ယေဟောဝါ၌ ဝမ်းမြောက်ကြလော့!
“သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့!”—ဖိလိပ္ပိ ၄:၄။
၁။ ခရစ်ယာန်များသည် အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိသင့်သည်ဟု ပေါလုပြောဆိုရာတွင် သူဆိုလိုသည့်အရာကို ကျွန်ုပ်တို့အဘယ်ကြောင့်သိလိုပေမည်နည်း။
မျက်မှောက်ခေတ်တွင် ဝမ်းမြောက်စရာအကြောင်းများ လျော့နည်းရုံသာမက ရှားပါးပုံရှိသည်။ စစ်မှန်သောခရစ်ယာန်များပါအပါအဝင် မြေမှုန့်မျှဖြစ်သူတို့သည် ဝမ်းနည်းကြေကွဲစရာအကြောင်းများဖြစ်သည့် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကျန်းမာရေးမညီညွတ်ခြင်း၊ ချစ်မြတ်နိုးရသူ သေဆုံးခြင်း၊ ပုဂ္ဂိုလ်ရေးပြဿနာများ ပေါ်ပေါက်ခြင်း သို့မဟုတ် မယုံကြည်သူ မိသားစုထံမှလည်းကောင်း၊ မိတ်ဆွေဟောင်းများထံမှလည်းကောင်း အတိုက်အခံပြုခြင်းတို့ကို ကြုံတွေ့ကြရသည်။ ထို့ကြောင့် “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့” ဟူသော ပေါလု၏သြဝါဒကို မည်သို့နားလည်ရမည်နည်း။ ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရမည့် မနှစ်မြို့ဖွယ်အခက်အခဲများကြောင့် ဝမ်းမြောက်စရာအကြောင်း ရှိနိုင်ပါမည်လော။ ဤစကားစု၏ ရှေ့နောက်စကားကို ဆွေးနွေးသုံးသပ်ခြင်းအားဖြင့် ယင်းအကြောင်းသည် ရှင်းလင်းသွားပေမည်။
ဝမ်းမြောက်ကြလော့ —အဘယ်ကြောင့်နှင့် အဘယ်နည်းဖြင့်နည်း
၂၊ ၃။ ယေရှုနှင့် ရှေးဣသရေလလူမျိုးတို့၏ အဖြစ်အပျက်က ဖော်ပြသည့်အတိုင်း ဝမ်းမြောက်ဖို့အရေးကြီးသောအကြောင်းကား အဘယ်နည်း။
၂ “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့!” ဤတိုက်တွန်းချက်သည် လွန်ခဲ့သော ၂၄ ရာစုနှစ်ခန့်က ဣသရေလလူမျိုးအား မိန့်တော်မူခဲ့သည့် စကားများကို သတိရစေမည်– “ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းသည် သင်တို့ခိုလှုံရာ ဖြစ်သည်၊” သို့မဟုတ် မောဖက်ဘာသာပြန်ကျမ်းအရ “ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းသည် သင်၏ခွန်အားဖြစ်သည်။” (နေဟမိ ၈:၁၀၊ သမ္မာ) ဝမ်းမြောက်ခြင်းသည် ခွန်အားရှိစေသည်။ စိတ်သက်သာမှုနှင့် အကာအကွယ်ရရှိရန် ဝင်ခိုလှုံနိုင်သော ရဲတိုက်နှင့်လည်း တူသည်။ စုံလင်သောလူသား ယေရှုပင် ဝမ်းမြောက်ခြင်းကြောင့် ခံနိုင်ရည်ရှိခဲ့သည်။ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂) ကယ်တင်ခြင်းရဖို့အတွက် အခက်အခဲများ ကြုံနေရလျက်ပင် ဝမ်းမြောက်နိုင်ခြင်းသည် အရေးကြီးကြောင်း ထင်ရှားပါသည်။
၃ ကတိထားရာပြည်ထဲ မဝင်မီ ဣသရေလလူမျိုးသည် ဤသို့မိန့်မှာခံခဲ့ကြရသည်– “သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့်သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသောကျေးဇူး၌ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တစ်ပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။” ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် ယေဟောဝါ၏အမှုတော်ကို မဆောင်ရွက်ပါက ဆိုးရွားသောအကျိုးဆက်များကိုခံယူရလိမ့်မည်။ သင် “မပျက်ဆီးမီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်မှာ သက်ရောက်လျက် သင့်ကိုလိုက်၍မီလျက် ရှိကြလိမ့်မည်။ . . . ဥစ္စာကြွယ်ဝသောအခါ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို မဆောင်မရွက်သောကြောင့်” တည်း။—တရားဟောရာ ၂၆:၁၁; ၂၈:၄၅-၄၇။
