ငရဲကလေး
အဓိပ္ပာယ်သတ်မှတ်ချက်– “[ရိုမင်ကက်သလစ်] အသင်းသွန်သင်ချက်အရ၊ နောင်တမလွန်ကမ္ဘာမှဘဝ၊ နေရာ၊ သို့မဟုတ် အခြေအနေဖြစ်သည်။ . . . မစုံလင်မှုရှိသမျှမှမကင်းလွတ်သေးသော်လည်း ဘုရားမျက်နှာသာတော်ရသောစိုးလ်များသည် လွှတ်တော်မူခြင်းမခံရသေးသော မိမိတို့အပြစ်ကလေးများအတွက်ဖြစ်စေ၊ လွှတ်တော်မူခြင်းခံရပြီးသော အပြစ်အသေးအမွှားများအတွက်ဖြစ်စေ၊ ထိုကမ္ဘာ၌ ယာယီဒဏ်ခံခြင်းဖြင့် ကောင်းကင်မတက်မီ စင်ကြယ်ခြင်းသို့ရောက်ကြသည်။” (ကက်သလစ်စွယ်စုံကျမ်းသစ်၊ ၁၉၆၇၊ အတွဲ ၁၁၊ စ. ၁၀၃၄) သမ္မာကျမ်းစာသွန်သင်ချက်မဟုတ်။
ငရဲကလေးအယူသည် အဘယ်အရာအပေါ်အခြေပြုသနည်း
၂ မက္ကဘီး ၁၂:၃၉-၄၅၊ မဿဲ ၁၂:၃၂ နှင့် ၁ ကောရိန္သု ၃:၁၀-၁၅ စသောကျမ်းချက်များနှင့်ပတ်သက်သည့် ကက်သလစ်စာရေးဆရာများ၏ရေးသားချက်များကို သုံးသပ်သည့်နောက် ကက်သလစ်စွယ်စုံကျမ်းသစ်၊ (၁၉၆၇၊ အတွဲ ၁၁၊ စ. ၁၀၃၄) က ဤသို့ဝန်ခံ၏– “အချုပ်ဆိုသော်၊ ကက်သလစ်အသင်း၏ငရဲကလေးအယူသည် သန့်ရှင်းသောကျမ်းစာပေါ်မဟုတ်ဘဲ၊ မိရိုးဖလာအယူပေါ်အခြေပြု၏။”
“[ကက်သလစ်] အသင်းသည် ကောင်းကင်နှင့်ငရဲစပ်ကြား ဘုံခုလတ်အယူကိုထောက်ခံရန် မိရိုးဖလာအယူအဆကို အားထားလာခဲ့သည်။”—ယူ.အက်စ်. ကက်သလစ်၊ ၁၉၈၁ မတ်လ၊ စ. ၇။
ငရဲကလေး၏သဘောသဘာဝနှင့်ပတ်သက်၍ ကက်သလစ်ပြောရေးဆိုခွင့်ရှိသူများက မည်သို့ဆိုကြသနည်း
“လူများစွာတို့က ငရဲကလေး၌ ဆင်းရဲအပြည့်အဝခံခြင်းသည် ပီတိချမ်းသာရူပါရုံ ယာယီရုပ်သိမ်းခံရခြင်းနှင့်ဆက်စပ်သည်ဟု ယူမှတ်ကြသည်။ သို့သော် ပို၍ပျံ့နှံ့သောအယူမှာ ထိုဆင်းရဲခြင်းအပြင် ဒဏ်အချို့ ဧကန်ခံရသည်ဟူ၏။ . . . လက်တင်အသင်း၌ ထိုနာကျင်မှုမှာ ပကတိမီးဖြင့်ဖြစ်သည်ဟု ယေဘုယျအားဖြင့်ယူဆကြသည်။ သို့တစေ၊ ထိုအယူသည် ငရဲကလေးအယူ၏အရေးပါသောအချက်မဟုတ်။ သေပင်မသေချာချေ။ . . . အရှေ့တိုင်းဓမ္မပညာဆရာများနည်းတူ မီးဝေဒနာခံခြင်းအယူကို ငြင်းပယ်သည်တိုင်အောင် ငရဲကလေး၌ ဧကန်ခံရသောဒဏ်အားလုံးကို မပယ်မိရန် သတိပြုသင့်သည်။ တကယ့်ဆင်းရဲမှု၊ ကြေကွဲဝမ်းနည်းမှု၊ ကြိတ်မနိုင် ခဲမရဖြစ်မှု၊ ဩတ္တပ္ပစိတ်အရှက်ရမှုနှင့် အခြားသောဝိညာဏပူဆွေးမှုများရှိသေးသဖြင့် စိုးလ်ကိုတကယ်နာကျင်စေနိုင်သည်။ . . . မည်သို့ပင်ဖြစ်စေ၊ ထိုစိုးလ်တို့သည် ဆင်းရဲခံနေရသည့်ကြားမှ ကယ်တင်ခြင်းမုချရမည်ဟူသောမဟာပီတိကို ခံစားကြရကြောင်း ကျွန်ုပ်တို့သတိရသင့်၏။”—ကက်သလစ်စွယ်စုံကျမ်းသစ် (၁၉၆၇) ၊ အတွဲ ၁၁၊ စစ. ၁၀၃၆၊ ၁၀၃၇။
“ငရဲကလေးအတွင်း ဘာဖြစ်သည်ကို မည်သူမျှတပ်အပ်မပြောနိုင်။”—ယူ.အက်စ်. ကက်သလစ်၊ ၁၉၈၁ မတ်လ၊ စ. ၉။
ကိုယ်ခန္ဓာသေသောအခါ စိုးလ်ကျန်ရစ်သလော
ယေဇ. ၁၈:၄– “ပြစ်မှားသောဝိညာဉ် [ဟေဗြဲ၊ ne’phesh (နီဖက်ရှ်)] သည် အသက်သေရမည်။”
ယာ. ၅:၂၀– “အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှပြန်စေသောသူသည် ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်။” (ဖြည့်စွက်စာလုံးစောင်း) (ဤတွင် ဝိညာဉ်၏သေခြင်းကိုဆိုနေကြောင်း သတိပြုပါ။)
အသေးစိတ်အကြောင်းကို အဓိကခေါင်းစဉ် “သေခြင်း” နှင့် “စိုးလ်” တွင်ရှု။
လူသေပြီးနောက် အပြစ်အတွက် နောက်ထပ်အပြစ်ဒဏ်ခံရသလော
ရော. ၆:၇– “သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။”
လူသေသည် မိမိကယ်တင်ခြင်းရမည်ဟူသောစိတ်ချယုံကြည်မှုဖြင့် ပီတိဖြစ်နိုင်သလော
ဒေ. ၉:၅– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။”
ဟေရှာ. ၃၈:၁၈– “အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကိုမချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။” (ထို့ကြောင့် သူတို့သည် “ကယ်တင်ခြင်းမုချရမည်ဟူသောမဟာပီတိကို” မည်သို့ “ခံစား” နိုင်မည်နည်း။)
ကျမ်းစာအရ လူသည် အဘယ်အရာဖြင့် အပြစ်ဆေးကြောခြင်းခံရသနည်း
၁ ယော. ၁:၇၊ ၉– “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ကျင်လည်လျှင် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှတို့ကိုဆေးကြောတော်မူ၏။ . . . ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”
ဗျာ. ၁:၅– “ယေရှုခရစ် [သည်] . . . ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ [ပြီ။]”