မခံစားထိုက်သောကရုဏာမှ သင်အကျိုးခံစားရမည်လော
“ကျမ်းစာပါဘုရားသခင့်စံချိန်များကို ကျွန်ုပ်သိလာလေ ကိုယ်တော်၏မျက်နှာသာတော်နှင့်ကောင်းချီးများမခံစားထိုက်ဟု ခံစားရလေဖြစ်တယ်” ဟုဖရန့်ခ်ပြောသည်။ မူးယစ်ဆေးဝါးအလွဲသုံးမှုကြောင့် သူထောင်ကျနေစဉ် သမ္မာကျမ်းစာကိုစတင်စိတ်ဝင်စားလာသည်။ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားaစာအုပ်ကိုသူဖတ်ရှုခဲ့ရာ ယင်း၌ပါသောအကြောင်းသည် သမ္မာတရားအမှန်ဖြစ်သည်ဟုသူလက်ခံပြီး ထောင်မှထွက်လာသည့်အခါ သမ္မာကျမ်းစာအကြောင်းပိုမိုသိရှိရန် ယေဟောဝါသက်သေများနှင့်ဆက်သွယ်ခဲ့သည်။
သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် သူအဘယ်ကြောင့်မထိုက်မတန်ဟုခံစားရသနည်း။ သူ၏နောက်ကြောင်း၌ပြုခဲ့သောအမှုတို့သည် ဘုရားသခင့်မူများကိုချိုးဖောက်ခဲ့သောကြောင့်ဖြစ်သည်။ မူးယစ်ဆေးဝါးအလွဲသုံးစွဲခြင်း၊ သောက်ကြူးခြင်းနှင့်အခြားဆိုးညစ်သောအကျင့်များသည် သူ့အားအလွန်အဖြစ်ဆိုးစေလွန်းလှသဖြင့်တစ်ချိန်တွင်ရဲတစ်ဦးက “မင်းအိမ်လိပ်စာကိုပြောပြစမ်း။ မင်းအလောင်းကိုဘယ်ပို့ရမလဲဆိုတာ သိထားချင်တယ်” ဟုခနဲ့ပြီးပြောခဲ့ဖူးသည်။
နောက်ပိုင်းတွင် အလွန်မထိုက်တန်ဟုသူခံစားလိုက်ရသည့်အကြောင်းကား သူမည်မျှကြိုးစားစေကာမူ မစင်ကြယ်သည့်အကျင့်ဆိုးများကို သူအနိုင်ယူရန်အလွန်အခက်အခဲတွေ့နေရခြင်းကြောင့်ဖြစ်သည်။ ဥပမာအရက်ကိုသူမဖြတ်နိုင်သည့်အတွက် လက်မြှောက်အရှုံးပေးရမလောက်ဖြစ်ခဲ့သည်။ “ထပ်ခါထပ်ခါကျွန်တော် ပြန်မှားယွင်းတဲ့အတွက် တကယ်စိတ်ဓာတ်ကျခဲ့တယ်။ ကျွန်တော်ဟာ နာလန်မထူနိုင်တော့တဲ့လူဆိုးပဲဆိုပြီး ကိုယ်ကိုယ်ကိုအလျှော့ပေးတော့မလို့ပါပဲ။”
ဖရန့်ခ်ကဲ့သို့နောက်ကြောင်းမျိုး အခြားသူများ၌ရှိချင်မှရှိမည်။ သို့သော် ကိုယ်ကိုယ်ကိုအရည်အချင်းမရှိဟုခံစားနေရမည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဘုရားသခင်တောင်းဆိုသည်ဟုသူတို့ယူမှတ်သည့်အချက်များအတိုင်းအသက်ရှင်ရန်ကြိုးစားရာတွင် အလွန်မြင့်မားလွန်းသောစံချိန်များထားမိသောကြောင့်ဖြစ်နိုင်သည်။ ထိုအတိုင်းမဖြစ်နိုင်တော့သည့်အခါ မလုံမလဲဖြစ်လိမ့်မည်။ Self-Help for Your Nerves စာအုပ်တွင်ဒေါက်တာကလဲဝိခ်စ် ဤသို့ရှင်းပြသည်။ “အထူးသဖြင့်မိမိတို့အတွက် မြင့်မားသောစံချိန်ထားသူတို့အတွက် မလုံမလဲဖြစ်စိတ်သည် ကြောက်မက်ဖွယ်ရာကြုံတွေ့ရဘိသကဲ့သို့ဖြစ်သည်။” ဤကဲ့သို့သောမထိုက်မတန်ပါဟူသောစိတ်ထားမျိုးကို ခရစ်ယာန်တစ်ဦးခံစားရလျှင် မည်သို့ပြုမူနိုင်သနည်း။
