သင်ခန်းစာ ၂၇
လက်တန်းဟောပြောခြင်း
သင်၏ ဟောပြောချက်အပေါ် သင်အားထုတ်လုပ်ဆောင်ခဲ့ပေမည်။ သင်၌ သိအပ်သောအကြောင်းအရာရှိနိုင်သည်။ ကျိုးကြောင်းဆင်ခြင်မှုသည်လည်း ခိုင်လုံပေမည်။ ယင်းကို သွက်သွက်လက်လက် သင်ဟောပြောနိုင်ပေမည်။ သို့သော် သင့်ပရိသတ်၏အာရုံသည် ထွေပြားနေမည်—သူတို့၏စိတ်သည် အခြားအရာများသို့ မကြာခဏ အာရုံပျံ့လွင့်သွားသောကြောင့် သင်ပြောသည့်အရာ၏ အချို့အဝက်ကိုသာ နားထောင်ကြမည်—ဆိုလျှင် သင်၏တင်ဆက်မှုသည် မည်မျှထိရောက်မှုရှိမည်နည်း။ ပရိသတ်သည် ဟောပြောချက်တွင် သူတို့၏စိတ်အာရုံနှစ်ထားဖို့ အခက်အခဲရှိမည်ဆိုပါက သူတို့၏နှလုံးကို ထိမိနိုင်ဖို့အကြောင်းရှိမည်လော။
ထိုသို့သောပြဿနာ၏ဇာစ်မြစ်သည် အဘယ်အရာ ဖြစ်နိုင်သနည်း။ အမျိုးမျိုးသောအကြောင်းများကြောင့် ဖြစ်နိုင်သည်။ အဖြစ်အများဆုံးပြဿနာမှာ ဟောပြောချက်ကို လက်တန်းဟောပြောရန် ပျက်ကွက်၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဟောပြောသူသည် မိမိ၏မှတ်စုများကို ပြန်ကြည့်လွန်းခြင်း သို့မဟုတ် သူ၏ဟောပြောချက်ပုံစံသည် ပုံသေကားကျဖြစ်လွန်းနေခြင်းဖြစ်သည်။ သို့ရာတွင် ဤပြဿနာများသည် ဟောပြောချက်ပြင်ဆင်ပုံနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။
ရှေးဦးစွာ သင်သည် ဟောပြောချက်ကို ရေးချပြီး အောက်လိုင်းတစ်ခုအဖြစ် ပြောင်းလဲဖို့ကြိုးစားပါက လက်တန်းဟောပြောရန် ခက်ခဲကြောင်း သင်သိရှိလာပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အသုံးပြုရန်ကြံရွယ်ထားသည့် စကားလုံးကို အတိအကျ ရွေးထားသောကြောင့်ဖြစ်သည်။ ဟောပြောဖို့အတွက် အောက်လိုင်းကို သင်အသုံးပြုသည့်တိုင် မူလရေးသားထားချက်တွင် အသုံးပြုခဲ့သည့်စကားလုံးများကို မှတ်မိရန် သင်ကြိုးစားနေပေမည်။ အကြောင်းအရာတစ်ခုကို ရေးချထားသည့်အခါ ပြောဆိုသုံးနှုန်းပုံသည် နေ့စဉ်ပြောနေကျစကားထက် ပို၍ပုံသေကားကျဖြစ်ကာ ဝါကျဖွဲ့စည်းပုံလည်း ပို၍ရှုပ်ထွေးသည်။ သင့်ဟောပြောပုံသည် ၎င်းကို ထင်ဟပ်ပေလိမ့်မည်။
