှင်ရေးအတွက် ဘုရားသခင်ထံမျှော်ကိုးကြရ၏။ သားငယ်သည် ဖခင်ထံမှလိုအပ်ရာများရရန် အားထားမျှော်ကိုးသည်နည်းတူ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုမျှော်ကိုးကြရသည်။ အမှန်သော်ကား လူနှင့်တိရစ္ဆာန်များပါ ကိုယ်တော်ကြောင့်စားသောက်နေထိုင်အသက်ရှင်ခွင့်ရကြသည်။ အခြားမည်သူမျှ သူတို့လိုအပ်ရာများကိုဖြည့်စွက်မပေးနိုင်ပါ။ ဘုရားသခင်သည်လိုအပ်သည့် ‘အချိန်တန်လျှင် သူတို့ကိုကျွေးမွေးတော်မူ၏။’
၁၃။ ယေဟောဝါသည် ‘လက်တော်ကိုဖွင့်တော်မူ၍ သူတို့ကိုကောင်းသောအရာနှင့် မည်သို့ရောင့်ရဲ’ စေသနည်း။
၁၃ ဘုရားသခင်သည် “လက်တော်ကိုဖွင့်တော်မူသောအားဖြင့် သူတို့သည်ကောင်းသောအရာနှင့်ရောင့်ရဲကြပါ၏။” (ဆာလံ ၁၀၄:၁၀-၂၈) တိရစ္ဆာန်အချို့စားစရာမရှိ၍သေကြသည်မှန်၏။ များစွာသောလူတို့သည် အတ္တသဘော၊ ဖိစီးမှုနှင့်သယံဇာတကိုအလွဲသုံးစားမှုတို့ကြောင့် ငတ်ပြတ်နေကြသည်။ ထို့ပြင် ဤနောက်ဆုံးကာလတွင် ယေရှုကြွရောက်နေခြင်း၏ “ပုပ္ပနိမိတ်” တစ်ခုကား “အစာခေါင်းပါးခြင်း” ဖြစ်မည်ဟုကိုယ်တော်ကြိုတင်ဟောထားသည်။ (မဿဲ ၂၄:၃၊ ၇) ယင်းသို့ဖြစ်ပျက်ခြင်းကား ယေဟောဝါသည် တွန့်တိုသောကြောင့်၊ မကျွေးမွေးနိုင်သောကြောင့်မဟုတ်ပါ။ ကျွေးမွေးထောက်ပံ့ခံနေရသောသတ္တဝါ သန်းပေါင်းများစွာကိုသာစဉ်းစားကြည့်ပါလေ။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင်လူသည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခွင့်မရှိတော့သည့်အခါ ဘုရားသခင်သည်ကျွန်ုပ်တို့၏ကာယနှင့်ဝိညာဏလိုအပ်ရာများကိုဖြည့်စွက်ပေးတော်မူမည်။ (ဒေသနာ ၈:၉။ ဟေရှာယ ၂၅:၆) ယနေ့ပင်ဝိညာဏအစာငတ်မည်ကိုစိုးရိမ်စရာမရှိပါ။ အကြောင်းမှာ “သစ္စာနှင့်သတိပညာရှိကျေးကျွန်” အားဖြင့်အချိန်တန်အစာကို အလျှံပယ်ကျွေးမွေးနေတော်မူသည်။ (မဿဲ ၂၄:၄၅-၄၇။ ၁ ပေတရု ၂:၂) ဝိညာဉ်ရေးအရပြောရမည်ဆိုလျှင် ယေဟောဝါသက်သေများသည် အကောင်းဆုံးအစာကိုစားသုံးနေရသူများဖြစ်သည်။ ဤဆုကျေးဇူးများအတွက် တန်ဖိုးထားလေးမြတ်မှုတင်ပြကြပါသလော။
ကိုယ်တော်ကိုချစ်မြတ်နိုးသူတို့အား ယေဟောဝါ စောင့်ရှောက်ထား