မခံစားထိုက်သောကရုဏာကို တန်ဖိုးထားလေးမြတ်ပါ
“ကျွန်တော့်ကိုအကြီးအကျယ်အကူအညီပေးခဲ့တာကတော့ ဟေဗြဲ ၄:၁၅၊ ၁၆ မှာကျမ်းစာပြောထားတဲ့စကားပဲ။” ထိုတွင်တမန်တော်ပေါလုက ယေရှုသည် “မကြင်နာနိုင်သောသူမဟုတ်၊” “ငါတို့သည်သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်းခံရမည်အကြောင်း” မေတ္တာရှိစွာကူညီပေးခဲ့သည်ဟုဆို၏။
မထိုက်မတန်ပါဟုခံစားချက်များကို နှစ်သိမ့်အောင်မြင်နိုင်ရန်သော့ချက်ကို အသင်ရလိုပါသလော။ ယင်းကဤသို့။ မစုံလင်မှုကိုအမွေခံထားသူများဖြစ်သောကြောင့် ကျွန်ုပ်တို့သည်အားပျော့သူများဖြစ်ကြောင်းကို ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်သိရှိတော်မူကြောင်း သတိရပါ။ ဖြောင့်မတ်သောစံချိန်များကို ကျွန်ုပ်တို့အပြည့်အဝမမီနိုင်ကြကြောင်း သူတို့သဘောပေါက်ထားပါသည်။ (ဆာလံ ၅၁:၅။ ရောမ ၃:၂၃။ ၅:၁၂၊ ၁၈။ ယာကုပ် ၃:၂) ထိုကြောင့်ကျွန်ုပ်တို့ပေးနိုင်သည်ထက်ကို မတောင်းဆိုပါ။ အားနည်းချက်များကိုရှုမှတ်တော်မမူကြပဲ အကောင်းများကိုသာရှာယူတော်မူ၏။ “အိုဘုရားရှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း” ဟုဆာလံဆရာမေးမြန်းခဲ့သည်။ (ဆာလံ ၁၃၀:၃) မည်သူမျှမခံရပ်နိုင်ကြောင်း ကျွန်ုပ်တို့အားလုံးသဘောပေါက်ထားသည်။ သို့ရာတွင်ယေရှုခရစ်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကြောင့် ကျွန်ုပ်တို့မစုံလင်ကြသော်လည်း ယေဟောဝါရှင်သည် ကျွန်ုပ်တို့အားသန့်ရှင်းသောအနေအထားမျိုးရရှိစေနိုင်သည်။ (၁ ယောဟန် ၂:၂။ ၄:၉၊ ၁၀) “အပြစ်လွှတ်တော်မူခြင်း” ခံရသဖြင့် “များလှစွာသောကျေးဇူးတော် . . . နှင့်အညီ” မထိုက်မတန်ဟုခံစားချက်များပြယ်ပျောက်သွားပေမည်။—ဧဖက် ၁:၇။
ဤသို့ကြည့်မှတ်ပါ။ ပန်းချီဝါသနာအိုးများသည် အလွန်ပျက်စီးနေသောပန်းချီပန်းပုကားချပ်များကို ငွေကြေးအကုန်အကျခံ ပြန်ပြုပြင်မွမ်းမံပေးတတ်ကြသည်။ ဥပမာအားဖြင့်၊ အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိပြည်ထောင်စုပြတိုက်တွင် ပေါင် ၂၀,၀၀၀,၀၀၀ တန်သော လီအိုနာဒိုဒါဗင်စီ ပန်းချီကားတစ်ချပ်ကို