အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် အတွက် ကိုးကားချက်များ
ဖေဖော်ဝါရီ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၄၇-၅၁
“ယေဟောဝါကို နာခံတာက ကောင်းချီးရစေ”
(ဟေရှာယ ၄၈:၁၇) သင့်ကိုရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ငါသည် သင်၏အကျိုးနှင့်ယှဉ်သော အရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
ယေဟောဝါ ကျွန်ုပ်တို့၏အကျိုးအတွက် သွန်သင်ပေး
“ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ”
၁၈ ယေဟောဝါ၏ဝိညာဉ်တော်ဖြင့် အခွင့်အာဏာအပ်နှင်းခံရသော ပရောဖက်က ဤသို့ကြွေးကြော်၏– “အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။’” (ဟေရှာယ ၄၈:၁၆ခ၊ ၁၇) ယေဟောဝါ၏ ဂရုစိုက်စောင့်ရှောက်မှုကို ဤသို့မေတ္တာဖြင့်ဖော်ပြခြင်းက ဘုရားသခင်သည် ဣသရေလလူမျိုးများအား ဗာဗုလုန်မှလွတ်မြောက်စေမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသင့်သည်။ ကိုယ်တော်သည် သူတို့ကိုရွေးနုတ်သောအရှင်ဖြစ်တော်မူ၏။ (ဟေရှာယ ၅၄:၅) ဣသရေလလူမျိုး ကိုယ်တော်နှင့်ဆက်ဆံရေးပြန်လည်ရရှိလာပြီး ကိုယ်တော်၏ပညတ်တို့ကို ဂရုပြုစောင့်ရှောက်ရန်မှာ ယေဟောဝါ၏ ထက်သန်သောဆန္ဒဖြစ်သည်။ စစ်မှန်သောဝတ်ပြုရေးသည် ဘုရားသခင့်ညွှန်ကြားချက်များကို နာခံခြင်းအပေါ် အခြေခံသည်။ ဣသရေလလူမျိုးသည် “သွားအပ်သောလမ်း” ကိုပြသသွန်သင်ခြင်းမခံရပါက လမ်းမှန်ပေါ်လျှောက်နိုင်မည်မဟုတ်ပါ။
(ဟေရှာယ ၄၈:၁၈) သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
ယေဟောဝါ ကျွန်ုပ်တို့၏အကျိုးအတွက် သွန်သင်ပေး
၁၉ လူမျိုးတော်သည် ဒုက္ခဆင်းရဲနှင့်မတွေ့ဘဲ ပျော်ရွှင်သောအသက်တာကို ခံစားစေလိုသည့် ယေဟောဝါ၏ဆန္ဒကို ဤသို့လှပစွာဖော်ပြထား၏– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၄၈:၁၈) အနန္တတန်ခိုးနှင့်ပြည့်စုံသော ဖန်ဆင်းရှင်ထံမှ လှိုက်လှဲသောမေတ္တာရပ်ခံချက်ပါတကား! (တရားဟောရာ ၅:၂၉။ ဆာလံ ၈၁:၁၃) သုံ့ပန်းဘဝအရောက်ခံမည့်အစား ဣသရေလလူမျိုးသည် မြစ်တစ်ခုအတွင်းစီးဆင်းနေသော မြစ်ရေကဲ့သို့ ငြိမ်သက်ခြင်းကို အလျှံပယ်ခံစားနိုင်ကြသည်။ (ဆာလံ ၁၁၉:၁၆၅) သူတို့၏ဖြောင့်မတ်သောအမှုများသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ မရေမတွက်နိုင်အောင် များနိုင်သည်။ (အာမုတ် ၅:၂၄) ယင်းတို့ကို အမှန်စိတ်ဝင်စားသောပုဂ္ဂိုလ်တစ်ဦးအနေနှင့် ယေဟောဝါသည် ဣသရေလလူမျိုး လျှောက်သင့်သည့်လမ်းကို မေတ္တာပါစွာပြပေးခြင်းဖြင့် မေတ္တာရပ်ခံခဲ့သည်။ သူတို့နားထောင်မည်ဆိုလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း!
(ဟေရှာယ ၄၈:၁၉) သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည် သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏ နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။
ယေဟောဝါ ကျွန်ုပ်တို့၏အကျိုးအတွက် သွန်သင်ပေး
၂၀ ဣသရေလလူမျိုး နောင်တရကြမည်ဆိုလျှင် အဘယ်ကောင်းချီးများ ခံစားရမည်နည်း။ ယေဟောဝါဤသို့မိန့်တော်မူ၏– “သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည် သမုဒ္ဒရာကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။” (ဟေရှာယ ၄၈:၁၉) အာဗြဟံ၏အမျိုးအနွယ်သည် “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း” ပွားများစေမည်ဟူသော မိမိ၏ကတိတော်ကို လူမျိုးတော်အား ယေဟောဝါပြန်လည်သတိရစေသည်။ (ကမ္ဘာဦး ၂၂:၁၇။ ၃၂:၁၂) သို့ရာတွင် အာဗြဟံမှဆင်းသက်လာသော ထိုအမျိုးအနွယ်သည် ပုန်ကန်သူများဖြစ်လာကြပြီး သူတို့သည် ပရောဖက်ပြုချက်ပြည့်စုံမှုကို မခံစားထိုက်ကြပါ။ အမှန်ပင်၊ ယေဟောဝါ၏ပညတ်တရားအရ သူတို့အမည်သည် လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ခြင်းခံထိုက်သည့်အထိ နာမည်ဆိုးစာရင်းဝင်ခဲ့သည်။ (တရားဟောရာ ၂၈:၄၅) သို့တိုင် ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ဖျောက်ဖျက်ဖို့မရည်ရွယ်ပါ၊ သူတို့ကို လုံးဝမစွန့်ပစ်လိုပါ။
၂၁ ဤလေးနက်သော ကျမ်းပိုဒ်တွင် ပါသောမူများသည် ယနေ့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများနှင့် သက်ဆိုင်သည်။ ယေဟောဝါသည် အသက်၏ရင်းမြစ်ဖြစ်ရာ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘဝအသက်တာအား မည်သို့အသုံးပြုသင့်သည်ကို မည်သူထက်မဆို ပို၍သိတော်မူ၏။ (ဆာလံ ၃၆:၉) ကိုယ်တော် ကျွန်ုပ်တို့ကို လမ်းညွှန်ချက်များပေးတော်မူခြင်းမှာ ကျွန်ုပ်တို့၌ ပျော်ရွှင်မှု ကင်းမဲ့သွားစေရန်မဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်သည်။ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါ၏သွန်သင်မှုကိုခံယူရန် ရှာကြံခြင်းဖြင့် တုံ့ပြန်ကြသည်။ (မိက္ခာ ၄:၂) ကိုယ်တော်၏ညွှန်ကြားချက်များသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အကာအကွယ်ပေးသည်၊ ထို့ပြင် ၎င်းတို့သည် စာတန်၏ ယိုယွင်းဖောက်ပြန်သောသြဇာ အလွှမ်းမခံရလေအောင် ကျွန်ုပ်တို့ကို အကာအကွယ်ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်တော်နောက်ဝယ်ရှိ မူများကို နားလည်သဘောပေါက်လာသည့်အခါ ကျွန်ုပ်တို့၏အကျိုးအတွက် ယေဟောဝါသွန်သင်ပေးကြောင်း တွေ့မြင်လာသည်။ “ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ကြောင်း ကျွန်ုပ်တို့သိလာသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဖျက်ဆီးခံရမည်မဟုတ်ပါ။—၁ ယောဟန် ၂:၁၇။ ၅:၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၄၉:၆) သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ ငါ့အမှုကို ဆောင်ရွက်သော အမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
က၀၇ ၁-၁၅ ၉ အပိုဒ် ၈
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂
၄၉:၆—မေရှိယ၏ မြေကြီးအမှုဆောင်ခြင်းသည် ဣသရေလလူမျိုးအတွက်သာ ဖြစ်သော်လည်း ကိုယ်တော်သည် “တစ်ပါးအမျိုးသားတို့လင်းစရာ” မည်သို့ဖြစ်သနည်း။ ယေရှုသေပြီးနောက် ဖြစ်ပျက်ခဲ့ရာများကြောင့် ဖြစ်သည်။ သမ္မာကျမ်းစာက ဟေရှာယ ၄၉:၆ သည် ကိုယ်တော့်တပည့်များနှင့်သက်ဆိုင်ကြောင်း ဖော်ပြသည်။ (တမန်တော် ၁၃:၄၆၊ ၄၇) ယနေ့ လူအုပ်ကြီး၏ထောက်မမှုဖြင့် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “တစ်ပါးအမျိုးသားတို့လင်းစရာ” အဖြစ်အမှုဆောင်နေပြီး ‘လောကနိုင်ငံအရပ်ရပ်ရှိ’ လူတို့ကို အလင်းထွန်းလင်းနေကြပါသည်။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။
(ဟေရှာယ ၅၀:၁) ထာဝရဘုရား မိန့်တော်မူသည်ကား ငါလွှတ်လိုက်သော သင်တို့အမိ၏ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သောကြွေးရှင်ထံ၌ သင်တို့ကိုငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသောဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့် သင်တို့အမိကို ငါလွှတ်လိုက်၏။
it-1–E ၆၄၃ အပိုဒ် ၄-၅
ကွာရှင်းခြင်း
ပုံဆောင်ကွာရှင်းခြင်း။ ကျမ်းစာထဲမှာ အိမ်ထောင်ရေးကိစ္စကို ပုံဆောင်စကားနဲ့ အသုံးပြုထားတာ ရှိတယ်။ (ဟေရှာ. ၅၄:၁၊ ၅၊ ၆။ ၆၂:၁-၆) ပုံဆောင်သဘောနဲ့ ကွာရှင်းတာ၊ သစ္စာမရှိတဲ့ မိန်းမကို စွန့်ပစ်တာတွေ ဖော်ပြတာလည်း ရှိတယ်။—ယေ. ၃:၈။
ဘီစီ ၆၀၇ မှာ ယုဒနိုင်ငံ ကျဆုံးသွားပြီး ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့အခါ ပြည်သူပြည်သားတွေ ဗာဗုလုန်ကို ပြည်နှင်ခံရတယ်။ ဒီလိုမဖြစ်ခင် ယေဟောဝါက “ငါလွှတ်လိုက်သော သင်တို့အမိ၏ဖြတ်စာသည် အဘယ်မှာရှိသနည်း” လို့ ဂျူးတွေကို နှစ်ချီပြီး ကြိုဟောခဲ့တယ်။ (ဟေရှာ. ၅၀:၁) သူတို့ရဲ့ “အမိ” လို့တင်စားတဲ့ အစ္စလူမျိုးကို ယေဟောဝါက ပဋိညာဉ် ဖျက်ပြီး ကွာရှင်းတာမဟုတ်ဘဲ သူတို့ကိုယ်တိုင် ပညတ်ပဋိညာဉ်ကို ချိုးဖောက်လို့ လွှတ်လိုက်တာဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးတချို့က နောင်တရပြီး ယေဟောဝါကို ခင်ပွန်းအဖြစ် လက်ခံမယ်၊ နေရင်းပြည်မှာ ပြန်နေချင်တယ်လို့ ဆုတောင်းတယ်။ ယေဟောဝါက မိမိနာမကို ထောက်ပြီး ကတိရှိတဲ့အတိုင်း အနှစ် ၇၀ လူဆိတ်ညံစေပြီးနောက် ဘီစီ ၅၃၇ မှာ သူတို့ကို ပြည်တော် ပြန်ပို့တယ်။—ဆာ. ၁၃၇:၁-၉။ အိမ်ထောင်ရေးကိုရှု။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၅၁:၁၂-၂၃) သင်တို့ကို နှစ်သိမ့်စေသောသူကား အခြားသူမဟုတ်၊ ငါ ကိုယ်တိုင်ပေတည်း။ သေရသောလူကိုလည်းကောင်း၊ မြက်ပင်ကဲ့သို့ဖြစ်လတ္တံ့သော လူသားကိုလည်းကောင်း သင်သည်ကြောက်ရမည်အကြောင်း အဘယ်သို့သော သဘောရှိသနည်း။ ၁၃ မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော သင့်ကိုဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည်မေ့လျော့၍ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့် သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း အဘယ်သို့သောသဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။ ၁၄ အချုပ်ခံရသောသူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ်၊ လျင်မြန်စွာ ကယ်နုတ်ခြင်းသို့ရောက်လိမ့်မည်။ ၁၅ ငါသည် သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကိုဟုန်းစေသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားပေတည်း။ ၁၆ မိုးကောင်းကင်ကို ဆောက်၍ မြေကြီးကိုတည်စေခြင်းငှာလည်းကောင်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကိုပြောစေခြင်းငှာ လည်းကောင်း ငါ့စကားကို သင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။ ၁၇ ထာဝရဘုရား၏လက်တော်၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့ နိုးလော့။ နိုး၍ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန်သောက်ခဲ့ပြီ။ အနည်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ။ ၁၈ ကိုယ်တိုင် ဖွားမြင်သောသားတို့တွင် သင့်ကိုလမ်းပြသောသူ တစ်ယောက်မျှမရှိ။ ကိုယ်တိုင် မွေးစားသော သားတို့တွင် သင့်ကိုလက်ဆွဲသောသူ တစ်ယောက်မျှ မရှိ။ ၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏ အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။ ၂၀ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ဖမ်းမိသောစိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။ ၂၁ သို့ဖြစ်၍ ညှဉ်းဆဲခြင်းကိုခံရသောသူ၊ စပျစ်ရည်မှတစ်ပါး အခြားသောယစ်မျိုးနှင့် ယစ်မူးသောသူ နားထောင်လော့။ ၂၂ သင်၏အရှင်၊ မိမိလူတို့၏အမှုကိုစောင့်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှငါရုပ်၍ သင်သည် နောက်တစ်ဖန်မသောက်ရ။ ၂၃ သင်သည် ခရီးသွား သောသူတို့ရှေ့မှာ ကိုယ်ကိုမြေတံတားလုပ်၍ အလျားဝပ်စေခြင်းငှာ ဝပ်လျက်နေတော့။ ငါကျော်သွားမည် ဟုဆို၍ သင့်ကိုညှဉ်းဆဲသောသူတို့လက်၌ ထိုဖလားကို ငါထားမည်။
ဖေဖော်ဝါရီ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၅၂-၅၇
“ကျွန်တော်တို့အတွက် ခရစ်တော် ဆင်းရဲဝေဒနာခံခဲ့၏”
(ဟေရှာယ ၅၃:၃-၅) မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ။ ၄ သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို လည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည်ထင်မှတ်ကြပြီ။ ၅ ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။
က၀၉ ၁-၁၅ ၂၆ အပိုဒ် ၃-၅
ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
“မထီမဲ့မြင်ပြုခြင်း” ကိုခံရပြီး “ပမာဏမပြုကြ”
၃ ဟေရှာယ ၅၃:၃ [သမ္မာ] ကိုဖတ်ပါ။ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ခမည်းတော်ဘေးတွင် ရွှင်လန်းစွာအမှုဆောင်နေရသည့်အခြေအနေကိုစွန့်လွှတ်ပြီး လူသားတို့ကို အပြစ်နှင့်သေခြင်းမှကယ်တင်ရန် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ်ပေးဆက်ဖို့ မြေကြီးပေါ်ကြွလာခြင်းသည် အဘယ်အဓိပ္ပာယ်ရှိမည်ကို မြင်ယောင်ကြည့်ပါ။ (ဖိ. ၂:၅-၈) မောရှေပညတ်တွင် တိရစ္ဆာန်ယဇ်ပူဇော်ခြင်းဖြင့်ပုံရိပ်ပြခဲ့သော ကိုယ်တော်၏ပူဇော်ရာယဇ်သည် အပြစ်များမှ အမှန်တကယ်ခွင့်လွှတ်မှုရစေသည်။ (ဟေဗြဲ ၁၀:၁-၄) ကတိထားရာမေရှိယကို စောင့်မျှော်နေကြသောဂျူးတို့၏ ကြိုဆိုမှုနှင့်ဂုဏ်တင်မှုကို ကိုယ်တော်ခံရသင့်သည်မဟုတ်လော။ (ယော. ၆:၁၄) ယင်းသို့ဖြစ်မည့်အစား ဟေရှာယပရောဖက်ပြုခဲ့သည့်အတိုင်း ခရစ်တော်သည် ဂျူးတို့၏ “မထီမဲ့မြင်ပြုခြင်း” ကိုခံခဲ့ရပြီး သူတို့သည် ကိုယ်တော့်ကို “ပမာဏမပြု” ခဲ့ကြပါ။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “ကိုယ်တော်သည် မိမိလူမျိုးရှိရာအရပ်သို့ ကြွလာသော်လည်း သူတို့သည် လက်မခံဘဲနေကြ၏။” (ယော. ၁:၁၁) တမန်တော်ပေတရုက ဂျူးတို့အား ဤသို့ပြောခဲ့၏– “ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် ကျွန်တော်ရင်းယေရှုအား ဘုန်းထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုသူကိုအပ်နှံကြ၏။ ပိလတ်မင်းက လွှတ်မည်ဟုဆုံးဖြတ်သောအခါ သူ့ကို ပိလတ်မင်းရှေ့တွင် သင်တို့ငြင်းပယ်ခဲ့ကြ၏။ သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ် . . . ကြ၏။”—တ. ၃:၁၃၊ ၁၄။
