ပြန်လည်ပတ်မှုများတွင် Reasoning စာအုပ်ကိုအသုံးပြုခြင်း
၁ “ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (၁ ကော၊ ၃:၆) ထိုစကားများသည် တပည့်ဖြစ်စေရန် ပထမခြေလှမ်းနှစ်လှမ်းကိုညွှန်ပြသည်။ ပြန်လည်ပတ်မှုလုပ်ငန်းကို “ရေလောင်းခြင်း” လုပ်ငန်းအဖြစ် မကြာခဏဖော်ပြလေ့ရှိသည်။ ယင်းသည် ဦးဆုံးအကြိမ်တွေ့ဆုံမှုနှင့် နှစ်ခြင်းခံတပည့်အဆင့်စပ်ကြား မရှိမဖြစ်လိုအပ်သောကွင်းဆက်ဖြစ်သည်။ ပြန်လည်ပတ်မှုလုပ်ငန်းသည် စိတ်ဝင်စားမှုမျိုးစေ့ကို အမြစ်စွဲသည့်အထိပြုစုပျိုးထောင်ပြီး ကျမ်းစာသင်အံမှုစတင်နိုင်ရန် ကျွန်ုပ်တို့ ‘ပညာအတတ်ကိုစွန့်ကြဲ’ နိုင်သည့်လုပ်ငန်းဖြစ်သည်။—သု၊ ၁၅:၇။
၂ အချို့တို့သည် စိတ်ဝင်စားသူကို ဘာပြောရမည်မသိသောကြောင့် ပြန်လည်ပတ်ရန်နှောင့်နှေးနေကြသည်။ ကျွန်ုပ်တို့၏ Reasoning from the Scriptures လက်စွဲစာအုပ်သည် ဤရေလောင်းခြင်းလုပ်ငန်းတွင် အသုံးအဝင်ဆုံးစာအုပ်ဖြစ်ကြောင်း ထင်ရှားသည်။ ပုံမှန်ကျမ်းစာသင်အံမှုအစီအစဉ်ကို အိမ်ရှင်လက်မခံမီ တိုတောင်းသောဆက်တိုက်လည်ပတ်မှုများကို ပြုလုပ်ရလေ့ရှိသည်။ Reasoning စာအုပ်က အိမ်ရှင်နှင့်ဆွေးနွေးနိုင်သည့်ကျမ်းစာခေါင်းစဉ်များကို ဖော်ပြထားသည်။ ပြန်လည်ပတ်မှုအတွက်ကောင်းစွာပြင်ဆင်ပြီး အောက်ပါအကြံပေးချက်တစ်ခုသို့မဟုတ် ထိုထက်ပို၍အသုံးပြုနိုင်သည်။
၃ ဆုတောင်းခြင်းအကြောင်းပါသည့် ၁၉၉၂ ခုဧပြီ ၁၅ ရက်ထုတ် “ကင်းမျှော်စင်” ကို သင်ဝေငှပါက ပြန်လည်ပတ်သောအခါ ဤသို့မေးခွန်းထုတ်နိုင်သည်။
▪ “လူတစ်ဦးရဲ့ဆုတောင်းချက်ကို ဘုရားသခင်နားမထောင်အောင် ဘာကဖြစ်စေနိုင်မလဲ။” အိမ်ရှင်ဖြေရန်အချိန်ပေးပြီးနောက် သင့် Reasoning စာအုပ်ကိုထုတ်ပြီး စာမျက်နှာ ၂၉၃ ကိုဖွင့်ပါ။ ထိုခေါင်းစဉ်အောက်ရှိကျမ်းစာအချို့ကို သူနှင့်ဆွေးနွေးပြီး စာအုပ်မှတိုက်ရိုက်ဖတ်ရန်သူ့ကိုအားပေးပါ။ စိတ်ရင်းမှန်နှင့်စိတ်ဝင်စားကြောင်းကို သင်သတိထားမိပါက နှစ်စဉ်ကြေးကောက်ခံနိုင်သည်။
