သင်ခန်းစာ ၄၉
ယုတ္တိတန်သော အချေအတင်ပြောဆိုချက်
တင်ပြပြောဆိုချက်တစ်ခုပြုသည့်အခါ သင်၏နားထောင်နေသူများသည် ဤသို့မေးမြန်းခွင့်ရှိသည်– “ယင်းသည် အဘယ်အကြောင်းကြောင့် မှန်သနည်း။ ဟောပြောသူ ပြောဆိုနေသည့်အရာအား လက်ခံသင့်သော အထောက်အထားမှာ အဘယ်အရာနည်း။” သွန်သင်သူတစ်ဦးအနေနှင့် ထိုသို့သောမေးခွန်းများကို ဖြေဆိုရန်ဖြစ်စေ၊ အဖြေများကို နားထောင်သူများ ရှာတွေ့စေရန်ဖြစ်စေ ကူညီပေးဖို့တာဝန်ရှိသည်။ တင်ပြပြောဆိုချက်သည် သင့်အချေအတင်ပြောဆိုမှုအတွက် အလွန်အရေးပါနေပါက သင်သည် နားထောင်နေသူများ ယင်းကိုလက်ခံစေရန် ခိုင်လုံခြေမြစ်သော ကျိုးကြောင်းပြချက်များ ပေးသွားကြောင်း သေချာစေပါ။ ယင်းက သင့်တင်ဆက်မှုကို သွေးဆောင်နိုင်စွမ်းရှိစေမည်။
တမန်တော်ပေါလုသည် သွေးဆောင်နည်းကို အသုံးချခဲ့သည်။ ယုတ္တိတန်သော အချေအတင်ပြောဆိုချက်၊ ကျိုးကြောင်းညီသောဆင်ခြင်မှုနှင့် စိတ်ထက်သန်စွာ အနူးအညွတ်တောင်းပန်ခြင်းတို့ဖြင့် သူဟောပြောခဲ့သူတို့၏စိတ်ကို ပြောင်းလဲပစ်ရန် ရှာကြံခဲ့သည်။ သူသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းတစ်ခု ချမှတ်ပေးခဲ့သည်။ (တ. ၁၈:၄; ၁၉:၈) အဟောအပြောကောင်းသူတချို့သည် လူတို့ကိုလှည့်ဖြားရန် သွေးဆောင်နည်းကို အသုံးချကြသည်မှာ မှန်ပါသည်။ (မ. ၂၇:၂၀; တ. ၁၄:၁၉; ကော. ၂:၄) သူတို့သည် မှားယွင်းသောအယူအဆဖြင့်စတင်နိုင်ကာ ဘက်လိုက်သောအရင်းအမြစ်များကို အားထားလျက်၊ လေးနက်မှုမရှိသော အချေအတင်ပြောဆိုချက်များကို အသုံးပြုကာ မိမိတို့အမြင်နှင့်ဆန့်ကျင်သည့် အချက်များကို လျစ်လျူရှုကြပေမည် သို့မဟုတ် ကျိုးကြောင်းဆင်ခြင်ဖို့ထက် စိတ်လှုပ်ရှားမှုပိုင်းကို သာ၍ဆွဲဆောင်ပေမည်။ ထိုသို့သော နည်းစနစ်များအားလုံးကို သတိထားရှောင်ကြဉ်သင့်၏။
ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် ခိုင်မြဲစွာ အခြေပြုခြင်း။ ကျွန်ုပ်တို့သွန်သင်သည့်အရာသည် ကိုယ်ပိုင်သွန်သင်ချက်မဖြစ်ရပါ။ သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သင်ယူခဲ့ရာကို အခြားသူများအားဝေမျှရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်ကြသည်။ ဤအတွက် ကျွန်ုပ်တို့သည် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားမှ ထုတ်ဝေပေးသော စာပေများအားဖြင့် အလွန်ပင် အကူအညီပေးခံခဲ့ရကြသည်။ ၎င်းစာပေများသည် ကျွန်ုပ်တို့အား ကျမ်းစာစောင်များကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးရန် အားပေးသည်။ တစ်ဖန် ကျွန်ုပ်တို့ကလည်း အခြားသူများအား သမ္မာကျမ်းစာဆီသို့ လမ်းညွှန်ပေးသည်၊ ဤသို့ပြုခြင်းမှာ ကျွန်ုပ်တို့မှန်ကန်သည်ဟု သက်သေသာဓကပြရန်မဟုတ်ဘဲ ကျမ်းစာပြောဆိုရာကို အခြားသူများ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်စေလိုသည့် နှိမ့်ချသောဆန္ဒဖြင့်ဖြစ်သည်။ “ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏” ဟု မိမိခမည်းတော်ထံ ဆုတောင်းခဲ့သူ ယေရှုခရစ်နှင့် ကျွန်ုပ်တို့ သဘောကိုက်ညီကြသည်။ (ယော. ၁၇:၁၇) ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ထက် သာ၍ကြီးမြတ်သော အာဏာပိုင်ရှင်မရှိပါ။ ကျွန်ုပ်တို့၏ အချေအတင်ပြောဆိုချက်၏ ခိုင်လုံမှုသည် ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် ယင်းတို့အားအခြေပြုမှုအပေါ် မူတည်သည်။
တစ်ခါတစ်ရံ အသင်သည် သမ္မာကျမ်းစာနှင့် အကျွမ်းတဝင်မရှိသောသူများ သို့မဟုတ် ယင်းကို ဘုရားသခင်၏နှုတ်ကပါဌ်တော်အဖြစ် လက်မခံသောသူများကို ဟောပြောရပေမည်။ ကျမ်းချက်များကို မည်သည့်အချိန်နှင့် မည်သို့ထည့်သုံးရမည်နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှုကောင်း ရှိသင့်သည်။ သို့သော် ထိုအာဏာပိုင်သတင်းပင်ရင်းသို့ သူတို့၏အာရုံကိုဦးတည်ပေးရန် မြန်နိုင်သလောက်မြန်မြန် သင်ကြိုးပမ်းသင့်သည်။
အလျဉ်းသင့်သော ကျမ်းချက်တစ်ချက်ကို ကိုးကားရုံမျှဖြင့် မငြင်းနိုင်သော အချေအတင်ပြောဆိုချက်တစ်ခုဖြစ်သွားပြီဟု သင်ကောက်ချက်ချသင့်သလော။ မချသင့်ပါ။ ကျမ်းချက်သည် သင်ပြောဆိုနေသည့်အရာကို အမှန်ပင် ထောက်မပေးကြောင်းပြရန် အထက်အောက်စကားကို အာရုံစိုက်စေရန် လမ်းညွှန်ပေးဖို့လိုအပ်ပေမည်။ သင်သည် ကျမ်းချက်တစ်ချက်မှ မူတစ်ခုကို ဆွဲထုတ်ယူနေရုံမျှပြုနေပြီး အထက်အောက်စကားကလည်း ထိုအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြနေခြင်းမရှိပါက နောက်ထပ်သက်သေအထောက်အထား လိုအပ်ပေမည်။ သင်ပြောဆိုသည့်အရာသည် ကျမ်းစာအပေါ် အမှန်ပင် အခိုင်အမာအခြေပြုထားကြောင်း သင့်ပရိသတ် စိတ်ကျေနပ်စေရန် ဤအကြောင်းအရာနှင့်ဆက်စပ်နေသည့် အခြားကျမ်းချက်များကို အသုံးပြုဖို့လိုအပ်ပေမည်။
ကျမ်းချက်တစ်ချက် သက်သေပြသည့်အရာအပေါ် ထပ်၍ချဲ့ကားခြင်းကို ရှောင်ကြဉ်ပါ။ ၎င်းကို ဂရုတစိုက်ဖတ်ပါ။ ကျမ်းချက်သည် သင်ဆွေးနွေးနေသည့် ယေဘုယျအကြောင်းအရာနှင့် သက်ဆိုင်နေပေမည်။ သို့တိုင် သင့်အချေအတင်ပြောဆိုချက်သည် သွေးဆောင်မှုရှိရန် နားထောင်နေသူများသည် သင်၏သက်သေပြချက်ကို သိမြင်နိုင်ရမည်။