၄။ အဘယ့်ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်မှုမရှိဘဲ ဖြစ်ကောင်းဖြစ်မည်နည်း။
၄ ထို့ကြောင့် မျက်မှောက်ခေတ် ဘိသိက်ခံအကြွင်းအကျန်နှင့် “အခြားသိုး” အဝင်ဖြစ်သော သူတို့၏ အပေါင်းအပါတို့သည် ဝမ်းမြောက်ကြရန် အရေးကြီးလှပါသည်တကား! (ယောဟန် ၁၀:၁၆) မိမိ၏သြဝါဒစကားကို “တစ်ဖန်ငါဆိုသည်ကား” ဟုထပ်ဆင့်ခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေဟောဝါပြုတော်မူသမျှသောကျေးဇူးတို့၌ ဝမ်းမြောက်ကြရန် အရေးကြီးကြောင်းကို ပေါလုအလေးအနက်ဖော်ပြပါသည်။ ဝမ်းမြောက်ကြပါသလော။ သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာတို့နှင့်သာ အလုပ်ရှုပ်နေသဖြင့် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းများကို တစ်ခါတစ်ရံမျက်ခြည်ပြတ်သွားပါသလော။ ပြဿနာများ တောင်ပုံရာပုံဖြစ်လာပြီး ဘုရားသခင့်နိုင်ငံတော်နှင့် ၎င်း၏ကောင်းချီးများကို မမြင်နိုင်သည်တိုင် ဖြစ်သလော။ ဘုရားသခင်၏ပညတ်တော်ကို မလိုက်နာခြင်း၊ မြင့်မြတ်သောကျင့်ဝတ်မူများကို လျစ်လျူရှုခြင်း၊ သို့မဟုတ် ခရစ်ယာန်တာဝန်များကို ဥပေက္ခာပြုခြင်း အစရှိသော အရာများက ကျွန်ုပ်တို့၌ ဝမ်းမြောက်ခြင်းမရှိစေရန် ခွင့်ပြုနေသလော။
၅။ အကျိုးသင့်အကြောင်းသင့်သဘောမရှိသောသူသည် ဝမ်းမြောက်ခြင်းရှိရန် အဘယ်ကြောင့်ခဲယဉ်းသနည်း။
၅ “သင်၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူခပ်သိမ်းတို့ သိကြစေ။ သခင်အရှင်သည် အနီးအပါး၌ရှိတော်မူ၏။” (ဖိလိပ္ပိ ၄:၅၊ ကဘ) အကျိုးသင့်အကြောင်းသင့်သဘော မရှိသူသည် ဟန်ချက်မညီနိုင်ပါ။ မလိုအပ်ဘဲနှင့် စိတ်တင်းမာခြင်း သို့မဟုတ် စိုးရိမ်ခြင်းဖြင့် သူသည် မိမိ၏ကျန်းမာရေးကို သင့်တော်စွာ ဂရုမစိုက်ဘဲ နေမည်။ ဤသူသည် မိမိ၏အကန့်အသတ်ဖြစ်မှုများကို အသိအမှတ်ပြုကာ ၎င်းနှင့်အညီ အသက်ရှင်နေထိုင် မတတ်သေး၍ဖြစ်မည်။ သူ၏ပန်းတိုင်များသည် မြင့်မားလွန်း၍ နစ်နာဆုံးရှုံးမှုများကို ပမာဏမပြုဘဲ ပန်းတိုင်မီဖို့သာ ကြိုးစားနေပေမည်။ သို့မဟုတ်လျှင်လည်း မိမိ၏အကန့်အသတ်ဖြစ်မှုများကို ဖော်ပြ၍ ဆင်ခြေတက်ကာ အရှိန်ကျဆင်း၊ သို့မဟုတ် လျှော့ပေါ့လုပ်ကိုင်နေမည်။ ဟန်ချက်မညီခြင်း၊ အကျိုးသင့်အကြောင်းသင့်သဘောမရှိခြင်းက သူ့အားဝမ်းမြောက်ရန် အခက်တွေ့စေသည်။
၆။ (က) ခရစ်ယာန်ချင်းတို့သည် ကျွန်ုပ်တို့တွင် အဘယ်အရာကို တွေ့မြင်သင့်သနည်း။ အဘယ်အခါ၌သာ တွေ့မြင်မည်နည်း။ (ခ) အကျိုးသင့်အကြောင်းသင့်သဘောရှိရန် ၂ ကောရိန္သု ၁:၂၄ နှင့် ရောမ ၁၄:၄ ပါပေါလု၏စကားများက ကျွန်ုပ်တို့အား မည်သို့အကူအညီပေးမည်နည်း။
