‘ကိုယ်တော်ရောက်ရှိနေခြင်း၏ နိမိတ်ကား အဘယ်နည်း’
“ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ။”—မဿဲ ၂၄:၃၊ ကဘ။
၁၊ ၂။ လူတို့သည် အနာဂတ်ကို စိတ်ဝင်စားကြောင်း ဘာကတင်ပြသနည်း။
အများသောသူတို့သည် အနာဂတ်ကို စိတ်ဝင်စားကြသည်။ အသင်ကော။ အနာဂတ် သိမ့်ခါမှု စာအုပ်တွင် အယ်လ်ဗင်တော်ဖလာက “အနာဂတ်ကိုလေ့လာခြင်းတွင် စွဲလမ်းနှစ်မြုပ်သည့်အဖွဲ့အစည်းများ ရုတ်တရက်တိုးပွားပေါ်ပေါက်လာ” ကြောင်းရေးသားခဲ့သည်။ သူက ‘အနာဂတ်ကိုစိတ်ဝင်စားသော သုတေသနအဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာခြင်း၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံများတွင် အနာဂတ်သုတေသီဂျာနယ်များထွက်ပေါ်လာခြင်း၊ အနာဂတ်ဟောကိန်းဆိုင်ရာ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ပျံ့နှံ့လာခြင်းတို့ကို ကျွန်ုပ်တို့တွေ့မြင်ကြရပြီ’ ဟုထပ်ဆင့်ပြောခဲ့သည်။ တော်ဖလာ ဤသို့ကောက်ချက်ချသည်– “အနာဂတ်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ အပြည့်အဝ ‘သိရှိသည်’ ဟူ၍မရှိပါ။”
၂ လာလတ္တံ့သောအရာများ၏ လက္ခဏာများ စာအုပ်က “လက္ခဏာကြည့်ခြင်း၊ ဓာတ်ဖန်လုံးကြည့်ခြင်း၊ နက္ခဗေဒင်၊ ဖဲဗေဒင်၊ ယီးရင်း . . . အားလုံးတို့သည် ကျွန်ုပ်တို့၏အနာဂတ် အသေးစိတ် မည်သို့ဖြစ်ပျက်လာမည်နှင့်ပတ်သက်၍ သိမြင်နားလည်မှုပေးသော အနည်းနှင့်အများရှုပ်ထွေးသည့် နည်းစနစ်များဖြစ်ကြသည်” ဟုဆိုသည်။ သို့သော် လူ့နည်းစနစ်များသို့ ဦးလှည့်သွားမည့်အစား စိတ်ချယုံကြည်နိုင်သည့်အခြေအမြစ်—ယေဟောဝါကို အားထားခြင်းက သာ၍ကောင်းသည်။
၃။ အနာဂတ်အကြောင်း သိလိုလျှင် ဘုရားသခင်ကို အားကိုးရန် အဘယ်ကြောင့် သင့်တော်သနည်း။
၃ စစ်မှန်သောဘုရားသခင်က “ငါကြံစည်သည်အတိုင်းဖြစ်၍ ငါ့စီရင်ချက်လည်း တည်ရလိမ့်မည်” ဟုမိန့်တော်မူသည်။ (ဟေရှာယ ၁၄:၂၄၊ ၂၇; ၄၂:၉) မှန်ပါသည်။ ပြောရေးဆိုခွင့်ရှိသူများအဖြစ် လူများကို ယေဟောဝါ မကြာခဏအသုံးပြုပြီး မည်သည့်အရာဖြစ်ပျက်လာမည်နှင့်ပတ်သက်၍ လူသားများအား သွန်သင်နိုင်တော်မူခဲ့သည်။ ဤပရောဖက်များထဲမှ တစ်ယောက်က “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ” ဟုရေးသားခဲ့သည်။—အာမုတ် ၃:၇၊ ၈; ၂ ပေတရု ၁:၂၀၊ ၂၁။
၄၊ ၅။ (က) အနာဂတ်နှင့်ပတ်သက်၍ ယေရှုအဘယ်ကြောင့် အကူအညီပေးနိုင်သနည်း။ (ခ) အဘယ်စုပေါင်းမေးမြန်းချက်ကို ကိုယ်တော်၏တမန်တော်များ မေးခဲ့သနည်း။
၄ ယေရှုခရစ်သည် ဘုရားသခင်၏ အဦးဆုံးပရောဖက် ဖြစ်တော်မူသည်။ (ဟေဗြဲ ၁:၁၊ ၂) ကြိုတင်ပြောထားသည့် ယခုကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသော ယေရှု၏အဓိကပရောဖက်ပြုချက်တစ်ခုကို အာရုံစိုက်ကြည့်ကြစို့။ ယင်းပရောဖက်ပြုချက်က လက်ရှိဆိုးသွမ်းသည့်အစီအစဉ်ကို ဘုရားသခင်နိဂုံးချုပ်ပြီး ကမ္ဘာ့ပရဒိသုတစ်ခုဖြင့် ဘုရားသခင်အစားထိုးသောအခါ များမကြာမီ ဖြစ်ပျက်မည့်အရာများကို ကျွန်ုပ်တို့သိရှိရန် ထိုးထွင်းဉာဏ်ပေးပါသည်။
၅ ယေရှုသည် ပရောဖက်တစ်ပါးဖြစ်ကြောင်း သက်သေထူတော်မူခဲ့သည်။ (မာကု ၆:၄; လုကာ ၁၃:၃၃; ၂၄:၁၉; ယောဟန် ၄:၁၉; ၆:၁၄; ၉:၁၇) ထို့ကြောင့် ယေရုရှလင်မြို့ကို မြင်နိုင်သည့် သံလွင်တောင်ပေါ် ကိုယ်တော်ထိုင်နေတော်မူစဉ် တမန်တော်များက အနာဂတ်အကြောင်း ဤသို့ အဘယ်ကြောင့် မေးမြန်းခဲ့ကြသည်ကို သိရှိနိုင်ပါသည်– “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အား အမိန့်ရှိတော်မူပါ။”—မဿဲ ၂၄:၃၊ ကဘ; မာကု ၁၃:၄။
၆။ မဿဲ ၂၄၊ မာကု ၁၃ နှင့် လုကာ ၂၁ တို့သည် မည်သို့ဆက်စပ်သနည်း။ အဘယ်မေးခွန်းကို ကျွန်ုပ်တို့အထူးစိတ်ဝင်စားသင့်သနည်း။
၆ သူတို့၏မေးခွန်းနှင့် ယေရှု၏ပြန်လည်ဖြေကြားချက်တို့ကို မဿဲအခန်းကြီး ၂၄၊ မာကုအခန်းကြီး ၁၃၊ လုကာအခန်းကြီး ၂၁ တို့တွင် တွေ့နိုင်သည်။aမှတ်တမ်း၏အသေးစိတ်အချက်အလက် အများစုမှာ ဖြည့်စွက်ဆက်စပ်သည့်အချက်များဖြစ်ကြသော်လည်း တစ်သဝေမတိမ်းတူညီကြခြင်းမရှိပါ။ ဥပမာအားဖြင့် ‘တစ်နေရာမှတစ်နေရာသို့ ကူးစက်သည့် ကပ်ရောဂါ’ အကြောင်းကို လုကာတစ်ဦးတည်းသာဖော်ပြထားသည်။ (လုကာ ၂၁:၁၀၊ ၁၁; မဿဲ ၂၄:၇; မာကု ၁၃:၈) ကျိုးကြောင်းဆီလျော်စွာ ကျွန်ုပ်တို့မေးသင့်သည်ကား ယေရှုသည် မိမိအားကြားနာသူများ၏ခေတ်အတွင်း ဖြစ်ပျက်မည့်အဖြစ်အပျက်များကိုသာ ကြိုပြောခဲ့ခြင်းဖြစ်သလော၊ သို့မဟုတ် ကျွန်ုပ်တို့ခေတ်နှင့် နောက်ဖြစ်လာဦးမည့်အရာများကိုပါ ရည်မှတ်ပြောဆိုခဲ့ခြင်းဖြစ်သလော။
တမန်တော်များ သိလိုကြ