၄ အခြားပြန်လည်ပတ်မှုတစ်ခုတွင် သခင့်ဆုတောင်းပတ္ထနာတွင်ရည်ညွှန်းထားသော ဘုရားသခင့်နိုင်ငံတော်ကို အိမ်ရှင်မည်သို့နားလည်ကြောင်းမေးပြီးနောက် စာမျက်နှာ ၂၂၆-၃၂ ကိုဖွင့်ပါ။ အချိန်ခွင့်ပြုသရွေ့ “ဘုရားသခင့်နိုင်ငံတော်သည် တကယ့်အစိုးရတစ်ခုလော” နှင့် “ဘုရားသခင့်နိုင်ငံတော်လုပ်ဆောင်ပြီးမြောက်မည့်အရာများ” ဟူသည့်ခေါင်းစဉ်များအောက်ရှိ ကျမ်းချက်များ၏အဓိပ္ပာယ်ကို ရှင်းပြနိုင်သည်။ ဘုရားသခင့်နိုင်ငံတော်သည် နှလုံးထဲတွင်ရှိသည်ဟူသော မှားယွင်းသည့်အယူအဆကို ရှင်းလင်းစေပါ။ ဘုရားသခင့်နိုင်ငံတော်သည် တကယ့်အစိုးရတစ်ခုဖြစ်သည်။ အကြောင်းအရာအားလုံးကို တစ်ကြိမ်တည်ပြောပြမည့်အစား နောက်တစ်ကြိမ်ဆွေးနွေးရန် မေးခွန်းအချို့ထုတ်နိုင်သည်။
၅ အခြားအခြေအနေတစ်ခုတွင် အိမ်ရှင်သည် “အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း” ဆောင်းပါးပါဝင်သော ၁၉၉၂ ခု၊ ဧပြီ ၂၂ ရက်ထုတ် နိုးလော့ မဂ္ဂဇင်း (အင်္ဂလိပ်) ကိုယူထားပေမည်။
သင်ဤသို့မေးနိုင်သည်။
▪ “မြေကြီးပေါ်မှာထာဝစဉ်အသက်ရှင်နိုင်အောင် လူ့ခန္ဓာကိုယ်ကိုပုံစံပြုထားတယ်ဆိုတာ အထောက်အထားတစ်ခုခုရှိသလား” သို့မဟုတ် “အသက်ရှင်နေတဲ့လူတွေဘာလုပ်နေသလဲဆိုတာ သေနေတဲ့လူဟာ သိတယ်လို့ထင်သလား။” ဤမေးခွန်းများသည် အိမ်ရှင်၏စိတ်ဝင်စားမှုကို အတော်အသင့်နှိုးဆွပေးပေမည်။ အကြောင်းမှာ သူနှင့်တိုက်ရိုက်သက်ဆိုင်သောကြောင့်ဖြစ်သည်။ Reasoning စာအုပ်စာမျက်နှာ ၂၄၇ နှင့် ၁၀၀ တို့တွင်ပါဝင်သောအဖြေများကိုပြင်ဆင်၍ ပြန်လည်ပတ်ရန်စီစဉ်ပါ။
၆ ပထမဆုံးအကြိမ်ဆွေးနွေးချက်သည် ကမ္ဘာ့အနာဂတ်နှင့်ပတ်သက်လျှင် သင်ဤသို့မေးနိုင်သည်။
▪ “လူသားတွေဟာ ကမ္ဘာမြေကြီးကို တစ်နည်းနည်းနဲ့ဖျက်ဆီးခွင့်ရပါ့မလား။ ထို့နောက် Reasoning စာအုပ်စာမျက်နှာ ၄၄-၅ ကိုဖွင့်ပြီး ကျမ်းဆိုင်ရာအဖြေများကိုဆွေးနွေးပါ။ သို့မဟုတ် အိမ်ရှင်ကမေးနိုင်သည်မှာ “လူသန်းပေါင်းများစွာသေရာကနေပြန်ရှင်လာရင် သူတို့အားလုံးဘယ်မှာနေကြမလဲ” ဟူ၍ဖြစ်သည်။ အဖြေကို Reasoning စာအုပ်စာမျက်နှာ ၃၄၀ တွင်တွေ့ရှိနိုင်သည်။
၇ အိမ်ရှင်ကို တစ်ကြိမ်တည်းဖြင့် သမ္မာတရားလွှမ်းမိုးသွားအောင်ပြုရန် မကြိုးစားပါနှင့်။ နောက်တစ်ကြိမ်ပြန်လည်ပတ်ရာတွင် ဖြေဆိုရန်မေးခွန်းများကိုထားခဲ့ပါ။ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များအနေနှင့် စိုက်ပျိုးခြင်းနှင့်ရေလောင်းခြင်းလုပ်ငန်းတို့ကို ကျွမ်းကျင်စွာပြီးမြောက်နိုင်ရန် ကျွန်ုပ်တို့သည် Reasoning စာအုပ်ကို ထိထိရောက်ရောက်အသုံးပြုလိုကြသည်။ ဘုရားသခင်ကြီးထွားစေတော်မူမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။