ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်အတွက် အညွှန်းများ
ဇန်နဝါရီ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၂၄-၂၈
“ယေဟောဝါက မိမိလူမျိုးကို ဂရုစိုက်”
(ဟေရှာယ ၂၅:၄၊ ၅) ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာ ဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာဖြစ်တော်မူ၏။ ၅ သွေ့ခြောက်သောအရပ်၌ နေအရှိန်ကိုကဲ့သို့ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သောမိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့ ကြောက်မက်ဖွယ်သောသူတို့၏ သီချင်းသံ ပျောက်ရပါလိမ့်မည်။
ယေဟောဝါ၏လက်တော်ကို ချီမြှောက်တော်မူ၏
၅ ကိုယ်တော့်ရန်သူများဘက်မှ ကြည့်လျှင် ယေဟောဝါသည် ကြောက်ဖွယ်ကောင်းသော်လည်း ကိုယ်တော်အား ဝတ်ပြုကိုးကွယ်လိုသော စိတ်နူးညံ့သိမ်မွေ့၊ နှိမ့်ချသူများအတွက်မူ ကိုယ်တော်သည် ခိုလှုံရာဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေး မင်းဆိုးမင်းညစ်များသည် စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများ၏ ယုံကြည်ခြင်းကို ဖြိုဖျက်ရန် နည်းမျိုးစုံ ကြိုးစားမည်ဖြစ်သော်လည်း ဤသူများသည် ယေဟောဝါအား အကြွင်းမဲ့ ကိုးစားခြင်းကြောင့် သူတို့ အောင်မြင်ကြမည် မဟုတ်ပါ။ ပူပြင်းတောက်လောင်နေသည့် နေအရှိန်ကို မိုးတိမ်ဖြင့် ကွယ်လိုက်သကဲ့သို့၊ မိုးသက်မုန်တိုင်းအရှိန်ကို နံရံတစ်ခုဖြင့် ဆီးတားပေးလိုက်သကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြင့် နောက်ဆုံးတွင် ကိုယ်တော်သည် မိမိအား အန်တုသူများကို အလွယ်တကူ အသံတိတ်သွားစေသည်။—ဟေရှာယ ၂၅:၄၊ ၅ ဖတ်။
(ဟေရှာယ ၂၅:၆) ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။
ယေဟောဝါ ပြင်ဆင်ပေးရာတွေကနေ အကျိုးအပြည့်အဝ ရယူပါ
၄ အဖွဲ့အစည်းထုတ်စာပေ အများစုဟာ ယေဟောဝါသက်သေတွေအတွက် ဖြစ်တယ်။ ဒါပေမဲ့ လူငယ်၊ မိဘ စတဲ့ သတ်သတ်မှတ်မှတ် အုပ်စုတွေအတွက် ရေးသားထားတဲ့ စာပေတချို့လည်း ရှိတယ်။ ဝက်ဘ်ဆိုက်ပေါ် တင်ထားတဲ့ ဆောင်းပါးနဲ့ ဗီဒီယို အများစုဟာ ယေဟောဝါသက်သေ မဟုတ်သူတွေအတွက် အထူးပြင်ဆင်ထားတာ ဖြစ်တယ်။ လူအားလုံးကို လမ်းညွှန်ပေးမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ လုပ်ဆောင်နေတယ်ဆိုတာ ဒီလောက်များပြားတဲ့ ပုံဆောင်အစာက ဖော်ပြတယ်။—ဟေရှာ. ၂၅:၆။
ယေဟောဝါ၏လက်တော်ကို ချီမြှောက်တော်မူ၏
‘လူခပ်သိမ်းအတွက် စားသောက်ပွဲကြီး’
၆ မေတ္တာရှိသော ဖခင်တစ်ဦးကဲ့သို့ပင် ယေဟောဝါသည် မိမိ၏သားသမီးများကို အကာအကွယ်ပေးရုံမျှသာမကဘဲ အထူးသဖြင့် ဝိညာဏနည်းလမ်းဖြင့်လည်း ကျွေးမွေးတော်မူသည်။ ၁၉၁၉ တွင် မိမိ၏လူမျိုးကို အချုပ်အနှောင်မှ လွတ်မြောက်စေပြီးနောက် ကိုယ်တော်သည် ဝိညာဏအစာ အလျှံပယ်ပါသည့် အောင်ပွဲခံ စားသောက်ပွဲကြီးတစ်ခုကို သူတို့ရှေ့မှောက်၌ တည်ခင်းပေး၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၆။