၄ ဟေရှာယက ယေရှုသည် “အနာရောဂါနှင့်ကျွမ်းဝင်သောသူဖြစ်၏” ဟူ၍လည်း ပရောဖက်ပြုခဲ့သည်။ ယေရှုသည် ဓမ္မအမှုဆောင်ချိန်အတွင်း မောပန်းနွမ်းနယ်သည့်အခါများ အမှန်ပင်ရှိခဲ့သည်၊ သို့သော် ယင်းက ကိုယ်တော်ဖျားနာသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ (ယော. ၄:၆) သို့သော် ကိုယ်တော်သည် မိမိဟောပြောသောသူတို့၏ ဖျားနာမှုနှင့်အကျွမ်းဝင်လာခဲ့သည်။ သူတို့ကိုသနားကာ များစွာသောသူတို့ကို ပျောက်ကင်းသက်သာစေခဲ့သည်။ (မာ. ၁:၃၂-၃၄) သို့ဖြင့် ယေရှုသည် ဤပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့၏– “ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။”—ဟေရှာ. ၅၃:၄က။ မ. ၈:၁၆၊ ၁၇။
‘ဘုရားသခင်ပေး’ သည့်အလားဖြစ်ခဲ့
၅ ဟေရှာယ ၅၃:၄ခ [ခမ] ကိုဖတ်ပါ။ ယေရှုနှင့်တစ်ခေတ်တည်းသားများစွာသည် အဘယ်ကြောင့် ကိုယ်တော်ဆင်းရဲဝေဒနာခံရပြီးသေရသည်ကို နားမလည်ခဲ့ကြပါ။ ဘုရားသခင်သည် ကိုယ်တော်အား အပြစ်ပေးခြင်းဖြစ်သည်၊ တစ်နည်းဆိုရလျှင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အနာရောဂါနှင့်ဒဏ်ခတ်ခံရသည့်အလားဖြစ်သည်ဟု သူတို့ယူမှတ်ခဲ့ကြသည်။ (မ. ၂၇:၃၈-၄၄) ဂျူးတို့သည် ယေရှုအား ဘုရားသခင်ကိုစော်ကားပြောဆိုသူဟု စွပ်စွဲခဲ့ကြသည်။ (မာ. ၁၄:၆၁-၆၄။ ယော. ၁၀:၃၃) အမှန်မှာ ယေရှုသည် အပြစ်သားတစ်ဦးမဟုတ်သကဲ့သို့ ဘုရားသခင်အားစော်ကားပြောဆိုသူလည်း မဟုတ်ခဲ့ပါ။ ခမည်းတော်အား ကိုယ်တော်၏လွန်စွာချစ်မြတ်နိုးမှုကိုထောက်မည်ဆိုလျှင် ဘုရားသခင်အားစော်ကားသူဟုစွပ်စွဲခံရပြီး သေဆုံးရသည့်အဖြစ်သည် ယေဟောဝါ၏ကျွန်အနေနှင့် ကိုယ်တော်၏နာကျင်မှုကို ထပ်၍တိုးစေခဲ့မည်ဖြစ်သည်။ သို့သော်လည်း ကိုယ်တော်သည် ယေဟောဝါ၏အလိုတော်ကို လိုလိုလားလားနာခံခဲ့သည်။—မ. ၂၆:၃၉။
(ဟေရှာယ ၅၃:၇၊ ၈) ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။ ၈ မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သောသူတို့၏နေရာမှ သူ့ကိုသုတ်သင်ပယ်ရှင်းသည်ဖြစ်၍ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။
က၀၉ ၁-၁၅ ၂၇ အပိုဒ် ၁၀
ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
“အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့”
၁၀ ဟေရှာယ ၅၃:၇၊ ၈ ကိုဖတ်ပါ။ နှစ်ခြင်းဆရာယောဟန်သည် ယေရှုလာနေသည်ကို မြင်သည့်အခါ “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြလော့” ဟုကြွေးကြော်ခဲ့သည်။ (ယော. ၁:၂၉) ယောဟန်သည် ယေရှုကို သိုးသငယ်ဟုပြောရာတွင် ဟေရှာယ၏ဤစကားများကို စိတ်ထဲရှိခဲ့ပေမည်– “အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား” သည်။ (ဟေရှာ. ၅၃:၇) “မိမိအသက်ကို သေခြင်း၌သွန်း” သည်ဟု ဟေရှာယပရောဖက်ပြုခဲ့၏။ (ဟေရှာ. ၅၃:၁၂) စိတ်ဝင်စားစရာမှာ မိမိ၏သေခြင်းအောက်မေ့ရာပွဲကို အစပြုကျင်းပပေးခဲ့သည့်ညတွင် ယေရှုက စပျစ်ရည်ခွက်ကို တည်ကြည်သောတမန်တော် ၁၁ ပါးအားကမ်းပေးပြီး ဤသို့ဆိုခဲ့၏– “ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့်ဆိုင်သည့် ငါ၏အသွေး’ ဖြစ်၏။”—မ. ၂၆:၂၈။
(ဟေရှာယ ၅၃:၁၁၊ ၁၂) မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့် သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။ ၁၂ ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်း၍ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့် လူများတို့၏အပြစ်ကိုဆောင်ရွက်၍ မတရားသောသူတို့အဖို့ တောင်းပန်သောကြောင့် လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာ ငါခွဲမည်။ အစွမ်းသတ္တိရှိသောသူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့ ကိုယ်တိုင်ဝေဖန်ရသောအခွင့်ရှိလိမ့်မည်။
က၀၉ ၁-၁၅ ၂၈ အပိုဒ် ၁၃
ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
ကျွန်သည် “အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်”
၁၃ ဟေရှာယ ၅၃:၁၁၊ ၁၂ ကိုဖတ်ပါ။ ယေဟောဝါသည် မိမိရွေးချယ်သောကျွန်နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏– “ထိုဖြောင့်မတ်သောငါ၏ကျွန် . . . သည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်။” အဘယ်နည်းအားဖြင့်နည်း။ အခန်းငယ် ၁၂ [သမ္မာ] က အဖြေရရန်သဲလွန်စကိုပေးသည်။ ကျွန်သည် “လွန်ကျူးသောသူတို့အတွက် ကြားဝင်တောင်းပန်” ခဲ့သည်။ အာဒံ၏သားစဉ်မြေးဆက်အားလုံးသည် အပြစ်သား၊ “လွန်ကျူးသောသူတို့” အဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် “အပြစ်တရား၏အခ” ဖြစ်သော သေခြင်းကိုလက်ခံရရှိကြသည်။ (ရော. ၅:၁၂။ ၆:၂၃) ယေဟောဝါနှင့် အပြစ်ရှိသောလူသားကြားတွင် ပြန်လည်သင့်မြတ်ဖို့လိုသည်။ ဟေရှာယပရောဖက်ပြုချက် အခန်းကြီး ၅၃ က ယေရှုသည် မည်သို့ “ကြားဝင်တောင်းပန်” သို့မဟုတ် ကြားဝင်ဆောင်ရွက်ခဲ့ပုံကို ဤသို့လှပစွာဖော်ပြထား၏– “ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။”—ဟေရှာ. ၅၃:၅။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၅၄:၁) သားမဖွားသောအမြုံမ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက် သာ၍များသောသားတို့ကို ဖွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
က၀၆ ၃-၁၅ ၁၁ အပိုဒ် ၂
ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း” ၏ အကျိုးကျေးဇူး