လူတစ်ယောက်ကသေနတ်နှင့်ပစ်၍ဖျက်ဆီးခဲ့ရာ ပျက်စီးသွားသော ဤပန်းချီကားကိုစွန့်ပစ်ရန် မည်သူမျှအကြံမပြုပဲ ၄၈၇ နှစ်ကရေးဆွဲခဲ့သောလက်ရာမွန်ကို ချက်ချင်းပြန်ပြုပြင်မွမ်းမံရေးဆွဲခဲ့ကြလေသည်။ အဘယ်ကြောင့်နည်း။ ပန်းချီဝါသနာအိုးများမျက်စိတွင် ယင်းသည်အလွန်တန်ဖိုးရှိနေသောကြောင့်ဖြစ်သည်။
သင်သည် မြေဖြူခဲသို့မဟုတ်မီးသွေးခဲဖြင့်ခြစ်ဆွဲထားသည့် ရုပ်ပုံကားချပ်တစ်ခုထက် ပိုတန်ဖိုးရှိသည်မဟုတ်လော။ သင်သည်မွေးရာပါအပြစ်တရားကြောင့် မည်မျှပျက်စီးနေစေကာမူ ဘုရားသခင့်ရှေ့မှောက်တွင် အလွန်တန်ဖိုးရှိပါသည်။ (ဆာလံ ၇၂:၁၂-၁၄။ မဿဲ ၂၀:၂၈) လူ့အိမ်ထောင်စု၏ ကျွမ်းကျင်သောဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏ကရုဏာကိုတုံ့ပြန်လိုသူများအား ပြန်စုံလင်စေရန် လိုအပ်သလိုပြုပြင်ပေးပါလိမ့်မည်။—တမန်တော် ၃:၂၁။ ရောမ ၈:၂၀-၂၂ နှင့်နှိုင်းယှဉ်ပါ။
မခံစားထိုက်သောကရုဏာတော်ကိုတုံ့ပြန်ခြင်း
တမန်တော်ပေါလု၏ပုံသက်သေကိုအတုယူပါ။ လွန်လေပြီးသောအမှားများကို ကရုဏာဖြင့်ဘုရားသခင်ခွင့်လွှတ်ပေးပြီး ထပ်ခါတလဲပြန်ပြုလုပ်မိသောအားနည်းချက်များကို ဖျောက်ဖျက်နိုင်ဖို့ရန် အမြဲခွန်အားပေးသဖြင့် ဘုရားသခင့်ကရုဏာတော်ကို များစွာတန်ဖိုးထားပါသည်။ (ရောမ ၇:၁၅-၂၅။ ၁ ကောရိန္သု ၁၅:၉၊ ၁၀) ပေါလုသည် မိမိဘဝလမ်းစဉ်ကိုပြုပြင်ခဲ့ပြီး ဘုရားသခင့်အလိုတော်နှင့်ညီသောလမ်းစဉ်ပေါ်အမြဲရပ်တည်နေနိုင်ရန် ‘ကိုယ်ကိုထိုး၍နှိပ်စက်ပြီးချုပ်ကိုင်လေ့ရှိ၏။’ (၁ ကောရိန္သု ၉:၂၇) ပြစ်မှားတတ်သောကာယနှင့်စိတ်သဘောပါ သူ၏ခန္ဓာကိုယ်သည် သူ့ အားချုပ်ကိုင်ရန်ခွင့်မပြုခဲ့ပါ။
ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်ကိုလက်ခံပြီး ယင်းကသင့်အားနောင်တယူရန် ပို့ဆောင်ပေးစေပါ။ (ရောမ ၂:၄။ ၂ ကောရိန္သု ၆:၁) ပြုလုပ်မိခဲ့ဖူးသောအမှားများကြောင့် အနှောင့်အယှက်ခံရလျှင် ပြုပြင်လိုက်ပြီး သင့်အားယေဟောဝါခွင့်လွှတ်တော်မူကြောင်း ယုံကြည်စိတ်ချပါ။ (ဟေရှာယ ၁:၁၆-၁၈။ တမန်တော် ၂:၃၈) သင့်အားနည်းချက်များ ထပ်ခါတလဲပြန်ပေါ်လာတတ်မည်ဆိုလျှင် ဆက်တိုက်တွန်းလှန်ခုခံပေးပါ။ ယင်းတို့ကိုအောင်မြင်ချိုးနှိမ်နိုင်ရန် ယေဟောဝါအကူအညီရရန် စိတ်ရင်းမှန်နှင့်ဆုတောင်းပါ။ တစ်ချိန်တည်းတွင် ကိုယ်တော်၏ကရုဏာတော်ကိုခံစားရရန် ပုံအပ်ပါလေ။ (ဆာလံ ၅၅:၂၂) ကိုယ်ပိုင်အတွေ့အကြုံမှ ဖရန့်ခ်ဤသို့အကြံပေးသည်။ “အကျင့်ဆိုးတစ်ခုခုကိုတိုက်လှန်နေစဉ်ပင် ပျက်ကွက်သွားသောအခါ လုံးလုံးမရနိုင်တော့ပါဘူးဟူ၍သဘောမထားပဲ ခေတ္တအဟန့်အတားကဲ့သို့သာယူမှတ်သင့်သည်။” သင်စွမ်းဆောင်နိုင်သည်ထက် သင့်ထံမှသူတစ်ပါးတောင်းဆိုခြင်းအားဖြင့် ပြဿနာတိုးများစေလျှင် လူ့အလိုမဟုတ် ဘုရားသခင့်အလိုကိုသင်တွေ့လိုကြောင်းသတိရပါ။—ဂလာတိ ၁:၁၀။
မှန်ရာကိုပြုလုပ်ရန် သင်ကြိုးစားရာတွင် “မာရ်နတ်၏ဉာဏ်နီဉာဏ်နက်” ဟုခေါ်ဆိုနိုင်သည့် စာတန့် “ပရိယာယ်တို့” ကိုသတိပြုပါ။ (ဧဖက် ၆:၁၁၊ Reference Bible, အောက်ခြေမှတ်ချက်။ Today’s English Version) မခံစားထိုက်သောကရုဏာမှအကျိုးမခံစားရရန် သူကြိုးစားအသုံးပြုမည့် “ဉာဏ်နီဉာဏ်နက်” နှစ်ခုကိုသုံးသပ်ပါ။
စာတန်၏ “ဉာဏ်နီဉာဏ်နက်”
မထိုက်မတန်ပါဘူးဟူသောစိတ်ထားကို မာရ်နတ်အခွင့်အရေးယူပြီး ဘုရားသခင်ထံတော်မှသင့်အားကြိုးစားသွေးဆောင်တတ်ပါသည်။ အစအဦးကပင် သင့်အားပျက်ယွင်းစေသည့်အပြစ်ကို စာတန်စတင်ဖန်တီးခဲ့သည်။ ယခုမူယောဘအား ဗိလဒဒ်ကြိုးစားပြုမူခဲ့သကဲ့သို့ သင်သည်ဘုရားသခင့်ရှေ့မှောက်၌ မထိုက်မတန်သူဖြစ်သည်ဟုသဘောထားရန် အားပေးတိုက်တွန်းလိမ့်မည်။ (ယောဘ ၂၅:၄-၆။ ယောဟန် ၈:၄၄) စာတန့်ပရိယာယ်များကိုသိရှိထားသဖြင့် မှန်ရာကိုပြုလုပ်ဖို့ သာ၍ကြိုးစားပေးရန် တိုက်တွန်းခံသင့်သည်။—၂ ကောရိန္သု ၂:၁၁။
ပျက်ကွက်မှုတစ်ခုမဟုတ်တစ်ခုကြောင့် တစ်ခါတစ်ရံသင်စိတ်ဆင်းရဲဝမ်းနည်းမိမည်ဆိုလျှင် “ဝမ်းနည်းခြင်းအားကြီးလျက် မိန်းမောတွေဝေခြင်းမရှိစေခြင်းငှာ” သတိပြုပါ။ (၂ ကောရိန္သု ၂:၇) အချို့သူတို့သည် လွန်လေပြီးသောအမှားများကြောင့် သောကလွှမ်းမိုးခံတတ်ကြောင်း ဒေါက်တာကလဲဝိခ်စ် ဤသို့ဆိုသည်။ “လွန်လေပြီးသောအပြစ်က မျက်မှောက်ကိုချုပ်ကိုင်ထားလျှင် ဘဝကိုပျက်စီးစေမည်။”—တမန်တော် ၃:၁၉ ကိုကြည့်။
ဘုရားသခင်၏လိုအပ်ချက်များကို အပြည့်အဝမီနိုင်ကြမည်ဆိုလျှင် ကိုယ်တော်ကတိပေးထားသည့်ကောင်းချီးများကိုရရန် ထိုက်ထိုက်တန်တန်ရှိပေမည်။ သို့သော်ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်သည် “မထိုက်မတန်” သောကရုဏာမေတ္တာကို ကျွန်ုပ်တို့အားပြတော်မူသည်။ ဂျေအိပ်ချ်သေရာရေးသော A Greek-English