ဟောပြောချက်ကို အသေးစိတ် ရေးချထားမည့်အစား အောက်ပါတို့ကို ကြိုးစားလုပ်ကြည့်ပါ– (၁) အဓိကအကြောင်းနှင့် ထိုအဓိကအကြောင်းကို အဆင့်ဆင့်တည်ဆောက်သွားရာတွင် သင်အသုံးပြုမည့် အကြောင်းအရာ၏ အဓိကအပိုင်းကဏ္ဍများကို ရွေးချယ်ပါ။ တိုတုတ်သော ဟောပြောချက်တစ်ခုအတွက် အဓိကအချက်နှစ်ချက်သည် လုံလောက်ပေမည်။ ပိုရှည်သော ဟောပြောချက်တွင် အဓိကအချက် လေးငါးချက် ရှိနိုင်သည်။ (၂) အဓိကအချက်တစ်ခုစီ၏အောက်၌ ယင်းကို ရှင်းလင်းတင်ပြရာတွင် အသုံးပြုရန်ကြံရွယ်ထားသည့် အဓိက ကျမ်းချက်များကို ရေးမှတ်ထားပါ; ပုံဥပမာများနှင့် အဓိကအချေအတင်ပြောဆိုချက်များကိုလည်း မှတ်သားထားပါ။ (၃) ဟောပြောချက်အား မည်သို့နိဒါန်းပျိုးမည်ကို စဉ်းစားတွေးတောပါ။ ဝါကျတစ်ကြောင်းနှစ်ကြောင်းပင် သင်ရေးချထားပေမည်။ ထို့အပြင် နိဂုံးကိုလည်း စီစဉ်ထားပါ။
ဟောပြောရန်အတွက် ပြင်ဆင်မှုသည် အလွန်အရေးကြီးသည်။ သို့သော် ဟောပြောချက်ကို အလွတ်မှတ်မိစေရန်ရည်ရွယ်လျက် လုံးစေ့ပတ်စေ့ ပြန်မရွတ်ပြပါနှင့်။ လက်တန်းဟောပြောရာ၌ ဟောပြောရန်အတွက် ပြင်ဆင်မှုသည် စကားလုံးများအပေါ်မဟုတ်ဘဲ ပြောဆိုမည့် အယူအဆအပေါ် အလေးပေးသင့်သည်။ သင့်စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ရှောရှောရှူရှူ အချိတ်အဆက်မိသွားသည်အထိ အယူအဆကို ပြန်သုံးသပ်သင့်ပေသည်။ အကယ်၍ သင့်ဟောပြောချက်အဆောက်အအုံကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့်တည်ဆောက်ထားကာ ကောင်းစွာကြိုတင်စီစဉ်ထားလျှင် ယင်းသည် မခဲယဉ်းသင့်ဘဲ ဟောပြောချိန်တွင် အယူအဆများသည် သဘာဝကျကျနှင့် လွယ်လွယ်ကူကူ ထွက်လာသင့်သည်။
အကျိုးကျေးဇူးများကို ဆင်ခြင်သုံးသပ်ပါ။ လက်တန်းဟောပြောခြင်း၏ အရေးပါသောအကျိုးကျေးဇူးတစ်ခုမှာ လူတို့ အလွယ်တကူအတုံ့ပြန်ဆုံးဖြစ်သော လက်တွေ့ကျသည့်နည်းဖြင့် သင်ပြောနေခြင်းဖြစ်မည်။ သင်၏ဟောပြောပုံသည် ပို၍အသက်ဝင်လာကာ သို့နှင့် သင့်ပရိသတ်ကို ပိုမိုစိတ်ဝင်စားစေမည်။
ဤဟောပြောနည်းသည် နားထောင်နေသူများနှင့် ကြည့်မြင်ဆက်သွယ်မှု များများရရှိနိုင်စေပြီး ယင်းက သူတို့နှင့် သင်၏ဆက်သွယ်မှုကို တိုးတက်စေသည်။ ဝါကျတိုင်း၏အသုံးအနှုန်းအတွက် မှတ်စုများအပေါ် သင်အားမကိုးသောကြောင့် သင့်အကြောင်းအရာကို သင်ကောင်းစွာသိထားကြောင်းနှင့် သင်ပြောဆိုနေသည့်အရာအား အရိုးခံစိတ်ဖြင့် သင်ယုံကြည်ကြောင်း နားထောင်နေသူများဘက်မှ သာ၍ခံစားမိလာမည်။ သို့ဖြစ်၍ ဤဟောပြောနည်းက ပရိသတ်၏နှလုံးထဲရောက်နိုင်သည့် နွေးထွေးသော စကားလက်ဆုံပြောဆိုခြင်းဆိုင်ရာတင်ဆက်မှုကို ဖြစ်စေသည်။
