သင်ခန်းစာ ၃၉
ထိရောက်သောနိဂုံး
သင်၏ဟောပြောချက်ကိုယ်မအတွက် အကြောင်းအရာကို အသေအချာ သုတေသနပြုပြီး စီစဉ်ဖွဲ့စည်းခဲ့ပေမည်။ စိတ်ဝင်စားမှုကို နှိုးဆွသောနိဒါန်းတစ်ခုကိုလည်း သင်ပြင်ဆင်ပြီးဖြစ်ပေမည်။ သို့တိုင်၊ နောက်ထပ်လိုအပ်ရာတစ်ခုမှာ ထိရောက်သောနိဂုံးဖြစ်သည်။ ယင်း၏အရေးပါမှုကို လျှော့မတွက်ပါနှင့်။ နောက်ဆုံးမှပြောသည့်အရာက အတာရှည်ဆုံးမှတ်မိစေတတ်သည်။ နိဂုံးပိုင်းအားနည်းနေပါက အစောပိုင်းတင်ဆက်ထားရာ၏ ထိရောက်မှုကိုပင် များစွာထိခိုက်စေနိုင်သည်။
အောက်ပါတို့ကို သုံးသပ်ကြည့်ပါ– မိမိအသက်တာကုန်ဆုံးခါနီးတွင် ယောရှုသည် ဣသရေလလူမျိုး အသက်ကြီးသူတို့ကို အောက်မေ့သတိရစရာ ဟောပြောချက်တစ်ခုပေးခဲ့သည်။ အာဗြဟံခေတ်အချိန်အခါကတည်းက ဣသရေလလူတို့နှင့် ယေဟောဝါ၏ဆက်ဆံမှုများကို ပြန်ပြောင်းပြောပြပြီးနောက် ယောရှုသည် ပေါ်လွင်ချက်များကို အကျဉ်းချုံးသဘောဖြင့် ပြန်ပြောရုံမျှပြုခဲ့သလော။ မဟုတ်ပါ။ သို့အစား နက်ရှိုင်းသောခံစားချက်ဖြင့် သူဤသို့တိုက်တွန်းနှိုးဆော်ခဲ့သည်– “ထာဝရဘုရားကိုကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။” ယောရှုမှတ်စာ ၂၄:၁၄၊ ၁၅ ၌ မှတ်တမ်းတင်ထားသည့် ယောရှု၏နိဂုံးချုပ်ကို သင်ကိုယ်တိုင်ဖတ်ရှုပါလေ။
နောက်ထပ် သတိပြုမှတ်သားထိုက်သော ဟောပြောချက်ကို တမန်တော် ၂:၁၄-၃၆ ၌ တွေ့ရပြီး၊ ယင်းကို စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့တွင် စုရုံးနေကြသည့်လူအုပ်ကို တမန်တော်ပေတရု ဟောပြောခဲ့သည်။ ရှေးဦးစွာ ဘုရားသခင်၏ဝိညာဉ်တော် သွန်းလောင်းမှုနှင့်စပ်လျဉ်းသည့် ယောလပရောဖက်ပြုချက်ကို သူရှင်းပြခဲ့သည်။ တစ်ဖန် ယင်းနှင့် ဆာလံကျမ်းတွင် ကြိုဟောထားသော ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းနှင့် ဘုရားသခင့်လက်ယာဘက်တွင် ချီးမြှောက်ခံရခြင်းပါဝင်သည့် မေရှိယဆိုင်ရာ ပရောဖက်ပြုချက်များ မည်သို့ဆက်စပ်ကြောင်း သူပြသခဲ့သည်။ ထို့နောက် နိဂုံးချုပ်ရာတွင် ပေတရုက ပရိသတ်ထဲရှိသူတိုင်း ရင်ဆိုင်ဖို့လိုအပ်သည့်ကိစ္စကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူကဤသို့ဆိုသည်– “ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” တက်ရောက်လာသူတို့က “ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်း” ဟုမေးလျှောက်ကြ၏။ ပေတရုက “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့” ဟုပြန်၍မိန့်တော်မူခဲ့သည်။ (တ. ၂:၃၆၊ ၃၇၊ ၃၈) ထိုနေ့တွင် သူ၏ပရိသတ်ထဲရှိ လူ ၃,၀၀၀ ခန့်သည် သူတို့ကြားခဲ့သည့်အရာဖြင့် အကြီးအကျယ်လှုံ့ဆော်ခံရကာ ယေရှုခရစ်နှင့်ပတ်သက်သည့်အမှန်တရားကို သက်ဝင်ယုံကြည်ခဲ့ကြသည်။