သဘောချင်းညီသောသာဓကဖြင့် ထောက်မခြင်း။ အချို့သောကိစ္စရပ်များတွင် ကျမ်းစာစောင်၏ ကျိုးကြောင်းညီညွတ်မှုကို လူတို့ နားလည်သဘောပေါက်စေရန် သမ္မာကျမ်းစာ၏အပြင်ဘက်ရှိ ယုံကြည်စိတ်ချရသောရင်းမြစ်မှ အထောက်အထားကို အသုံးပြုခြင်းသည် အကူအညီရနိုင်သည်။
ဥပမာ၊ ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း သက်သေပြရန် မျက်မြင်ရစကြဝဠာကို သင်ထောက်ပြပေမည်။ ကမ္ဘာ့ဆွဲငင်အားကဲ့သို့သော သဘာဝနိယာမတရားများကို အာရုံစိုက်စေပြီး ထိုနိယာမတရားများတည်ရှိနေခြင်းမှာ နိယာမတရားဖန်တီးရှင်ရှိ၍သာဖြစ်ကြောင်း ကျိုးကြောင်းဆင်ခြင်နိုင်ပေသည်။ ၎င်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ပြောဆိုထားရာနှင့်အညီဖြစ်ပါက သင့်ကျိုးကြောင်းဆင်ခြင်မှုသည် ယုတ္တိတန်မည်။ (ယောဘ ၃၈:၃၁-၃၃; ဆာ. ၁၉:၁; ၁၀၄:၂၄; ရော. ၁:၂၀) ထိုသို့သော သက်သေသာဓက,က သမ္မာကျမ်းစာပြောဆိုရာသည် မျက်မြင်ရသောအချက်များနှင့် ညီညွတ်ကြောင်း ဖော်ပြသောကြောင့် အထောက်အကူပြုသည်။
သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဖြစ်ကြောင်း တစ်ဦးတစ်ယောက်အား နားလည်စေရန် သင်ကြိုးပမ်းနေပါသလော။ ထောက်ခံပြောဆိုပေးသည့် ပညာရှင်များအား သင်ကိုးကားပေမည်၊ သို့သော် ယင်းက သက်သေသာဓကလော။ ဤကဲ့သို့သောကိုးကားချက်များက ထိုပညာရှင်များကို လေးစားသောသူတို့ကိုသာ ကူညီပေးသည်။ သမ္မာကျမ်းစာ မှန်ကန်ကြောင်း သက်သေပြရန် သိပ္ပံပညာကို သင်အသုံးပြုနိုင်မည်လော။ မစုံလင်သည့် သိပ္ပံပညာရှင်များ၏ ထင်မြင်ချက်များကို သင့်အာဏာပိုင်အဖြစ် အသုံးပြုမည်ဆိုပါက ခနော်ခနဲ့ဖြစ်နေသော အုတ်မြစ်အပေါ် တည်ဆောက်ရာကျပေလိမ့်မည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြင့် စတင်ပြီးနောက် ကျမ်းစာ၏တိကျမှန်ကန်မှုကို ပေါ်လွင်စေသည့် သိပ္ပံတွေ့ရှိချက်များကို ထောက်ပြပေးပါက သင်၏ အချေအတင်ပြောဆိုချက်များသည် ခိုင်မာသောအုတ်မြစ်အပေါ် တည်ဆောက်ရာကျပေလိမ့်မည်။
သက်သေပြဖို့ သင်ကြိုးပမ်းအားထုတ်နေသည့် မည်သည့်အရာကိုမဆို လုံလောက်သော သက်သေပြပါ။ လိုအပ်သည့် သက်သေသာဓကပမာဏသည် သင့်ပရိသတ်အပေါ် မူတည်ပေမည်။ ဥပမာ၊ ၂ တိမောသေ ၃:၁-၅ ၌ ဖော်ပြထားသည့် နောက်ဆုံးသောနေ့ရက်များကို သင်ဆွေးနွေးနေပါက လူတို့တွင် “ပကတိကြင်နာစုံမက်ခြင်းကင်း” ကြောင်း ညွှန်ပြသည့် လူသိများသော သတင်းမှတ်တမ်းတစ်ခုကို ပရိသတ်အား အာရုံစိုက်စေနိုင်သည်။ နောက်ဆုံးသော နေ့ရက်များ၏ ဤအသွင်အပြင်လက္ခဏာသည် ယခုပင် ပြည့်စုံနေလျက်ရှိကြောင်း သက်သေပြရန် ထိုဥပမာတစ်ခုက လုံလောက်နိုင်ပေသည်။
