ဘုရားသခင်၏လုပ်ငန်းတော်၌ အိမ်ကိုလွမ်းခြင်းအားရင်ဆိုင်ဖြေရှင်းခြင်း
ယေရှုခရစ်က မိမိ၏နောက်တော်လိုက်များအား ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။” (မဿဲ ၂၈:၁၉) ထိုတာဝန်ကိုထမ်းဆောင်ရာတွင် ခရစ်ယာန်များစွာတို့သည် အိမ်နှင့်ဝေးကွာသည့်နေရာတွင် ခက်ခဲသည့်အခြေအနေများကို ရင်ဆိုင်ရသည်။ နယ်လှည့်ကြီးကြပ်မှူးများ၊ သူတို့၏ဇနီးသည်များနှင့် အခြားသူတို့သည် ဘုရားသခင်၏လုပ်ငန်းတော်အကျိုးအတွက် ပစ္စည်းဥစ္စာများစွာကို နောက်၌ထားရစ်ခဲ့ကြရသည်။ ဤယေဟောဝါ၏သက်သေအားလုံးတို့အတွက် အိမ်ကိုလွမ်းခြင်းသည် အမှန်ပင် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။
လုံခြုံမှုနှင့်မေတ္တာဖြင့်ပြီးသည့် ကြည်နူးဖွယ်ရာအတိတ်ဆီသို့ သတိတရားက သင့်အား ပြန်လည်ခေါ်ဆောင်သွားသောအခါ အိမ်ကိုသင်လွမ်းလာရသည်။ ယင်းက သင်စိတ်အားငယ်ပြီး တာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်တော့ဟု ယူမှတ်လာစေသော ပြင်းထန်သည့်စိတ်လှုပ်ရှားမှုကို ပေါ်ပေါက်စေသည်။ မိမိတို့၏ပစ္စည်းဥစ္စာများကို ရောင်းချပြီး နိုင်ငံရပ်ခြားသို့ ကြီးမားစွာအကုန်အကျခံသွားပြီးမှ မိမိတို့အကြံအစည်ကိုစွန့်ကာ နေရပ်ပြန်လာသူများလည်းရှိသည်။ အိမ်ကိုလွမ်းခြင်းက သူတို့ကိုသြဇာလွှမ်းသောကြောင့်ဖြစ်သည်။
ထိုသို့စိတ်ပိုင်းဆိုင်ရာဖိစီးမှုသည် ပထမဆုံးအကြိမ်ပြောင်းရွှေ့ပြီးနောက်တွင် မကြာခဏဖြစ်ပေါ်လေ့ရှိသော်လည်း အချို့သူများအတွက်မူ အသက်တာတစ်လျှောက် ခံစားရသည်။ အိမ်မှထွက်သွားပြီး နှစ်ပေါင်း ၂၀ ကျော်ကြာလာသောအခါ ယာကုပ်သည် “မိဘအိမ်ကို အလွန်အောက်မေ့” လာသည်။ (ကမ္ဘာဦး ၃၁:၃၀) မည်သူတို့သည် အိမ်လွမ်းခြင်းကို ခံစားရရန် မျှော်လင့်နိုင်သနည်း။ ယင်းကို မည်သည့်အရာက အစပျိုးသနည်း။ ထိုခံစားမှုမျိုးကို လူတစ်ဦး မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။
ဝမ်းနည်းမှုကို မည်သည့်အရာက အစပျိုးသနည်း
မည်သူမဆို အိမ်ကိုလွမ်းခြင်းဖြစ်နိုင်သည်။ မေဒိဘုရင်အာစတီယားဂတ်စ်၏ သမီးတော်တစ်ပါးဖြစ်သည့် အာမီတပ်စ်သည် ပျော်စရာမျိုးစုံရှိသည်– စည်းစိမ်ချမ်းသာ၊ ဂုဏ်နှင့် လှပသောအိမ်တို့ရှိသည်။ သို့သော် သူမသည် မေဒိတောင်တန်းကို အလွန်လွမ်းလှသဖြင့် သူမ၏ကြင်ရာတော်နေဗုခဒ်နေဇာမင်းက သူမ၏အလွမ်းကိုဖြေသိမ့်ရန် ဗာဗုလုန်ရှိမိုးပျံဥယျာဉ်ကို တည်ဆောက်ပေးရသည်။