၇။ အထူးသဖြင့် အဘယ်အကြောင်းကို တမန်တော်များ မေးမြန်းခဲ့သနည်း။ သို့သော် ယေရှု၏အဖြေသည် မည်မျှကျယ်ဝန်းသနည်း။
၇ ယေရှုအသတ်မခံရမီ ရက်အနည်းငယ်ခန့်တွင် ဂျူးတို့၏မြို့တော် ယေရုရှလင်ကို ဘုရားသခင်ငြင်းပယ်လိုက်ကြောင်း ကိုယ်တော်ကြေညာခဲ့သည်။ မြို့တော်နှင့် ယင်း၏ခမ်းနားထည်ဝါသော ဗိမာန်တော်တို့သည် ဖျက်ဆီးခံရမည်။ ထိုအခါ အချို့သောတမန်တော်များက ‘ယေရှု၏ရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်အဆုံး၏ နိမိတ်လက္ခဏာ’ ကို ဖော်ပြရန် တောင်းဆိုခဲ့သည်။ (မဿဲ ၂၃:၃၇–၂၄:၃) သူတို့သည် ရှေ့တွင်ဖြစ်ပျက်လာဦးမည့်အတိုင်းအတာကို မခြုံငုံမိကြသောကြောင့် ဂျူးအစီအစဉ်စနစ်နှင့် ယေရုရှလင်မြို့တို့ကို အဓိကထားစဉ်းစားခဲ့ကြမည်မှာ အမှန်ပင်။ သို့ရာတွင် ယေရုရှလင်မြို့ကို ရောမလူမျိုး ဖျက်ဆီးခဲ့သည့် စီ.အီး. ၇၀ ခုနှစ်နှင့် ထိုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှနှင့်ပတ်သက်၍ အဖြေပေးရာတွင် ယေရှုက ထိုအချိန်နောက်ပိုင်း သာ၍ဝေးကွာသည့်အချိန်အတိုင်းအတာအထိ ကြည့်မြင်တော်မူခဲ့သည်။—လုကာ ၁၉:၁၁; တမန်တော် ၁:၆၊ ၇။
၈။ ယေရှုကြိုတင်ဟောပြောသည့် အဖြစ်အပျက်အချို့ကား အဘယ်နည်း။
၈ ခရစ်ဝင်ကျမ်းသုံးစောင်တွင် သင်ဖတ်ရှုနိုင်သည့် မှတ်တမ်းအရ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုခြင်း၊ အစာခေါင်းပါးခြင်းနှင့် မြေငလျင်လှုပ်ခြင်းများ၊ မိုးကောင်းကင်၌ ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုဗ္ဗနိမိတ်များအကြောင်း ယေရှုပြောခဲ့သည်။ ထိုပုဗ္ဗနိမိတ်ကို ယေရှုပြောခဲ့သည့် (စီ.အီး. ၃၃) အချိန်နှင့် ယေရုရှလင်မြို့ဖျက်ဆီးခံရသော (စီ.အီး. ၆၆-၇၀) အချိန်တို့၏ ကြားကာလအတွင်း ပရောဖက်အတုအယောင်နှင့် ခရစ်တော်အတုအယောင်များ ပေါ်လာမည်ဖြစ်သည်။ ဂျူးတို့သည် ယေရှု၏သတင်းကို ဟောပြောနေသည့်ခရစ်ယာန်များအား ညှဉ်းပန်းကြမည်ဖြစ်သည်။
၉။ ယေရှု၏ ပရောဖက်ပြုချက်သည် စီ.အီးပထမရာစုတွင် မည်သို့ပြည့်စုံခဲ့သနည်း။
၉ နိမိတ်၏ဤအစိတ်အပိုင်းများသည် သမိုင်းဆရာဖလေးဗီးယပ်စ်ဂျိုစီဖတ်စ် အတည်ပြုသည့်အတိုင်း အမှန်ဖြစ်ပျက်ခဲ့သည်။ ရောမများ တစ်ခါမျှလာရောက်မတိုက်ခိုက်မီ မေရှိယအတုအယောင်များသည် ပုန်ကန်ရန် လှုံ့ဆော်ခဲ့ကြသည်ဟု သူရေးသားပါသည်။ ယုဒပြည်နှင့် အနီးတစ်ဝိုက်တွင် ကြောက်မက်ဖွယ်မြေငလျင်ကြီးများလှုပ်ခဲ့သည်။ ရောမအင်ပါယာအနှံ့အပြား စစ်များဖြစ်ပွားခဲ့သည်။ အကြီးအကျယ်အစာခေါင်းပါးမှုများ ဖြစ်ခဲ့သလော။ အမှန်ပင်ဖြစ်ခဲ့ပါသည်။ (တမန်တော် ၁၁:၂၇-၃၀ နှိုင်းယှဉ်။) နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကော မည်သို့နည်း။ ကောလောသဲကျမ်းကို ရေးသော စီ.အီး. ၆၀ သို့မဟုတ် ၆၁ ခုနှစ်ခန့်လောက်တွင် ဘုရားသခင့်နိုင်ငံတော် “ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ၏မျှော်လင့်ခြင်း” ကို အာဖရိက၊ အာရှနှင့် ဥရောပ တို့တွင် နေရာအနှံ့ ကြားရပြီးဖြစ်သည်။b—ကောလောသဲ ၁:၂၃။
“သို့ပြီးမှ” အဆုံး
၁၀။ ဂရိစကားလုံး တိုးတယ်ကို အဘယ်ကြောင့်သတိပြုသင့်သနည်း။ ယင်း၏အရေးပါမှုကား အဘယ်နည်း။
၁၀ အချို့ကိစ္စများတွင် အဖြစ်အပျက်များကို ဆက်တိုက်ဖြစ်သည့်ဖြစ်စဉ်များအဖြစ် ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်က “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ဟောရလိမ့်မည်။ သို့ ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟုမိန့်တော်မူခဲ့သည်။ အင်္ဂလိပ်ကျမ်းစာများတွင် “သို့ပြီးမှ” ဟူသောစာလုံးကို “ထို့ကြောင့်” သို့မဟုတ် “သို့သော်” ဟူသော ရိုးရိုးအဓိပ္ပာယ်ဖြင့် သုံးထားသည်။ (မာကု ၄:၁၅၊ ၁၇; ၁၃:၂၃) သို့ရာတွင် မဿဲ ၂၄:၁၄ ပါ “သို့ပြီးမှ” သည် ဂရိကြိယာဝိသေသန တိုးတယ် ကိုအခြေပြုထားခြင်းဖြစ်သည်။cဂရိစာပေကျွမ်းကျင်သူများက တိုးတယ် သည် “ထင်ရှားသိသာစေသောအချိန်ပြ ကြိယာဝိသေသန” ဖြစ်ပြီး “တစ်ချိန်တည်း ဆက်ဖြစ်သောအရာကို ဖော်ပြရန်” သို့မဟုတ် “ဆက်ဖြစ်မည့်အရာကိုဖော်ပြရန်” အသုံးပြုထားသည်ဟု ဆိုကြသည်။ ထို့ကြောင့် နိုင်ငံတော်အကြောင်းဟောပြောပြီး (သို့မဟုတ် ‘ယင်းပြီးနောက်’ သို့မဟုတ် ‘တစ်ဆက်တည်း’) “အဆုံး” ရောက်လာမည်ဟု ယေရှုကြိုပြောခဲ့ခြင်းဖြစ်သည်။ မည်သည့်အဆုံးနည်း။
၁၁။ ယေရုရှလင်ပျက်စီးခြင်းနှင့်သက်ဆိုင်သည့် အဖြစ်အပျက်များကို ယေရှုမည်သို့ အာရုံပြုတော်မူသနည်း။