မျိုးကွဲဆင်တူဖြစ်သည့် အရေးပါသော ကဏ္ဍရပ်များတူညီသည့် အရာနှစ်ခုကို နှိုင်းယှဉ်ပြခြင်းသည် အထောက်အကူဖြစ်လေ့ရှိသည်။ မျိုးကွဲဆင်တူကိုယ်နှိုက်က ကိစ္စတစ်ရပ်ကို သက်သေမထူပါ; ၎င်း၏ခြေမြစ်ခိုင်လုံမှုကို သမ္မာကျမ်းစာပြောထားသည့်အချက်နှင့် ချိန်ထိုးစမ်းသပ်ရမည်ဖြစ်သည်။ သို့သော် ထိုမျိုးကွဲဆင်တူချက်က လူတစ်ဦးအား အယူအဆတစ်ခု၏ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တွေ့ မြင်စေပေမည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်သည် အစိုးရတစ်ဖွဲ့ ဖြစ်ကြောင်း ရှင်းပြရာ၌ ထိုမျိုးကွဲဆင်တူချက်ကို အသုံးပြုနိုင်ပေသည်။ ဘုရားသခင့်နိုင်ငံတော်တွင် လူ့အစိုးရများကဲ့သို့ အုပ်ချုပ်သူများ၊ လက်အောက်ခံပြည်သူပြည်သားများ၊ ဥပဒေများ၊ တရားရေးစနစ်နှင့် ပညာရေးစနစ်ရှိကြောင်း ထောက်ပြနိုင်ပေသည်။
ကျမ်းစာသွန်သင်ချက်ကို လက်တွေ့အသုံးချခြင်း၏ ဉာဏ်ပညာရှိမှုကိုပြသရန် များသောအားဖြင့် ဖြစ်ရပ်မှန်တွေ့ကြုံမှုများကို အသုံးပြုနိုင်သည်။ တင်ပြချက်များကို ထောက်မရန် ကိုယ်ပိုင်တွေ့ကြုံမှုများကိုလည်း အသုံးပြုနိုင်သည်။ ဥပမာ၊ သင်သည် ကျမ်းစာဖတ်ရှုလေ့လာခြင်း၏ အရေးပါမှုကို လူတစ်ဦးအား ထောက်ပြသည့်အခါ ထိုသို့လုပ်ဆောင်ခြင်းက သင့်အသက်တာကို မည်သို့တိုးတက်စေခဲ့ပုံကို ရှင်းပြပေးနိုင်သည်။ တမန်တော်ပေတရုသည် မိမိညီအစ်ကိုများကို အားပေးရန် ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကိုယ်ယောင်ထွန်းလင်းခြင်းကို ကိုးကားဖော်ပြခဲ့သည်။ (၂ ပေ. ၁:၁၆-၁၈) ပေါလုသည်လည်း မိမိ၏ကိုယ်ပိုင်အတွေ့အကြုံများကို ကိုးကားခဲ့သည်။ (၂ ကော. ၁:၈-၁၀; ၁၂:၇-၉) မိမိထံ မလိုလားအပ်သော အာရုံမရောက်စေရန် ကိုယ်ပိုင်တွေ့ကြုံမှုများကို မလွန်မကျွံသုံးသင့်သည်မှာ မှန်ပေသည်။
လူတို့သည် နောက်ခံနှင့်အတွေးအခေါ်၌ ကွဲပြားကြသောကြောင့် လူတစ်ဦးအား ယုံကြည်စိတ်ချစေသည့် အထောက်အထားသည် နောက်တစ်ဦးအတွက် စိတ်ကျေနပ်မှုပေးချင်မှပေးမည်။ ထို့ကြောင့် မည်သည့် အချေအတင်ပြောဆိုချက်များကို သင်အသုံးပြုပြီး မည်သို့တင်ဆက်မည်ကို ဆုံးဖြတ်သည့်အခါ နားထောင်သူများ၏အမြင်များကို သုံးသပ်ပါ။ သုတ္တံ ၁၆:၂၃ [သမ္မာ] က ဤသို့ဆိုသည်– “ပညာရှိသောသူ၏စိတ်နှလုံးသည် နှုတ်ကိုသွန်သင်၍ သူ၏နှုတ်စကား၌ သွေးဆောင်ခြင်းတန်ခိုးကို ထပ်လောင်းတတ်၏။”