သို့ဆိုလျှင် “ကျွန်မ,မဟုတ်သောမိန်းမ” စာရာနှင့် သူ၏သားဣဇာက်တို့သည် မည်သူတို့ကို ကိုယ်စားပြုသနည်း။ “သားမဖွားသောအမြုံမ” စာရာသည် ဘုရားသခင့်ဇနီးဖြစ်သော ကိုယ်တော့်အဖွဲ့အစည်း၏ ကောင်းကင်ဆိုင်ရာအပိုင်းကို ပုံဆောင်ကြောင်း ပေါလုဖော်ပြခဲ့သည်။ ထိုကောင်းကင်ဆိုင်ရာမိန်းမသည် ယေရှုမကြွလာမချင်း မြေကြီးပေါ်တွင် ဝိညာဉ်တော်ဖွား “သား” သမီးများ မရှိသဖြင့် မြုံနေခဲ့သည်။ (ဂလာတိ ၄:၂၇။ ဟေရှာယ ၅၄:၁-၆) သို့သော် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် အမျိုးသား၊ အမျိုးသမီးအုပ်စုတစ်စုအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် ဤကောင်းကင်ဆိုင်ရာမိန်းမ၏ သားသမီးများအဖြစ် တစ်ဖန်မွေးဖွားပြန်ခဲ့သည်။ ဤအဖွဲ့အစည်း မွေးဖွားလိုက်သော သားသမီးများသည် ဘုရားသခင့်သားများအဖြစ် မွေးစားခံရပြီး ပဋိညာဉ်သစ်အောက်တွင် ယေရှုနှင့် တွဲဖက်အမွေခံများဖြစ်လာကြသည်။ (ရောမ ၈:၁၅-၁၇) အဆိုပါသားတစ်ဦးဖြစ်သူ တမန်တော်ပေါလု ဤသို့ရေးသားနိုင်ခဲ့သည်– “အပေါ်မှာရှိသောယေရုရှလင်မြို့မူကား ခပ်သိမ်းသောငါတို့၏အမိတည်းဟူသော ကျွန်မ,မဟုတ်သောမိန်းမဖြစ်သတည်း။”—ဂလာတိ ၄:၂၆။
(ဟေရှာယ ၅၇:၁၅) အကြောင်းမူကား သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌စံတော်မူထသော၊ အထွတ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌ နေ၏။ စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
က၀၅ ၁၀-၁၅ ၂၆-၂၇ အပိုဒ် ၃
စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
နှိမ့်ချမှုဆိုင်ရာ အကြီးမြတ်ဆုံးပုံနမူနာရှင်
၃ ယေဟောဝါရှင်သည် စစ်၍မကုန်နိုင်အောင် ကြီးမြတ်လှသော်လည်း “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉) စမ်းသပ်မှုအမျိုးမျိုး ကြုံရသောကြောင့် စိတ်နှလုံးကြေကွဲနေသော နှိမ့်ချသည့်ဝတ်ပြုသူများကို ကိုယ်တော်ရှာတွေ့သောအခါ အဘယ်အရာလုပ်ဆောင်တော်မူသနည်း။ ကိုယ်တော်သည် “စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ” သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့နှင့်အတူနေတော်မူ၏။ (ဟေရှာယ ၅၇:၁၅) သို့ဖြင့် ပြန်လည်တက်ကြွလာသော ဝတ်ပြုသူများသည် ကိုယ်တော်၏အမှုတော်ကို ရွှင်လန်းစွာ ပြန်ထမ်းဆောင်နိုင်ကြသည်။ ဘုရားသခင်သည် နှိမ့်ချလိုက်လေခြင်း။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၅၇:၁-၁၁) ဖြောင့်မတ်သောသူသည် ဆုံး၍ ကျေးဇူးပြုတတ်သော သူတို့သည် ပယ်ရှားခြင်းကိုခံရသောအခါ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှမဆင်ခြင်၊ အဘယ်သူမျှမအောက်မေ့ကြ။ ၂ ထိုသို့သောသူသည် ချမ်းသာထဲသို့ဝင်ရ၏။ ဖြောင့်မတ်စွာကျင့်လျက် မိမိအိပ်ရာပေါ်မှာငြိမ်ရ၏။ ၃ စုန်းမသား၊ မျောက်မထားသောမိန်းမသား၊ ပြည်တန်ဆာမသားတို့ ချဉ်းကပ်ကြလော့။ ၄ သင်တို့သည် အဘယ်သူကိုကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကိုထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်ကြသည်မဟုတ်လော။ ၅ စိမ်းသော သစ်ပင်ရှိသမျှအောက်မှာ ရုပ်တုဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကိုသတ်သောသူမဟုတ်လော။ ၆ ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သောအရာ ရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကိုပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ ၇ မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကို ထားပြီးလျှင် ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။ ၈ သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာထားပြီ။ ငါမှတစ်ပါး အခြားသူတို့အား အဝတ်ကိုချွတ်၍ အိပ်ရာပေါ်သို့တက်လေပြီ။ မိမိခုတင်ကိုကျယ်စေ၍ သူတို့နှင့်ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍ နေရာအရပ်ကိုရှာလေပြီ။ ၉ ဆီမွှေးပါလျက် ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့စေလွှတ်၍ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိနှိမ့်ချပြီ။ ၁၀ ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။ ၁၁ သင်သည် သစ္စာပျက်သည်တိုင်အောင်လည်းကောင်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲ နေသည် တိုင်အောင်လည်းကောင်း အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာနေသောကြောင့် သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
ဖေဖော်ဝါရီ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၅၈-၆၂
“ထာဝရဘုရား၏ မင်္ဂလာနှစ်အကြောင်း ကြားပြော”
(ဟေရှာယ ၆၁:၁၊ ၂) ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကိုကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာ လည်းကောင်း၊ ၂ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊
ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း
“မင်္ဂလာနှစ်”
၄ ဟေရှာယ ဤသို့ရေး၏– “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း . . . ငါ့ကိုစေလွှတ်တော်မူ၏။” (ဟေရှာယ ၆၁:၁၊ ၃) ဝမ်းမြောက်စရာသတင်းကိုပြောရန် တာဝန်ရရှိသူမှာ မည်သူနည်း။ ဦးဆုံးတာဝန်ရသူမှာ ဗာဗုလုန်တွင် သုံ့ပန်းခံနေရသူများအတွက် သတင်းကောင်းကို မှတ်တမ်းတင်ရန် ဘုရားသခင်၏ မှုတ်သွင်းခြင်း ခံရသူ ဟေရှာယဖြစ်ပုံရသည်။ သို့ရာတွင် ယေရှုက ဟေရှာယ၏စကားများသည် မိမိနှင့် သက်ဆိုင် ကြောင်း မိန့်ဆိုခဲ့ချိန်တွင် အရေးအကြီးဆုံး ပြည့်စုံချက်ကို ညွှန်ပြခဲ့သည်။ (လုကာ ၄:၁၆-၂၁) မှန်ပါ သည်၊ ယေရှုသည် စိတ်နှိမ့်ချသောသူများကို သတင်းကောင်း ပြောရန် စေလွှတ်ခံခဲ့ရပြီး ယင်းရည်ရွယ်ချက်အတွက် ကိုယ်တော် နှစ်ခြင်းခံ ချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက် ပေးခြင်းခံခဲ့ရသည်။—မဿဲ ၃:၁၆၊ ၁၇။
(ဟေရှာယ ၆၁:၃၊ ၄) စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့စီရင်၍ ပြာအရာ၌ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အားပေးစေခြင်းငှာလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရားစိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ၄ ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက်စွန့်ပစ်ရာအရပ်တို့ကို ပြုစုကြလိမ့်မည်။
ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း
၁၃ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဘုရားသခင်သည် မိမိ၏လူမျိုးသစ်၊ “ဘုရားသခင်၏ဣသရေလအမျိုး” ၏ဝိညာဏနယ်မြေတွင် “ဖြောင့်မတ်ခြင်းသပိတ်ပင်”—ရဲရင့်သော ဘိသိက်ခံခရစ်ယာန်—များကို ပြုစုပျိုးထောင်ခဲ့သည်။ (ဂလာတိ ၆:၁၆) ရာစုနှစ်များတစ်လျှောက် ထို “အပင်” များအရေအတွက် ၁၄၄,၀၀၀ ဖြစ်လာခဲ့ပြီး ယေဟောဝါဘုရားသခင်ကို တင့်တယ်စေ၊ ဘုန်းထင်ရှားစေရန် ဖြောင့်မတ်ခြင်းအသီးများ သီးကြလေသည်။ (ဗျာဒိတ် ၁၄:၃) ဂုဏ်အသရေရှိသော “အပင်” များအထဲမှ နောက်ဆုံးအဖွဲ့ဝင်များသည် ၁၉၁၉ ခုနှစ်မှစ၍ ရှင်သန်ကြီးထွားလာခဲ့သည်၊ ယေဟောဝါသည် ဘုရားသခင်၏ဣသရေလအမျိုး အကြွင်းအကျန်ကို သူတို့၏ ယာယီမလှုပ်မရှားဖြစ်ခြင်း အခြေအနေမှ ပြန်လည်ရှင်သန်လာစေခဲ့ချိန်ကဖြစ်သည်။ ယေဟောဝါသည် သူတို့ကို ဝိညာဏရေ အလျှံပယ်ထောက်ပံ့ပေးခြင်းဖြင့် အသီးများစွာသီးသောသစ်ပင်များရှိသည့် တကယ့်ဖြောင့်မတ်ခြင်းသစ်တော ဖြစ်စေခဲ့သည်။—ဟေရှာယ ၂၇:၆။
၁၄ ထို “အပင်” များ၏လုပ်ဆောင်မှုကို အလေးပေးဖော်ပြရာတွင် ဟေရှာယဤသို့ဆက်ဆို၏– “ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက်စွန့်ပစ်ရာအရပ်တို့ကို ပြုစုကြလိမ့်မည်။” (ဟေရှာယ ၆၁:၄) ပါးရှားဘုရင် ကုရုမင်း၏အမိန့်အရ ဗာဗုလုန်မှ ပြန်လာခဲ့ကြသော သစ္စာရှိဂျူးများသည် နှစ်ပေါင်းများစွာ လူဆိတ်ညံသည့်အခြေအနေတွင်ရှိခဲ့သော ယေရုရှလင်နှင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။ စီ.အီး. ၃၃ နှင့် ၁၉၁၉ ခုနှစ်များမှစ၍လည်း ပြန်လည်တည်ထောင်ခြင်းစီမံကိန်းများ ရှိမည်ဖြစ်သည်။
၁၅ စီ.အီး. ၃၃ တွင် ယေရှု၏တပည့်တော်များသည် ကိုယ်တော်ဖမ်းဆီးခံရ၊ ရုံးတင်ခံရပြီး အသတ်ခံရခြင်းတို့ကြောင့် ကြီးစွာဝမ်းနည်းပူဆွေးခဲ့ကြသည်။ (မဿဲ ၂၆:၃၁) သို့ရာတွင် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် သူတို့ရှေ့ပေါ်လာသည့်အချိန်တွင် သူတို့၏အမြင် ပြောင်းလဲခဲ့သည်။ ထို့ပြင် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံခဲ့ရပြီး “ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အလုပ်များခဲ့ကြသည်။ (တမန်တော် ၁:၈) သို့ဖြင့် စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် အစပြုခဲ့ကြသည်။ ထိုနည်းတူ ၁၉၁၉ ခုနှစ်မှစ၍ ယေရှုခရစ်သည် မိမိ၏ဘိသိက်ခံညီတော်အကြွင်းအကျန်အား “အစဉ်အဆက် စွန့်ပစ်ရာအရပ်တို့ကို” ပြန်လည်တည်ထောင်စေခဲ့သည်။ ရာစုနှစ်ချီ၍ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ယေဟောဝါနှင့်ပတ်သက်သော အသိပညာကို သင်ကြားပေးရန် ပျက်ကွက်ခဲ့ကြပြီး ယင်းကို လူ့ထုံးတမ်းစဉ်လာများ၊ ကျမ်းစာနှင့်မညီသော သွန်သင်ချက်များဖြင့် အစားထိုးခဲ့ကြသည်။ ပြန်လည်တည်ထောင်ထားသော စစ်မှန်သည့်ဝတ်ပြုရေး ရှေ့ဆက်တိုးတက်နိုင်ရန်အလို့ငှာ ဘိသိက်ခံခရစ်ယာန်များသည် မှောက်မှားသောဘာသာရေးစွန်းထင်းနေသော အသင်းတော်ဓလေ့ထုံးစံများကို ရှင်းလင်းခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကမ္ဘာတွင် ယခင်ကတစ်ခါမျှမဖြစ်ခဲ့ဖူးသော အကြီးမားဆုံး သက်သေခံခြင်းလုပ်ငန်း စီမံချက်ကင်ပိန်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။—မာကု ၁၃:၁၀။
(ဟေရှာယ ၆၁:၅၊ ၆) တစ်ပါးအမျိုးသားတို့သည်ရပ်လျက် သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့အဖို့လယ်လုပ်၍ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။ ၆ သင်တို့မူကား ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကိုခံရကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍ သူတို့၏ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက်ကြလိမ့်မည်။
“ခေတ္တတည်းခိုသူများ” စစ်မှန်တဲ့ဝတ်ပြုရေးမှာ တစည်းတလုံးရှိကြ
၅ ဒါပေမဲ့ တချို့က ခရစ်ယာန်အသင်းတော်မှာပြည့်စုံနေတဲ့ ပရောဖက်ပြုချက်တစ်ခုပါဝင်တဲ့ ဟေရှာယ ၆၁ ကို ထောက်ပြလာနိုင်တယ်။ အခန်းငယ် ၆ မှာ “ယေဟောဝါရဲ့ယဇ်ပုရောဟိတ်တွေ” အဖြစ် အမှုဆောင်မယ့်သူတွေအကြောင်း ဖော်ပြထားတယ်။ ဒါပေမဲ့ အငယ် ၅ မှာတော့ “ယဇ်ပုရောဟိတ်တွေ” ရဲ့အလုပ်ကို ကူညီပေးမယ့် “တိုင်းတစ်ပါးသားတွေ” အကြောင်း ဖော်ပြထားတယ်။ အဲဒါကို ဘယ်လိုနားလည်ရမလဲ။
၆ အဲဒီမှာပါတဲ့ “ယေဟောဝါရဲ့ယဇ်ပုရောဟိတ်တွေ” ဟာ ဘိသိက်ခံခရစ်ယာန်တွေဖြစ်ပြီး “ပထမထမြောက်ခြင်း၌ ပါဝင်သောသူ” တွေဖြစ်တယ်၊ ‘ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မယ်။ ခရစ်တော်နဲ့အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မယ်။’ (ဗျာ. ၂၀:၆) သူတို့တွေအပြင် မြေကြီးပေါ်မှာ အသက်ရှင်ဖို့ မျှော်လင့်တဲ့ သစ္စာရှိခရစ်ယာန်တွေလည်း အများကြီး ရှိသေးတယ်။ သူတို့ဟာ ကောင်းကင်မှာအမှုဆောင်မယ့်သူတွေနဲ့ တရင်းတနှီးပေါင်းသင်းပြီး အတူတကွ လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ မြေကြီးမျှော်လင့်ချက်ရှိသူတွေဟာ “ဘုရားသခင်၏အစ္စရေးလူမျိုး” မဟုတ်တဲ့အတွက် တိုင်းတစ်ပါးသားတွေနဲ့တူတယ်။ သူတို့ဟာ “ယေဟောဝါရဲ့ယဇ်ပုရောဟိတ်တွေ” နဲ့အတူ “လယ်သမားတွေ၊” “စပျစ်ခြံလုပ်သားတွေ” အဖြစ် ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်ကြတယ်။ သူတို့တွေဟာ တခြားသူတွေကို အမှန်တရားအကြောင်း ဟောပြောခြင်း၊ သွန်သင်ခြင်းအားဖြင့် ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဘိသိက်ခံတွေကို ကူညီပေးကြတယ်။ ဘိသိက်ခံတွေရော၊ “အခြားသိုး” တွေပါ လူတွေကို အမှန်တရားအကြောင်း သင်ပေးပြီး အမှန်တရားနဲ့အညီအသက်ရှင်ဖို့ မေတ္တာပါပါ ကူညီပေးကြတယ်။—ယော. ၁၀:၁၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၆၀:၁၇) ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။
ပုံဆောင်ပရဒိသုကို ပိုလှပကျယ်ဝန်းစေပါ