ထို့အပြင် လက်တန်းဟောပြောခြင်းသည် ပြောင်းသာလွှဲသာ ပြုလုပ်နိုင်သည်။ အကြောင်းအရာ၌ ပြုပြင်ပြောင်းလဲမှုများ သင်မပြုလုပ်နိုင်အောင် မတင်းကျပ်ချေ။ သင်ဟောပြောချက်ပေးရမည့်နေ့စောစောပိုင်းတွင် သင့်အကြောင်းအရာနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ထူးခြားသောသတင်းတစ်ပုဒ်ရှိသည် ဆိုကြပါစို့။ ၎င်းကို ရည်ညွှန်းခြင်းသည် သင့်လျော်မည် မဟုတ်ပေလော။ သို့မဟုတ် ဟောပြောချက်ပေးနေသည့်အခါ ပရိသတ်တွင် ကျောင်းနေအရွယ်ကလေးများ ရှိနေကြကြောင်း သင်သိရှိပေမည်။ အကြောင်းအရာသည် သူတို့အသက်တာကို မည်သို့သက်ရောက်မှုရှိကြောင်း နားလည်သဘောပေါက်ရန် သူတို့အား ထောက်ကူပေးဖို့ သင်၏ပုံဥပမာများနှင့် သက်ဆိုင်ပုံကို ပြုပြင်နိုင်မည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း!
လက်တန်းဟောပြောခြင်း၏ နောက်အကျိုးတစ်ခုမှာ သင့်ကိုယ်နှိုက်စိတ်ကို လှုံ့ဆော်ပေးခြင်းဖြစ်သည်။ သင်၌ တန်ဖိုးထားပြီးတုံ့ပြန်သည့် ပရိသတ်ရှိလျှင် ကိုယ်တိုင်လှိုက်လှဲလာပြီး ယူဆချက်များကို အကျယ်တဝင့်ပြောဆို သို့မဟုတ် အလေးအနက်ပြုရန်အတွက် အချို့သောအချက်များကို ထပ်မံပြောဆိုဖို့ အချိန်ယူပေမည်။ ပရိသတ်စိတ်ဝင်စားမှုသည် မှေးမှိန်နေသည်ဟု သင်သတိပြုမိလျှင် အခြားသို့ စိတ်အာရုံပျံ့လွင့်နေသောသူတို့ကို ဟောပြောရုံသာ ဟောပြောမည့်အစား ပြဿနာကို ကျော်နင်းအောင်မြင်ရန် ခြေလှမ်းများလှမ်းနိုင်ပါသည်။
အန္တရာယ်ထောင်ချောက်များကို ရှောင်ကြဉ်ပါ။ လက်တန်းဟောပြောခြင်းတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ထောင်ချောက်များလည်းရှိကြောင်း သတိပြုသင့်ပေသည်။ တစ်ခုမှာ အချိန်ကျော်တတ်ခြင်းဖြစ်သည်။ ဟောပြောနေစဉ်အတွင်း ထပ်ဆင့်ယူဆချက်များကို များစွာထည့်သွင်းပြောဆိုပါက အချိန်ကိုက်ရန် အခက်တွေ့နိုင်သည်။ ဟောပြောချက်၏ ကဏ္ဍတစ်ခုစီအတွက် ခွင့်ပြုထားသည့်အချိန်အတိုင်း သင့်အောက်လိုင်းတွင် မှတ်သားထားပါက ယင်းကို သင်ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ ထို့နောက် ဤအစီအစဉ်ဇယားအတိုင်း အနီးကပ် လိုက်လျှောက်ပါ။