မပြောင်းရွှေ့မီကထက် ဘဝသည် သာ၍ခက်ခဲဟန်ရှိလျှင် အိမ်ကိုလွမ်းခြင်းသည် အထူးသဖြင့် စမ်းသပ်မှုဖြစ်နိုင်သည်။ ယုဒပြည်ရှိလူများသည် ပြည်နှင်ခံရသောအခါ ဤသို့ညည်းတွားမြည်တမ်းခဲ့ကြသည်– “ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။ တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ဆိုရပါမည်နည်း။”—ဆာလံ ၁၃၇:၁၊ ၄။
အရာများစွာတို့သည် အိမ်ကိုလွမ်းသည့် စိတ်ညှိုးငယ်မှိုင်တွေမှုကို ဖြစ်ပေါ်စေနိုင်သည်။ ကနေဒါမှထွက်လာသူ တယ်ရီ ဤသို့ပြောသည်– “တစ်နေ့တော့ စာအုပ်တစ်အုပ်ထဲက မိသားစုဓာတ်ပုံတစ်ပုံထွက်ကျလာတယ်။ အဲဒါကို ကျွန်မကောက်ကိုင်ကြည့်လိုက်တာနဲ့ အိမ်ကိုလွမ်းတဲ့စိတ်က ကျွန်မကို အပြင်းအထန်မွေနှောက်ပြီး ကျွန်မငိုချလိုက်မိတယ်။” အင်္ဂလန်နိုင်ငံမှ သာ၍ဆင်းရဲသောနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့သူခရစ်စ်က ဤသို့ဝန်ခံသည်– “သီချင်းဟောင်းလေးတွေ၊ စားနေကျဟင်းလျာတစ်ခုခုရဲ့ သင်းရနံ့လေးတွေကို ပြန်သတိရမိရုံနဲ့ ကျန်ခဲ့တဲ့အရာတွေကို လွမ်းဆွေးတမ်းတစိတ်ဖြစ်ပေါ်လာတယ်။”—တောလည်ရာ ၁၁:၅ နှိုင်းယှဉ်။
အလွန်ရင်းနှီးပွန်းတီးသည့် မိသားစုအနှောင်အဖွဲ့ကလည်း အကြောင်းရင်းဖြစ်လေ့ရှိသည်။ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ရောက်နေသော ဘရာဇီးအမျိုးသမီးရိုဇားလီက ဤသို့မှတ်ချက်ချသည်– “အိမ်က မကောင်းတဲ့သတင်းတွေကြားရရင် အကူအညီပေးဖို့ အိမ်မှာကျွန်မရှိမနေနိုင်လို့ စိတ်အားငယ်မိတယ်။ တစ်ခါတလေ ဘာသတင်းမှမရဘူးဆိုရင် ဟိုတွေးဒီတွေးနဲ့ ပိုဆိုးတယ်။” ဂျဲနက်စ်သည် မြောက်အမေရိကမှ အမေဇုန်အပူပိုင်းဒေသရှိ မြို့ငယ်ကလေးတစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ သူမဤသို့ပြောသည်– “အိမ်က သတင်းကောင်းကြားရတဲ့အခါ ကျွန်မအိမ်ကိုလွမ်းတယ်။ သူတို့အတူတကွ ဘယ်လိုပျော်ပျော်ရွှင်ရွှင်နေတယ်ဆိုတာ ကျွန်မကြားတော့ သူတို့နဲ့အတူရှိနေချင်လိုက်တာ။”