၁၄။ ‘ယေဟောဝါလမ်းခရီးတော်ရှိသမျှတို့သည်ဖြောင့်မတ်၍ ခပ်သိမ်းသောအမှုတော်တို့သည်တည်ကြည်ကြပါ၏’ ဟုဒါဝိဒ်အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၄ ကျွန်ုပ်တို့၏မိုက်မဲမှုကြောင့် “လမ်းလွဲ” ကာအခက်အခဲဒုက္ခများကြုံရကောင်းကြုံရကြမည်။ သို့သော်ယင်းတို့ကြောင့် ဘုရားသခင်ကိုအပြစ်မတင်သင့်ပေ။ (သု၊ ၁၉:၃) ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏လမ်းခရီးတော်ရှိသမျှတို့သည်ဖြောင့်မတ်၍ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်း [တည်ကြည်၊ ကဘ] ကြပါ၏။” (ဆာလံ ၁၄၅:၁၇) ဘုရားသခင်သည် ကရုဏာရှိရှိဖြောင့်မတ်၍တရားမျှတစွာဖြင့် အမြဲစီရင်တော်မူသည်။ အထူးသဖြင့်ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် ကယ်တင်ခြင်းရရန်စီစဉ်ပေးတော်မူရာတွင် ကိုယ်တော်၏ကရုဏာအထူးထင်ရှားသည်။ (တမန်တော် ၂:၂၁။ ၄:၈-၁၂) ယေဟောဝါသည် ‘ခပ်သိမ်းသောအမှုတို့၌တည်ကြည်တော်မူ၏။’ ထိုကြောင့် “ဘုရားသခင်ကိုအတုယူသူများ” အနေနှင့်ဖြောင့်မတ်၍တရားမျှတပြီး ကြင်နာမှုရှိရှိ၊ မျက်နှာမလိုက်ဘဲ သစ္စာတည်ကြည်ကြစို့။—ဧဖက် ၅:၁၊ ၂။ တရားဟောရာ ၃၂:၄။ ဆာလံ ၇:၁၀။ ၂၅:၈။ ဟေရှာယ ၄၉:၇။ တမန်တော် ၁၀:၃၄၊ ၃၅။
၁၅။ ‘သစ္စာနှင့်တကွမည်သို့ပတ္ထနာပြု’ ကြပြီး သို့ပြုခြင်းကြောင့် အဘယ်အကျိုးဖြစ်ထွန်းခဲ့ပြီနည်း။
၁၅ ဘုရားသခင်သည်ဖြောင့်မတ်ပြီးသစ္စာတည်ကြည်တော်မူသဖြင့် ကိုယ်တော်ကိုချစ်မြတ်နိုးရကြသည်။ ထို့ပြင်ဒါဝိဒ်ဤသို့အာမခံသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ရှိတော်မူ၏။” (ဆာလံ ၁၄၅:၁၈) ဆက်ကပ်အပ်နှံသူများအဖြစ်နှစ်ခြင်းခံကြရာတွင် ယေဟောဝါနာမကိုကျွန်ုပ်တို့အမှီပြုခဲ့ကြသည်။ (တမန်တော် ၈:၁၂။ ၁၈:၈။ ရောမ ၁၀:၁၀-၁၅) ဤနည်းဖြင့်ကိုယ်တော်ထံ ကျွန်ုပ်တို့ချဉ်းကပ်ခဲ့ကြသောကြောင့် ဘုရားသခင်သည်ကျွန်ုပ်တို့၌ချဉ်းကပ်တော်မူ၏။ (ယာကုပ် ၄:၈) ယေရှုခရစ်တော်မှတစ်ဆင့် စစ်မှန်သောနည်းလမ်းအရချဉ်းကပ်ကြသဖြင့်လည်း “သစ္စာနှင့်တကွပတ္ထနာပြု” ကြပါသည်။ ယေဟောဝါအား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ကိုးကွယ်ပြီး ‘ဟန်ဆောင်မှုမရှိယုံကြည်ခြင်း’ ကိုတင်ပြကာ “မျက်မြင်မရသောဘုရားသခင်ကိုမြင်ရဘိသကဲ့သို့တည်ကြည်” ကြမည်ဆိုလျှင် ယေဟောဝါသည်ကျွန်ုပ်တို့အနီး၌အမြဲချဉ်းကပ်နေတော်မူမည်။ (ယောဟန် ၄:၂၃၊ ၂၄။ ၁ တိမောသေ ၁:၅။ ဟေဗြဲ ၁၁:၂၇) ထိုအခါအချည်းနှီးဆုတောင်းကြမည်မဟုတ်၊ စာတန်၏လောကကိုလည်း တစ်ဦးတည်းရင်ဆိုင်ရမည်မဟုတ်ဘဲ ဘုရားသခင်ထံတော်မှအကူအညီနှင့်လမ်းပြမှုကို အစဉ်အမြဲရရှိနေကြမည်။ (ဆာလံ ၆၅:၂။ ၁ ယောဟန် ၅:၁၉) တကယ့်လုံခြုံမှုပါတကား။