၁၁ ယေရှု၏ ပရောဖက်ပြုချက် ပြည့်စုံခြင်းတစ်ခုမှာ ဂျူးအစီအစဉ်စနစ်ကို အဆုံးသတ်ရန်ဦးတည်စေသည့်အဖြစ်အပျက်တို့တွင် တွေ့ရှိနိုင်ပါသည်။ စစ်ပွဲများ၊ မြေငလျင်လှုပ်ခြင်းများ၊ အစာခေါင်းပါးခြင်းများနှင့် ယေရှုကြိုဟောခဲ့သည့် အခြားသောအရာများသည် ဆယ်စုနှစ်သုံးခုအတွင်း ဖြစ်ပျက်ခဲ့သည်။ သို့တိုင်၊ မဿဲ ၂၄:၁၅၊ မာကု ၁၃:၁၄၊ လုကာ ၂၁:၂၀ တို့နှင့်အစပြုလျှင်၊ ဖျက်ဆီးခြင်း သက်ရောက်ခါနီးဆဲဆဲ ဖြစ်ပျက်မည့် အဖြစ်အပျက်များကို ကျွန်ုပ်တို့ဖတ်ရသည်။—ဇယားတွင် အစက်ချတစ်ကြောင်းမျဉ်းကို သတိပြုပါ။
၁၂။ မဿဲ ၂၄:၁၅ ပြည့်စုံခြင်း၌ ရောမစစ်သားများ မည်သို့ပါဝင်သနည်း။
၁၂ စီ.အီး. ၆၆ ခုနှစ် ဂျူးတို့၏ပုန်ကန်မှုကို တုံ့ပြန်သောအားဖြင့် ဆစ္စတီးယပ်စ်ဂဲလပ်စ် ဦးဆောင်သော ရောမများသည် ဂျူးတို့က သန့်ရှင်းသောမြို့တော်ဟု ယူမှတ်ထားသော ယေရုရှလင်ကို ချီတက်ပြီး ဝိုင်းရံထားလိုက်ကြသည်။ (မဿဲ ၅:၃၅) ဂျူးတို့၏ တန်ပြန်တိုက်ခိုက်မှုကြားမှပင် ရောမတို့သည် မြို့တော်အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။ ဤနည်းအားဖြင့် မဿဲ ၂၄:၁၅ နှင့် မာကု ၁၃:၁၄ တို့တွင် ယေရှုကြိုတင်ဟောထားသည့်အတိုင်း သူတို့သည် “သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေ” ခြင်းကို စတင်ခဲ့ကြသည်။ ထိုနောက် အံ့သြဖွယ်ဖြစ်ခဲ့သည်။ မြို့တော်ကို ဝိုင်းရံနေသော်လည်း ရောမများ ရုတ်တရက်ပြန်ဆုတ်သွားကြသည်။ သို့နှင့် ယေရှု၏ပရောဖက်ပြုချက် ပြည့်စုံခြင်းကို ခရစ်ယာန်များသည် ချက်ချင်းတွေ့မြင်၍ ဆုတ်ခွာချိန်အတွင်း ယုဒပြည်မှထွက်၍ ယော်ဒန်မြစ်တစ်ဖက် တောင်တန်းများသို့ ထွက်ပြေးခဲ့ကြသည်။ သူတို့သည် ထိုအတိုင်းပင် ပြုလုပ်ခဲ့ကြောင်း သမိုင်းကထောက်ခံပါသည်။
၁၃။ ထွက်ပြေးရမည်ဟူသော ယေရှု၏သတိပေးချက်ကို ခရစ်ယာန်များ အဘယ်ကြောင့် လိုက်နာနိုင်ခဲ့သနည်း။
၁၃ သို့သော် ရောမတို့သည် ယေရုရှလင်မြို့မှ ဆုတ်ခွာသွားကြသည်ဆိုလျှင် မည်သူတစ်ဦးတစ်ယောက်က အဘယ်ကြောင့်ထွက်ပြေးစရာလိုသနည်း။ ယေရှု၏စကားများက ဖြစ်ပျက်လာသောအရာများသည် ‘ယေရုရှလင်မြို့ပျက်စီးခြင်းနီးပြီ’ ဖြစ်ကြောင်းကို သဘောပေါက်စေသောကြောင့်ဖြစ်သည်။ (လုကာ ၂၁:၂၀) မှန်ပါသည်၊ ဖျက်ဆီးခြင်းတည်း။ ကိုယ်တော်က ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး၊ နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ’ ကို ကြိုဟောခဲ့သည်။ နောက်သုံးနှစ်ခွဲအကြာ စီ.အီး. ၇၀ အရောက်တွင် ဗိုလ်ချုပ်တိတုဦးဆောင်သည့် ရောမစစ်တပ်၏လက်ချက်ဖြင့် “ကြီးစွာသောဒုက္ခ” ကို ယေရုရှလင်မြို့သည် အမှန်ရင်ဆိုင်ခဲ့ရတော့သည်။ (မဿဲ ၂၄:၂၁; မာကု ၁၃:၁၉) သို့သော် ယင်းမတိုင်မီ သို့မဟုတ် နောက်ပိုင်းဖြစ်သည့် ဆင်းရဲဒုက္ခများထက် ယင်းကပိုမိုကြီးကျယ်သည်ဟု အဘယ်ကြောင့် ယေရှုဖော်ပြခဲ့ရသနည်း။
၁၄။ စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့၌ ဖြစ်ပျက်ခဲ့သောအမှုသည် တစ်ခါမျှ မဖြစ်စဖူး၊ နောက်နောင်လည်း မဖြစ်လတ္တံ့သောအမှုဟူ၍ အဘယ်ကြောင့် ပြောနိုင်သနည်း။
၁၄ ယေရုရှလင်မြို့သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဗာဗုလုန်လူမျိုးများ၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ထိုမြို့တော်သည် ကျွန်ုပ်တို့၏ရာစုနှစ်အတွင်း အခြားကြောက်မက်ဖွယ်တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။ သို့နှင့်ပင် စီ.အီး. ၇၀ ခုနှစ်တွင်ဖြစ်ခဲ့သောအရာသည် ထူးခြားသည့်ကြီးစွာသောဒုက္ခဖြစ်သည်။ ငါးလခန့်ကြာသည့် စစ်ဆင်ရေးတွင် တိတု၏ ရောမစစ်သူရဲများသည် ဂျူးများကို အနိုင်ရပြီး လူပေါင်း ၁,၁၀၀,၀၀၀ ခန့်ကို သတ်ပစ်ကာ ၁၀၀,၀၀၀ နီးပါးကို ကျွန်များအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြသည်။ ထို့နောက် ရောမများသည် ယေရုရှလင်မြို့ကို စိစိညက်ညက်ကြေအောင် ဖျက်ဆီးပစ်လိုက်ကြသည်။ ယင်းက ဗိမာန်တော်တွင်အခြေစိုက်သော ဂျူးလူမျိုးတို့၏ ယခင်ကလက်ခံတော်မူခဲ့သည့် ဝတ်ပြုရေးအစီအစဉ် ထာဝစဉ်နိဂုံးချုပ်ခဲ့ကြောင်း ထိုဘေးဒုက္ခက သက်သေထူသည် (ဟေဗြဲ ၁:၂) စီ.အီး. ၇၀ တွင် [ထိုမြို့၊ ထိုလူမျိုးနှင့် ထိုစနစ်အပေါ်] ဖြစ်ပျက်ခဲ့ရာများကို ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး၊ နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ’ ဟူ၍ မှန်ကန်စွာယူမှတ်နိုင်သည်။—မဿဲ ၂၄:၂၁။d
ပရောဖက်ပြုထားသည့်အတိုင်း အခြားအရာများ လိုက်၍ဖြစ်ရဦးမည်