၁၄ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူများစွာဟာ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ပိုလှပလာစေတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တွေ့ ကြုံဖူးကြတယ်။ အသင်းတော်တွေမှာ အကြီးအကဲအဖွဲ့အစား အသင်းတော်အမှုထမ်းတစ်ယောက်ပဲ ရှိတာ၊ နိုင်ငံတွေမှာ ဌာနခွဲကော်မတီအစား ဌာနခွဲအမှုထမ်းတစ်ယောက်ပဲ ရှိတာ၊ တစ်ကမ္ဘာလုံးကို အုပ်ချုပ်ရေးအဖွဲ့အစား ကင်းမျှော်စင်အသင်းရဲ့ ဥက္ကဋ္ဌတစ်ယောက်ပဲ ညွှန်ကြားတာတွေကို သူတို့မှတ်မိကြတယ်။ အဲဒီညီအစ်ကိုအားလုံးကို သစ္စာရှိရှိကူညီထောက်မသူတွေ ရှိပေမဲ့ အသင်းတော်တွေမှာ၊ နိုင်ငံတွေမှာ၊ ကမ္ဘာ့ဌာနချုပ်မှာ ညီအစ်ကိုတစ်ယောက်ကပဲ ဒိုင်ခံဆုံးဖြတ်ခဲ့ရတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ အကြီးအကဲတစ်ယောက်တည်းအစား အကြီးအကဲအုပ်စုလိုက် ဆုံးဖြတ်ချက်ချဖို့ ပြုပြင်ပြောင်းလဲခဲ့တယ်။
၁၅ အဖွဲ့အစည်းဟာ အဲဒီပြုပြင်ပြောင်းလဲမှုတွေကနေ ဘာကြောင့် အကျိုးခံစားရသလဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီပြုပြင်ပြောင်းလဲမှုတွေဟာ ပိုတိုးများလာတဲ့ ကျမ်းစာအသိပညာပေါ် အခြေခံလို့ပဲ။ အကြီးအကဲတစ်ယောက်တည်း ဒိုင်ခံဆုံးဖြတ်တာမျိုး မဟုတ်တော့တဲ့အတွက် အဖွဲ့အစည်းဟာ ယေဟောဝါပေးထားတဲ့ “လူ့အသွင်ဆုများ” ဖြစ်တဲ့ အကြီးအကဲအားလုံးရဲ့ အရည်အသွေးကောင်းတွေကနေ အကျိုးခံစားနေရတယ်။—ဧ. ၄:၈။ သု. ၂၄:၆။
၁၆ အဖွဲ့အစည်းထုတ် စာပေတွေနဲ့ပတ်သက်ပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုတချို့အကြောင်း စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ စွဲမက်စရာ အကျိုးပြုစာပေတွေ ဝေငှရတာကို ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ သတင်းကောင်းဟောပြောရာမှာ jw.org ဝက်ဘ်ဆိုက်စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာလည်း စဉ်းစားကြည့်ပါ။ ဒီနည်းအားဖြင့် လူများစွာဟာ သူတို့အမှန်တကယ်လိုအပ်နေတဲ့ အကူအညီကို ရရှိနိုင်ကြတယ်။ ဒီပြုပြင်ပြောင်းလဲမှုအားလုံးက လူတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ဝင်စားမှုကို ဖော်ပြတယ်။
၁၇ အစည်းအဝေးအစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှု အတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်တယ်။ အဲဒီပြောင်းလဲမှုကြောင့် မိသားစုဝတ်ပြု မှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ပိုရလာတယ်။ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီအစီအစဉ်တွေက နှစ်တိုင်း ပိုကောင်းလာတယ်။ ကျမ်းစာသင်တန်းကျောင်းတွေကနေ ရရှိတဲ့ လေ့ကျင့်မှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီပြုပြင်ပြောင်းလဲမှုအားလုံးက အဖွဲ့အစည်းကို ယေဟောဝါလမ်းညွှန်နေပြီး ပုံဆောင်ပရဒိသု ပိုလှပလာအောင် လုပ်ဆောင်ပေးနေတယ်ဆိုတာ အထင်အရှားဖော်ပြတယ်။
(ဟေရှာယ ၆၁:၈၊ ၉) အကြောင်းမူကား ငါထာဝရဘုရားသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။ သစ္စာအတိုင်း သူတို့အားအကျိုးကိုပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကိုဖွဲ့မည်။ ၉ သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တစ်ပါးအမျိုးသားနေရာအရပ်ရပ်၌ ကျော်စောကြလိမ့်မည်။ သူတို့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကိုမြင်သောသူအပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။
က၀၇ ၁-၁၅ ၁၁ အပိုဒ် ၄
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂
ကျမ်းစာမေးခွန်းများအဖြေ–
၆၁:၈၊ ၉—“ထာဝရပဋိညာဉ်” ကား အဘယ်နည်း၊ “အမျိုးအနွယ်” ကား မည်သူတို့နည်း။ ယင်းသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် ယေဟောဝါဖွဲ့ဆိုသော ပဋိညာဉ်သစ်ဖြစ်သည်။ “အမျိုးအနွယ်” မှာ ဝိညာဉ်တော်ဖွားတို့၏ သတင်းစကားကို တုံ့ပြန်သော သန်းနှင့်ချီသည့် “အခြားသိုး” ဖြစ်သည်။—ယောဟန် ၁၀:၁၆။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၆၂:၁-၁၂) ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့လည်းကောင်း၊ သူ၏ကယ်တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့လည်းကောင်း မထင်ရှားမီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ်ငြိမ်သက်စွာမနေရ။ ၂ တစ်ပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ဘုန်းအသရေကိုလည်းကောင်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။ ၃ သင်သည် ထာဝရဘုရား၏လက်တော်၌ တင့်တယ်သောဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူဖြစ်လိမ့်မည်။ ၄ သင့်ကို စွန့်ပစ်သောသူဟူ၍လည်းကောင်း၊ သင်၏မြေကို လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန်မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သောမြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။ ၅ လူပျိုသည် အပျိုကညာနှင့်လက်ထပ်သကဲ့သို့ သင်၏သားတို့သည် သင်နှင့်လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့ သင်၏ဘုရားသခင်သည် သင်၌ဝမ်းမြောက်တော်မူလိမ့်မည်။ ၆ အိုယေရုရှလင်မြို့ နေ့ညမပြတ် တိတ်ဆိတ်စွာမနေရသောလူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာငါထားပြီ။ ထာဝရဘုရားကိုအောက်မေ့စေသောသူတို့ တိတ်ဆိတ်စွာမနေကြနှင့်။ ၇ ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင် ဘုရားသခင်ကို မငြိမ်စေကြနှင့်။ ၈ ထာဝရဘုရားက သင်၏ရန်သူတို့ကို သင်၏စပါးနှင့် နောက်တစ်ဖန်ငါမကျွေး၊ သင်သည်ကြိုးစား၍လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။ ၉ စပါးကိုရိတ်သောသူတို့သည် ကိုယ်တိုင်စား၍ ထာဝရဘုရားကိုချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကိုသိမ်းသောသူတို့သည် ငါ၏သန့်ရှင်းရာဌာနတံတိုင်းအတွင်း၌ စပျစ်ရည်ကိုသောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ယာလက်ရုံးတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူပြီ။ ၁၀ မြို့တံခါးမှထွက်ကြ။ ထွက်ကြ။ လူများဖို့လမ်းကိုပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့အလံကိုထူကြ။ ၁၁ မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား သင့်ကို ကယ်တင်သောသူသည် လာ၏။ မိမိခံထိုက်သောအခသည် မိမိ၌ပါလျက် ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြလော့။ ၁၂ သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရားရွေးနုတ်တော်မူသောသူ ဟူ၍လည်းကောင်း၊ သင်သည် သူတစ်ပါးမစွန့်ပစ်၊ စည်ပင်သောမြို့ ဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရလိမ့်မည်။
