သင်ခန်းစာ ၈
သင့်တော်သော အသံပမာဏ
လူထုဟောပြောချက်ပေးသူတစ်ဦးသည် လိုအပ်သောအသံပမာဏမရှိလျှင် ပရိသတ်ရှိ အချို့သောသူတို့သည် ငိုက်မျဉ်းစပြုလာပေမည်။ ကြေညာသူတစ်ဦးသည် လယ်ကွင်းဓမ္မအမှုတွင် အသံပျော့လွန်းစွာပြောဆိုပါက အိမ်ရှင်၏အာရုံကို ဆွဲယူထားနိုင်ချင်မှ ဆွဲယူထားနိုင်မည်။ ထို့အပြင် အစည်းအဝေးများ၌ ပရိသတ်မှ မှတ်ချက်များကို လုံလောက်သောအသံပမာဏဖြင့်မပေးလျှင် ကျန်ရှိသူများ လိုအပ်သောအားပေးမှု ရရှိကြမည်မဟုတ်ချေ။ (ဟေဗြဲ ၁၀:၂၄၊၂၅) အခြားတစ်ဖက်တွင်မူ ဟောပြောသူသည် မှားယွင်းသည့်အချိန်၌ အသံကိုတိုးမြှင့်လိုက်ပါက ပရိသတ် အနေရခက်လာပြီး—စိတ်အနှောင့်အယှက်ပင် ဖြစ်လာနိုင်သည်။—သု. ၂၇:၁၄။
သင့်ပရိသတ်ကို ထည့်တွက်ပါ။ သင် မည်သူ့ကို ဟောပြောနေသနည်း။ လူတစ်ဦးကိုလော။ မိသားစုတစ်စုကိုလော။ လယ်ကွင်းလုပ်ငန်းအတွက် စုဝေးနေသည့် အုပ်စုငယ်တစ်စုကိုလော။ အသင်းတော်တစ်ခုလုံးကိုလော။ သို့မဟုတ် စည်းဝေးကြီးတစ်ခုကိုလော။ အခြေအနေတစ်ရပ်တွင် သင့်တော်သည့် အသံပမာဏသည် အခြားအခြေအနေတွင် သင့်လျော်မည်မဟုတ်သည်မှာ အထင်အရှားပင်။
ဘုရားသခင့်ကျေးကျွန်များသည် အချိန်အခါအမျိုးမျိုးတွင် ကြီးမားသောပရိသတ်များကို ဟောပြောခဲ့ကြပြီ။ ရှောလမုန်ခေတ် ယေရုရှလင်မြို့တွင် ဗိမာန်တော်အပ်နှံပွဲ၌ အသံချဲ့စက် မရှိခဲ့ချေ။ ထို့ကြောင့် ရှောလမုန်သည် မြင့်မားသောစင်မြင့်တစ်ခုပေါ်တွင်ရပ်ကာ “ကျယ်သောအသံနှင့်” လူတို့ကိုကောင်းချီးပေးခဲ့သည်။ (၃ ရာ. ၈:၅၅; ၆ ရာ. ၆:၁၃) ရာစုနှစ်များစွာကြာပြီးနောက် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပြီးသည့်အချိန်တွင် များပြားသောလူစုလူဝေး—အချို့သည် စိတ်ဝင်စားကာ၊ အချို့မူလှောင်ပြောင်လျက်—ယေရုရှလင်မြို့ရှိ ခရစ်ယာန်အုပ်စုငယ်လေးအနား စုဝေးခဲ့ကြသည်။ လက်တွေ့ကျသောဉာဏ်ပညာကို ပြသကာ ပေတရုသည် “ထလျက် . . . ကျယ်သောအသံနှင့်” ဟောပြောခဲ့သည်။ (တ. ၂:၁၄) တန်ခိုးပါစွာသက်သေခံခဲ့သည်။
သင်အသုံးပြုနေသောအသံပမာဏသည် အခြေအနေတစ်ရပ်တွင် သင့်တော်မတော်ကို သင်မည်သို့ဆိုနိုင်မည်နည်း။ ပရိသတ်၏တုံ့ပြန်မှုသည် အကောင်းဆုံး တိုင်းထွာကြည့်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ပရိသတ်တွင် အချို့သောသူတို့သည် ကြားနာဖို့အားစိုက်နေရသည်ကို သင်သတိထားမိပါက သင့်အသံပမာဏကို ပြုပြင်ရန် ကြိုးပမ်းအားထုတ်သင့်သည်။