၁၅။ (က) ယေရုရှလင်မြို့၌ ကျရောက်ခဲ့သည့် ဘေးဒုက္ခပြီးနောက် အဘယ်အခြင်းအရာများ ဖြစ်လိမ့်ဦးမည်ဟု ယေရှုကြိုတင်ဟောသနည်း။ (ခ) မဿဲ ၂၄:၂၃-၂၈ အရ ယေရှု၏ပရောဖက်ပြုချက်နှင့်ပတ်သက်၍ မည်သို့ ကောက်ချက်ချရမည်နည်း။
၁၅ မည်သို့ဆိုစေ ယေရှုသည် မိမိ၏ကြိုတင်ဟောကိန်းကို ပထမရာစုနှင့်သာ အဆုံးမသတ်ထားချေ။ မဿဲ ၂၄:၂၃ နှင့် မာကု ၁၃:၂၁ တို့တွင် အသုံးပြုထားသော တိုးတယ် သို့မဟုတ် “သို့ပြီးမှ” ကအကြံပြုသည့်အတိုင်းပင် ထိုကြီးစွာသောဒုက္ခနောက်တွင် လိုက်၍ဖြစ်မည့်အရာများရှိသေးကြောင်း ကျမ်းစာဖော်ပြထားသည်။ စီ.အီး ၇၀ နောက်ပိုင်းကာလတွင် မည်သည့်အရာများဖြစ်ပျက်လာဦးမည်နည်း။ ဂျူးအစီအစဉ်စနစ်အတွက် ထိုကြီးစွာသောဒုက္ခပြီးနောက် ခရစ်တော်အတုနှင့်ပရောဖက်အတုများ သာ၍များပြားစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။ (မာကု ၁၃:၆ ကို ၁၃:၂၁-၂၃ နှင့်နှိုင်းယှဉ်။) ဝိညာဏအမြင်စူးရှပြီး ခရစ်တော်၏ “ရောက်ရှိနေခြင်း” ကို အမှန်အကန်စောင့်မျှော်နေသူများအား ထိုသူတို့ မလှည့်စားနိုင်ခဲ့သော်လည်း စီ.အီး. ၇၀ ခုနှစ်မှစ၍ နှစ်ရာစုများတစ်လျှောက် ထိုကဲ့သို့သောသူများပေါ်ပေါက်ခဲ့ကြောင်း သမိုင်းက အတည်ပြုသည်။ (မဿဲ ၂၄:၂၇၊ ၂၈) မည်သို့ဆိုစေ စီ.အီး. ၇၀ ခုနှစ် ကြီးစွာသောဒုက္ခအပြီး ဤသို့ပေါ်ပေါက်လာမှုများသည် အစပိုင်းပြည့်စုံချက်မျှသာဖြစ်သည့် ထိုကြီးစွာသောဒုက္ခကိုကျော်၍ ယေရှုမြင်ခဲ့ကြောင်း တင်ပြသည်။
၁၆။ လုကာ ၂၁:၂၄ က ယေရှု၏ပရောဖက်ပြုချက်အား အဘယ်အသွင်အပြင် ထပ်ဆင့်ပြီး ယင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၆ မဿဲ ၂၄:၁၅-၂၈ နှင့် မာကု ၁၃:၁၄-၂၃ တို့ကို လုကာ ၂၁:၂၀-၂၄ နှင့် ကျွန်ုပ်တို့နှိုင်းယှဉ်ပါက ယေရှု၏ ကြိုတင်ဟောပြောခြင်းသည် ယေရုရှလင်ပျက်စီးခြင်းထက် သာလွန်ကျယ်ပြန့်ကြောင်းကို တွေ့နိုင်သည်။ လုကာတစ်ဦးတည်းသာ ကူးစက်ကပ်ရောဂါများကိုဖော်ပြထားသည်။ အလားတူစွာ၊ သူသာလျှင် ယေရှု၏ပရောဖက်ပြုချက်ကို ဤအတိုင်း နိဂုံးချုပ်ထားသည်– “တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။”e(လုကာ ၂၁:၂၄) ဗာဗုလုန်လူမျိုးတို့သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဂျူးတို့၏နောက်ဆုံးဘုရင်ကို ဖြုတ်ချခဲ့ပြီးနောက် ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်စားပြုသော ယေရုရှလင်မြို့သည် ခြေဖြင့်နင်းခြင်းခံခဲ့ရသည်။ (၄ ဓမ္မရာဇဝင် ၂၅:၁-၂၆; ၁ ရာဇဝင်ချုပ် ၂၉:၂၃; ယေဇကျေလ ၂၁:၂၅-၂၇) ဤအခြေအနေသည် ဘုရားသခင်က နိုင်ငံတော်ကိုပြန်လည် တည်ထောင်မည့်အနာဂတ် အချိန်တစ်ခုအထိ ဆက်လက်တည်ရှိနေမည်ဟု လုကာ ၂၁:၂၄ တွင် ယေရှုညွှန်ပြထားသည်။
၁၇။ ယေရှု၏ပရောဖက်ပြုချက်သည် အလှမ်းဝေးသည့်အနာဂတ်ကို ညွှန်ပြကြောင်း အဘယ်တတိယအချက်တစ်ခုကို ဖော်ပြနိုင်သနည်း။
၁၇ ယေရှုသည် အလှမ်းဝေးသည့်အနာဂတ်ကို ရှုမြင်ခဲ့ကြောင်းညွှန်ပြသည့် တတိယအချက်တစ်ခု ဤတွင်ရှိသည်– ကျမ်းစာအရဆိုလျှင် မေရှိယသည် သေဆုံးပြီး ရှင်ပြန်ထမြောက်ခြင်းခံရမည်ဖြစ်သည်။ ထို့နောက် ခမည်းတော်က သူ့အားအုပ်စိုးခွင့်မပြုမချင်း ခမည်းတော်၏လက်ယာတော်ဘက်တွင် ထိုင်နေတော်မူမည်။ (ဆာလံ ၁၁၀:၁၊ ၂) မိမိသည် ခမည်းတော်၏ လက်ယာဘက်တွင် ထိုင်ရလိမ့်မည်အကြောင်းကို ယေရှုပြောပြခဲ့သည်။ (မာကု ၁၄:၆၂) ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် ဘုရင်အဖြစ်နှင့် ဘုရားသခင်၏တရားသူကြီးအဖြစ် ထမ်းဆောင်ရမည့်အချိန်ကို ယေဟောဝါ၏လက်ယာဘက်တွင်စောင့်နေကြောင်း တမန်တော်ပေါလုကလည်း အတည်ပြုပြောဆိုထားသည်။—ရောမ ၈:၃၄; ကောလောသဲ ၃:၁; ဟေဗြဲ ၁၀:၁၂၊ ၁၃။
၁၈၊ ၁၉။ ခရစ်ဝင်ကျမ်းများပါ အပြိုင်ပရောဖက်ပြုချက်နှင့် ဗျာဒိတ် ၆:၂-၈ မည်သို့ဆက်စပ်သနည်း။
၁၈ အစီအစဉ်စနစ်အဆုံးနှင့်ပတ်သက်သော ယေရှု၏ပရောဖက်ပြုချက်သည် ပထမရာစုထက်မက ပို၍အကျုံးဝင်ကြောင်း စတုတ္ထနှင့် နိဂုံးချုပ်ဖော်ပြချက်အဖြစ် ဗျာဒိတ်ကျမ်းအခန်းကြီး ၆ ကိုကျွန်ုပ်တို့ဖွင့်ကြည့်နိုင်သည်။ စီ.အီး ၇၀ နောက်ပိုင်း ဆယ်စုနှစ်များကြာပြီးမှရေးသော တမန်တော်ယောဟန်က လှုပ်ရှားနေသောမြင်းစီးသူများအကြောင်းကို ဖော်ပြထားသည်။ (ဗျာဒိတ် ၆:၂-၈) “သခင်ဘုရား၏နေ့ရက်”—ကိုယ်တော်ရောက်ရှိနေခြင်း နေ့ရက်—တွင်ဖြစ်ပျက်သော ဤပရောဖက်ပြုမြင်ကွင်းသည် ကျွန်ုပ်တို့၏ ၂၀ ရာစုကို ထူးခြားထင်ရှားသည့်စစ်ပွဲများ (အငယ် ၄)၊ နေရာအနှံ့ အစာခေါင်းပါးမှုများ (အငယ် ၅ နှင့် ၆)၊ နှင့် “သေစေလောက်သည့် ကပ်ရောဂါများ” (အငယ် ၈) ဖြစ်ချိန်ဟူ၍ သတ်မှတ်ပေးသည်။ ယင်းသည် ခရစ်ဝင်ကျမ်းများတွင် ယေရှု ဟောပြောထားသည့်စကားများနှင့် ကိုက်ညီပြီး ကိုယ်တော်၏ပရောဖက်ပြုချက်သည် ဤ ‘သခင်၏နေ့ရက်’ တွင် အကြီးစားပြည့်စုံရဦးမည်ကို သက်သေထူသည်။—ဗျာဒိတ် ၁:၁၀။
