စိုးရိမ်ကြောက်ရွံ့စိတ် ပြေပျောက်စေနိုင်ပုံ
မွေးကင်းစ ကလေးငယ်လေးလောက် အကူညီမဲ့သူ မရှိပါဘူး။ လူ့လောကထဲရောက်လာချိန်မှာ ကျွန်ုပ်တို့ရဲ့ဘေးကင်းလုံခြုံမှုဟာ မိဘအပေါ်မှာပဲ လုံးလုံးမူတည်နေပါတယ်။ လမ်းလျှောက်သင်ခါစမှာဆိုရင် ဧရာမလူထွားကြီးတွေလိုမျိုး ကိုယ့်ထက်ပိုအရပ်မြင့်တဲ့ တခြားသူတွေကို တွေ့ချိန်မှာ မိဘတွေသာအနားမှာမရှိဘူးဆိုရင် သူတို့ကိုကြည့်ပြီး ကြောက်လန့်သွားမှာပဲ။ ဒီလိုအခါမျိုးမှာ အဖေ၊ အမေရဲ့လက်ကို ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ကြောက်လန့်သွားမှာ မဟုတ်ပါဘူး။
ကလေးဘဝမှာ မိဘတွေက ကျွန်ုပ်တို့ကို ချစ်ပြီး ဂရုစိုက်စောင့်ရှောက်ပေးတယ်ဆိုရင် ကျွန်ုပ်တို့ဟာ ကောင်းစွာကြီးပြင်းလာမှာဖြစ်တယ်။ မိဘမေတ္တာကိုရရှိတဲ့အခါ လုံခြုံတယ်လို့ ခံစားရတယ်မဟုတ်လား။ မိဘတွေ ချီးမွမ်းတာခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်လာပြီး ပိုကောင်းအောင် လုပ်ချင်လာမှာဖြစ်တယ်။
နည်းနည်းကြီးလာတော့ သူငယ်ချင်းကောင်းတွေက ကိုယ့်ကို လုံခြုံမှုပေးတယ်။ ကိုယ့်အနားမှာ သူတို့ရှိနေလို့ သက်သောင့်သက်သာရှိပြီး ကျောင်းမှာလည်း စိုးရိမ်ကြောက်ရွံ့တာတွေ နည်းသွားတယ်။
အဲဒီအချက်တွေအရ အကောင်းဆုံးကလေးဘဝက ဘာလဲဆိုတာ သိရတယ်။ တချို့လူငယ်တွေမှာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိပ်မရှိကြဘူး၊ ကလေးအများစုဆိုရင်လည်း မိဘတွေရဲ့ ဂရုစိုက်စောင့်ရှောက်တာကို ရတယ်ဆိုရုံလေးပဲ။ “တခြားမိသားစုတွေ စည်းစည်းလုံးလုံး ရှိတာကိုမြင်တိုင်း ‘ကျွန်မ ငယ်ငယ်တုန်းကလည်း အဲဒီလိုသာဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ’ လို့ စဉ်းစားမိတယ်” ဆိုပြီး မယ်လီဆာa ဖွင့်ပြောပြတယ်။ သူ့လိုပဲ သင်လည်း ခံစားမိနိုင်တယ်။
လုံခြုံမှုကင်းမဲ့တဲ့ကလေးဘဝရဲ့ အခက်အခဲများ
ငယ်ငယ်တုန်းကဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိတာဖြစ်နိုင်တယ်။ မေတ္တာ၊ အားပေးထောက်မမှု သိပ်မရခဲ့တာလည်း ဖြစ်နိုင်တယ်။ မိဘတွေ တကျက်ကျက်ရန်ဖြစ်လို့ အိမ်ထောင်ရေးပြိုကွဲ၊ မိသားစု တကွဲတပြားဖြစ်သွားရတာကလည်း ကိုယ့်ကြောင့်လို့ လွဲမှားစွာအပြစ်ပုံချပြီး အဲဒါကို စိတ်ထဲစွဲနေတာဖြစ်နိုင်တယ်။ ဒါထက်ပိုဆိုးတာက မိဘတစ်ဦးက ကိုယ့်ကို ကြိမ်းမောင်းပြောဆိုတာ၊ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာဖြစ်နိုင်တယ်။