အထူးသဖြင့် အတွေ့အကြုံရှိဟောပြောသူအတွက် နောက်အန္တရာယ်တစ်ခုမှာ ယုံကြည်စိတ်ချလွန်းခြင်း ဖြစ်သည်။ လူအများရှေ့ ဟောပြောနေကျဖြစ်လာသည့်အခါ တချို့က အတွေးအဆအချို့ကို အလျင်စလို စုစည်းပြီး သတ်မှတ်ချိန် ပြည့်စေရန် မခက်ခဲကြောင်း တွေ့ရှိရပေမည်။ သို့သော် မဟာသွန်သင်ရှင်ဖြစ်သည့် ယေဟောဝါ၏ ပညာရေးအစီအစဉ်တွင် ကျွန်ုပ်တို့ပါဝင်နေကြသည်ဟူသည့်အချက်ကို နှိမ့်ချပြီး တန်ဖိုးထားခြင်းဖြင့် တာဝန်တစ်ခုစီကို ကောင်းမွန်စွာ ပြင်ဆင်ရန်နှင့် ဆုတောင်း၍ချဉ်းကပ်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်သည်။—ဟေရှာ. ၃၀:၂၀; ရော. ၁၂:၆-၈။
လက်တန်းဟောပြောခြင်း၌ အတွေ့အကြုံမရှိသော ဟောပြောသူများစွာတို့အတွက် သူတို့ပြောဆိုလိုသည့်အရာအား သူတို့မေ့သွားမည်ကို ပို၍စိုးရိမ်ကြသည်။ ဤအလားအလာကြောင့် ထိရောက်စွာ ဟောပြောခြင်းအတွက် ရှေ့ခြေတစ်လှမ်းတိုးခြင်းကို တွန့်ဆုတ်သွားစေခွင့်မပြုပါနှင့်။ ကောင်းစွာပြင်ဆင်ကာ ကိုယ်တော့်ဝိညာဉ်တော် အကူအညီအတွက် ယေဟောဝါကို မျှော်ကိုးပါ။—ယော. ၁၄:၂၆။
အခြားဟောပြောသူများသည် စကားလုံးအထားအသိုနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်သောကြောင့် တွန့်ဆုတ်ကြသည်။ မှန်ပါသည်၊ လက်တန်းဟောပြောချက်တစ်ခုတွင် စာမူဟောပြောချက်တွင်ကဲ့သို့ စကားလုံးအသုံးအနှုန်းရွေးချယ်ထားမှုနှင့် သဒ္ဒါတိကျမှု မရှိဘဲဖြစ်နိုင်သည်၊ သို့သော် ဆွဲဆောင်မှုရှိသော စကားလက်ဆုံပြောဆိုပုံသည် ယင်းတို့ကို ထေမိစေရုံထက်ပင်မကပေ။ လူတို့သည် သူတို့ အလွယ်တကူ နားလည်သည့်စကားလုံးများနှင့် ရှုပ်ထွေးခြင်းမရှိသည့် ဝါကျများဖြင့် တင်ပြပေးသည့် အယူအဆများကို ရှောရှောရှူရှူ တုံ့ပြန်ကြသည်။ ကောင်းစွာပြင်ဆင်ပါက သင့်လျော်သော စကားစုများသည် သဘာဝကျကျထွက်လာမည်၊ ၎င်းကို အလွတ်ကျက်မှတ်ထားသောကြောင့်မဟုတ်ဘဲ အယူအဆများကို လုံလုံလောက်လောက် ပြန်သုံးသပ်ထားသောကြောင့်ဖြစ်သည်။ ထို့အပြင် နေ့စဉ်စကားပြောတွင် အရည်အသွေးကောင်းသော စကားပြောဆိုပုံကို အသုံးပြုပါက စင်မြင့်ပေါ် သင်ရှိနေသည့်အခါ စကားကို သဘာဝကျကျ ပြောတတ်လာမည်။