၁၉ မဿဲ ၂၄:၇-၁၂ နှင့် ဗျာဒိတ် ၆:၂-၈ တို့တွင်ကြိုတင်ဖော်ပြထားသော စုပေါင်းနိမိတ်သည် ၁၉၁၄ ခုနှစ်တွင် ပထမအကြိမ် ကမ္ဘာစစ် စတင်ပေါက်ကွဲကတည်းကစ၍ ဖြစ်ပေါ်ထင်ရှားနေကြောင်း အသိပညာရှိသူများက အသိအမှတ်ပြုဝန်ခံကြသည်။ ယေရှု၏ပရောဖက်ပြုချက်သည် ယခုပင်လျှင် ဒုတိယအကြိမ်နှင့် သာ၍ကြီးမားစွာပြည့်စုံနေကြောင်း ကြမ်းတမ်းသည့်စစ်ပွဲများ၊ အပျက်အစီးများသည့် မြေငလျင်များ၊ ဆိုးဆိုးရွားရွား ငတ်မွတ်ခေါင်းပါးမှုများ၊ နေရာအနှံ့ဖြစ်ပွားသည့် ရောဂါများအားဖြင့် သက်သေထင်ရှားကြောင်းကို ယေဟောဝါသက်သေများ ကမ္ဘာချီဟောပြောနေခဲ့ပြီးဖြစ်သည်။ ဤနောက်ဆုံးအခြင်းအရာနှင့်ပတ်သက်၍ ယူအက်စ်သတင်းနှင့် ကမ္ဘာ့မှတ်တမ်း (၁၉၉၂၊ ဇူလိုင် ၂၇) က ဤသို့ဆိုသည်– “မိမိ၏သားကောင် သန်းပေါင်းများစွာကို သေခြင်းသို့ပို့ဆောင်သော အေအိုင်ဒီအက်စ်ကပ်ရောဂါသည် . . . မကြာမီ သမိုင်းတစ်လျှောက်တွင် သေကျေဆုံးရှုံးမှုအများဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံးသော ကပ်ရောဂါဖြစ်လာနိုင်သည်။ ၁၄ ရာစုနှစ်အတွင်းက ဘလက်ခ်ဒက်သ်ခေါ်ကပ်ရောဂါကြောင့် လူပေါင်း ၂၅ သန်းခန့် သေကျေဆုံးရှုံးခဲ့ကြရသည်။ သို့သော် ကိုယ်တွင်းသို့ အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသော အိပ်ချ်အိုင်ဗွီပိုးကူးစက်ရောက်ရှိနေသူများသည် ယခု ၁၂ သန်းခန့်ရှိရာမှ သက္ကရာဇ် ၂၀၀၀ ရောက်လျှင် သန်း ၃၀ မှ ၁၁၀ အထိ ဖြစ်လာမည်။ မကုသနိုင်သည့်အတွက် အားလုံးသေရဖွယ်သာရှိသည်။”
၂၀။ မဿဲ ၂၄:၄-၂၂ ၏ပထမပြည့်စုံချက်က အဘယ်အချိန်ပိုင်းနှင့်ဆိုင်၍ အခြားအဘယ်ပြည့်စုံခြင်းဖြစ်စရာရှိကြောင်း ရှင်းနေသနည်း။
၂၀ ထို့ကြောင့် တမန်တော်များ၏မေးမြန်းချက်ကို ယေရှုပြန်လည်ဖြေကြားချက်မှ ကျွန်ုပ်တို့မည်သို့ကောက်ချက်ချနိုင်သနည်း။ ကိုယ်တော့်ပရောဖက်ပြုချက်က ယေရုရှလင်မြို့ပျက်စီးခြင်းသို့ဦးတည်ပြီး ပျက်စီးခြင်းဆိုက်ရောက်သည့်အထိ အဖြစ်အပျက်များကို တိကျစွာကြိုဟောထားကာ စီ.အီး. ၇၀ ခုနှစ်နောက် ဆက်လက်ဖြစ်လာမည့်အချို့သောအရာများကိုလည်း ဖော်ပြထားသည်။ သို့သော် ဤအရာအများစုမှာ ဒုတိယအကြိမ် အကြီးစားပြည့်စုံလာပြီး လက်ရှိဆိုးသွမ်းသည့်စနစ်ကို နိဂုံးချုပ်မည့် ကြီးစွာသောဒုက္ခတွင် အထွတ်အထိပ်ရောက်မည်ဖြစ်သည်။ တစ်နည်းပြောရလျှင် မာကုနှင့်လုကာမှတ်တမ်းများနှင့်အပြိုင် မဿဲ ၂၄:၄-၂၂ တွင် ယေရှုကြိုတင်ဟောပြောထားချက်များသည် စီ.အီး. ၃၃ ခုနှစ်မှစတင်၍ စီ.အီး. ၇၀ ကြီးစွာသောဒုက္ခရောက်သည့်အချိန်အထိ တောက်လျှောက်ပြည့်စုံခဲ့သည်။ သို့နှင့်ပင် ထိုအခန်းငယ်များသည် နောက်ပိုင်းအတော်ကြာမှ သာ၍ကြီးကျယ်သည့် ကြီးစွာသောဒုက္ခပါဝင်သော ဒုတိယပြည့်စုံစရာရှိဦးမည်ဖြစ်သည်။ ဤကြီးကျယ်သည့်ပြည့်စုံချက်သည် ကျွန်ုပ်တို့အချိန်တွင် ရောက်ရှိနေပြီ; ယင်းကို ကျွန်ုပ်တို့ နေ့စဉ် တွေ့မြင်နိုင်ပါသည်။f
အဘယ်အဖြစ်အပျက်၌ အထွတ်အထိပ် ရောက်မည်နည်း
၂၁၊ ၂၂။ နောက်ဆက်တွဲအဖြစ်အပျက်များ ရှိရဦးမည်အကြောင်း ပရောဖက်ပြုတင်ပြချက်ကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။
၂၁ “တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမီတိုင်အောင်” လှည့်ဖြားတတ်သည့်နိမိတ်လက္ခဏာများကိုပြမည့် မိစ္ဆာပရောဖက်များအကြောင်းဖြင့် မိမိပရောဖက်ပြုချက်ကို ယေရှုအဆုံးမသတ်ခဲ့ပါ။ (လုကာ ၂၁:၂၄; မဿဲ ၂၄:၂၃-၂၆; မာကု ၁၃:၂၁-၂၃) ကမ္ဘာတစ်ခွင်လုံး သိမြင်နိုင်မည့် အခြားသောထိတ်လန့်ဖွယ်အဖြစ်အပျက်များ ဖြစ်ပျက်မည်ကိုလည်း ကိုယ်တော်ဆက်ပြောခဲ့သည်။ ယင်းတို့သည် တန်ခိုးနှင့်ဘုန်းအသရေဖြင့် လူသားကြွလာခြင်းနှင့်ပတ်သက်နေသည့် အခြင်းအရာများဖြစ်သည်။ မာကု ၁၃:၂၄-၂၇ သည် ယေရှု၏ ဆက်လက်ပရောဖက်ပြုချက်ကို ကိုယ်စားပြုသည်–
၂၂ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည်မိုက်လိမ့်မည်။ လသည် အရောင်မပေး။ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်တော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ ထိုအခါ လူသားသည် မိမိတမန်တို့ကိုစေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးစေတော်မူလတ္တံ့။”
၂၃။ စီ.အီး. ပထမရာစု ကုန်လွန်ပြီး ကြာမြင့်သောကာလအချိန်၌ မဿဲ ၂၄:၂၉-၃၁ ပြည့်စုံလာခြင်းကို အဘယ်ကြောင့်စောင့်မျှော်နိုင်သနည်း။