လူများနှင့်ခွဲခွာရခြင်းကြောင့်သာ အိမ်ကိုလွမ်းရခြင်းမဟုတ်။ လင်ဒါဤသို့ရှင်းပြသည်– “ကျွန်မလိုချင်တဲ့ပစ္စည်းကို ဘယ်မှာဝယ်ရမယ်ဆိုတာမသိတဲ့အခါ စိတ်ဓာတ်ကျတတ်တယ်။ ကုန်ဈေးနှုန်းဘယ်လိုရှိတယ်၊ ဘယ်လိုလဲလှယ်ရမည်ဆိုတာ ကျွန်မမသိဘူး။ ကိုယ်ပိုင်ကားရဖို့ဆိုတာကလည်း ဈေးကြီးလွန်းအားကြီးလို့ လူကျပ်တဲ့ လူထုပို့ဆောင်ရေးယာဉ်တွေပေါ် တိုးတက်လိုက်ရင် အမြဲပဲတိုးကြိတ်ခံရတယ်။ အဲဒါက ကျွန်မအိမ်ကိုလွမ်းစေတဲ့အရာပဲ။” ယဉ်ကျေးမှုနှင့် စီးပွားရေးကွာဟမှုနှင့်ပတ်သက်၍ ဂျဲနက်ဤသို့မှတ်ချက်ချသည်– “ကျွန်မကို စိတ်ဒုက္ခပေးတာကတော့ ဆင်းရဲခြင်းပဲ။ အရင်က လူတွေထမင်းတောင်းစားတာ၊ ရေမရှိတဲ့အိမ်ခန်းတစ်ခုထဲမှာ မိသားစုတစ်ပြုံတစ်မကြီးနေတာ ကျွန်မတစ်ခါမှမမြင်ဖူးဘူး။ . . . အဲဒါတွေက ဘယ်လောက်ထိကျွန်မကို စိတ်ဆင်းရဲစေသလဲဆိုရင် အဲဒီမှာ ကျွန်မဆက်မနေနိုင်တော့ဘူးလို့တောင် ထင်လာမိတဲ့အထိပဲ။”
ခံစားမှုများနှင့် ရင်ဆိုင် ဖြေရှင်းခြင်း
မိမိတို့ချစ်မြတ်နိုးသူများ သို့မဟုတ် မိမိတို့ကြီးပြင်းခဲ့သော အကျွမ်းဝင်ခဲ့သည့် ဝန်းကျင်တို့နှင့်ပတ်သက်၍ အပြင်းအထန်စိတ်လှုပ်ရှားသည့် ခံစားမှုရှိခြင်းကို ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်မဖြစ်သင့်ချေ။ လူလူချင်း ရင်းနှီးလှိုက်လှဲစွာ ပေါင်းသင်းဆက်ဆံခြင်းကို ကျွန်ုပ်တို့မွေ့လျော်နိုင်ရန် စိတ်လှုပ်ရှားမှုကို ကျွန်ုပ်တို့အားယေဟောဝါပေးထားသည်။ ဧဖက်အသင်းတော်ရှိ ခရစ်ယာန်အကြီးအကဲများသည် စိတ်လှုပ်ရှားတတ်သော ပါရမီရင့်ကျက်သူများဖြစ်ကြသည်။ သို့သော် သူတို့ထံသို့ တမန်တော်ပေါလု၏လည်ပတ်မှု ပြီးဆုံးသောအခါ မည်သို့ဖြစ်သနည်း။ “ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကိုဖက်ယမ်းလျက် သူ့ကိုနမ်းကြ” ပါသည်တကား! (တမန်တော် ၂၀:၃၇) ထိုအဖြစ်အပျက်တွင် အိမ်ကိုလွမ်းခြင်းမပါဝင်သည်တော့ မှန်ပါသည်။ သို့သော် ယင်းက ကျွန်ုပ်တို့အား စဉ်းစားစရာအကြောင်းကို ပေးသည်။ ခံစားမှုရှိခြင်းသည် သဘာဝဖြစ်သော်လည်း ယင်းက ကျွန်ုပ်တို့အားလွှမ်းမိုးခြင်းကို ကျွန်ုပ်တို့ခွင့်မပြုသင့်ပါ။ သို့ဆိုလျှင် အိမ်လွမ်းခြင်းကို သင်မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။
ဒေသန္တရဘာသာစကားပြောနိုင်ရန် သင်ယူခြင်းသည် ခံစားမှုအနည်ထိုင်ရန် သော့ချက်တစ်ခုဖြစ်သည်။ လူမျိုးခြားဘာသာစကားကြောင့် ဆက်သွယ်ရေးအဟန့်အတားဖြစ်သောအခါ အိမ်ကိုလွမ်းသည့်ခံစားမှုသည် ပို၍မြင့်မားလာနိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ထိုနေရာသို့မပြောင်းရွှေ့မီကတည်းက ထိုဒေသ၏ဘာသာစကားကို