၇ စားသောက်ပွဲကြီးကို ယေဟောဝါ၏ “တောင်” ပေါ်တွင် တည်ခင်းထားသည်။ ထိုတောင်ကား အဘယ်နည်း။ “နောက်ဆုံးသောကာလ၌” ခပ်သိမ်းသောလူမျိုးတို့ စုဝေးကြမည့် “ထာဝရဘုရား၏အိမ်တော် တည်သောတောင်” ဖြစ်သည်။ ၎င်းသည် သစ္စာရှိဝတ်ပြုသူများကို ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းမရှိသည့် ယေဟောဝါ၏ “သန့်ရှင်းသောတောင်” ဖြစ်သည်။ (ဟေရှာယ ၂:၂; ၁၁:၉) ဤမြှင့်တင်ခံရသော ဝတ်ပြုရာနေရာတွင် ယေဟောဝါသည် သစ္စာရှိသူများအတွက် အလျှံပယ် စားသောက်ပွဲကြီးကို တည်ခင်းပေးထားသည်။ ယခု ရက်ရောစွာ ထောက်ပံ့ပေးထားသော ဝိညာဉ်ရေးဆိုင်ရာ ကောင်းသောအရာများက ဘုရားသခင့် နိုင်ငံတော်သည် လူသားများအတွက် တစ်ခုတည်းသောအစိုးရ ဖြစ်လာသည့်အခါ ပြင်ဆင်ပေးမည့် ကာယရေးဆိုင်ရာ ကောင်းသောအရာများ၏ အကြိုရှေ့ပြေး ဖြစ်သည်။ ထိုအချိန်တွင် ငတ်မွတ်ခြင်းရှိမည် မဟုတ်ပါ။ “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၈၊ ၁၆။
(ဟေရှာယ ၂၅:၇၊ ၈) လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ ၈ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။
နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
၁၅ အနှစ် ၁,၀၀၀ ကုန်တဲ့အခါ နာခံမှုရှိတဲ့လူသားတွေဟာ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ပါလိမ့်မယ်။ ပေါလု ဒီလိုရှင်းပြခဲ့တယ်– “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။ သို့သော် လူအသီးသီး အစဉ်လိုက် ထမြောက်ကြမည်။ ခရစ်တော်သည် ဦးဆုံး ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့ [ယေရှုနဲ့ တွဲဖက်အုပ်ချုပ်မယ့် သူတို့] သည် ကိုယ်တော်ရောက်ရှိနေချိန်အတွင်း ထမြောက်ကြမည်။ အဆုံး၌ကား ခရစ်တော်သည် နိုင်ငံတော်ကို ခမည်းတော် ဘုရားသခင်ထံ အပ်ပေးပြီးမှ အစိုးရရှိသမျှ၊ အခွင့်အာဏာတန်ခိုးရှိသမျှတို့ကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။ ဘုရားသခင်သည် ရန်သူအပေါင်းတို့ကို ခြေတော်အောက်၌ ချထားတော်မူချိန်တိုင်အောင် ခရစ်တော်သည် အုပ်စိုးရမည်။ ထိုအခါ နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်။” (၁ ကော. ၁၅:၂၂-၂၆) နောက်ဆုံးမှာ အာဒံဆီက အမွေရခဲ့တဲ့ သေခြင်းဟာ ဖယ်ရှားခံရပါလိမ့်မယ်။ လူသားတွေကို အုပ်မိုးထားတဲ့ ဒီ ‘ခြုံထည်’ ဟာ ထာဝစဉ် ဖယ်ရှားခံရပါလိမ့်မယ်။—ဟေရှာ. ၂၅:၇၊ ၈၊ ကဘ။
ယေဟောဝါ၏လက်တော်ကို ချီမြှောက်တော်မူ၏
၈ ယခုအချိန်တွင် ဘုရားသခင် ပြင်ဆင်ပေးသော ဝိညာဏအစားအစာများကို ပါဝင်သုံးဆောင်သူများအတွက် ခမ်းနားထည်ဝါသော အလားအလာများ ရှိသည်။ ဟေရှာယ ဆက်ပြောသောစကားများကို နားထောင်ကြည့်ပါ။ အပြစ်နှင့် သေခြင်းကို အသက်ရှူကျပ်စေသော “တဘက်” သို့မဟုတ် “မျက်နှာဖုံး” နှင့်နှိုင်းယှဉ်ကာ ဤသို့ဆိုထား၏– “လူခပ်သိမ်းတို့ကိုဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသောလူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ် [“တဘက်၊” သမ] ကိုလည်းကောင်း ဤတောင်ပေါ်မှာ [ယေဟောဝါ] ပယ်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၇၊ ၈က။