၂၃ ရှင်ပြန်ထမြောက်သော ယေရှုခရစ်ဖြစ်သည့် လူသားသည် စီ.အီး. ၇၀ ခုနှစ် ဂျူးအစီအစဉ်အဆုံးသတ် ပျက်စီးခြင်းပြီးနောက်တစ်ဆက်တည်း ထိုကြီးကျယ်ခမ်းနားသည့်နည်းဖြင့် ရောက်ရှိခဲ့သည်မဟုတ်။ မဿဲ ၂၄:၃၀ ဖော်ပြထားသည့်အတိုင်း မြေကြီးပေါ်ရှိ လူမျိုးအားလုံးတို့သည် ကိုယ်တော်အား အသိအမှတ်ပြုရန် လှုံ့ဆော်ခံခဲ့ရခြင်းလည်း မရှိခဲ့သည့်အပြင် မြေကြီးတစ်ခွင်လုံးရှိ ဘိသိက်ခံအားလုံးကို ကောင်းကင်တမန်များက စုသိမ်းခဲ့ခြင်းလည်း မဖြစ်ခဲ့ပါ။ သို့ဆိုလျှင် ယေရှု၏ အံ့ဖွယ်ပရောဖက်ပြုချက်၏ နောက်ဆက်တွဲအပိုင်းသည် မည်သည့်အချိန်တွင် ပြည့်စုံရမည်နည်း။ ယင်းတို့သည် ယခုကျွန်ုပ်တို့ ဆက်၍တွေ့ကြုံရင်ဆိုင်နေရသည့် အဖြစ်အပျက်များတွင် ပြည့်စုံခြင်းလော၊ သို့မဟုတ် မဝေးတော့သည့်အနာဂတ်တွင် ဖြစ်ပျက်လာမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သည့်အရာများနှင့်ပတ်သက်၍ မြင့်မြတ်သည့် ထိုးထွင်းသိမြင်ဉာဏ်ကို ပေးခြင်းပေလော။ ကျွန်ုပ်တို့ မလွဲဧကန် သိလိုသင့်သည့်အကြောင်းမှာ၊ ယေရှု၏ ကြိုတင်သတိပေးချက်ကို လုကာ ဤသို့မှတ်တမ်းတင်ခဲ့သောကြောင့်ဖြစ်သည်– “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့။”—လုကာ ၂၁:၂၈။
[အောက်ခြေမှတ်ချက်များ]
a စာမျက်နှာ ၁၄ နှင့် ၁၅ ပါဇယားတွင် ဤအခန်းကြီးများမှ အပိုဒ်အချို့ကို ဖော်ပြထားသည်။ အစက်ချမျဉ်းကြောင်းများက အပြိုင်အပိုဒ်များကို မှတ်သားသည်။
b ဤအဖြစ်အပျက်များဆိုင်ရာ သမိုင်းဝင် ကိုးကားချက်များကို ၁၉၇၀၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄၃-၅ [လိပ်] တွင်ရှု။
c တိုးတယ်သည် မဿဲ (အခန်းကြီး ၂၄ တွင် ၉ ကြိမ်) ကျမ်းတွင် အကြိမ် ၈၀၊ လုကာကျမ်းတွင် ၁၅ ကြိမ်ပါသည်။ မာကုသည် တိုးတယ်ကို ခြောက်ကြိမ်သာအသုံးပြုခဲ့၍ လေးကြိမ်မှာ “ပုဗ္ဗနိမိတ်” နှင့်သက်ဆိုင်သည်။
d အင်္ဂလိပ်စာရေးဆရာ မက်သယူးဟင်နရီက “ခါလဒဲလူမျိုးများအားဖြင့် ယေရုရှလင်မြို့ပျက်စီးခြင်းသည် အလွန်ကြောက်စရာကောင်းသော်လည်း ဤဖျက်ဆီးခြင်းသည် ယင်းထက်သာသည်။ ယင်းသည် ဂျူးလူမျိုးအားလုံးကို . . . သုတ်သင်ပစ်မှုကြီးအဖြစ် ခြိမ်းခြောက်ခဲ့သည်” ဟုဖော်ပြသည်။
e လုကာ ၂၁:၂၄ နောက်ပိုင်းတွင် လုကာ၏မှတ်တမ်း၌ အကြောင်းအရာပြောင်းလဲသွားကြောင်း အများတွေ့ရှိကြသည်။ ဒေါက်တာ လီအောန် မောရစ္စက– “ယေရှုသည် တစ်ပါးအမျိုးသားကာလများအကြောင်း ဆက်ပြောဆိုသည်။ . . . ပညာရှင်အများ၏သဘောအရ ယခု လူသားကြွလာခြင်းအကြောင်းကို အာရုံစူးစိုက်ကြသည်” ဟုဆိုသည်။ ပါမောက္ခ အာရ်. ဂင်စ္စက ဤသို့ရေးသည်– “လူသား ကြွလာခြင်း—(မ ၂၄:၂၉-၃၁; မာ ၁၃:၂၄-၂၇)။ ‘တစ်ပါးအမျိုးသားကာလ’ ကိုဖော်ပြခြင်းက ဤအဓိကအချက်ကို နိဒါန်းပျိုးသည်; [လုကာ၏] အမြင်သည် ယေရုရှလင်မြို့ပျက်စီးသွားပြီးနောက် ဝေးလံသောအနာဂတ်သို့ ယခုရောက်ရှိသွားလေသည်။”
f ပါမောက္ခ ဝါလ်တာ အယ်လ်. လိုင်ဖဲလ်ဒ် ဤသို့ရေးသည်– “ယေရှု၏ကြိုတင်ဟောပြောချက်တို့သည် သွင်ပြင်ရှုထောင့်နှစ်ခု– (၁) ဗိမာန်တော်နှင့်ပတ်သက်၍ အေ.ဒီ. ၇၀ အဖြစ်အပျက်များ နှင့် (၂) ဗျာဒိတ်ထား၍ သိရှိရသည့်အသုံးအနှုန်းဖြင့် ဖော်ပြသော ဝေးလံသည့်အနာဂတ် အဖြစ်အပျက်များ ပါဝင်သည်ဟု ယူမှတ်စရာအကြောင်း အမှန်ရှိသည်။” ဂျေ. အာရ်. ဒမလို တည်းဖြတ်သည့် ဋီကာကျမ်းက ဤသို့ဆိုသည်– “ဤဒေသနာတော်တွင် ကျွန်ုပ်တို့၏သခင်အရှင်သည် အဖြစ်အပျက်တစ်ခုတည်းကိုမဟုတ် နှစ်ခုကို ရည်ညွှန်းကြောင်း၊ ပထမတစ်ခုသည် ဒုတိယနှင့်ထပ်တူပင်ဖြစ်ကြောင်းကို အသိအမှတ်ပြုသည့်အခါ နားလည်ရ အခဲယဉ်းဆုံးအချက် မြောက်မြားစွာတို့သည် ပျောက်ကွယ်သွားပါသည်။ . . . ‘တစ်ပါးအမျိုးသားကာလ’ အကြောင်း ဖော်ပြသည့် [လုကာ] ၂၁:၂၄ ကအထူးသဖြင့် ယေရုရှလင်ပျက်စီးခြင်းနှင့် ကမ္ဘာ၏အဆုံးစပ်ကြားကာလကို အတိအကျ မဖော်ပြပါ။”
သင်မှတ်မိသလော
◻ မဿဲ ၂၄:၃ တွင် မေးခွန်းပါ ယေရှု၏အဖြေသည် စီ.အီး. ၇၀ ၌အထွတ်အထိပ်ရောက်သည့် အဘယ်ပြည့်စုံခြင်း ဖြစ်သနည်း။
◻ တိုးတယ်ဟူသောစကားလုံးကို အသုံးပြုခြင်းက ယေရှု၏ပရောဖက်ပြုချက်ကို နားလည်ရန် မည်သို့အကူအညီပေးသနည်း။
◻ ယခင်က မဖြစ်စဖူးသည့် ပထမရာစု “ကြီးစွာသောဒုက္ခ” သည် အဘယ်သဘောဖြင့် ဖြစ်ပျက်ခဲ့သနည်း။
◻ ယနေ့ ကျွန်ုပ်တို့နှင့်ပတ်သက်သည့် အဘယ်ထူးခြားသော ယေရှု၏ပရောဖက်ပြုချက်အသွင်အပြင်နှစ်ခုကို လုကာရည်ညွှန်းခဲ့သနည်း။
◻ မဿဲ ၂၄:၄-၂၂ ပါပရောဖက်ပြုချက်၏ ဒုတိယနှင့် အကြီးစားပြည့်စုံခြင်းကို အဘယ်အချက်များက ရည်ညွှန်းသနည်း။