၁၆။ ယေဟောဝါသည် ‘ကြောက်ရွံ့သောသူတို့၏အလိုကို အဘယ်ကြောင့်နှင့်အဘယ်သို့ပြည့်စုံစေတော်မူ’ သနည်း။
၁၆ ကျွန်ုပ်တို့အကျိုးအလိုငှာ ယေဟောဝါပြုမူတော်မူသည့်အရာများအတွက်ကြောင့်လည်း စစ်မှန်သောလုံခြုံမှုရှိနိုင်ကြသည်။ “ကြောက်ရွံ့သောသူတို့၏အလိုကိုပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။” (ဆာလံ ၁၄၅:၁၉) ဘုရားသခင်ကိုကျွန်ုပ်တို့အမှန်တကယ်ရိုသေလေးမြတ်ပြီး ကိုယ်တော်စိတ်တော်နှင့်မတွေ့မည်ကိုစိုးရိမ်ကြသောကြောင့် ‘ကျွန်ုပ်တို့အလိုကိုပြည့်စုံစေတော်မူ၏။’ (သု၊ ၁:၇) ကျွန်ုပ်တို့၏နာခံမှုရှိစိတ်နှလုံးသည် ယေဟောဝါထံမိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံရန်တိုက်တွန်းပေးခဲ့ပြီဖြစ်၍ ကျွန်ုပ်တို့စိတ်သဘောကား “အလိုတော်သည်ပြည့်စုံပါစေသော” ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကိုကြေညာရန် ကိုယ်တော်အလိုရှိတော်မူသဖြင့် ယင်းလုပ်ငန်းကိုလုပ်ဆောင်ရန်ဆန္ဒကို ကိုယ်တော်ဖြည့်စွက်ပေးတော်မူသည်။ (မဿဲ ၆:၁၀။ မာကု ၁၃:၁၀) အတ္တဆန်ဆန်ကျွန်ုပ်တို့ဆုမတောင်းပဲ အလိုတော်နှင့်အညီတောင်းဆိုကြသဖြင့် ဘုရားသခင်သည် ‘ကျွန်ုပ်တို့အလိုကိုပြည့်စုံစေတော်မူ၏။’ အလိုတော်နှင့်အညီဖြစ်သောအရာနှင့် ကျွန်ုပ်တို့အကျိုးကို ကိုယ်တော်ခွင့်ပြုတော်မူသည်။—၁ ယောဟန် ၃:၂၁၊ ၂၂၊ ၅:၁၄၊ ၁၅။ မဿဲ ၂၆:၃၆-၄၄ နှိုင်းယှဉ်။
၁၇။ ကျွန်ုပ်တို့၏ “အော်ဟစ်ခြင်း” ကိုဘုရားသခင်နားညောင်းမည်အကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၁၇ ယေဟောဝါ၏သစ္စာရှိသက်သေခံများအနေနှင့် ကျွန်ုပ်တို့၏ “အော်ဟစ်ခြင်း” ကိုအမှန်ကြားတော်မူမည်ဟုစိတ်ချနိုင်သည်။ ဘုရားသခင်သည် ဘေးဒုက္ခမှဒါဝိဒ်ကိုကယ်နှုတ်တော်မူသည်၊ ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက်စေခြင်းအားဖြင့်ပင် ကယ်တင်ခဲ့သည်။ အထူးသဖြင့်ဂေါဂ၏တိုက်ခိုက်မှုကိုကြုံတွေ့ရသည့်အခါ ရန်သူများဘေးမှ ကျွန်ုပ်တို့ကိုယေဟောဝါကယ်မတော်မူမည်ဟုစိတ်ချနိုင်ပါသည်။ (ယေဇကျေလ ၃၈:၁–၃၉:၁၆) အမှန်မှာမည်သည့်ဒုက္ခကာလ၌မဆို ဒါဝိဒ်နည်းတူစိတ်ချလက်ချဤသို့ဆုတောင်းနိုင်သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်၏အမှုရောက်ပါပြီ။ ထိုကြောင့်အကျွန်ုပ်ကိုသနားတော်မူပါ။ . . . လူများကဲ့ရဲ့ပြစ်တင်ခြင်းကိုကြားရပါ၏။ ပတ်ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက် အကျွန်ုပ်အသက်ကိုသတ်မည်အကြောင်းကြံစည်ကြပါ၏။ သို့သော်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏။ ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်’ ဟုအကျွန်ုပ်လျှောက်ဆိုပါ၏။”—ဆာလံ ၃၁:၉-၁၄။