ထိတ်လန့်စိုးရွံ့နေတဲ့ ကလေးတစ်ဦးက ဘာတွေ လုပ်နိုင်သလဲ။ တချို့က ဆယ်ကျော်သက်အရွယ်မှာ မူးယစ်ဆေးသုံးတယ်၊ အရက်အလွန်အကျွံသောက်တယ်။ တချို့ကျပြန်တော့ ရာဇဝတ်ဂိုဏ်းသားတွေ ဖြစ်သွားကြတယ်။ မေတ္တာငတ်နေတဲ့ လူငယ်လေးတွေကျတော့ မေတ္တာနဲ့ နှစ်သက်မြတ်နိုးမှုရဖို့ ဘဝမှာ အချစ်ကိုဦးစားပေးကြတယ်။ အဲဒါတွေက ရေရှည်တည်မြဲတာ ရှားပါတယ်။ လမ်းခွဲလိုက်တဲ့အခါ ပိုလို့တောင်မှ အထီးကျန်သွားပြီး တန်ဖိုးမရှိသလို ခံစားရနိုင်တယ်။
မိဘမေတ္တာငတ်နေတဲ့ လူငယ်လေးတွေက အဲဒီလိုလုပ်ရပ်တွေကို ရှောင်နိုင်တယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် သိပ်မရှိကြဘူး။ “အမေက ကျွန်မကို အသုံးမကျသူလို့ တစ်ချိန်လုံးပြောနေတော့ အဖြစ်မရှိသူလို့ ကျွန်မ ခံစားလာရတယ်၊ ကျွန်မကို ချီးမွမ်းတာလည်း မရှိဘူး၊ ချစ်ခင်ယုယတာလည်း မရှိဘူး” လို့ အဲနာ ပြောပြတယ်။
စိုးရိမ်ကြောက်ရွံ့တာက ကြီးပြင်းလာပုံနောက်ခံကြောင့်ပဲ မဟုတ်ဘူး။ ကွာရှင်းပြတ်စဲတာကြောင့်၊ ဇရာထောင်းတာကြောင့်၊ ရုပ်ရည်ရူပကာအတွက် ပူပန်တာကြောင့် စိုးရိမ်ကြောက်ရွံ့စိတ် ဝင်လာနိုင်ပါတယ်။ ဘာအကြောင်းကြောင့်ပဲ စိုးရိမ်ပူပန်ပါစေ စိုးရိမ်စိတ်ကြောင့် ပျော်ရွှင်မှုကင်းမဲ့ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ထိခိုက်နိုင်တယ်။ အဲဒီလိုခံစားချက်တွေ ပြေပျောက်သွားဖို့ ဘာလုပ်နိုင်မလဲ။
ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်
အကူအညီရနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ သိထားဖို့လိုပါတယ်။ ဘုရားသခင်မှာ ကျွန်ုပ်တို့အားလုံးကို ကူညီပေးနိုင်စွမ်းရှိတဲ့အပြင် ကူညီပေးချင်စိတ်လည်း ရှိပါတယ်။
ကြိုဟောသူဟေရှာယမှတစ်ဆင့် ဘုရားသခင်က ‘မစိုးရိမ်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်’ လို့ မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၄၁:၁၀၊ ၁၃) ပုံဆောင်သဘောအရ ဘုရားက ကျွန်ုပ်တို့ကို လက်တွဲပြီးကူညီတဲ့အကြောင်း စဉ်းစားလိုက်ရင် စိတ်ချမ်းမြေ့စရာကောင်းတယ် မဟုတ်လား။ ဒါကြောင့် ကျွန်ုပ်တို့ စိုးရိမ်ကြောက်ရွံ့နေစရာ မလိုပါဘူး။
စိုးရိမ်ကြောက်ရွံ့စိတ်ရှိပေမဲ့ ဘုရားသခင် ကာကွယ်စောင်မပေးမယ်ဆိုတာကို ယုံကြည်တဲ့သူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ရှမွေလရဲ့မိခင် ဟန္နဆိုရင် ကလေးမရတဲ့အတွက် သူ့ကိုယ်သူရှုံးနိမ့်သူလို့ ခံစားရတယ်။ သားသမီးမမွေးနိုင်လို့ မကြာခဏ ကဲ့ရဲ့ခံရတယ်။ ဒါကြောင့် ဟန္နဟာ အစာမစားနိုင်ဘဲ ငိုခဲ့ရချိန်တွေရှိတယ်။ (၁ ဓမ္မရာဇဝင် ၁:၆၊ ၈) ဒါပေမဲ့ ယေဟောဝါဘုရားဆီ ဟန္နရင်ဖွင့်ဆုတောင်းပြီးနောက် ညှိုးငယ်စိတ်တွေ ပျောက်သွားပါတယ်။—၁ ဓမ္မရာဇဝင် ၁:၁၈။