၉ မှန်ပါသည်၊ အပြစ်နှင့် သေခြင်း ရှိတော့မည် မဟုတ်! (ဗျာဒိတ် ၂၁:၃၊ ၄) ထို့ပြင် ယေဟောဝါ၏ ကျေးကျွန်များ နှစ်ထောင်နှင့်ချီ၍ သည်းခံခဲ့ရသော မဟုတ်မမှန် ကဲ့ရဲ့ရှုတ်ချမှုများ ကွယ်ပျောက်သွားမည်။ “ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။” (ဟေရှာယ ၂၅:၈ခ) မည်သို့ဖြစ်လာမည်နည်း။ ယေဟောဝါသည် ထိုကဲ့ရဲ့ရှုတ်ချမှု၏ ရင်းမြစ်ဖြစ်သော စာတန်နှင့် သူ၏မျိုးနွယ်ကို ဖယ်ရှားပစ်မည်။ (ဗျာဒိတ် ၂၀:၁-၃) ယေဟောဝါ၏လူများသည် ဤသို့ကြွေးကြော်ရန် လှုံ့ဆော်ခံရခြင်းသည် အံ့သြစရာ မဟုတ်ပါ– “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ယေဟောဝါ ဖြစ်တော်မူ၏။ ကိုယ်တော်၌ ငါတို့သည် မျှော်လင့်လျက်နေကြပြီ။ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။”—ဟေရှာယ ၂၅:၉၊ ကဘ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၂၆:၁၅) အို ထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ။ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေသဖြင့် ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။
ပုံဆောင်ပရဒိသုကို ပိုလှပကျယ်ဝန်းစေပါ
ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကျွန်တော်တို့ ကူညီပေးနိုင်ပုံ
၁၈ ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကူညီပေးနိုင်တဲ့အခွင့်ထူးကို ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ။ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာ ပါဝင်ခြင်းအားဖြင့် ဖြစ်တယ်။ လူတစ်ယောက်ကို ဘုရားသခင့်ကျေးကျွန် ဖြစ်လာအောင် ကူညီလိုက်တိုင်း ပုံဆောင်ပရဒိသု ပိုကျယ်ဝန်းလာအောင် ကူညီပေးရာရောက်တယ်။—ဟေရှာ. ၂၆:၁၅; ၅၄:၂။
(ဟေရှာယ ၂၆:၂၀) ငါ၏လူတို့၊ လာကြ။ အတွင်းခန်းထဲသို့ ဝင်၍ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့။
ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ ခိုနားရာဖြစ်
ယေဟောဝါက ကျွန်ုပ်တို့ရဲ့ “ခိုနားရာ” ဆက်ဖြစ်
၁၅ စာတန့်လောက အဆုံးတိုင်ဖို့ နီးလာတာနဲ့အမျှ “ဆင်းရဲဒုက္ခ” တွေကလည်း ပိုပိုဆိုးလာမှာ ဖြစ်တယ်။ (မ. ၂၄:၇၊ ၈) ကြီးစွာသောဒုက္ခအတွင်းမှာတော့ အခြေအနေတွေက ပိုပြီးတော့တောင် ဆိုးလာမှာ သေချာတယ်။ ကမ္ဘာတစ်ခုလုံးမှာ ပြိုကွဲပျက်စီးမှုတွေ၊ ရှုပ်ထွေးမှုတွေဖြစ်ပြီး လူတွေဟာ အထိတ်တလန့် ဖြစ်ကြလိမ့်မယ်။ (ဟဗ. ၃:၁၆၊ ၁၇) လူတွေဟာ ကြံရာမရဖြစ်ပြီး “တောင်များရှိ လိုဏ်ဂူများ၊ ကျောက်ဆောင်များ၌ ပုန်းအောင်းကြ” လိမ့်မယ်။ (ဗျာ. ၆:၁၅-၁၇) ဒါပေမဲ့ ဘယ်လိုဏ်ဂူ၊ ဘယ်စီးပွားရေးအဖွဲ့အစည်း၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။