စိတ်တွင်စွဲမှတ်ထားရန်အချက်များ။ သင့်နိဂုံးပိုင်းတွင် ပြောဆိုထားရာသည် သင့်ဟောပြောချက်၏အဓိကအကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်သင့်သည်။ သင်အဆင့်ဆင့်ဦးတည်ရှင်းလင်းခဲ့သော အဓိကအချက်များနှင့် ကျိုးကြောင်းဆီလျော်သင့်သည်။ အဓိကအကြောင်းမှ သော့ချက်စကားလုံးအချို့ကို သင်ထည့်ပြောလိုမည်ဖြစ်သော်လည်း တိုက်ရိုက်ပြန်လည်ဖော်ပြလိုက ဖော်ပြနိုင်သည်။
ပုံမှန်အားဖြင့် ဟောပြောချက်ပေးရသည့် သင့်ရည်ရွယ်ချက်မှာ သင်တင်ဆက်ပေးသော အချက်အလက်ကိုအခြေပြု၍ လုပ်ရပ်တစ်ခုခုလုပ်ဆောင်ဖို့ အခြားသူများကို အားပေးရန်ဖြစ်သည်။ နိဂုံးပိုင်း၏အဓိက ရည်ရွယ်ချက်များမှတစ်ခုမှာ သူတို့လုပ်ဆောင်ရမည့်အရာကို ပြသဖို့ဖြစ်သည်။ အဓိကအကြောင်းနှင့် အဓိကအချက်များကို ရွေးချယ်သည့်အခါ ပရိသတ်အတွက် အကြောင်းအရာက အဘယ်ကြောင့်အရေးကြီးကြောင်းနှင့် ယင်းကို ဟောပြောရာတွင် သင့်ရည်မှန်းချက်က အဘယ်အရာဖြစ်ကြောင်း သေသေချာချာ သုံးသပ်ပါသလော။ သုံးသပ်ခဲ့သည်ဆိုလျှင် သူတို့ကိုသင်လုပ်ဆောင်စေလိုရာကို သင်သိသည်။ ထိုလုပ်ဆောင်ရမည့်အရာကား အဘယ်အရာဖြစ်ကြောင်းနှင့် ဖြစ်နိုင်သည်မှာ ယင်းကို မည်သို့ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို သင်ယခုရှင်းပြဖို့ လိုအပ်သည်။
ပရိသတ်အား အဘယ်အရာလုပ်ဆောင်ရန် ပြသခြင်းအပြင် သင်၏နိဂုံးသည် လှုံ့ဆော်မှုပေးသင့်သည်။ ထိုသို့ပြုလုပ်ရန် ခိုင်လုံသောအကြောင်းရင်းများအပြင် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရနိုင်သည့်အကျိုးများကိုပါ ထည့်ပြောပေးသင့်သည်။ နောက်ဆုံးဝါကျကို အသေအချာစဉ်းစားကာ ကောင်းစွာသုံးနှုန်းထားလျှင် ၎င်းက ဟောပြောချက်တစ်ခုလုံး၏ထိရောက်မှုကို ပို၍ခိုင်မာစေပါမည်။
ဟောပြောချက်သည် နိဂုံးချုပ်နေကြောင်း စိတ်စွဲမှတ်ထားပါ။ သင့်စကားလုံးက ယင်းကို ဖော်ပြသင့်သည်။ သင့်အသံအနှေးအမြန်သည်လည်း အတော်အသင့်ဖြစ်သင့်သည်။ အဆုံးရောက်သည်အထိ လျင်မြန်စွာဟောပြောကာ ရုတ်ခြည်းရပ်ပစ်လိုက်ခြင်းမျိုးမလုပ်ပါနှင့်။ အခြားတစ်ဖက်တွင် သင့်အသံကို တိမ်ဝင်မသွားစေပါနှင့်။ အသံပမာဏသည် အလုံအလောက်ဖြစ်သင့်သော်လည်း မကျယ်လွန်းသင့်ချေ။ နောက်ဆုံးဝါကျအနည်းငယ်တွင် အပြီးသတ်မှတ်ချက်ပါသင့်သည်။ ယင်းတို့ကို သင်ဟောပြောပုံသည် စိတ်ထက်သန်မှုနှင့် အခိုင်အမာယုံကြည်မှုကို ဖော်ပြသင့်သည်။ ဟောပြောဖို့ပြင်ဆင်ရာတွင် နိဂုံးပိုင်းကို အစမ်းမလေ့ကျင့်ဘဲမနေပါနှင့်။