ဆာလံဆရာဒါဝိဒ်လည်း စိုးရိမ်ကြောက်ရွံ့ရတဲ့ အချိန်တွေရှိခဲ့တယ်။ ဘုရင်ရှောလုက သူ့ကိုသတ်ဖို့ နှစ်အတော်ကြာ ကြိုးစားတယ်။ သတ်ဖို့ကြံစည်တိုင်း ဒါဝိဒ်လွတ်မြောက်ခဲ့ပေမဲ့ ဒုက္ခနွံထဲ နစ်မွန်းတော့မှာပဲလို့ ထင်မိတဲ့အခါတွေ ရှိတယ်။ (ဆာလံ ၅၅:၃-၅; ၆၉:၁) အဲဒီလိုဖြစ်နေပေမဲ့ သူက “ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင်ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏” လို့ ပြောခဲ့တယ်။—ဆာလံ ၄:၈။
ဟန္နနဲ့ဒါဝိဒ်တို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ လေးလံတဲ့စိတ်ဖိစီးမှုတွေကို ယေဟောဝါဘုရားဆီ ပုံအပ်ထားကြတယ်။ ကိုယ်တော်ကလည်း သူတို့ကို ကူညီထောက်မပေးခဲ့တယ်။ (ဆာလံ ၅၅:၂၂) ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့ရော ဘယ်လိုလုပ်ဆောင်နိုင်မလဲ။
စိုးရိမ်ကြောက်ရွံ့စိတ် လျော့နည်းစေနိုင်တဲ့ နည်းသုံးနည်း
၁။ ယေဟောဝါဘုရားကို ဖခင်လိုသဘောထားပြီး ယုံကြည်ကိုးစားတတ်ဖို့ သင်ယူပါ။
ယေရှုက “မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော” မိမိခမည်းတော်ကို သိကျွမ်းပါလို့ တိုက်တွန်းခဲ့တယ်။ (ယောဟန် ၁၇:၃) တမန်တော်ပေါလုက “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှဝေးတော်မူသည်မဟုတ်” လို့ အာမခံထားတယ်။ (တမန်တော် ၁၇:၂၇) ယေရှုတပည့် ယာကုပ်ကလည်း “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ရေးခဲ့တယ်။—ယာကုပ် ၄:၈။
စိုးရိမ်ကြောက်ရွံ့စိတ်တွေကို ပြေပျောက်စေနိုင်တဲ့ အရေးကြီးဆုံးအချက်က ကျွန်ုပ်တို့ကို ချစ်ပြီး ဂရုစိုက်တဲ့ ကောင်းကင်ဖခင်ရှိတယ်ဆိုတာသိထားခြင်း ဖြစ်တယ်။ အဲဒီလိုယုံကြည်စိတ်ချမှုရှိဖို့ဆိုတာ အချိန်လိုအပ်မှာဖြစ်ပေမဲ့ ဒါက တကယ်ပဲအကျိုးရှိမှန်း လူများစွာတွေ့ရှိခဲ့ကြတယ်။ “ယေဟောဝါဘုရားက ကျွန်မရဲ့ ဖခင်လိုဖြစ်လာတော့ ကျွန်မခံစားချက်တွေကို ကိုယ်တော့်ဆီ ရင်ဖွင့်ပြောပြနိုင်လာတယ်။ ဒါကြောင့်မို့ အများကြီးစိတ်သက်သာရာရတာပေါ့” လို့ ခါရာလင်း ပြောတယ်။
“မိဘတွေအနားမှာမရှိလို့ တစ်ယောက်တည်းဖြစ်နေချိန်မှာ ယေဟောဝါဘုရားကြောင့် ကျွန်မ လုံခြုံတယ်လို့ ခံစားရတယ်။ ပြဿနာတွေကို ကူညီဖြေရှင်းပေးပါလို့ ရင်ဖွင့်ဆုတောင်းနိုင်တယ်။ ကိုယ်တော် တကယ်ပဲ ကူညီပေးခဲ့ပါတယ်” လို့ ရေချယ် ပြောပြတယ်။b
၂။ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုသူတွေနဲ့ ပေါင်းသင်းပါ။
