စိတ်ဝင်စားသူများကို စိုးရိမ်စိတ်တင်ပြလော့
၁ အခြားသူတို့ထက် လူတို့အပေါ် စိုးရိမ်စိတ်ပြလွန်းသူကား ယေဟောဝါဖြစ်တော်မူသည်။ စားဝတ်နေရေးဖူလုံရုံထက်မက ပေးသနားထားသည့်အပြင် ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်လျက်နေပြီး ပျော်မွေ့နိုင်စရာ ဝိညာဏအရာများကိုလည်း ပေးသနားတော်မူသည်။ ကျွန်ုပ်တို့ကိုစိုးရိမ်လွန်းသဖြင့်လည်း နှလုံးတွင်းကို စူးစိုက်စစ်ဆေးတော်မူသေးသည်။—ဆာ၊ ၁၃၉:၂၃။
၂ ကမ္ဘာပေါ်ယေရှုရှိစဉ်ကလည်း ခမည်းတော်နည်းတူ သူတစ်ထူးအပေါ် စိုးရိမ်စိတ် အပြည့်အဝတင်ပြတော်မူခဲ့သည်။ ယေရှုအား “သခင်အလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်” ခဲ့သူကိုသတိရပါသလော။ ထိုစဉ်က “ငါအလိုရှိ၏” ဟုယေရှုဖြေဆိုတော်မူသည်။ (မ၊ ၈:၁-၃) စိတ်နှလုံးကြေကွဲနေသော မုဆိုးမတစ်ဦးကို ယေရှုတွေ့မြင်ခဲ့သောအခါ ကိုယ်တော်မည်သို့ပြုတော်မူသနည်း။ ရပ်တန့်၍ မစတော်မူခဲ့သည်။ (လု၊ ၇:၁၁-၁၅) စိတ်ဝင်စားသူတို့အပေါ် စိုးရိမ်စိတ်ရှိကြောင်း တင်ပြနိုင်ခွင့်ကိုရှာယူရာတွင် ယခုထက်ပိုဂရုစိုက်ပေးနိုင်ပါမည်လော။
၃ ခမည်းတော်ယေဟောဝါနှင့် သားတော်ယေရှုခရစ်တို့ကို အတုယူသည့်အနေနှင့် သူတစ်ပါးကို ကျွန်ုပ်တို့လည်းစိတ်ဝင်စားမှုတင်ပြရမည်။ ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို တိတိကျကျ၊ မှန်မှန်ကန်ကန်ရေးမှတ်ထားမည်ဆိုလျှင် ထိုသို့ပြုလုပ်နိုင်ကြမည်။ ထိုသို့ပြုရာတွင် စိတ်ဝင်စားသူ၏နာမည်နှင့်လိပ်စာအတိအကျကိုရေးထားရုံမက ပထမအကြိမ်လည်ပတ်ချိန်၌ ဆွေးနွေးခဲ့သောအကြောင်းကိုပါ မှတ်ထားရမည်။ ထိုနောက် ပြန်လည်ပတ်မှုမပြုလုပ်မီ အသေအချာပြင်ဆင်ပါ။ နောက်ဆုံးလည်ပတ်ချိန်တွင် မဂ္ဂဇင်းများထားရစ်ခဲ့မည်ဆိုလျှင် ယင်းတို့တွင်ပါရှိသည့်ဆောင်းပါးတစ်ခုခုကိုအခြေခံ၍ ပြန်လည်ပတ်ချိန်တွင် ဆွေးနွေးနိုင်မည်။ မည်သို့ပြုလုပ်နိုင်မည်ကို သတိပြုပါ။
၄ စက်တင်ဘာ ၁၅၊ ၁၉၉၂ ကင်းမျှော်စင်ကို သင်ထားခဲ့ပြီး “လူကောင်းများ အဘယ်ကြောင့်ဒုက္ခဆင်းရဲခံရသနည်း” အကြောင်းကိုဆွေးနွေးခဲ့မည်ဆိုလျှင် ဗျာဒိတ် ၂၁:၄ နှင့် ယောဟန် ၁၇:၃ ကိုသင့်ပြန်လည်ပတ်မှုတွင် ပေါ်လွင်စေရန် အသင့်ပြင်ဆင်ပေးနိုင်မည်။
ဥပမာဗျာဒိတ် ၂၁:၄ ကိုဖတ်ပြပြီးနောက် ဤသို့မေးနိုင်သည်။