၆ အတိုက်အခံပြုသူများက ကျွန်ုပ်တို့အား တစ်ယူသန်ဆန်သည်ဟု ယူမှတ်ကြသည့်တိုင် ခရစ်ယာန်ချင်းတို့က ကျွန်ုပ်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို အမြဲတွေ့မြင်သင့်သည်။ ကျွန်ုပ်တို့သည် ဟန်ချက်ညီ၍ ကိုယ်ကိုယ်တိုင်မှဖြစ်စေ၊ အခြားသူများထံမှဖြစ်စေ ပြည့်ဝစုံလင်မှုကို မမျှော်လင့်လျှင် ကျွန်ုပ်တို့အား ထိုသို့ပင် တွေ့မြင်ကြလိမ့်မည်။ ထို့ထက်အရေးကြီးသည်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်ထက်ပိုလွန်သည့် ဝန်ထုပ်ဝန်ပိုးများကို အခြားသူများအပေါ်တင်မိခြင်းမှ ရှောင်ကြဉ်ရမည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။” (၂ ကောရိန္သု ၁:၂၄) အခွင့်အာဏာရှိသူတို့၏ စည်းကမ်းတင်းကျပ်မှုများမူကား ဝမ်းမြောက်ခြင်းကို ပျောက်လွင့်စေနိုင်ကြောင်း၊ တစ်ဖက်ကကြည့်ပြန်လျှင် လုပ်ဖော်ဆောင်ဖက်ချင်းများထံမှ ရရှိသော အကြံပေးချက်ကောင်းများသည် ဝမ်းမြောက်ခြင်းကို တိုးပွားစေနိုင်ကြောင်း ဖာရိရှဲတစ်ဦးဖြစ်ခဲ့သူပေါလုကောင်းစွာ သဘောပေါက်သည်။ “သခင်အရှင်သည် အနီးအပါး၌ရှိတော်မူ” သည့်အတွက် ကျွန်ုပ်တို့သည် ‘သူတစ်ပါးပိုင်သောလူကို စစ်ကြောစီရင်’ ခြင်းမပြုရဘဲ ‘သူ၏သခင် စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့’ သူရောက်လိမ့်မည်အကြောင်းကို အကျိုးသင့်အကြောင်းသင့်သဘောရှိသူသည် သတိရသင့်သည်။—ရောမ ၁၄:၄။
၇၊ ၈။ ခရစ်ယာန်များသည် ပြဿနာများကို အဘယ်ကြောင့်မျှော်ရမည်နည်း။ သို့သော်လည်း သူတို့သည် မည်သို့ဆက်လက်ဝမ်းမြောက်နိုင်မည်နည်း။
၇ “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများကို ဘုရားသခင်အား တောင်းလျှောက်ကြလော့။” (ဖိလိပ္ပိ ၄:၆၊ ကဘ) ကျွန်ုပ်တို့သည် ပေါလုရေးသားခဲ့သော “ခဲယဉ်းသောကာလ” ကို ယနေ့ ရင်ဆိုင်နေကြရသည်။ (၂ တိမောသေ ၃:၁-၅) ထို့ကြောင့် ခရစ်ယာန်များသည် ပြဿနာများကို တွေ့ကြုံရဖို့ မျှော်လင့်ရမည်။ “အစဉ်မပြတ် ဝမ်းမြောက်” ဟူသည့် ပေါလု၏စကားက သစ္စာရှိခရစ်ယာန်တစ်ဦး၌ ရံဖန်ရံခါဖြစ်တတ်သော အခိုက်အတန့်စိတ်ညှိုးငယ်ခြင်း၊ သို့မဟုတ် စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ချေမရှိဟု မဆိုပေ။ ပေါလုကိုယ်တိုင်၏အဖြစ်အပျက်ကို မှန်ကန်စွာ ဤသို့ဝန်ခံထားသည်– “ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကို ခံရသော်လည်း အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ။ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။” (၂ ကောရိန္သု ၄:၈၊ ၉) သို့ရာတွင် ခရစ်ယာန်တစ်ဦး၏ ဝမ်းမြောက်ခြင်းသည် ယာယီစိုးရိမ်မှုနှင့်ဝမ်းနည်းမှုကို လျော့ပေါ့သက်သာစေ၍ နောက်ဆုံးတွင် ချေဖျက်ပစ်နိုင်သည်။ ဝမ်းမြောက်စရာအကြောင်းများစွာတို့ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ဘဲ ရှေ့သို့သာ ချီတက်နေရန် လိုအပ်သောခွန်အားကို ယင်းက ဖြည့်ဆည်းပေးသည်။
၈ မည်သို့သောပြဿနာမျိုးမဆို ပေါ်ပေါက်လာစေကာမူ ဝမ်းမြောက်တတ်သောခရစ်ယာန်တစ်ဦးသည် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါ၏အကူအညီကို နှိမ့်ချကျိုးနွံစွာ တောင်းဆိုတတ်သည်။ အလွန်အမင်း စိုးရိမ်နေမည့်အစား မိမိကိုယ်တိုင် ပြဿနာကို အကျိုးသင့်အကြောင်းသင့် အတတ်နိုင်ဆုံး ဖြေရှင်းပြီးနောက် “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်” ဟုမှာကြားသည့်အတိုင်း ယေဟောဝါလက်တော်သို့ အပ်လိုက်သည်။ ဤအချိန်အတောအတွင်း ယင်းခရစ်ယာန်သည် ယေဟောဝါ၏ ကောင်းမြတ်တော်မူခြင်းတို့ကို ခံစားနေရသည့်အတွက် ကျေးဇူးတော်ချီးမွမ်းနေပါသည်။—ဆာလံ ၅၅:၂၂; မဿဲ ၆:၂၅-၃၄ ကိုလည်းရှု။