အသုံးပြုရန် မှတ်စုအမျိုးအစားများ။ အချိန်တန်သော် လေ့ကျင့်မှုဖြင့် ဟောပြောချက်၏ အချက်တစ်ချက်စီအတွက် စကားလုံးအနည်းငယ်မျှလောက်နှင့် သင့်အောက်လိုင်းကို လျှော့လိုက်နိုင်ပေမည်။ ယင်းနှင့်အတူ အသုံးပြုဖို့ရည်ရွယ်ထားသည့် မှတ်သားထားသောကျမ်းချက်များအားလုံးကို လွယ်လွယ်ကူကူ ကိုးကားနိုင်ရန်အတွက် ကတ်ပြားတစ်ခုအပေါ် သို့မဟုတ် စာရွက်တစ်ရွက်အပေါ်တွင် မှတ်သားထားနိုင်ပေသည်။ လယ်ကွင်းဓမ္မအမှုအတွက်မူ များသောအားဖြင့် အောက်လိုင်းရိုးရိုးလေးတစ်ခုကို သင်အလွတ်ကျက်မှတ်ထားမည်။ ပြန်လည်ပတ်မှုတစ်ခုအတွက် အကြောင်းအရာတစ်ခုကို ရှာဖွေထားပါက တိုတုတ်သောမှတ်စုအနည်းငယ်ကို စာရွက်တစ်ရွက်ပေါ်ရေးသားကာ ကျမ်းစာအုပ်ကြားတွင် ညှပ်ထားပေမည်။ သို့မဟုတ် ဆွေးနွေးခန်းအတွက် အခြေခံအဖြစ် “ဆွေးနွေးရန် ကျမ်းစာအကြောင်းများ” မှအောက်လိုင်းတစ်ခု သို့မဟုတ် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း၌တွေ့ရသည့် အကြောင်းအရာတစ်ခုကို အသုံးပြုပေမည်။
သို့ရာတွင် အပတ်အနည်းငယ်အတွင်း အစည်းအဝေးအပိုင်းတော်တော်များများကို ကိုင်တွယ်ရန်သာမက လူထုဟောပြောချက်များပေးရန်လည်း တာဝန်ပေးထားခံရလျှင် မှတ်စုများကို ပို၍အကျယ်တဝင့်လုပ်ဖို့လိုကြောင်း သင်တွေ့ရှိရပေမည်။ အဘယ်ကြောင့်နည်း။ အဆိုပါတာဝန်တစ်ခုစီအား ကိုင်တွယ်ခြင်းမတိုင်မီ အကြောင်းအရာအပေါ် သင့်စိတ်ကို ပြန်လည်သစ်လွင်စေရန်ဖြစ်သည်။ သို့တိုင်၊ ဟောပြောနေစဉ်အတွင်း စကားလုံးအသုံးအနှုန်းများအတွက် မှတ်စုများအပေါ် အလွန်အမင်း အားထားလွန်းပါက—ဝါကျတိုင်းနီးပါးကို ကြည့်ရှုနေပါက—လက်တန်းဟောပြောပုံ၏ထူးခြားသော အကျိုးကျေးဇူးများကို သင်ဆုံးရှုံးသွားပေမည်။ သင်သည် မှတ်စုများကို အကျယ်တဝင့် အသုံးပြုပါက အောက်လိုင်းတွင်ပါဝင်သည့် ပေါ်လွင်စေလိုသောစကားလုံးအနည်းငယ်နှင့် ကျမ်းအကိုးအကားများကိုသာ အခန့်သင့် သင်ရည်ညွှန်းနိုင်ရန် ယင်းမှတ်စုများကို အမှတ်အသားပြုထားပါ။
အတွေ့အကြုံရှိဟောပြောသူတစ်ဦး၏ ဟောပြောချက်သည် များသောအားဖြင့် လက်တန်းဟောပြောခြင်းကို အဓိကထင်ပေါ်စေသင့်သော်လည်း အခြားသော အဟောအပြောပုံစံများ ထည့်သွင်းသွားခြင်းကလည်း အကျိုးများရရှိနိုင်ပါသည်။ ပရိသတ်နှင့်ဆက်သွယ်မှုကောင်းဖို့ ခြေမြစ်ခိုင်လုံပြီး စကားလုံးဂရုတစိုက်ရွေးချယ်ထားသော အဆိုပြုချက်များတွဲဖက်ပေးရန် လိုအပ်သည့် နိဒါန်းနှင့်နိဂုံးတို့တွင် အလွတ်ကျက်မှတ်ထားသော ဝါကျအနည်းငယ်သည် ထိရောက်နိုင်ပေသည်။ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ အကိုးအကားများ သို့မဟုတ် ကျမ်းချက်များ အသုံးပြုသည့်အခါ ဖတ်ရှုခြင်းသည် သင့်လျော်ပြီး ထိရောက်စွာ အသုံးပြုနိုင်ပါသည်။