နိဂုံးပိုင်းကို မည်မျှရှည်ကြာစေသင့်သနည်း။ ယင်းသည် အချိန်တစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ရမည့်အရာတစ်ခုမဟုတ်ချေ။ နိဂုံးပိုင်းကို ငြီးငွေ့ဖွယ်အချိန်ဆွဲမနေသင့်ချေ။ အချိန်မည်မျှသုံးလျှင် သင့်တော်မည်ကို ပရိသတ်အပေါ် ၎င်း၏အကျိုးသက်ရောက်မှုဖြင့် သတ်မှတ်ဆုံးဖြတ်နိုင်ပေသည်။ ရိုးရှင်း၍ တိုက်ရိုက်ကျကာ အပြုသဘောပါသောနိဂုံးသည် အမြဲတန်ဖိုးထားခံရသည်။ ဂရုတစိုက်စီစဉ်ထားလျှင် တိုတုတ်သောပုံဥပမာတစ်ခုပါဝင်သည့် အတော်အတန်ပိုရှည်သောနိဂုံးသည်လည်း ထိရောက်မှုရှိနိုင်သည်။ ဒေသနာ ၁၂:၁၃၊ ၁၄ ၌ တွေ့ရသည့် ဒေသနာကျမ်းတစ်ကျမ်းလုံး၏ တိုတုတ်သောနိဂုံးပိုင်းနှင့် မဿဲ ၇:၂၄-၂၇ ၌ မှတ်တမ်းတင်ထားသည့် ပို၍တိုတုတ်သော တောင်ပေါ်ဒေသနာနိဂုံးပိုင်းကို နှိုင်းယှဉ်ကြည့်ပါ။
လယ်ကွင်းဓမ္မအမှုတွင်။ အဘယ်နေရာမျှ လယ်ကွင်းဓမ္မအမှုတွင်လောက် နိဂုံးချုပ်မှုများ လိုအပ်မည်မဟုတ်ချေ။ ကြိုတင်ပြင်ဆင်ပြီး လူတို့ကို မေတ္တာပါစွာ စိတ်ဝင်စားမည်ဆိုပါက များစွာ ပြီးမြောက်အောင်မြင်နိုင်ပါသည်။ တစ်ဦးချင်း အပြန်အလှန်စကားလက်ဆုံပြောဆိုရာတွင် အလိုက်သင့်ပြောင်းပေးရသည့်တိုင် ဖော်ပြပါစာမျက်နှာများတွင် တင်ပြထားသည့်အကြံဉာဏ်ကို အကျိုးရှိစွာ လက်တွေ့ကျင့်သုံးနိုင်ပါသည်။
စကားလက်ဆုံပြောဆိုမှုသည် အလွန်တိုတုတ်ပေမည်။ ထိုသူ အလုပ်များနေပေမည်။ သင့်လည်ပတ်မှုတစ်ခုလုံးသည် တစ်မိနစ်မျှသာ ကြာပေမည်။ သင့်လျော်မည်ဆိုပါက ဤသို့တစ်ခုခုပြောနိုင်သည်– “ခင်ဗျားအလုပ်များနေတယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအတွက် အားရှိစရာအတွေးတစ်ခုကို ထားရစ်ပေးခဲ့ပါရစေ။ ဒီကမ္ဘာမြေကို လူတွေ ထာဝစဉ်မွေ့လျော်ခံစားနိုင်တဲ့ နေရာတစ်ခုဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်မှာ အံ့သြဖွယ်ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုရှိတယ် ဆိုတာကို ဒီကျမ်းစာကပြပါတယ်။ အဲဒီပရဒိသုမှာ ကျွန်တော်တို့ရှိနေနိုင်ပါတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့တောင်းဆိုချက်တွေကို ကျွန်တော်တို့သင်ယူဖို့လိုပါတယ်။” သို့မဟုတ် ပို၍အဆင်ပြေနိုင်မည့်အချိန်တစ်ချိန်တွင် ပြန်လာမည်ဟု ရိုးရိုးလေးကမ်းလှမ်းပေမည်။