ဖေဖော်ဝါရီ ၂၇–မတ် ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၆၃-၆၆
“မိုးကောင်းကင်သစ်နဲ့ မြေကြီးသစ်ကြောင့် ရွှင်လန်းဝမ်းမြောက်ရလိမ့်မယ်”
(ဟေရှာယ ၆၅:၁၇) ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။
‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
၂၃ ဗျာဒိတ်ကျမ်းတွင် တမန်တော်ယောဟန် မြင်တွေ့ခဲ့ရသော ရူပါရုံတစ်ခုကို ဖော်ပြထားသည်၊ ၎င်းမှာ ဤအစီအစဉ်စနစ်ကိုဖယ်ရှားမည့် ရောက်ရှိလာတော့မည့် ယေဟောဝါ၏နေ့အကြောင်းဖြစ်သည်။ ၎င်းနောက် စာတန်သည် တွင်းနက်ကြီးထဲ ပစ်ချခံရမည်။ (ဗျာဒိတ် ၁၉:၁၁–၂၀:၃) ထိုသို့ဖော်ပြပြီးနောက် ယောဟန်သည် ဟေရှာယ၏ ပရောဖက်ပြုချက်စကားများကို ပဲ့တင်ထပ်ကာ ဤသို့ရေး၏– “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။” ဘုန်းကျက်သရေရှိသောဤရူပါရုံမှတ်တမ်း၏ နောက်ဆက်တွဲဖော်ပြပါအခန်းငယ်များ၌ ယေဟောဝါဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို ပို၍ကောင်းသောအခြေအနေသို့ ပြောင်းလဲမှုကြီး ပြုလုပ်တော်မူမည့်အချိန်အကြောင်း ဖော်ပြသည်။ (ဗျာဒိတ် ၂၁:၁၊ ၃-၅) ရှင်းနေသည်မှာ ဟေရှာယကျမ်းပါ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုင်ရာ မျှော်လင့်ချက်အလားအလာသည် ဘုရားသခင့်ကမ္ဘာသစ်တွင် ကြီးကျယ်ခမ်းနားစွာ ပြည့်စုံမည်! ကောင်းကင်အစိုးရသစ်လက်အောက်တွင် မြေကြီးသစ်လူ့ဘောင်အဖွဲ့အစည်းသည် ဝိညာဏသဘောအရရော ပကတိအနေနှင့်ပါဖြစ်သော ပရဒိသုကို ခံစားပျော်မွေ့ကြမည်။ “အရင်ဖြစ်ဖူးသောအရာများ [ဖျားနာခြင်း၊ ဆင်းရဲခြင်းနှင့် လူသားများကြုံတွေ့ခံရသည့် အခြားအမင်္ဂလာများ] ကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။” ထိုအချိန်တွင် ကျွန်ုပ်တို့သတိရနိုင်သည့် မည်သည့်အရာမဆိုသည် ယခုအချိန်၌ လူများစွာ၏စိတ်နှလုံးကို ဝန်လေးပင်ပန်းစေသကဲ့သို့ ကျွန်ုပ်တို့ကို စိတ်နာကြည်း၊ နာကျင်မှုဖြစ်စေမည်မဟုတ်ပါ။
(ဟေရှာယ ၆၅:၁၈၊ ၁၉) ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ ၁၉ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့်အော်ဟစ်သံကို နောက်တစ်ဖန်မကြားရ။
‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
၂၅ ယနေ့လည်း ယေဟောဝါသည် ယေရုရှလင်မြို့ကို “ဝမ်းမြောက်စရာအကြောင်း” ဖြစ်စေတော်မူ၏။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့တွေ့ခဲ့ပြီးသည့်အတိုင်း ၁၉၁၄ ခုနှစ်တွင်တည်ထောင်ခဲ့သော ကောင်းကင်သစ်သည် နောက်ဆုံးတွင် ကောင်းကင်အစိုးရ၌ပါဝင်ရသည့် တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ရှိလာမည်။ ထိုသူတို့ကို ပရောဖက်ပြုချက်၌ “ယေရုရှလင်မြို့သစ်” ဟုဖော်ပြထားသည်။ (ဗျာဒိတ် ၂၁:၂) ယေရုရှလင်မြို့သစ်နှင့်ပတ်သက်၍ ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။” နာခံမှုရှိသောလူသားများအား များပြားလှသောကောင်းချီးများ သွန်းလောင်းပေးရန် ယေရုရှလင်မြို့သစ်ကို ဘုရားသခင် အသုံးပြုတော်မူမည်။ ယေဟောဝါသည် “[ကျွန်ုပ်တို့၏] စိတ်နှလုံးအလို” ကိုပြည့်စုံစေမည်ဖြစ်သောကြောင့် ငိုကြွေးသံ သို့မဟုတ် နာကျင်၍ညည်းတွားသံများကို ကြားရတော့မည်မဟုတ်ပါ။—ဆာလံ ၃၇:၃၊ ၄။
(ဟေရှာယ ၆၅:၂၁-၂၃) ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ ၂၂ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ၂၃ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။
အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု
အိမ်တွေဆောက်ပြီး စပျစ်ခြံတွေစိုက်ပျိုးမယ်
၄ အိုးပိုင်အိမ်ပိုင်နဲ့ မိသားစုလုံလုံခြုံခြုံ မနေချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမဲ့ ဒီအချိန်မှာတော့ နေစရာတစ်နေရာရဖို့ အရမ်းခက်ခဲပါတယ်။ လူပြွတ်သိပ်နေတဲ့မြို့တွေမှာ ကျပ်ကျပ်ညှပ်ညှပ် နေကြရတယ်။ လူများစွာက မြို့စွန်တဲကုပ်ရပ်ကွက်တွေမှာ ဒါမှမဟုတ် ဟောင်းနွမ်း၊ ညစ်ပတ်နေတဲ့ အဆောက်အဦတွေမှာ နေကြရတယ်။ ကိုယ်ပိုင်အိမ်နဲ့နေဖို့ဆိုတာ သူတို့အတွက် စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေတယ်။
၅ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်တဲ့အခါ လူတိုင်းမှာ အိမ်ပိုင်ရာပိုင်ရှိမယ်။ ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– “သူတို့က အိမ်တွေကိုဆောက်ပြီး အဲဒီမှာနေထိုင်ကြလိမ့်မယ်။ စပျစ်ခြံတွေကိုစိုက်ပျိုးပြီး အဲဒီအသီးတွေကို စားသုံးကြလိမ့်မယ်။” (ဟေရှာ. ၆၅:၂၁၊ ကဘ) ဒါပေမဲ့ အဲဒီအချိန်ကျရင် အိမ်ပိုင်ရာပိုင်နဲ့ နေရမှာတင် မကသေးဘူး။ တကယ်ဆိုရင် ဒီနေ့အချိန်မှာ လူတချို့က ကိုယ်ပိုင်အိမ်နဲ့နေရကြတယ်၊ တချို့ဆိုရင် ကြီးကျယ်ခမ်းနားတဲ့အိမ်တွေမှာ နေကြရတယ်။ ဒါပေမဲ့ သူတို့က ငွေကြေးပြဿနာတွေကြောင့် ဒါမှမဟုတ် သူခိုးဓားပြရန်ကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့အိမ် ဆုံးရှုံး၊ ပျက်စီးသွားမှာကို စိုးရိမ်နေကြရတယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာတော့ ဒီအရာတွေအတွက် ပူစရာမလိုတော့ဘူး။ ပရောဖက်မိက္ခာက ဒီလိုရေးခဲ့တယ်– “သူတို့ယောက်တိုင်းက ကိုယ်ပိုင်တဲ့စပျစ်ပင်အောက်မှာ၊ ကိုယ်ပိုင်တဲ့သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ သူတို့ကို ခြောက်လှန့်မယ့်သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ ဒါက ဗိုလ်ခြေတို့ရဲ့အရှင်ယေဟောဝါရဲ့ နှုတ်ထွက်စကားဖြစ်တယ်။”—မိ. ၄:၄၊ ကဘ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၆၃:၅) ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထို့ကြောင့် ကိုယ်လက်သည် ကိုယ်အဖို့ကယ်တင်ခြင်းကိုပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကိုထောက်ပင့်ပြီ။