ကျွန်ုပ်တို့သည် လူတစ်ယောက်ကို ဟောပြောနေသည်ဖြစ်စေ သို့မဟုတ် အုပ်စုတစ်စုကို ဟောပြောနေသည်ဖြစ်စေ ပရိသတ်တွင် မည်သူများပါဝင်နေသည်ကို ထည့်စဉ်းစားခြင်းသည် ပညာရှိရာရောက်သည်။ တစ်စုံတစ်ယောက်သည် နားကြားဖို့ခက်ခဲနေလျှင် သင့်အသံကို မြှင့်ပေးဖို့လိုပေမည်။ သို့သော် အော်ပြောခြင်းက အသက်အရွယ်ကြီးရင့်မှုကြောင့် နှေးနှေးကွေးကွေးတုံ့ပြန်သူတို့နှင့် သင့်ကို ပို၍ရင်းနှီးချစ်ခင်လာစေမည်မဟုတ်။ အော်ပြောခြင်းကို ရိုင်းပျခြင်းလက္ခဏာတစ်ခုဟုပင် ယူမှတ်သွားနိုင်ပေသည်။ ယဉ်ကျေးမှုအချို့တွင် အသံပမာဏ များလွန်းခြင်းကို လူတစ်ယောက်စိတ်ဆိုးနေခြင်း သို့မဟုတ် စိတ်မရှည်ဖြစ်နေခြင်း၏ အမှတ်အသားအဖြစ် ရှုမြင်ကြသည်။
စိတ်ပျံ့လွင့်စေသောဆူညံသံများကို ထည့်စဉ်းစားပါ။ လယ်ကွင်းဓမ္မအမှုတွင် သင်ပါဝင်သောအခါ ကြုံကြိုက်ရသည့် အခြေအနေများပေါ်မူတည်၍ သက်သေခံဖို့ လိုအပ်သည့်အသံပမာဏသုံးရသည်မှာ အသေအချာပင်။ ကားဆူညံသံ၊ ဆူညံသောကလေးတစ်စု၊ ခွေးများဟောင်သံ၊ ကျယ်လောင်သောတေးဂီတသံ သို့မဟုတ် ရုပ်မြင်သံကြားဆူညံသံတို့ဖြင့် ဆိုင်ပြိုင်ရပေမည်။ အခြားတစ်ဖက်တွင်မူ အိမ်များနီးနီးကပ်ကပ်ရှိနေကြသည့် ရပ်ကွက်များတွင် အိမ်နီးချင်းများက အာရုံစိုက်လာစေသည်အထိ ကျယ်လောင်စွာဟောပြောပါက အိမ်ရှင်ကို စိတ်အနှောင့်အယှက်ပေးရာရောက်နိုင်သည်။
အသင်းတော်တွင် သို့မဟုတ် စည်းဝေးကြီးများတွင် ဟောပြောချက်များပေးသော ညီအစ်ကိုများမှာလည်း အခြေအနေအမျိုးမျိုးအဖုံဖုံတို့ကို ရင်ဆိုင်ကြရသည်။ အိမ်ပြင်ဘက်တွင် ပရိသတ်တစ်ဦးကို ဟောပြောခြင်းသည် သင့်တော်သော အသံလှိုင်းရိုက်ခတ်မှုများရှိသည့် ခန်းမတစ်ခုတွင် ဟောပြောချက်ပေးခြင်းနှင့် အတော်ပင်ကွာခြားသည်။ လက်တင်အမေရိကနိုင်ငံ၌ အနီးအနားရှိမြေကွက်လပ်တွင် မီးရှူးမီးပန်းများကို ပစ်ဖောက်လျက်ရှိကာ ကြက်ဖတစ်ကောင်ကလည်း အနားတွင် မရပ်မနားတွန်နေစဉ် သာသနာပြုနှစ်ယောက်ပေါင်း၍ စိတ်ဝင်စားသူတစ်ယောက်၏ အိမ်ရှေ့မြေကွက်လပ်တစ်ခု၌ လူထုဟောပြောချက်တစ်ခု ပေးခဲ့ကြသည်!