အကယ်၍ လည်ပတ်မှုသည် အိမ်ရှင်၏ဘုဆတ်ဆတ်၊ ရိုင်းပျမှုကြောင့်ပင် ပြတ်တောက်သွားပါက ကောင်းကျိုးအတော်များများကို ရအောင်လုပ်နိုင်ဆဲဖြစ်သည်။ မဿဲ ၁၀:၁၂၊ ၁၃ နှင့် ရောမ ၁၂:၁၇၊ ၁၈ ၌ တွေ့ရသည့်အကြံပေးချက်ကို စိတ်စွဲမှတ်ထားပါ။ သင်၏ နူးညံ့သိမ်မွေ့သောတုံ့ပြန်မှုက ယေဟောဝါသက်သေများအပေါ် သူ့အမြင်ကို ပြောင်းလဲကောင်းပြောင်းလဲစေနိုင်မည်။ ယင်းသည် အောင်မြင်မှုကောင်း ဖြစ်ပေမည်။
အခြားတစ်ဖက်တွင်မူ၊ သင်သည် အိမ်ရှင်နှင့် အားရကျေနပ်ဖွယ်ကောင်းသော စကားလက်ဆုံပြောဆိုခွင့် ရရှိခဲ့ပေမည်။ သူ့အား သင်မှတ်မိစေလိုသည့် အဓိကအချက်ကို ပြန်၍ထုတ်ဖော်ပြောလျှင် မကောင်းပေလော။ ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သူလုပ်ဆောင်ရန် တိုက်တွန်းလှုံ့ဆော်မှုပါဝင်စေပါ။
နောင်တစ်ချိန်တွင် ထပ်ဆင့်ဆွေးနွေးနိုင်မည့် အခွင့်အလမ်း သင်မြင်လျှင် ယင်းကို ထိုသူစောင့်မျှော်စေရန် အကြောင်းရင်းတချို့ကို ပေးခဲ့ပါ။ မေးခွန်းမေးပါ—ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းတွင် သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပရန်အတွက် ရည်ရွယ်ထားသည့်စာပေတစ်ခုတွင် ဆွေးနွေးထားရာ ဖြစ်နိုင်ပေသည်။ ယေရှုချမှတ်ခဲ့ပြီး မဿဲ ၂၈:၁၉၊ ၂၀ ၌ မှတ်တမ်းတင်ထားသည့်အတိုင်း သင့်ပန်းတိုင်ကို စိတ်စွဲမှတ်ထားပါ။
သင်သည် အိမ်တွင်းကျမ်းစာသင်အံမှုကို နိဂုံးချုပ်နေခြင်းလော။ အဓိကအကြောင်းကို ပြန်လည်ထုတ်ဖော်ပြောဆိုခြင်းက ကျောင်းသားအား အဘယ်အရာဆွေးနွေးခဲ့သည်ကို မှတ်မိစေရန်ကူညီမည်။ ပြန်လည်သုံးသပ်သောမေးခွန်းများကို အသုံးပြုခြင်းက သော့ချက်များကို သင်သား၏စိတ်ထဲ၌ စွဲမှတ်သွားစေရန် ကူညီပေးမည်၊ အထူးသဖြင့် ထိုပြန်လည်သုံးသပ်ခြင်းကို အလျင်စလိုမပြုလုပ်လျှင် ဖြစ်သည်။ လေ့လာခဲ့သော အကြောင်းအရာသည် သင်သားအား မည်သို့အကျိုးပြုနိုင်ပုံ သို့မဟုတ် ၎င်းကို အခြားသူများအား သူမည်သို့ဝေမျှနိုင်ကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းသည် သူလေ့လာခဲ့သောအရာကို လက်တွေ့အသုံးပြုဖို့ စဉ်းစားတွေးတောရန် သူ့ကိုကူညီပေးနိုင်သည်။—သု. ၄:၇။
သင့်နိဂုံးပိုင်းသည် ဆွေးနွေးခန်းတစ်ခုလုံး၏ထိရောက်မှုကို ဩဇာလွှမ်းမိုးကြောင်း သတိရပါ။