Lexicon of the New Testament ကဘုရားသခင်၏ဤအရည်အချင်းကိုဖော်ပြရန် တမန်တော်ပေါလုအသုံးပြုသည့်စကားလုံး၏အဓိပ္ပာယ်ကိုရှင်းပြထားသည်။ “ခါရစ္စ [kha’ris ] ဟူသောစကားလုံးသည် မထိုက်တန်သောအရာကိုခံစားစေသည့် ကရုဏာတရားအဓိပ္ပာယ်ပါသည်။” ကျွန်ုပ်တို့၏အဘယ်လုပ်ရပ်မျှ ဘုရားသခင့်ကောင်းချီးရထိုက်သည်မဟုတ်ပါ။ ကောင်းချီးခံစားရခြင်းသည် ပေါလုပြောသကဲ့သို့ပင် မခံစားထိုက်သောကရုဏာဖြစ်သည်။ မစွမ်းသည့်အချက်ရှိလျက်ပင် ဘုရားသခင်ရှေ့တာဝန်ကျေပွန်ရန် အတတ်နိုင်ဆုံးကြိုးစားနေမည်ဆိုလျှင် စိတ်ပျော်ရွှင်နိုင်ပါသည်။ ထိုထက်ယေဟောဝါတောင်းဆိုမည်မဟုတ်ပါ။
သို့ရာတွင်စာတန်၏ “ဉာဏ်နီဉာဏ်နက်” အခြားတစ်ခုကိုပါသတိပြုပါ။ ဘုရားသခင့်မခံစားထိုက်သောကရုဏာကို အခွင့်အရေးယူနိုင်သည်၊ ကိုယ်တော်၏ကြင်နာမှုကို ထင်စားလွန်းနိုင်သည်ဟု အချို့သူများကိုထင်မြင်စေသည်။ ကျွန်ုပ်တို့၏အားနည်းချက်များကို မေတ္တာရှိစွာယေဟောဝါခွင့်လွှတ်တော်မူသော်လည်း ၄င်းတို့ကိုအနိုင်ယူရန် မကြိုးစားရတော့ပါဟုမဆိုလိုပါ။ “ဘုရားသခင်၏သားတော်ကိုခြေဖြင့်ကျော်နင်းလျက် . . . ဆုကျေးဇူးကိုပေးသောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော” သူအချို့အကြောင်းပေါလုဖော်ပြပါသည်။ (ဟေဗြဲ ၁၀:၂၉) ဤသူတို့သည် ဖြောင့်မတ်သောမူတို့ကိုလေးစားမှုမပြကြပါ။ ဘုရားသခင့်ပညတ်တော်များကို မထီမဲ့မြင်ပြုကြရာ ပြန်လည်ပြုပြင်၍မရရှိနိုင်သည်အထိ ကိုယ်ကိုယ်ကိုဖြစ်စေသည်။ စာတန်၏လှည့်စားမှုခံရသူများပေးနိုင်သည့်အန္တရာယ်ကို ယေရှု၏အမေတူအဖေကွဲညီ ယုဒမြင်၍ ဤသို့ဆိုသည်။ “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာမှောက်လှန်လျက် အဓမ္မလူအချို့တို့သည် [အသင်းတော်ထဲသို့ ] ပရိယာယ်နှင့်အမှတ်တမဲ့ဝင်ကြပြီ။”—ယုဒ ၄
အမှားအယွင်းကို တမင်တကာပြုပြီး အပြစ်ခွင့်လွှတ်ရန်ဘုရားသခင်ထံတောင်းဆိုနိုင်သည်ဟု ဤသို့သောသူတို့အား စာတန်ယုံမှားစေလိမ့်မည်။ သို့သော် ပညတ်တော်များကို ဤသို့တမင်တကာပြစ်မှားသူများအား ယေဟောဝါခွင့်လွှတ်လိမ့်မည်မဟုတ်ပါ။ သူတို့မစုံလင်ကြသော်လည်း ကိုယ်တော်ကိုအတတ်နိုင်ဆုံးကြိုးစားဝတ်ပြုသူတို့အတွက် ကိုယ်တော်သည် “ချစ်သနားခြင်းကရုဏာနှင့်ပြည့်စုံ” တော်မူ၏။ သို့သော်လိုအပ်လျှင် “ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်” တော်မူမည်မဟုတ်ပါ။—ထွက်မြောက်ရာ ၃၄:၆၊ ၇။