က၀၇ ၁-၁၅ ၁၁ အပိုဒ် ၅
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂
၆၃:၅—ဘုရားသခင်၏ ဒေါသအမျက်သည် မည်သည့်နည်းဖြင့် ကိုယ်ကိုထောက်ပင့်သနည်း။ ဘုရားသခင့်ဒေါသအမျက်သည် ထိန်းချုပ်နိုင်သောအရာဖြစ်ပြီး ဖြောင့်မတ်သောဒေါသအမျက်ဖြစ်သည်။ ကိုယ်တော်၏ဒေါသအမျက်သည် ဖြောင့်မတ်စွာတရားစီရင်ရန် လှုံ့ဆော်ပေးသည်။
(ဟေရှာယ ၆၄:၈) သို့ရာတွင် အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
ယေဟောဝါပုံသွင်းတာကို လက်ခံပါ
အိုးထိန်းသမားက အခွင့်အာဏာကို အသုံးပြုပုံ
၃ လူတစ်ဦးချင်းစီနဲ့ လူမျိုးတွေအပေါ်မှာ ယေဟောဝါ အခွင့်အာဏာရှိကြောင်းကို ဟေရှာယ ၆၄:၈ (ကဘ) မှာ ဒီလိုဖော်ပြတယ်– “အို ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့အဖေပါ၊ ကျွန်တော်တို့က ရွှံ့မြေဖြစ်ပြီး ကိုယ်တော်က ကျွန်တော်တို့ရဲ့အိုးထိန်းသမားဖြစ်တယ်၊ ကျွန်တော်တို့အားလုံးက ကိုယ်တော့်လက်ရာဖြစ်တယ်။” အိုးထိန်းသမားတစ်ယောက်ဟာ သူပိုင်တဲ့ရွှံ့မြေကိုသုံးပြီး သူလုပ်ချင်တဲ့အိုးပုံစံကို လုပ်နိုင်တဲ့အခွင့်အာဏာ အပြည့်အဝရှိတယ်။ ရွှံ့မြေက အိုးထိန်းသမားကို ဘယ်လိုအိုးပုံစံမျိုးလုပ်ပါလို့ ပြောပိုင်ခွင့်မရှိဘူး။ ဘုရားသခင်နဲ့ လူလည်း အဲဒီလိုပဲ။ ရွှံ့မြေက အိုးထိန်းသမားကို ဘယ်လို အိုးမျိုးလုပ်ပါလို့ ပြောပိုင်ခွင့်မရှိသလို ကျွန်ုပ်တို့လည်း ဘုရားသခင်ကို ကျွန်ုပ်တို့ကို ဘယ်လိုပုံသွင်းပါလို့ ပြောပိုင်ခွင့်မရှိဘူး။—ယေရမိ ၁၈:၁-၆ ကိုဖတ်ပါ။
၄ အိုးထိန်းသမားက ရွှံ့မြေကို ပုံသွင်းသလိုပဲ ယေဟောဝါက ရှေးခေတ်အစ္စရေးလူမျိုးကို ပုံသွင်းခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက လူသားအိုးထိန်းသမားတွေနဲ့ မတူဘူး။ ယေဟောဝါက လူတွေကို အထူးဆုကျေးဇူးဖြစ်တဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်၊ ဆိုလိုတာက လူတွေမှာ မိမိတို့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ တချို့ကို လူကောင်းအဖြစ်၊ တချို့ကိုကျတော့ လူဆိုးအဖြစ် ကိုယ်တော် မပြုလုပ်ထားဘူး။ လူတွေ မိမိကိုနာခံအောင်လည်း အခွင့်အာဏာသုံးပြီး အတင်းအကျပ်မလုပ်ဘူး။ အဲဒီအစား လူတွေဟာ မိမိတို့ဖန်ဆင်းရှင်ယေဟောဝါရဲ့ ပုံသွင်းမှုကို ခံယူမလား၊ မခံယူဘူးလားဆိုတာကို ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တယ်။—ယေရမိ ၁၈:၇-၁၀ ကိုဖတ်ပါ။
၅ လူတွေက အိုးထိန်းသမားယေဟောဝါရဲ့ ပုံသွင်းမှုကိုခံယူဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်တယ်ဆိုရင်ကော။ အဲဒီအခါမှာ အိုးထိန်းသမားယေဟောဝါဟာ မိမိရဲ့အခွင့်အာဏာကို ဘယ်လို အသုံးပြုမလဲ။ ရွှံ့မြေကို လိုချင်တဲ့အိုးပုံစံမျိုးရဖို့ ပုံသွင်းရခက်နေတယ်လို့ စဉ်းစားကြည့်ပါ။ အိုးထိန်းသမားဟာ နောက်အိုးတစ်မျိုးလုပ်ဖို့ ဆုံးဖြတ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီရွှံ့မြေတွေကို မသုံးတော့ဘဲ ပစ်လိုက်နိုင်တယ်။ အိုးထိန်းသမားက မှန်ကန်တဲ့နည်းနဲ့ ပုံမသွင်းဘူးဆိုရင် အဲဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အိုးထိန်းရှင်ဖြစ်တဲ့ ယေဟောဝါကတော့ လူတွေကို အမြဲပဲ မှန်ကန်တဲ့နည်းနဲ့ ပုံသွင်းတယ်။ (တရား. ၃၂:၄) လူတစ်ယောက်ဟာ ယေဟောဝါရဲ့ပုံသွင်းမှုကို မခံယူဘူးဆိုရင် အဲဒါက အဲဒီလူရဲ့အမှားပဲဖြစ်တယ်။ ယေဟောဝါဟာ လူတွေရဲ့တုံ့ပြန်ပုံပေါ်မူတည်ပြီး မိမိရဲ့ပုံသွင်းနည်းကို ပြုပြင်ချိန်ညှိတယ်။ လူတွေ ယေဟောဝါစကား နားထောင်တယ်ဆိုရင် သူတို့ဟာ ကိုယ်တော့်အတွက် အသုံးဝင်တဲ့သူတွေ ဖြစ်လာတယ်။ ဥပမာ၊ ဘိသိက်ခံခရစ်ယာန်တွေဟာ “အိုးမြတ်” တွေအဖြစ် ပုံသွင်းခံထားရတဲ့ “သနားတော်မူခြင်းခံရာအိုးများ” ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်အကြံဉာဏ်ကို နားမထောင်သူတွေဟာ ‘ပျက်စီးခြင်းအတွက် ပြင်ဆင်ထားတဲ့ အမျက်တော်ခံရာအိုး’ တွေဖြစ်ကြတယ်။—ရော. ၉:၁၉-၂၃။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၆၃:၁-၁၀) တင့်တယ်သောအဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍ ပန်းဆိုးသောအဝတ်ကိုဝတ်လျက် ဧဒုံပြည် ဗောဇရမြို့မှလာသော ဤသူကား အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရားကိုဟော၍ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။ ၂ ကိုယ်တော်သည် အဘယ်ကြောင့်နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကိုနင်းနယ်သောသူ၏အဝတ်နှင့် အဘယ်ကြောင့်တူပါသနည်း။ ၃ စပျစ်သီးကို ငါတစ်ယောက်တည်းနင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှမပါ။ သူတို့ကိုငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။ ၄ အပြစ်ပေးသောနေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနုတ်သောသူတို့၏နှစ်သည် ရောက်လာပြီ။ ၅ ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထို့ကြောင့် ကိုယ်လက်သည် ကိုယ်အဖို့ကယ်တင်ခြင်းကိုပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကိုထောက်ပင့်ပြီ။ ၆ လူများကို အမျက်ထွက်၍ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်ပြီ။ ၇ ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အားသနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်းထောက်၍ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။ ၈ အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သောသားလည်းဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့် သူတို့ကိုကယ်နုတ်တော်မူ၏။ ၉ အမှုရောက်လေရာရာ၌ သူတို့ကိုညှဉ်းဆဲတော်မမူ။ ရှေ့တော်မှစေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက် မေတ္တာကရုဏာတော်ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူ၏။ ၁၀ သူတို့သည်လည်းပုန်ကန်၍ သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏။ ထို့ကြောင့် သူတို့ကိုရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။