၉။ သမ္မာတရားပညာသည် စိတ်ငြိမ်သက်မှုကို မည်သို့ပေးသနည်း။ ယင်းက ခရစ်ယာန်တစ်ဦးအပေါ် အဘယ်ကောင်းကျိုးသက်ရောက်စေသနည်း။
၉ “ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၇၊ ကဘ) သမ္မာတရားအသိပညာသည် ခရစ်ယာန်တစ်ဦးအား မှောက်မှားမှုတို့မှ လွတ်ကင်းစေ၍ ကျန်းခံ့သော စဉ်းစားပုံစဉ်းစားနည်းများကို ပြုစုပျိုးထောင်ရန်အကူအညီပေးသည်။ (၂ တိမောသေ ၁:၁၃) ဤနည်းအားဖြင့် အချင်းချင်း အသင့်အတင့်မရှိစေသည့် အမှားအယွင်း သို့မဟုတ် ပညာမဲ့အပြုအမူတို့ကို ရှောင်ကြဉ်ရန် အထောက်အကူရပါသည်။ မတရားမှုနှင့် ဆိုးသွမ်းမှုတို့ကြောင့် စိတ်ဓာတ်ကျဆင်းနေမည့်အစား လူသားတို့၏ပြဿနာများကို ဘုရားသခင့်နိုင်ငံတော်အားဖြင့် ယေဟောဝါဖြေရှင်းပေးတော်မူမည့်အချိန်ကို ယုံကြည်စိတ်ချစွာစောင့်မျှော်နေပါမည်။ ဤသို့သော စိတ်၏ငြိမ်သက်ခြင်းသည် သူ၏စိတ်နှလုံးကို စောင့်မပြီး သူ၏ရည်မှန်းချက်များကို စင်ကြယ်စေ၍ ဖြောင့်မတ်ခြင်းတရားလမ်းအတိုင်း တွေးတောဆင်ခြင်ပြုမူရန် ညွှန်ကြားခံရလိမ့်မည်။ ရည်ရွယ်ချက်မှန်နှင့် ကောင်းရာမှန်ရာကို တွေးတောဆင်ခြင်ခြင်းကလည်း ဖရိုဖရဲဖြစ်နေသော ဤလောကကြီးကြောင့် ပေါ်ပေါက်သောပြဿနာများ၊ ဖိစီးမှုများကြား ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း မရေတွက်နိုင်အောင်ရှိစေသည်။
၁၀။ အဘယ်အကြောင်းကို ပြောဆိုစဉ်းစားခြင်းအားဖြင့်သာ စစ်မှန်သောရွှင်လန်းမှုကို ခံစားနိုင်မည်နည်း။
၁၀ “နောက်ဆုံးတွင်၊ ညီအစ်ကိုတို့ မှန်ကန်သောအရာရှိသမျှ၊ အလေးအနက်ထားရမည့်အရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ စင်ကြယ်သောအရာရှိသမျှ၊ ချစ်ဖွယ်သောအရာရှိသမျှ၊ ကောင်းစွာပြောဆိုခံရသောအရာရှိသမျှ၊ ကောင်းမြတ်သည့်အကျင့်ရှိသမျှနှင့် ချီးကျူးထိုက်သောအရာရှိသမျှ၊ ဤအရာများကိုဆက်၍ စဉ်းစားဆင်ခြင်လော့။” (ဖိလိပ္ပိ ၄:၈၊ ကဘ) ခရစ်ယာန်တစ်ဦးသည် မကောင်းသောအရာများကို ပြောဆိုစဉ်းစားခြင်း၌ ပျော်မွေ့နေမည်မဟုတ်။ ယင်းက ဤလောကကပေးကမ်းသည့်ဖျော်ဖြေမှုအများအပြားကို အလိုလိုငြင်းပယ်စေသည်။ မုသားစကားများ၊ ညစ်ညူးပျက်ပြယ် ပြက်ရယ်သောစကားများ၊ မဖြောင့်မတ် မရိုးသားသောအရာများ၊ စာရိတ္တယိုယွင်းသောအရာများ၊ ဂုဏ်အသရေမရှိသောအရာများ၊ မုန်းတီးစရာများ၊ ရွံရှာဖွယ်ရာများတို့နှင့် မိမိ၏စိတ်နှလုံးကို ပြည့်စေမည်ဆိုလျှင် မည်သူမျှ ခရစ်ယာန်ရွှင်လန်းမှု ဆက်ရှိနေနိုင်မည်မဟုတ်ပါ။ ရိုးရိုးပြောရမည်ဆိုလျှင် မိမိ၏စိတ်နှင့်နှလုံးကို အညစ်အကြေးတို့နှင့် ပြည့်နေစေလျှင် မည်သူမျှ စစ်မှန်သောရွှင်လန်းမှု ရှိနိုင်မည်မဟုတ်ပါ။ စာတန်၏ ပျက်စီးယိုယွင်းသော ဤလောကတွင် ခရစ်ယာန်များသည် စဉ်းစားစရာ၊ ဆွေးနွေးစရာ ကောင်းမြတ်သည့်အကြောင်း မြောက်မြားစွာရှိသည့်အတွက် အမှန်အားယူစရာဖြစ်သည်တကား!