[စာမျက်နှာ ၁၀ ပါ ဇယား]
၄ “ယေရှုကလည်း ‘သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။ ၅ အများသောသူတို့က “ငါသည် ခရစ်တော်ဖြစ်၏” ဟုဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ ၆ သင်တို့သည် စစ်တိုက်ခြင်းအ ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
၇ “‘လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ၈ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
၉ “‘ထိုကာလ၌ လူများတို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသော လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။ ၁၀ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။ ၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ ၁၂ မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ ၁၃ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ၁၄ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”
------------------------------------------------------------------
၁၅ “‘ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် (ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ) ။ ၁၆ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ ၁၇ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။ ၁၈ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။ ၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ ၂၀ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မ ကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။ ၂၁ အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့် မည်။ ၂၂ ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။
------------------------------------------------------------------
၂၃ “ ‘ထိုအခါ သူတစ်ပါးက “ဤအရပ်၌ ခရစ်တော်ရှိသည် ထိုအရပ်၌ရှိသည်” ဟု ဆိုသော်လည်း မယုံကြနှင့်။ ၂၄ အကြောင်းမူကား ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ၂၅ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။ ၂၆ ထိုကြောင့် သူတို့က “ခရစ်တော်သည် တော၌ရှိသည်” ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ “တိုက်ခန်း၌ရှိသည်” ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၇ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူလတ္တံ့။ ၂၈ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့။
------------------------------------------------------------------
------------------------------------------------------------------
၂၉ “ ‘ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၃၀ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ ၃၁ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတ္တံ့။’”
၅ “ယေရှုကလည်း ‘သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။ ၆ အများသောသူတို့က “ငါသည် ဤမည်သောသူဖြစ်၏” ဟုဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူများတို့ကို လှည့်ဖြားကြလိမ့်မည်။ ၇ သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သောသတင်းစကားကို လည်း ကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
၈ “‘လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အ စာ ခေါင်း ပါး ခြင်း နှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
၉ “‘သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။ ၁၀ ဧဝံဂေလိတရားကို ရှေ့ ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ ဆောင် ကြ သော အခါ အဘယ်သို့ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ၁၁ ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကိုသာ ပြောကြလော့။ အကြောင်းမူကား သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။ ၁၂ ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ ၁၃ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
------------------------------------------------------------------