ဖတ်နိုင်ပြောနိုင်အောင် လေ့လာထားပါ။ သို့မဟုတ်ပါက သင်ရောက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဘာသာစကားလေ့လာမှုတွင် အာရုံစိုက်ပါ။ ထိုအချိန်သည် သင့်စိတ်အပါဆုံးနှင့် သင်ယူနိုင်ရန် အလားအလာအကောင်းဆုံးအချိန် ဖြစ်သည်။ ဤအပတ်များကို ဘာသာစကားသင်ယူခြင်းတွင် အဓိကထား၍ စူးစူးစိုက်စိုက်အသုံးပြုလိုက်ပါက စကားပြောဆိုခြင်းတွင် သင်မွေ့လျော်လာပြီး ယင်းက အိမ်ကိုလွမ်းသည့်ခံစားချက်များ လျော့ပါးစေရန် သင့်အားကူညီပေးနိုင်သည်။
မြန်နိုင်သမျှမြန်မြန် မိတ်ဆွေသစ်များဖွဲ့ပါ။ အကြောင်းမှာ ယင်းက သင့်အားသက်သောင့်သက်သာရှိစေမည်။ ယေဟောဝါသက်သေများ၏ အသင်းတော်သည် မိတ်ဆွေစစ်များဖွဲ့နိုင်ရန် အကောင်းဆုံးနေရာဖြစ်သည်။ ဦးဆောင်ဦးရွက်ပြုပြီး အခြားသူများကို စိတ်ဝင်စားပါ။ သူတို့၏ နောက်ခံ၊ မိသားစု၊ ပြဿနာများနှင့် စိတ်ဝင်စားရာများကို သိအောင်ကြိုးစားပါ။ ယုံကြည်သူချင်းတို့ကို သင့်အိမ်သို့ခေါ်ဖိတ်ပါ။ သို့ပြုပါက အခြားသူများကလည်း သင့်အားစိတ်ဝင်စားသည်ကို တွေ့ရမည်။
ဘုရားသခင်၏လူများအလယ်တွင် မိတ်သဟာယသည် မိသားစုနှောင်ကြိုးကဲ့သို့ ခိုင်မြဲနိုင်သည်။ ယေရှုဤသို့ပြောသည်– “ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်း။” (မာကု ၃:၃၅) မိမိနောက်တော်လိုက်များအား ဤသို့လည်း အာမခံခဲ့သည်– “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။” (မာကု ၁၀:၂၉၊ ၃၀) ထိုသို့သော ကောင်းမြတ်လှသည့် ဝိညာဏညီအစ်ကိုအသိုင်းအဝိုင်းနှင့်ဆိုလျှင် ဒေသသစ်၌ပင်လျှင် ကျွန်ုပ်တို့အထီးကျန်မည်မဟုတ်ပါ။
နေရာဟောင်းတွင်ကျန်ခဲ့သည့် မိတ်ဆွေများနှင့် မိတ်သဟာယဆက်လက်ထိန်းသိမ်းခြင်းအားဖြင့်လည်း အိမ်လွမ်းခြင်းကို ရင်ဆိုင်ဖြေရှင်းရန် သင့်အားအကူအညီဖြစ်စေနိုင်သည်။ သင်ပြောင်းရွှေ့သောအခါကျမှ စာအားဖြင့်ဆက်သွယ်ခြင်းသည် ထူးခြားစွာအဓိပ္ပာယ်ရှိကြောင်း သိရှိရသောအခါ သင်အံ့အားသင့်ပေမည်။ အကြောင်းမှာ သင့်စာသားများကို သင်စဉ်းစဉ်းစားစားချင့်ချိန်မည်ဖြစ်သောကြောင့်ဖြစ်သည်။ စိတ်တက်ကြွဖွယ်ပြောစရာများရှိပေမည်။ အထက်ကဖော်ပြခဲ့သော ဂျဲနက်က ဤသို့အကြံပြုသည်– “နယ်ဝေးကိုဖုန်းဆက်ရင် ကုန်ကျစရိတ်ကြီးတယ်၊ ဒါပေမဲ့ အသံသွင်းကက်ဆက်ခွေကို စာတိုက်ကနေပို့ပေးရင် အတော်ကလေးစရိတ်သက်သာတယ်။ စက်ထဲကနေစကားပြောတာ အစကတော့ တစ်မျိုးဖြစ်မယ်။ ဒါပေမဲ့ မိုက်ကနေတစ်ဆင့် တစ်ယောက်ယောက်နဲ့စကားပြောတာ လွယ်ကူမှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတယ်။” သင်ကလည်း အသံသွင်းကက်ဆက်ခွေကို တောင်းယူနိုင်သည်။