အခြားသူများက ရှင်းပြပေးရန် တောင်းဆိုသည့်အခါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကြိုတင်ပြင်ဆင်ခွင့်မရရှိဘဲ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ရှင်းပြရန် တောင်းဆိုခံရသည်။ လယ်ကွင်းလုပ်ငန်း၌ ကျွန်ုပ်တို့တွေ့ဆုံရသူတစ်ဦးဦးက ကန့်ကွက်လာသည့်အခါ ထိုသို့ဖြစ်ပျက်လာနိုင်ပေသည်။ ဆွေမျိုးများနှင့်အတူရှိချိန်၊ အလုပ်ခွင်၌ သို့မဟုတ် ကျောင်း၌ အလားတူအခြေအနေများ ပေါ်ပေါက်လာနိုင်သည်။ အစိုးရအရာရှိများကလည်း ကျွန်ုပ်တို့၏ယုံကြည်ချက်များ၊ ကျွန်ုပ်တို့၏ ဘဝလမ်းစဉ်နှင့်ပတ်သတ်သော ရှင်းပြချက်များကို တောင်းဆိုကြပေမည်။ ကျမ်းစာက ဤသို့တိုက်တွန်းထားသည်– “သင်တို့၌ တည်ရှိသော မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းအားဖြေဆိုရန် အခါခပ်သိမ်းအသင့်ရှိနေကြလော့။ သို့ရာတွင် နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာဖြေကြားကြလော့။”—၁ ပေ. ၃:၁၅၊ ကဘ။
တမန်တော် ၄:၁၉၊ ၂၀ ၌ မှတ်တမ်းတင်ထားသည့်အတိုင်း ပေတရုနှင့်ယောဟန်တို့သည် ဂျူးဆဲန်ဟီဒရင်အား မည်သို့ ပြန်ကြားခဲ့ကြောင်း သတိပြုပါ။ ဝါကျနှစ်ကြောင်းတည်းဖြင့် သူတို့၏ရပ်တည်ချက်ကို ရှင်းလင်းစွာတင်ပြခဲ့သည်။ တမန်တော်များရင်ဆိုင်နေရသော အမှုသည် တရားလွှတ်တော်မှလည်း ရင်ဆိုင်ရသည့်အမှုဖြစ်ကြောင်း ထောက်ပြကာ မိမိတို့ပရိသတ်အတွက် သင့်လျော်သည့်နည်းဖြင့် ဖော်ပြခဲ့ကြသည်။ နောက်ပိုင်းတွင် သတေဖန်သည် မတရားစွပ်စွဲခံရကာ ဤတရားလွှတ်တော်ရှေ့ရောက်ခဲ့ရသည်။ သူ၏ထက်မြက်သော လက်တန်းဖြေကြားချက်ကို တမန်တော် ၇:၂-၅၃ ၌ ဖတ်ရှုကြည့်ပါ။ သူ၏အကြောင်းအရာကို မည်သို့ စနစ်တကျစုစည်းထားသနည်း။ သူသည် သမိုင်းစဉ်အတိုင်း အဖြစ်အပျက်များကို တင်ပြခဲ့သည်။ သင့်တော်သည့် အနေအထားသို့ရောက်သော် ဣသရေလလူမျိုးတို့ ပြသခဲ့သည့် ပုန်ကန်သောစိတ်ဓာတ်ကို စ၍အလေးပေးတင်ပြခဲ့သည်။ နိဂုံးတွင် ဆဲန်ဟီဒရင်သည် ဘုရားသခင်၏သားတော်အား သေဒဏ်ပေးခြင်းဖြင့် ထပ်တူစိတ်ဓာတ်ကို ပြသခဲ့ကြောင်း တင်ပြခဲ့သည်။