၁၄ “‘ပရောဖက်ဒံယေလဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် (ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ)။ ထိုသို့ မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ ၁၅ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကိုယူခြင်းငှာ မဝင်စေနှင့်။ ၁၆ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။ ၁၇ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ ၁၈ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။ ၁၉ အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာ လ ၌ ဖြစ်လိမ့်မည်။ ၂၀ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။
------------------------------------------------------------------
၂၁ “‘ထိုအခါ သူတစ်ပါးက “ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်” ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၂ အကြောင်းမူကား ခရစ်တော်၏အယောင်ကိုဆောင်သော သူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် နိမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ၂၃ သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ။
------------------------------------------------------------------
------------------------------------------------------------------
၂၄ “‘ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ ၂၅ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၆ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။’”
၈ “ကိုယ်တော်က ‘သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က “ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီ” ဟုဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ ၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။’
၁၀ “ထိုမှတစ်ပါး ‘လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ ၁၁ အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီး စွာ သောပုဗ္ဗနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။
၁၂ “ ‘ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ ဆောင် ကြ လိမ့် မည်။ ၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့် ရှိကြလိမ့်မည်။ ၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှာ သတိထားကြလော့။ ၁၅ အကြောင်းမူကား ရန်သူအပေါင်းတို့သည် မငြင်းခုံ မဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။ ၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ ၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ ၁၈ သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။ ၁၉ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
------------------------------------------------------------------
၀ “‘ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။ ၂၁ ထိုအခါ ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက် ကြ စေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။ ၂၂ အကြောင်းမူကား ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလဖြစ်သတည်း။ ၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက်လိမ့်မည်။ ၂၄ သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ အခြားသောပြည် အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။
------------------------------------------------------------------
တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။
------------------------------------------------------------------
------------------------------------------------------------------
၂၅ “‘ထိုအခါ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုဗ္ဗနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သောဘေးများကို မျှော်၍ ကြောက်လန့်သဖြင့် လူများတို့၏ အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကို ကြွကြလော့’ ဟုမိန့်တော်မူ၏။’”
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
စီ.အီး. ၇၀ ၌ဖြစ်သောဒုက္ခသည် ယေရုရှလင်မြို့နှင့် ဂျူးအစီအစဉ်စနစ် တွေ့ကြုံဖူးသမျှတွင် အကြီးမားဆုံးဖြစ်သည်