ဝမ်းမြောက်နိုင်စရာအကြောင်း မရေမတွက်နိုင်အောင်ရှိ
၁၁။ (က) အဘယ်အရာကို ဘယ်သောအခါမျှ အထင်မသေးသင့်သနည်း။ အဘယ်ကြောင့်နည်း။ (ခ) အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ခဲ့သော ကိုယ်စားလှယ်တစ်ဦးနှင့် သူ၏ဇနီးသည် အဘယ်အကျိုးသက်ရောက်မှုကို ခံစားခဲ့ရသနည်း။
၁၁ ဝမ်းမြောက်နိုင်စရာအကြောင်းများကို ပြောဆိုကြစဉ် ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းကို မမေ့လျော့ကြစို့နှင့်။ (၁ ပေတရု ၂:၁၇) လောကီတိုင်းနိုင်ငံများနှင့်လူမျိုးစုတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အလွန်အမင်းမုန်းတီးနေကြစဉ်ပင် ဘုရားသခင်၏လူမျိုးများမူကား တစ်ဦးကိုတစ်ဦး ပိုမိုချစ်ခင်ရင်းနှီးလာနေကြပြီ။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများတွင် သူတို့၏စည်းလုံးမှုသည် ထင်ရှားပေါ်လွင်သည်။ ၁၉၉၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့တွင် ကျင်းပခဲ့သော စည်းဝေးပွဲကြီးတစ်ခုအကြောင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ဤသို့ရေးသားသည်– “ရွှင်လန်းအားရခြင်းမျက်ရည်များ၊ ရွှင်ပျသည့် မျက်လုံးများ၊ မိသားစုသဖွယ် အချင်းချင်းပွေ့ဖက်နေကြသည့်ရှုခင်းများ၊ အားကစားကွင်းအတွင်း ရောင်စုံထီးများသို့မဟုတ် လက်ကိုင်ပဝါများကို လက်ယမ်းပြပြီး အချင်းချင်းနှုတ်ဆက်သူများ၏မြင်ကွင်းက သီအိုကရက်တစ်စည်းလုံးမှုကို ထင်ရှားပေါ်လွင်စေသည်။ ဤကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်းတွင် အံ့ဖွယ်နည်းဖြင့် ယေဟောဝါဖြစ်မြောက်စေခဲ့သော ဤအမှုကို ကျွန်ုပ်တို့ဂုဏ်ယူမော်ကြွားနိုင်ကြပြီ။ ယင်းက ကျွန်တော်နှင့် ကျွန်တော်၏ဇနီးအတွက် နှလုံးအလွန်ထိမိစွဲမှတ်စရာဖြစ်ခဲ့ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုလည်း အမှန်တိုးပွားစေခဲ့ပြီ။”
၁၂။ ကျွန်ုပ်တို့မျက်မှောက်တွင် ဟေရှာယ ၆၀:၂၂ သည် မည်သို့ပြည့်စုံနေသနည်း။
၁၂ ယနေ့ ခရစ်ယာန်များ၏မျက်မှောက်တွင်ပင် ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံနေခြင်းကလည်း ယုံကြည်ခြင်း တိုးပွားစရာအကြောင်း အမှန်တကယ်ပင်ဖြစ်သည်တကား! ဥပမာ၊ ဟေရှာယ ၆၀:၂၂ (ကဘ) ပါစကားများကို ဆင်ခြင်သုံးသပ်ကြည့်ပါ– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါယေဟောဝါသည် အချိန်ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။” ဘုရားသခင့်နိုင်ငံတော် မွေးဖွားချိန် ၁၉၁၄ ခုနှစ်တွင် ၅,၁၀၀ မျှသာရှိသော သူငယ်တစ်ယောက်အဖြစ် တက်ကြွလှုပ်ရှားစွာ ဟောပြောနေကြသော်လည်း လွန်ခဲ့သော ငါးနှစ်အတွင်း ကမ္ဘာချီညီအစ်ကိုများအသင်းအပင်း၏ ပမာဏသည် ပျမ်းမျှအားဖြင့် နှစ်ခြင်းခံသူ သက်သေခံအသစ် ၅,၆၂၈ ယောက် ပတ်စဉ်တိုးများနေပြီတကား! ၁၉၉၃ ခုနှစ်တွင် တက်ကြွသောဓမ္မအမှုဆောင် အများဆုံးအရေအတွက် ၄,၇၀၉,၈၈၉ ယောက်အထိဖြစ်လာပါသည်။ စဉ်းစားကြည့်ပါလေ! ယင်းကြောင့် ၁၉၁၄ ခုနှစ်က “သူငယ်တစ်ယောက်” သည် စာသားအတိုင်းပင် “တစ်ထောင်” နီးပါးရှိလုပါပြီတကား!