ဟောပြောချက်ပေးနေစဉ်အတွင်း နှောင့်ယှက်သံ ငြိမ်ကျသွားသည်အထိ ရပ်တန့်ခြင်း သို့မဟုတ် အသံပမာဏကို တိုးမြှင့်ခြင်းလိုအပ်သည့်တစ်စုံတစ်ရာ ဖြစ်ပျက်လာနိုင်သည်။ ဥပမာအနေနှင့် အစည်းအဝေးတစ်ခုကို သွပ်မိုးအိမ်ထဲတွင် ကျင်းပနေလျှင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပါက ပရိသတ်အတွက် ဟောပြောသူ ပြောသည့်အရာကို မကြားရနိုင်လောက်အောင် ဖြစ်သွားစေနိုင်သည်။ ကလေးငိုသံ သို့မဟုတ် နောက်ကျမှရောက်လာသူတို့၏ အနှောင့်အယှက်က စိန်ခေါ်ချက်ဖြစ်စေမည်မှာ မုချ။ သင်တင်ဆက်နေသော သတင်းအချက်အလက်မှ ပရိသတ်ပြည့်ပြည့်ဝဝအကျိုးရယူနိုင်ရန် အာရုံပျံ့လွင့်မှုများအတွက် အစားဖြည့်ပေးဖို့သင်ယူပါ။
အသံချဲ့စက်ကိရိယာအသင့်ရနိုင်ပါက အကူအညီဖြစ်စေမည်၊ သို့သော် အခြေအနေက ယင်းကိုတောင်းဆိုလာသောအခါ ဟောပြောသူဘက်မှ အသံပမာဏတိုးမြှင့်ရန်လိုအပ်ချက်ကို ယင်းက မပယ်ဖျက်ချေ။ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်တတ်သောနေရာများတွင် ဟောပြောသူများသည် မိုက်ကရိုဖုန်းအကူအညီမပါဘဲ ဆက်ဟောသွားရန်တာဝန်ရှိကြသည်။
ဟောပြောနေသည့်အကြောင်းအရာကို ထည့်စဉ်းစားပါ။ ဟောပြောချက်တွင် အကြောင်းအရာ၏ သဘောသဘာဝကလည်း အသံပမာဏလိုအပ်ချက်နှင့် သက်ဆိုင်ပေသည်။ အားမာန်နှင့်ဟောပြောရန်လိုသည့် အကြောင်းအရာကို အသံပျော့ပျောင်းလွန်းခြင်းကြောင့် ဟောပြောချက်ကို အားမနည်းစေပါနှင့်။ ဥပမာအနေဖြင့် ကျမ်းစာမှ ရှုတ်ချပြစ်တင်ချက်များကို ဖတ်ပြနေသည့်အခါ မေတ္တာပြရန် ဩဝါဒစကားကိုဖတ်ပြနေသည့်အခါထက် အသံပမာဏကို ပို၍ပြင်းထန်စေသင့်သည်။ အသံပမာဏကို အကြောင်းအရာနှင့် လိုက်လျောညီထွေဖြစ်စေပါ၊ သို့သော် မိမိကိုအာရုံမရောက်စေသည့်နည်းဖြင့် ယင်းကိုလုပ်ဆောင်ရန် ဂရုစိုက်ပါ။
သင့်ရည်ရွယ်ချက်ကို ထည့်စဉ်းစားပါ။ သင့်ပရိသတ်ကို တက်ကြွစွာဆောင်ရွက်ရန် လှုံ့ဆော်ပေးလိုလျှင် အသံသြဇာခပ်ကောင်းကောင်း အသုံးပြုဖို့လိုမည်။ ပရိသတ်၏တွေးခေါ်ပုံကို ပြောင်းလဲစေလိုလျှင် အသံကျယ်လောင်လွန်းခြင်းဖြင့် သူတို့ကို ဖယ်ခွာမသွားစေပါနှင့်။ နှစ်သိမ့်မှုပေးရန် ကြိုးပမ်းနေပါက များသောအားဖြင့် ပို၍နူးညံ့သောအသံက သာ၍ကောင်းပေသည်။