လွန်ခဲ့သည့် ၂၅ နှစ်က အမေရိကန်ပြည်ထောင်စုမှ လက်တင်အမေရိကသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ ရှယ်လီဤသို့ပြောသည်– “ပြဿနာတွေရေးမဲ့အစား တည်ဆောက်မှုဖြစ်စေတဲ့ တွေ့ကြုံမှုတွေကို ကျွန်မအမြဲရေးတယ်။ အဲဒါက ကျွန်မဆီစာဆက်ရေးဖို့ သူများတွေကိုအားရှိစေတယ်။” သို့သော် သတိတော့ထားရမည်။ စာချည်းရေးနေပါက မိတ်ဆွေသစ်ဖွဲ့ရန် အဟန့်အတားဖြစ်မည်။ ကနေဒါမှ အခြားနိုင်ငံသို့ပြောင်းရွှေ့သူ ဒဲလ်က ဤသို့ပြောသည်– “အိမ်မှာနေပြီး လွမ်းဆွတ်စရာတွေကို တွေးတောငေးငိုင်တာကို ရှောင်ပါ။ အဲဒါထက် အပြင်ထွက်ပြီး နေရာသစ်မှာပျော်ပျော်နေလိုက်ပါ။”
ဒေသသစ်၏ ထုံးတမ်းစဉ်လာ၊ ရာဇဝင်၊ သဘောသဘာဝနှင့် စိတ်ဝင်စားစရာကောင်းပြီး လှပသည့်နေရာများကို သိရှိရန်ကြိုးစားပါ။ ယင်းက အကျိုးမဖြစ်စေသည့်အရာများပေါ်၌သာ စိတ်ရောက်မနေရန် သင့်အားအကူအညီဖြစ်စေမည်။ သင်ပြောင်းရွှေ့သည့်နေရာတွင် သင်နေထိုင်ရန်ရည်ရွယ်ပါက နေရင်းဒေသသို့ မကြာမီ ပြန်လည်ခြင်း သို့မဟုတ် ခဏခဏပြန်လည်ခြင်းတို့ကိုရှောင်လျှင် အကောင်းဆုံးဖြစ်မည်။ မိတ်သစ်ဆွေသစ်ဖွဲ့ရန် အသိုင်းအဝိုင်းသစ်တွင် နေသားကျရန် အချိန်ယူရပေမည်။ နေရင်းဒေသသို့ အချိန်ကြာမြင့်စွာပြန်လည်ပတ်ခြင်းက ယင်းအစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ နေရာသစ်တွင်အခြေတကျဖြစ်ပြီးသည်နှင့် အိမ်သို့ပြန်လည်ပတ်ခြင်း—ပြီးနောက် ပြန်လာခြင်းတို့၌ ပျော်မွေ့နိုင်သည်။ တစ်ချိန်တည်းတွင် ဒေသသစ်အားစွဲလမ်းတွယ်တာမှုကို တည်ဆောက်ခြင်းတွင် အလုပ်များနေပါ။
ရှေ့သို့ဆက်၍မျှော်ကြည့်ပါ
ယေဟောဝါသည် မြေကြီးတစ်ခွင်လုံးကို ကျွန်ုပ်တို့၏အိမ်အဖြစ် ပေးထားတော်မူသည်။ (ဆာလံ ၁၁၅:၁၆) ရွှင်လန်းသည့်ခရစ်ယာန်စိတ်ဓာတ်နှင့်ဆိုလျှင် ဘဝသည် မည်သည့်ဒေသတွင်မဆို ပျော်မွေ့ဖွယ်ကောင်းသည်။ ဘုရားသခင့်နိုင်ငံတော်အကျိုး ကြီးပွားတိုးတက်ရန်နှင့် သတင်းကောင်းဟောပြောရန်အတွက် အခြားတစ်နိုင်ငံ သို့မဟုတ် သင့်နိုင်ငံအတွင်းရှိ အခြားဒေသတစ်ခုသို့ သင်ပြောင်းရွှေ့ရလျှင် ပျော်ရွှင်သည့်ရည်မှန်းချက်ဖြင့် ပြုလုပ်ပါ။ မိတ်ဆွေသစ်များဖွဲ့ရန်၊ ခြားနားသည့်ထုံးတမ်းဓလေ့များကို လေ့လာရန်၊ တပည့်ဖြစ်စေရန် သို့မဟုတ် ဘုရားသခင့်လုပ်ငန်းတော်တွင် အကျိုးဖြစ်ထွန်းသည့်အလုပ်လုပ်ရန် မျှော်မှန်းပါ။