အချင်းချင်း ညီအစ်ကိုညီအစ်မတွေလိုသဘောထားဖို့ တပည့်တွေကို ယေရှုသင်ပေးခဲ့တယ်။ “သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏” လို့ ကိုယ်တော်ပြောခဲ့တယ်။ (မဿဲ ၂၃:၈) တပည့်စစ်တွေဟာ တစ်ဦးကိုတစ်ဦးချစ်ခင်ဖို့၊ ဘုရားသခင်ကို စည်းစည်းလုံးလုံးဝတ်ပြုတဲ့ မိသားစုကြီးလိုဖြစ်ဖို့ ကိုယ်တော် ဆန္ဒရှိတယ်။—မဿဲ ၁၂:၄၈-၅၀; ယောဟန် ၁၃:၃၅။
ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ကို စည်းလုံးစွာဝတ်ပြုကြပြီး အချင်းချင်း အတတ်နိုင်ဆုံး အားပေးနှစ်သိမ့်ဖို့ ပုံမှန်စည်းဝေးကြတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်စည်းဝေးတွေဟာ ဝေဒနာသက်သာစေတဲ့ လိမ်းဆေးလိုပဲ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ကြောင်း လူအတော်များများ တွေ့ရှိခဲ့ကြပြီ။
“ကျွန်မခံစားနေရတဲ့ နာကျင်မှုတွေကို စာနာနားလည်ပေးတဲ့ မိတ်ဆွေရင်းတစ်ဦး အသင်းတော်မှာရှိတယ်။ သူက ကျွန်မပြောတာတွေကို နားထောင်ပေးတယ်၊ ကျမ်းစာဖတ်ပြတယ်၊ ကျွန်မတို့ အတူဆုတောင်းတယ်။ ကျွန်မကို တစ်ယောက်တည်းပစ်မထားဘူး။ သူနဲ့ ဆွေးနွေးပြောဆိုလိုက်ရင် ကျွန်မရင်ထဲ ပေါ့သွားတယ်။ သူ ကူညီပေးလို့ ကျွန်မရဲ့စိုးရိမ်ကြောက်ရွံ့စိတ်တွေ ပြေပျောက်သွားတာ” လို့ အီဗာပြောပြတယ်။ ရေချယ်ကလည်း “အသင်းတော်ထဲမှာ အဖေ၊ အမေနဲ့တူတဲ့သူတွေကို ရှာတွေ့ခဲ့ပြီ။ သူတို့က ကျွန်မကို ချစ်ကြတယ်၊ ဂရုစိုက်ကြတယ်” လို့ ပြောပြတယ်။
၃။ တခြားသူတွေကို မေတ္တာပြပါ၊ ကြင်နာမှုပြပါ။
မေတ္တာ၊ ကြင်နာမှုတင်ပြတာက ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတယ်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” လို့ ယေရှုဆိုခဲ့တယ်။ (တမန်တော် ၂၀:၃၅) တခြားသူတွေကို ကျွန်ုပ်တို့ ပိုပြီးမေတ္တာပြလေ မေတ္တာ ပိုပြီးရရှိလေဆိုတာ သိလာပါလိမ့်မယ်။ တပည့်တွေကို ယေရှုက “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်” လို့ ပြောခဲ့တယ်။—လုကာ ၆:၃၈။
ဒီလို အပြန်အလှန်မေတ္တာပြခြင်းက စိုးရိမ်ကြောက်ရွံ့စိတ်ကို ပြေပျောက်စေတယ်။ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း “မေတ္တာသည် အစဉ်တည်၏။” (၁ ကောရိန္သု ၁၃:၈) “ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်တတ်တဲ့ ကျွန်မရဲ့စိတ်က မှားနေမှန်း အခု ကျွန်မသိသွားပြီ။ တခြားသူတွေကိုကူညီပေးတာ၊ ကိုယ့်အကြောင်းကိုချည်းပဲ တွေးမနေတာကြောင့် အပျက်သဘောထားတွေ ပျောက်သွားတယ်။ တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးလိုက်တိုင်း ကျွန်မ သိပ်ပျော်တာပဲ” လို့ မာရီယာပြောတယ်။