မခံစားထိုက်သောကရုဏာတော်မှ သင်အကျိုးခံစားနိုင်
သင်၏မစုံလင်၍ပျက်စီးယိုယွင်းနေသောအဖြစ်မျိုးကိုသာ ယေဟောဝါကြည့်မှတ်တော်မူသည်မဟုတ်သဖြင့် စိတ်သက်သာရာရရှိနိုင်သည်။ ယေရှုရွေးဖိုးပူဇော်သက္ကာ၏ ပြုပြင်တည်ဆောက်ပေးနိုင်သောစွမ်းအားတို့ကို သင်ခံစားရသည့်အခါ သင်မည်သို့ဖြစ်နိုင်မည်အကြောင်း ကိုယ်တော်သိတော်မူ၏။ ထိုကြောင့် ဆာလံဆရာဒါဝိဒ်နည်းတူ ယေဟောဝါထံစိတ်ချလက်ချဤသို့ဆုတောင်းပါ။ “အိုဘုရားသခင်ကျေးဇူးပြုချင်သောစေတနာစိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကိုအစဉ်မပြတ်အောက်မေ့လျက်နေပါ၏။ အကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှမျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်းဖြေတော်မူပါ။ . . . အိုဘုရားသခင် ကိုယ်တော်သည်ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။”—ဆာလံ ၅၁:၁-၃၊ ၈၊ ၉၊ ၁၇။
သင့်အပြစ်များနှင့်ပျက်ကွက်မှုများကို အမြဲသတိရနေပေမည်။ တစ်ခါတစ်ရံ သင့်ကိုယ်သင်ယေရှုဖော်ပြသည့်သားမိုက်ကဲ့သို့ခံစားနေရမည်။ တိုင်းတစ်ပါးတွင် သူ၏အမွေကိုသုံးဖြုန်းပြီးနောက်မှ ဤလူပျိုပြန်လာသည့်အခါ ဖခင်အားဤသို့ဆိုသည်။ “ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ခေါ်ခြင်းကိုမခံထိုက်ပါ။” (လုကာ ၁၅:၂၁) သို့ရာတွင် ဤလူငယ်၌စိတ်သဘောထားမှန်ရှိသည်။ ဖခင်၏ကြင်နာမှုကိုသူမငြင်းဆို၊ ယင်းကိုလည်းအခွင့်အရေးမယူပါ။ ယင်းကြောင့်ဖခင်သည် သူ့အားအိမ်ထောင်စုအတွင်း မေတ္တာရှိစွာပြန်လက်ခံသည်။ (လုကာ ၁၅:၂၀-၂၄) အလိုတော်ကိုကြိုးစားဆောင်ရွက်သောအပြစ်သားများအတွက် ယနေ့ယေဟောဝါထပ်တူပင်ပြုပေးတော်မူရန်ရွှင်လန်းပါသည်။—ဆာလံ ၁၀၃:၈-၁၄။ ဟေရှာယ ၅၅:၇။
ဖရန့်ခ်သည် မထိုက်မတန်ဟူသောခံစားချက်များကို မိမိအားအနိုင်မယူစေပါ။ မခံစားထိုက်သောဘုရားသခင့်ကရုဏာတော်ကိုတုံ့ပြန်ကာ ယခုယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် ဓမ္မအမှုထမ်းဖြစ်နေပါပြီ။ “ယေဟောဝါဘုရားသခင်နဲ့ယေရှုခရစ်တို့ပြုခဲ့ရာများနှင့်ပြုပေးဦးမည့်အရာများအကြောင်းစဉ်းစားလိုက်တဲ့အခါ ဝမ်းသာလုံးဆို့လာတယ်” ဟုသူပြောပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။