▪ “ဤကဲ့သို့သောကမ္ဘာတွင် ကျွန်ုပ်တို့မည်သို့နေထိုင်နိုင်မည်နည်း။ [ဖြေဆိုပါစေ။] ဤသို့သောကမ္ဘာမျိုးတွင်အသက်ရှင်နိုင်ရန် ဘာလုပ်ဖို့လိုတဲ့အကြောင်း မေရှိယဘယ်လိုပြောသလဲဆိုတာ ကြည့်ရအောင်။” ထိုနောက်ယောဟန် ၁၇:၃ ကိုဖတ်ပြီးဘုရားသခင်နှင့်ခရစ်တော်ကိုသိကျွမ်းခြင်းအားဖြင့် ငြိမ်းချမ်းသောကမ္ဘာသစ်တွင် ထာဝရအသက်ရနိုင်ကြောင်း ပေါ်လွင်စေပါ။ စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာအသုံးပြုကာ ကျမ်းစာသင်အံမှုစနိုင်ရန် ကြိုးစားကြည့်ပါ။
၅ “အလုပ်လက်မဲ့ဖြစ်ခြင်း မည်သို့ဖြေရှင်းမည်နည်း” ဆောင်းပါးပါ မေ ၈၊ ၁၉၉၂ ရက်ထုတ်၊ နိုးလော့မှ အချက်တစ်ချက်ကို ဆွေးနွေးတင်ပြခြင်းအားဖြင့် တုံ့ပြန်မှုရကောင်းရလိမ့်မည်။ ပြန်လည်ပတ်သွားသည့် အခါ ဖိလိပ္ပိ ၄:၆၊ ၇ ကိုအခြေခံ၍ ဆွေးနွေးနိုင်ပါလိမ့်မည်။
သင်မေးနိုင်သည်ကား၊
▪ “ယနေ့ ဒီလိုပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့နည်းက ဘာဖြစ်မယ်ထင်သလဲ။” အဖြေကိုအသိအမှတ်ပြုပြီးနောက် ဤသို့ဆက်ပြောပါ။ “လိုက်နာကျင့်သုံးမယ်ဆိုယင် စိတ်ငြိမ်သက်မှုရရှိစေတဲ့ ဒီမူများကို ကျမ်းစာဖော်ပြထားတာ စိတ်ဝင်စားစရာဘဲ။ [ဖိလိပ္ပိ ၄:၆၊ ၇ မှသင့်တော်သောအချက်များကို ညွှန်ပြပါ။] လူတိုင်းကျမ်းစာမူအတိုင်း အသက်ရှင်နေထိုင်ကြမယ့်အချိန်ရောက်လာပြီး ဒီလိုအခြေအနေမျိုး ပေါ်စရာအကြောင်းမရှိတော့မယ့်အခါကို ကျမ်းစာကကြိုတင်ဖော်ပြထားတယ်။” ထိုနောက် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာဝေစာကိုသုံးသပ်လေ့လာခြင်းအားဖြင့် လာလတ္တံ့သောအခြားကောင်းချီးများကို ပေါ်လွင်စေကာ လေ့လာခြင်းသို့ဦးတည်ပါ။
၆ အိမ်ရှင်၌ ကျွန်ုပ်တို့၏စာပေများ ရှိထားနှင့်မည်ဆိုလျှင်ကော။ ယင်းကိုအသုံးပြုကာ သင်အံမှုစနိုင်ရန် ကြိုးစားကြည့်ပါ။ ထာဝစဉ်အသက်ရှင် စာအုပ်ဖြစ်မည်ဆိုလျှင် မာတိကာစာမျက်နှာသို့ဖွင့်ကာ အိမ်ရှင်ဆွေးနွေးသိရှိလိုသည့်အကြောင်းတစ်ခုကို ရွေးချယ်စေပါ။ ထိုနောက်တစ်ပိုဒ်နှစ်ပိုဒ်ဖတ်ခြင်းဖြင့် သင်အံမှုစတင်နိုင်မည်။
၇ ကောင်းစွာကြိုတင်ပြင်ဆင်၍ ထိရောက်မှုရှိသော ပြန်လည်ပတ်မှုများပြုလုပ်ပေးခြင်းအားဖြင့် စိတ်ဝင်စားသူများအပေါ် စိုးရိမ်စိတ်ထားကြောင်းတင်ပြမည်ဆိုလျှင် ဘုရားသခင်နှင့်ခရစ်တော်ကို အတုယူနေရာကျ၍ လူများများကယ်တင်ခြင်းရရှိစေရန် အတတ်နိုင်ဆုံးကြိုးစားနေခြင်းဖြစ်သည်။—၂ ပေ၊ ၃:၉။