သင့်ယုံကြည်ချက်များနှင့်ပတ်သက်၍ လက်တန်းရှင်းပြချက်များပေးရန် တောင်းဆိုခံရသောအခါ အဘယ်အရာက သင့်တင်ပြချက်များကို ထိမိစေနိုင်သနည်း။ ဘုရင် အာတဇေရဇ်ထုတ်လိုက်သည့် မေးခွန်းတစ်ခုကိုမဖြေဆိုမီ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည့် နေဟမိကို အတုယူပါ။ (နေ. ၂:၄) ထို့နောက် စိတ်ဖြင့် အောက်လိုင်းတစ်ခုကို လျင်မြန်စွာ ပုံဖော်လိုက်ပါ။ အခြေခံအဆင့်များသည် ဤစာရင်းအတိုင်း ဖြစ်ပေမည်– (၁) ရှင်းပြချက်တွင်ပါဝင်သင့်သော အချက်တစ်ချက်နှစ်ချက်ကို ရွေးချယ်ပါ (ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းမှ အချက်များကို အသုံးပြုရန် သင်ရွေးချယ်နိုင်ပေသည်)။ (၂) ထိုအချက်များအား ထောက်မပေးရန် အဘယ်ကျမ်းချက်များ အသုံးပြုမည်ကို ဆုံးဖြတ်ပါ။ (၃) စုံစမ်းမေးမြန်းသူ နားထောင်ချင်စိတ်ရှိရန် လိမ္မာပါးနပ်စွာ မည်သို့စတင်ရှင်းပြမည်ကို စီစဉ်ပါ။ ထို့နောက် စ၍ပြောပါ။
ဖိအားပေးမှုအောက် ပြုလုပ်ရမည့်အရာကို သင်မှတ်မိပါသလော။ မိမိနောက်တော်လိုက်များအား ယေရှု ဤသို့ပြောဆိုခဲ့သည်– “အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည်ရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။” (မ. ၁၀:၁၉၊ ၂၀) ယင်းက ပထမရာစု ခရစ်ယာန်များနည်းတူ အံ့သြဖွယ်နည်းဖြင့် “ပညာတရား” ကို သင်ရရှိမည်ဟု မဆိုလိုပါ။ (၁ ကော. ၁၂:၈) သို့သော် ခရစ်ယာန်အသင်းတော်တွင် ကိုယ်တော်၏ကျေးကျွန်များအတွက် ယေဟောဝါ ပြင်ဆင်ပေးထားသည့် ပညာရေးကို မှန်မှန်ခံယူပါက လိုအပ်လာသည့်အချိန်၌ သန့်ရှင်းသောဝိညာဉ်တော်သည် လိုအပ်သော သတင်းအချက်အလက်ကို သင့်စိတ်ထဲတွင်ပြန်ပေါ်လာရန် လုပ်ဆောင်ပေးမည်။—ဟေရှာ. ၅၀:၄။
လက်တန်းဟောပြောချက်သည် အလွန်ထိရောက်နိုင်သည်မှာ ယုံမှားဖွယ်မရှိချေ။ အသင်းတော်တွင် တာဝန်များကို ကိုင်တွယ်သည့်အခါ ယင်းကို မှန်မှန်လေ့ကျင့်ပါက လိုအပ်လာသည့်အခါ လက်တန်းပြောဆိုခြင်းသည် ခက်ခဲမည်မဟုတ်တော့ချေ၊ အကြောင်းမှာ အလားတူ အောက်လိုင်းရေးဆွဲခြင်းနည်းများကြောင့်ဖြစ်သည်။ မတွန့်ဆုတ်ပါနှင့်။ လက်တန်းပြောဆိုရန် သင်ယူခြင်းက သင့်လယ်ကွင်းဓမ္မအမှုကို ပို၍ထိရောက်စေရန် ကူညီပေးပါလိမ့်မည်။ ထို့အပြင် သင်သည် အသင်းတော်တွင် ဟောပြောချက်များပေးရန် အခွင့်အလမ်းရရှိပါက ပရိသတ်၏စိတ်ဝင်စားမှုကို ပိုမိုဆွဲဆောင်နိုင်ပြီး သူတို့၏နှလုံးကို ပို၍ထိမိစေပါလိမ့်မည်။