တိုးမြှင့်အသံပမာဏကို ထိရောက်စွာ အသုံးပြုခြင်း။ အလုပ်များနေသူတစ်ဦးက သင့်အား အာရုံစိုက်လာစေရန် သင်ကြိုးစားနေသောအခါ အသံပမာဏကို တိုးမြှင့်လိုက်ခြင်းသည် အကူအညီဖြစ်စေလေ့ရှိသည်။ ယင်းကို မိဘများသိရှိကြသောကြောင့် ကလေးများကစားနေရာမှ ပြန်လာဖို့အချိန်တန်သောအခါ သူတို့ကိုခေါ်ရန် မိမိတို့အသံကို မြှင့်လိုက်ကြသည်။ သဘာပတိတစ်ဦးသည် အသင်းတော်အစည်းအဝေးတစ်ခုတွင် သို့မဟုတ် စည်းဝေးကြီးတစ်ခုတွင် နေရာတကျရှိနေကြရန်ပြောသည့်အခါ အသံပမာဏမြှင့်ဖို့လိုအပ်သည်။ ကြေညာသူများသည် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ကြစဉ် အိမ်ပြင်တွင် အလုပ်လုပ်နေကြသောလူတို့ကို ချဉ်းကပ်သောအခါ နှုတ်ဆက်စကားကျယ်ကျယ်ဆိုကြပေမည်။
တစ်စုံတစ်ယောက်၏အာရုံစူးစိုက်မှုကို သင်ရရှိပြီးနောက်၌ပင် လုံလောက်သော အသံပမာဏကို ဆက်လက်အသုံးပြုရန် အရေးကြီးသည်။ တိုးညင်းလွန်းသောအသံက ဟောပြောသူသည် ပြင်ဆင်မှုမဲ့သည် သို့မဟုတ် ယုံကြည်မှုကင်းမဲ့သည်ဟု အထင်ရောက်စေနိုင်သည်။
မိန့်မှာချက်နှင့်တွဲဖက်သည့်အခါ အသံကိုမြှင့်တင်လိုက်ခြင်းသည် လူတို့အား ပြုမူလုပ်ဆောင်ရန် တွန်းအားဖြစ်စေနိုင်သည်။ (တ. ၁၄:၉၊ ၁၀) အလားတူစွာ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးခြင်းကလည်း ဘေးဒုက္ခမှ လွှဲဖယ်စေနိုင်သည်။ ဖိလိပ္ပိမြို့တွင် ထောင်မှူးတစ်ဦးသည် အကျဉ်းသားများ ထွက်ပြေးသွားကြပြီအထင်နှင့် ကိုယ့်ကိုယ်ကို သတ်သေမည့်ဆဲဆဲဖြစ်နေသည်။ “ပေါလုသည် ကြီးသောအသံနှင့်ဟစ်၍ဆိုသည်မှာ– ‘ကိုယ်ကိုအပြစ်မပြုနှင့်၊ ငါတို့အပေါင်းသည်ရှိကြ၏!’” ဤနည်းအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေမှုကို လွှဲဖယ်ပေးခဲ့သည်။ ထို့နောက် ပေါလုနှင့်သိလတို့သည် ထောင်မှူးနှင့်အိမ်သားတို့ကို သက်သေခံခဲ့ရာ သူတို့အားလုံး အမှန်တရားကို သက်ဝင်ယုံကြည်လာခဲ့ကြသည်။—တ. ၁၆:၂၇-၃၃။