၁၈။ ယေဟောဝါသည် “ကြည်ညိုသောသူအပေါင်းတို့ကိုစောင့်မတော်မူ” ၍ “မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူမည်” အကြောင်းသိထားခြင်းမှ မည်သို့အကျိုးခံစားရမည်နည်း။
၁၈ ကျွန်ုပ်တို့အားကူညီပေးရန် ယေဟောဝါဘုရားသခင်အမြဲအသင့်ရှိသည်။ ဒါဝိဒ်ပြောသကဲ့သို့ပင်ဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ကြည်ညိုသောသူအပေါင်းတို့ကိုစောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူမည်။” (ဆာလံ ၁၄၅:၂၀) မှန်ပေသည်။ ဘုရားသခင်ကိုချစ်လျှင် ကိုယ်တော်သည်ကောင်းချီးပေး၍စောင်မတော်မူမည်။ (တောလည်ရာ ၆:၂၄-၂၆) ကိုယ်တော်သည် ‘မာနထောင်လွှားသောသူတို့ကို အပြစ်များစွာဆပ်ပေးတော်မူ’ ၍စိတ်နှိမ့်ချသောကျေးကျွန်တော်များကိုကား ထာဝစဉ်မထိခိုက်စေဘဲစောင်မကာကွယ်ပေးတော်မူ၏။ ကျွန်ုပ်တို့နှင့်ယေဟောဝါရှိတော်မူသဖြင့် ရဲရင့်ခြင်းရှိကြလော့။ (ဆာလံ ၃၁:၂၀-၂၄။ တမန်တော် ၁၁:၁၉-၂၁) ‘ကျွန်ုပ်တို့တစ်ဖက်၌လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ’ ပါ။ (ဟေရှာယ ၅၄:၁၇။ ဆာလံ ၉:၁၇။ ၁၁:၄-၇) ကိုယ်တော်၏သစ္စာရှိဆက်ကပ်အပ်နှံကျေးကျွန်များအနေနှင့် ဘုရားအပေါ်မေတ္တာရှိကြောင်းသက်သေထူကြသူများသည် ထိုသို့တွေ့ကြုံရကြမည်။ လူဆိုးတို့တွေ့ကြုံရမည့် “ကြီးစွာသောဒုက္ခ” ကာလကိုအုပ်စုလိုက်အနေနှင့် ယေဟောဝါသက်သေများ ကပ်ကျော်ကြလိမ့်မည်။ (ဗျာဒိတ် ၇:၁၄) ယေဟောဝါ၏စကြဝဠာမင်းရိုက်ရာနှင့်ပတ်သက်၍ ဖြေရှင်းရမည့်အရေးပြီးဆုံးသည့်အခါ ကိုယ်တော်ကို “ကြည်ညိုသောသူအပေါင်း” အတွက်ကြီးမားသောကောင်းချီးဖြစ်လာမည်တကား။
ယေဟောဝါ၏သန့်ရှင်းသောနာမတော်ကို အဆက်မပြတ်ကောင်းချီးပေး
၁၉။ အဘယ်ကြောင့် ‘ယေဟောဝါကိုချီးမွမ်းလျက်ကျွန်ုပ်တို့မြွက်ဆို’ သနည်း။