၁၃။ (က) ၁၉၁၄ ခုနှစ်ကတည်းက ဘာဖြစ်ပျက်နေသနည်း။ (ခ) ၂ ကောရိန္သု ၉:၇ တွင် ပေါလုဖော်ပြထားသော ကျင့်ဝတ်မူကို ယေဟောဝါသက်သေများ မည်သို့လိုက်နာကျင့်သုံးသနည်း။
၁၃ ၁၉၁၄ ခုနှစ်ကတည်းက မေရှိယဘုရင်သည် ရန်သူတို့အလယ်၌ နိုင်နင်းအုပ်စိုးနေတော်မူပြီ။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းနှင့်တကွ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးအစီအစဉ်ကို ဆောင်ရွက်နိုင်ရန် စိတ်စေတနာဖြင့် မိမိတို့၏အချိန်၊ ခွန်အားနှင့်ငွေအင်အား စိုက်ထုတ်နေကြသော တပည့်တော်များသည် ကိုယ်တော်၏အုပ်ချုပ်မှုကို ထောက်ခံအားပေးနေကြပြီ။ (ဆာလံ ၁၁၀:၂၊ ၃) ယေဟောဝါသက်သေများ၏ စည်းဝေးပွဲများတွင် အလှူငွေအကြောင်း ထည့်ပြောဆိုလေ့မရှိသော်လည်း ဤလုပ်ငန်းဆောင်တာများကို ပြီးဆုံးသည့်အထိ ဆောင်ရွက်နိုင်ရန် ငွေကြေးလှူဒါန်းနေကြခြင်းက သူတို့အား ဝမ်းမြောက်ခြင်းရှိစေသည်။a(၁ ရာဇဝင်ချုပ် ၂၉:၉ နှိုင်းယှဉ်။) ပေးကမ်းလှူဒါန်းရန် ခရစ်ယာန်စစ်များအား တိုက်တွန်းနေစရာ မလိုပါ; မိမိတို့၏အခြေအနေက ခွင့်ပြုသည့်အတိုင်းအတာအထိ မိမိတို့၏ဘုရင်ကို ထောက်ပံ့ကူညီခွင့်ရခြင်းကို သူတို့ကျေးဇူးတင်တန်ဖိုးထားကြပါသည်။ “လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့်မလှူ” ကြပါ။—၂ ကောရိန္သု ၉:၇။
၁၄။ ၁၉၁၉ ခုနှစ်ကတည်းက ဘုရားသခင်၏လူမျိုးအလယ်တွင် အဘယ်အခြေအနေကို တွေ့ရှိနေရာ အဘယ်ဝမ်းမြောက်စရာ အကြောင်းကို သူတို့ရရှိနေကြသနည်း။
၁၄ ကြိုတင်ဟောပြောထားသည့်အတိုင်း ဘုရားသခင့်လူမျိုးသည် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့သောကြောင့် ဝိညာဏပရဒိသု ဖြစ်ပေါ်နေပြီ။ ၁၉၁၉ ခုနှစ်ကတည်းက ယင်း၏နယ်နိမိတ်ကို တဖြည်းဖြည်းချဲ့ထွင်နေကြောင်း တွေ့ရှိရသည်။ (ဆာလံ ၁၄:၇; ဟေရှာယ ၅၂:၉၊ ၁၀) ရလဒ်က အဘယ်နည်း။ စစ်မှန်သောခရစ်ယာန်များသည် “အလွန်တရာမှ ပျော်ရွှင်ဝမ်းမြောက်ခြင်း” ရှိနေကြပြီ။ (ဟေရှာယ ၅၁:၁၁၊ ကဘ) ယင်းကြောင့်ဖြစ်ပေါ်လာသော ကောင်းစွာသီးပွင့်ခြင်းက မစုံလင်သူများကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် တတ်စွမ်းနိုင်သည့်အမှု၏ သာဓကပင်ဖြစ်သည်။ အရာခပ်သိမ်း ယေဟောဝါ၏ ဘုန်းတန်ခိုးတော်ကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာခြင်းထက် အဘယ်ကြီးမားသောအခွင့်အရေး ရှိနိုင်ဦးမည်နည်း။ (၁ ကောရိန္သု ၃:၉) လိုအပ်မည်ဆိုလျှင် သမ္မာတရားကို ကျောက်ခဲတို့အား ကြွေးကြော်စေနိုင်သည့်တိုင် ယေဟောဝါသည် တန်ခိုးကြီးမားတော်မူသည်။ သို့သော် ဤနည်းကိုအသုံးပြုရန် ကိုယ်တော်မရွေးချယ်ဘဲ မြေမှုန့်ဖြစ်သော စိတ်စေတနာရှိသူများအား လှုံ့ဆော်ပေးတော်မူပြီး အလိုတော်ကို ဆောင်ရွက်စေတော်မူခဲ့သည်။—လုကာ ၁၉:၄၀။
၁၅။ (က) အဘယ်မျက်မှောက်ခေတ်အဖြစ်အပျက်များကို ကျွန်ုပ်တို့စိတ်ဝင်တစား စောင့်ကြည့်နေကြသနည်း။ (ခ) အဘယ်အရာဖြစ်ပျက်ဖို့ရန် ဝမ်းသာအားရစွာဖြင့် ကျွန်ုပ်တို့စောင့်မျှော်နေသနည်း။