အသံပမာဏကို တိုးတက်စေနိုင်ပုံ။ အချို့သောသူတို့အတွက် သင့်တော်သော အသံပမာဏ မည်သို့အသုံးပြုနိုင်ပုံကို သင်ယူရန် ယခင်ထက်ပို၍ အားစိုက်ထုတ်ဖို့ လိုအပ်သည်။ လူတစ်ယောက်သည် အသံပျော့သောကြောင့် မလုံလောက်သော အသံပမာဏဖြင့် စကားပြောပေမည်။ သို့သော် ထိုသူသည် အပြောအဆို နူးညံ့ဆဲရှိဦးမည်ဖြစ်သော်လည်း ကြိုးစားအားထုတ်မှုကြောင့် တိုးတက်လာနိုင်စရာအကြောင်းရှိမည်။ အသက်ရှူခြင်းနှင့် ကိုယ်ဟန်အနေအထားကို ဂရုစိုက်ပါ။ မတ်မတ်ထိုင်ခြင်းနှင့် မတ်မတ်ရပ်ခြင်းကို လေ့ကျင့်ပေးပါ။ ရင်ကော့ထားပြီး အသက်ပြင်းပြင်းရှူပါ။ အဆုတ်၏အောက်ပိုင်းကို လေဖြည့်ပေးနေကြောင်း သေချာစေပါ။ သင့်တော်၍စည်းစနစ်ကျသော ထိုလေဝင်လေထွက်က စကားပြောဆိုသည့်အခါ သင့်အသံပမာဏကို ထိန်းပေးနိုင်စေသည်။
အခြားသူများအတွက် ပြဿနာတစ်ရပ်မှာ ကျယ်လောင်စွာ စကားပြောဆိုခြင်းဖြစ်သည်။ သူတို့သည် အိမ်အပြင်ဘက်တွင် သို့မဟုတ် ဆူညံသည့်ပတ်ဝန်းကျင်တွင် အလုပ်လုပ်သည့်အတွက်ကြောင့် တဖြည်းဖြည်း ထိုအကျင့်ရလာခြင်း ဖြစ်ကောင်းဖြစ်မည်။ အခြားတစ်ဖက်တွင်မူ လူတိုင်း အော်ပြောကာ စကားဖြတ်ပြောလေ့ရှိသော နောက်ခံရှိသည့်ဝန်းကျင်မှ သူတို့ ကြီးပြင်းလာကြပေမည်။ ရလဒ်အနေဖြင့် စကားဝင်တိုးနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အခြားသူများထက် အသံပိုကျယ်ကျယ်ပြောဆိုရန်ဖြစ်သည်ဟု ယူမှတ်ကြလေသည်။ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း” တို့ဖြင့် ကိုယ့်ကိုယ်ကို ယူတင်ဝတ်ဆောင်ကြရန် သမ္မာကျမ်းစာ၏ သွန်သင်ချက်ကို တိုး၍တိုး၍ဂရုစိုက်သည်နှင့်အမျှ သူတို့သည် အခြားသူများနှင့်စကားပြောရာတွင် မိမိတို့အသုံးပြုသည့်အသံပမာဏကို ပြုပြင်ချိန်ညှိကြပေမည်။—ကော. ၃:၁၂။
ကောင်းစွာပြင်ဆင်မှု၊ လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းမှရလာသည့် အတွေ့အကြုံနှင့် ယေဟောဝါထံဆုတောင်းခြင်းတို့က သင့်တော်သောအသံပမာဏနှင့်ပြောဆိုရန် ကူညီပေးမည်။ စင်မြင့်ပေါ်မှဟောပြောနေသည်ဖြစ်စေ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် လူတစ်ယောက်အား ဟောပြောနေသည်ဖြစ်စေ သူတစ်ပါးသည် သင်ပြောဆိုနေသည့်အရာကို ကြားနာခြင်းအားဖြင့် မည်သို့အကူအညီရနိုင်ကြောင်းကို စဉ်းစားစူးစိုက်ရန် ကြိုးပမ်းပါ။—သု. ၁၈:၂၁။