၁၉ စိတ်လှုပ်ရှားဖွယ်ဤဆာလံသီချင်းကို ဤစကားများဖြင့်ဒါဝိဒ်နိဂုံးချုပ်ခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ။” (ဆာလံ ၁၄၅:၂၁) ယေဟောဝါသက်သေများအနေနှင့် ဘုရားသခင်၏ကြီးမြတ်တော်မူခြင်း၊ ကောင်းမြတ်ခြင်း၊ စေတနာကောင်းသောမင်းရိုက်ရာ၊ မပြတ်မစဲထောက်မကူညီမှုနှင့် မမောမပန်းဂရုစိုက်ကြည့်ရှုခြင်းကို ကျေးဇူးတင်ကြပါသည်။ ထိုကြောင့်ဒါဝိဒ်နည်းတူ ဘုရားသခင်ကိုချီးမွမ်းထောမနာပြုလျက်နေကြပါ၏။ ကိုယ်တော်အားသာချစ်မြတ်နိုးရန်၊ ကောင်းချီးများအတွက် ကျေးဇူးတင်ရန်နှင့် “ဘုန်းကြီးသောနာမတော်ကိုချီးမွမ်း” ရန်တိုက်တွန်းလှုံ့ဆော်ခံရသည်။—၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃။ ထွက်မြောက်ရာ ၂၀:၄-၆။
၂၀။ ထာဝစဉ်ကာလကိုမျှော်၍ ယခုကျွန်ုပ်တို့၏ဆုံးဖြတ်ချက်သည် မည်သို့ဖြစ်သင့်သနည်း။
၂၀ ကျွန်ုပ်တို့ကိုယေဟောဝါနေ့စဉ်ကောင်းချီးပေးတော်မူသဖြင့် ကိုယ်တော်အားမှန်မှန်ကောင်းချီးပေးကြစို့။ သို့မဟုတ် ကိုယ်တော်ကိုအမြဲချီးမွမ်းကြစို့။ ဘုရားသခင်ကိုထောမနာပြုသည့်အနေနှင့် သတင်းကောင်းကိုဇွဲရှိရှိဟောပြောစဉ် များမကြာမီ ‘ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြ’ တော့မည်အကြောင်း ပြောဆိုကြစို့။ စကြဝဠာတစ်ခွင်အသိဉာဏ်ရှိသတ္တဝါအပေါင်း ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုချီးမွမ်းထောမနာပြုကြမည့်အချိန်တွင်အသက်ရှင်ရမည်ဆိုလျှင် မည်မျှအခွင့်ထူးလှမည်တကား။ (ဆာလံ ၁၄၈:၁-၁၃) နာမတော်မြတ်ကိုယေဟောဝါဖော်ပြကာ ကိုယ်တော်၏သက်သေများဖြစ်ခွင့်ကို ကျွန်ုပ်တို့အားပေးတော်မူသဖြင့် ကောင်းချီးမင်္ဂလာကြီးမားပါစေသော။ (ဆာလံ ၈၃:၁၈။ ဟေရှာယ ၄၃:၁၀-၁၂) ထိုနာမတော်ကိုမြင့်မြတ်စေပြီး နာမတော်သင်္ကာယနကင်းရှင်းရေးအတွက်ဆုတောင်းသူများနှင့်လျော်ကန်သည့်အပြုအမူအတိုင်း ကျင့်ကြံပြုမူကြစို့လေ။ (လုကာ ၁၁:၂) ဘုရားသခင်ကိုသစ္စာရှိရှိဝတ်ပြုကြစို့လေ။ သို့မှသာ ကိုယ်တော်၏စနစ်သစ်တွင် ယေဟောဝါ၏သန့်ရှင်းသောနာမတော်ကို ထာဝစဉ်ကောင်းချီးပေးသူများနှင့်အတူ ကျွန်ုပ်တို့သီဆိုချီးမွမ်းနိုင်ကြပေမည်။
သင့်မှတ်ချက်များကားအဘယ်နည်း
▫ ယေဟောဝါ၏မင်းရိုက်ရာကိုကျွန်ုပ်တို့မြတ်နိုးပါက ဘာပြုလုပ်မည်နည်း။
▫ ယနေ့ဘုရားသခင်၏မင်းရိုက်ရာကို အဘယ်အရာကကိုယ်စားပြုထားသနည်း။
▫ ‘ညွှတ်ကိုင်းသူအပေါင်းကို’ ယေဟောဝါမည်သို့ကြွပင့်သနည်း။
▫ အဘယ်နည်းများဖြင့် ‘လက်တော်ကိုဆန့်၍သက်ရှိအပေါင်းတို့၏ဆန္ဒကို ဘုရားသခင်ရောင့်ရဲစေတော်မူသနည်း။’
▫ ယေဟောဝါ၏သန့်ရှင်းသောနာမတော်ကို မည်သို့ကောင်းချီးပေးနိုင်သနည်း။