၁၅ ကမ္ဘာ့အခြင်းအရာများသည် ထူးခြားထင်ရှားသောကျမ်းစာပရောဖက်ပြုချက်များနှင့်ဆက်စပ်လာသည်နှင့်အမျှ ယေဟောဝါ၏ကျေးကျွန်များသည် ယင်းတို့ကို ကြောက်ရွံ့ရိုသေစိတ်အပြည့်ဖြင့် ယခုစောင့်ကြည့်နေကြပါသည်။ တည်ငြိမ်သောငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်ရန် တိုင်းနိုင်ငံတို့သည် အကြီးအကျယ်ကြိုးစားနေကြ—သို့သော် အချည်းနှီးပင်။ ကမ္ဘာ့ပေါ်ပြဿနာဖြစ်နေသောနေရာများတွင် အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂအဖွဲ့ကို အကူအညီတောင်းဆိုဖို့ အဖြစ်အပျက်များက ဖိအားပေးနေသည်။ (ဗျာဒိတ် ၁၃:၁၅-၁၇) ဤအတောအတွင်း ဘုရားသခင်၏လူမျိုးသည် ရှိသမျှအဖြစ်အပျက်တို့တွင် ဝမ်းမြောက်ရွှင်လန်းစရာအဖြစ်ဆုံးဖြစ်သည့် နီးသည်ထက်နီးကပ်လာနေသော အဖြစ်အပျက်တစ်ခုကို ကြီးမားသောမျှော်လင့်ချက်ဖြင့် စောင့်မျှော်နေကြပါသည်။ “ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီ။”—ဗျာဒိတ် ၁၉:၇။
ဟောပြောခြင်း —ဝန်ထုပ်ဝန်ပိုးလော၊ သို့မဟုတ် ရွှင်လန်းမှုလော
၁၆။ မိမိသင်ယူထားရာကို မကျင့်သုံးခဲ့ခြင်းက ခရစ်ယာန်တစ်ဦး၏ ရွှင်လန်းမှုကို မည်သို့ပျောက်လွင့်စေနိုင်ကြောင်း ဖော်ပြပါ။
၁၆ “သင်တို့သည် အထက်က သင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄:၉) သူတို့သင်ယူခဲ့သောအရာများကို ကျင့်ကြံကြခြင်းအားဖြင့် ခရစ်ယာန်များသည် ဘုရားသခင်ထံမှ ကောင်းချီးခံစားရရန် မျှော်လင့်နိုင်ပါသည်။ သူတို့သင်ယူခဲ့သော အရေးအကြီးဆုံးအကြောင်းတစ်ခုကား သူတစ်ပါးအား သတင်းကောင်း ဟောပြောရန် လိုအပ်ခြင်းဖြစ်သည်။ အမှန်မှာ ဖြောင့်မတ်သောသဘောရှိသူများ၏ သေရေးရှင်ရေးနှင့်ဆိုင်သော သတင်းတရားကို မဟောဘဲနေလျှင် စိတ်၏ငြိမ်သက်မှု သို့မဟုတ် အားရရွှင်လန်းမှု မည်သူရရှိနိုင်မည်နည်း။—ယေဇကျေလ ၃:၁၇-၂၁; ၁ ကောရိန္သု ၉:၁၆; ၁ တိမောသေ ၄:၁၆။
၁၇။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့် အစဉ်မပြတ်ရွှင်လန်းအားရစရာ ဖြစ်သင့်သနည်း။
၁၇ ယေဟောဝါကို သိကျွမ်းလိုသူ သိုးကဲ့သို့သောသူများကို ရှာတွေ့နိုင်ခြင်းသည် မည်မျှအားရရွှင်လန်းစရာပါတကား! ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်ခြင်းသည် အမှန်အားရရွှင်လန်းစရာဖြစ်ကြောင်းကို ရည်ရွယ်ချက်မှန်ဖြင့် ဝတ်ပြုကိုးကွယ်သူများသည် အစဉ်အမြဲတွေ့ရှိခံစားကြရလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ ယေဟောဝါ၏သက်သေခံတစ်ယောက်ဖြစ်ရသည့် အဓိကအကြောင်းရင်းကား ကိုယ်တော်၏နာမတော်ကို ထောမနာပြုပြီး ကိုယ်တော်သည် အုပ်စိုးပိုင်ထိုက်သောအရှင်ဖြစ်ကြောင်းကို အကြွင်းမဲ့ထောက်ခံရန် ဖြစ်သောကြောင့်တည်း။ (၁ ရာဇဝင်ချုပ် ၁၆:၃၁) ဤအချက်ကို အသိအမှတ်ပြုသောသူသည် မိမိသယ်ဆောင်သောသတင်းကောင်းကို ပညာကင်းမဲ့စွာ လူတို့ငြင်းပယ်သည့်အခါ၌ပင် ဝမ်းမြောက်နိုင်မည်။ မယုံကြည်သူတို့အား ဟောပြောရခြင်းအမှုသည် တစ်နေ့သောအခါ အဆုံးတိုင်လိမ့်မည်; ယေဟောဝါ၏နာမတော်ကို ချီးမွမ်းထောမနာပြုခြင်းအမှုမူကား ထာဝစဉ်တည်ရှိလိမ့်မည်ဖြစ်ကြောင်း သူသိထားပါသည်။
၁၈။ ခရစ်ယာန်တစ်ဦး ဘုရားသခင့်အလိုတော်လုပ်ဆောင်ရန် အဘယ်အရာကလှုံ့ဆော်သနည်း