ယေဟောဝါဘုရားသခင်သည် သင်မည်သည့်နေရာတွင်ရှိစေကာမူ သင်နှင့်အစဉ်ရှိမည့် တစ်ဦးတည်းသောမိတ်ဆွေဖြစ်သည်။ (ဆာလံ ၉၄:၁၄; ၁၄၅:၁၄၊ ၁၈) ထို့ကြောင့် ကိုယ်တော်ထံဆုတောင်းခြင်းအားဖြင့် ချဉ်းကပ်ပါ။ (ရောမ ၁၂:၁၂) ယင်းက ဘုရားသခင့်ကျေးကျွန်တစ်ဦးအဖြစ် ဘဝ၏ရည်ရွယ်ချက်ကို သင့်အားစွဲမှတ်နေစေမည်။ အာဗြဟံနှင့်စာရာတို့သည် ဥရမြို့ရှိ နေချင်စဖွယ်ကောင်းလှသည့် အိမ်ကလေးကို စွန့်ခွာခဲ့ရာတွင် သူတို့၏ရည်ရွယ်ချက်ကို စိတ်တွင်စွဲမှတ်ခဲ့ကြသည်။ ယေဟောဝါ၏အမိန့်တော်ကို နာခံသောအားဖြင့် ဆွေမျိုးမိတ်သင်္ဂဟများကို ထားရစ်ခဲ့ကြသည်။ (တမန်တော် ၇:၂-၄) သူတို့စွန့်ခွာခဲ့သည့်နေရာကိုသာ သတိရတမ်းတမည်ဆိုလျှင် သူတို့ပြန်လှည့်လာရန် အခွင့်အရေးရှိပေမည်။ သို့သော် သူတို့သည် သာ၍ကောင်းမြတ်သောနေရာ—ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အောက် ပရဒိသုမြေကြီးပေါ်တွင် အသက်ရှင်ခြင်းကို သူတို့မျှော်မှန်းခဲ့ကြသည်။—ဟေဗြဲ ၁၁:၁၅၊ ၁၆။
နိုင်ငံရပ်ခြားလယ်ကွင်းတွင် သို့မဟုတ် ကြေညာသူများအတွက် သာ၍လိုအပ်မှုရှိသော သင့်နိုင်ငံအတွင်းရှိ ဒေသတစ်ခုခုတွင် ဟောပြောရခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ သို့သော် ယင်းသည် အသီးသီးပြီး အကျိုးအဖြစ်ထွန်းဆုံးလုပ်ငန်းဖြစ်သည်။ (ယောဟန် ၁၅:၈) အပျက်မြင်သဘောများက ခဏတစ်ဖြုတ်သင့်ကိုလွှမ်းမိုးစေကာမူ သင့်ပန်းတိုင်ကိုအမြဲသတိရပြီး ရှေ့သို့လှမ်းမျှော်ခြင်းအားဖြင့် ယင်းတို့ကိုကျော်လွှားနိုင်သည်။ အိမ်ထောင်မကျသေးသည့် သာသနာပြုညီအစ်မတစ်ဦး ဤသို့ပြောသည်– “ဝမ်းနည်းတဲ့စိတ်တွေဝင်လာပြီဆိုရင် ကမ္ဘာသစ်မှာ လူသားထုတစ်ရပ်လုံး မိသားစုတစ်ခုတည်းဖြစ်မယ် ဆိုတဲ့အကြောင်းတွေကို ကြိုးစားပြီးကျွန်မစဉ်းစားတယ်။” ဤကဲ့သို့ နှစ်လိုဖွယ်စဉ်းစားတွေးတောမှုများက သင့်အား ရွှင်လန်းခြင်းမပျက်ရှိစေပြီး အိမ်လွမ်းခြင်းကို အရှုံးမပေးရန် အကူအညီဖြစ်စေမည်။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
အိမ်ကိုလွမ်းခြင်းသည် ခရစ်ယာန်ဓမ္မအမှုကို အနှောင့်အယှက်မဖြစ်စေသင့်ပါ