လူတိုင်းအတွက် စိတ်သက်သာမှု
အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေက စိုးရိမ်ကြောက်ရွံ့စိတ်တွေကို ချက်ချင်းလက်ငင်း အမြဲပျောက်သွားစေမှာ မဟုတ်ပေမဲ့ စိုးရိမ်စိတ်ကို အတော်လေး ပြေပျောက်စေနိုင်တယ်။ ခါရာလင်းက “ကျွန်မမှာ စိုးရိမ်စိတ်တွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားတတ်လာတယ်။ ကျွန်မကို ဘုရားသခင်ဂရုစိုက်မှန်း သိလာတယ်။ စိုးရိမ်ကြောက်ရွံ့စိတ်ပျောက်အောင် ကူညီပေးတဲ့ မိတ်ဆွေရင်းတွေလည်း အများကြီးရှိလာတယ်” လို့ ဆက်ပြောတယ်။ ရေချယ်လည်း အဲဒီလိုပဲခံစားခဲ့ရတယ်။ သူက “တစ်ခါတလေကျရင် ကျွန်မ အရမ်းဝမ်းနည်းတာ။ ဒါပေမဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေ ကျွန်မမှာရှိနေပါပြီ။ သူတို့ဆီမှာ အကြံဉာဏ်တောင်းနိုင်တယ်၊ အကောင်းမြင်တတ်အောင် ကျွန်မကို ကူညီပေးကြတယ်။ ဒါတင်မကဘူး၊ ကောင်းကင်ဖခင်ဘုရားဆီ ကျွန်မ နေ့တိုင်း ရင်ဖွင့်ဆုတောင်းနိုင်တယ်။ အဲဒါတွေကြောင့် ကျွန်မ အကြီးအကျယ်ပြောင်းလဲသွားခဲ့တာ။”
မကြာခင်ရောက်လာမယ့် ဘုရားပေးကမ္ဘာသစ်အကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒီမှာ ကျွန်ုပ်တို့ယောက်တိုင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာဖြစ်
စိုးရိမ်ကြောက်ရွံ့စိတ် လုံးဝပျောက်သွားမယ့်အချိန် ရောက်လာပါတော့မယ်။ မကြာခင်ရောက်လာတော့မယ့် ဘုရားပေး ကမ္ဘာသစ်အကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒီမှာ ကျွန်ုပ်တို့ယောက်တိုင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ကြမယ်။ သမ္မာကျမ်းစာမှာ ခုလိုကတိပေးထားတယ်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” (မိက္ခာ ၄:၄) အဲဒီအချိန်မှာ ဘယ်သူကမှ ကျွန်ုပ်တို့ကို ခိုကိုးရာမဲ့၊ ထိခိုက်နစ်နာအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ စိတ်ဒဏ်ရာတွေကိုတောင် “လုံးဝမေ့ပျောက်” သွားမှာဖြစ်တယ်။ (ဟေရှာယ ၆၅:၁၇၊ ၂၅၊ ခမ) ဘုရားသခင်နဲ့ ခရစ်တော်ယေရှုက စစ်မှန်တဲ့ “ဖြောင့်မတ်ခြင်းတရား” ရှိအောင် လုပ်ဆောင်မှာဖြစ်လို့ “ထာဝရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း” ရှိလာမှာဖြစ်တယ်။—ဟေရှာယ ၃၂:၁၇။
a နာမည်တွေ ပြောင်းထားပါတယ်။
b ဘုရားသခင်အကြောင်း သိချင်သူတွေ အခမဲ့ကျမ်းစာလေ့လာနိုင်အောင် ယေဟောဝါသက်သေတွေ စီစဉ်ထားပါတယ်။