၁၈ စစ်မှန်သောဘာသာသည် ယင်းကိုလိုက်စားသူများအား ယေဟောဝါ၏တောင်းဆိုတော်မူချက်များကို ဆောင်ရွက်ရန် လှုံ့ဆော်သည်၊ လုပ်ရမည်ဖြစ်သည့်အတွက်ကြောင့်မဟုတ်ဘဲ သူတို့ လုပ်ကိုင်ချင်သောကြောင့်ဖြစ်သည်။ (ဆာလံ ၄၀:၈; ယောဟန် ၄:၃၄) ယင်းအချက်ကို လူအများ နားဝေးကြသည်။ မိမိထံသို့ ရောက်လာသော သက်သေခံတစ်ဦးအား အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်– “ရှင်တို့ကို ချီးကျူးရဦးမယ်။ ရှင်တို့လုပ်သလို ကျွန်မရဲ့ဘာသာတရားအကြောင်းကို တစ်အိမ်ကတစ်အိမ် ဘယ်လိုမှ လိုက်ဟောပြောနိုင်မှာမဟုတ်ဘူး။” သက်သေခံဖြစ်သူက ပြုံးပြုံးကလေး ဤသို့ဖြေဆိုခဲ့သည်– “ရှင့်ခံစားချက်ကို ကျွန်မသဘောပေါက်ပါတယ်။ ယေဟောဝါသက်သေတစ်ယောက်မဖြစ်ခင်က ကျွန်မဘာသာတရားအကြောင်း အခြားလူတွေကို လိုက်ပြောပါလို့ခိုင်းရင် ကျွန်မလုပ်မှာမဟုတ်ဘူး။ အခုတော့ ပြောပြချင်တယ်။” ထိုအမျိုးသမီးက ခေတ္တစဉ်းစားပြီးနောက် ဤသို့ကောက်ချက်ချသည်– “ကျွန်မဘာသာတရားမှာ မရှိတာတစ်ခုခုတော့ ရှင်တို့ဘာသာတရားမှာ ရှိမယ်ထင်တယ်။ ကျွန်မလည်း စစ်ဆေးကြည့်သင့်တယ်။”
၁၉။ တစ်ချိန်တစ်ခါနှင့်မျှမတူ ယခု အဘယ်ကြောင့်ဝမ်းမြောက်ရန်အချိန်ဖြစ်သနည်း။
၁၉ ကျွန်ုပ်တို့၏နိုင်ငံတော်ခန်းမများတွင် ထင်ရှားစွာဖော်ပြထားသော ၁၉၉၄ နှစ်ချုပ်ကျမ်းချက်က ကျွန်ုပ်တို့အား ဤသို့အမြဲသတိပေးနေပါသည်– “သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့။” (သု. ၃:၅၊ ကဘ) ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်သော ယေဟောဝါအား ယုံကြည်ကိုးစားခြင်းထက် သာ၍ကြီးမားသော ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ရှိနိုင်ဦးမည်လော။ ဆာလံ ၆၄:၁၀ က ဤသို့ရှင်းပြသည်– “ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။” ဤအချိန်အခါသည် တွေဝေနေစရာ သို့မဟုတ် လက်မြှောက်အရှုံးပေးစရာအချိန် မဟုတ်ပါ။ တစ်လပြီးတစ်လ ကုန်လွန်သွားလေ အာဗေလခေတ်ကတည်းက ယေဟောဝါ၏ကျေးကျွန်များ မျှော်လင့်တောင့်တခဲ့သောဧကန်ဒိဋ္ဌအမှုသည် ပိုမိုနီးကပ်လာနေပါသည်။ ဝမ်းမြောက်စရာအကြောင်းများ ဤမျှလောက် တစ်ခါမျှမရှိခဲ့ကြောင်းကို သိထားပြီဖြစ်ရာ ဤအချိန်အခါသည် ကျွန်ုပ်တို့၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ယုံကြည်ကိုးစားရမည့်အချိန် ဖြစ်သတည်း!
a စိတ်စေတနာဖြင့် လှူဒါန်းသောအလှူငွေစာရင်းနှင့် ကုန်ကျစရိတ်တို့ကိုပါ စည်းဝေးပွဲကြီးများ၌မက အသင်းတော်များတွင် တစ်လတစ်ကြိမ် အတိုချုပ်စာရင်းတင်ပြလေ့ရှိသည်။ တစ်ခါတစ်ရံ၊ ဤကဲ့သို့သော အလှူငွေများကို မည်သို့အသုံးပြုနေကြောင်း အသိပေးသည့်စာများကို ပေးပို့သည်။ ဤနည်းဖြင့် ကမ္ဘာချီ ယေဟောဝါသက်သေများ၏ လုပ်ဆောင်မှုနှင့်ပတ်သက်သော ငွေကြေးအခြေအနေကို လူတိုင်းအား သတိရစေသည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ နေဟမိ ၈:၁၀ အရ ကျွန်ုပ်တို့အဘယ်ကြောင့်ဝမ်းမြောက်သင့်သနည်း။
◻ ဝမ်းမြောက်ဖို့အရေးကြီးကြောင်း တရားဟောရာ ၂၆:၁၁ နှင့် ၂၈:၄၅-၄၇ တို့က မည်သို့ဖော်ပြသနည်း။
◻ အစဉ်မပြတ်ဝမ်းမြောက်ကြရန် ဖိလိပ္ပိ ၄:၄-၉ ကမည်သို့ ကူညီနိုင်သနည်း။
◻ ဝမ်းမြောက်ရန် အဘယ်အကြောင်းကို ၁၉၉၄ နှစ်ချုပ်ကျမ်းချက်က ဖော်ပြပေးသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ရုရှားနှင့် ဂျာမန်သက်သေခံများသည် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းအဝင်ဖြစ်ခြင်းကြောင့် ဝမ်းမြောက်ရွှင်လန်းကြသည်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သူတစ်ပါးအား သမ္မာတရား ဝေငှခြင်းသည် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်သည်