၁၆ ဒါပေမဲ့ ယေဟောဝါရဲ့ လူတွေမှာတော့ လုံခြုံတဲ့ “ခိုနားရာ” ဖြစ်တဲ့ ယေဟောဝါဘုရားသခင် ရှိတယ်။ သူတို့ဟာ ပရောဖက် ဟဗက္ကုတ်လိုပဲ “ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။” ‘ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရွှင်လန်းမယ်။’ (ဟဗ. ၃:၁၈) အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ယေဟောဝါက “ခိုနားရာ” ဖြစ်ကြောင်း ဘယ်လို ဖော်ပြမလဲ။ အဲဒါကတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီအချက်ကိုတော့ စိတ်ချနိုင်ပါတယ်– အီဂျစ်ပြည်က ထွက်လာတဲ့ အစ္စရေးလူတွေလိုပဲ “လူအုပ်ကြီး” ဟာ စည်းစနစ်တကျ ရှိနေပြီး ဘုရားသခင့် လမ်းညွှန်ချက်တွေကို နိုးနိုးကြားကြား စောင့်နေမှာ ဖြစ်တယ်။ (ဗျာ. ၇:၉; ထွက်မြောက်ရာ ၁၃:၁၈ ကိုဖတ်ပါ။) လမ်းညွှန်ချက်တွေကို ယေဟောဝါ ဘယ်လိုပေးမလဲ။ အသင်းတော်ကတစ်ဆင့်ပေးမှာ ဖြစ်နိုင်တယ်။ ဟေရှာယ ၂၆:၂၀ မှာ “အတွင်းခန်း” တွေက ဘုရားသခင့်လူတွေကို ကာကွယ်ပေးမယ်လို့ ဖော်ပြထားတယ်။ ဒီအတွင်းခန်းတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေဖြစ်နိုင်တယ်။ (ဟေရှာယ ၂၆:၂၀ ကိုဖတ်ပါ။) အသင်းတော်အစည်းအဝေးတွေကို သင် တန်ဖိုးထားသလား။ အသင်းတော်ကတစ်ဆင့် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်တွေကို သင် ချက်ချင်းလိုက်နာသလား။—ဟေဗြဲ ၁၃:၁၇။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၂၈:၁–၁၃) စပျစ်ရည်နှင့်ယစ်မူးသောသူတို့၏ နေရာ ကြွယ်ဝသောချိုင့်ဦးတွင် ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့် သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။ ၂ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည် မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်းကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့လည်းကောင်း မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။ ၃ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ၄ ကြွယ်ဝသောချိုင့်ဦးတွင် သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် နွေကာလမစေ့မီ အလျင်သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင် စားတတ်၏။ ၅ ထိုကာလ၌လည်း ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ကျန်ကြွင်းသောမိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သောဦးရစ် ဖြစ်တော်မူလိမ့်မည်။ ၆ တရားမှုကို စီရင်သောသူတို့အား တရားစီရင်သောဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုးတံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။ ၇ သို့သော်လည်း ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့်မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။ ၈ သူတို့စားပွဲရှိသမျှတို့သည် လွတ်လပ်ရာမရှိသည်တိုင်အောင် အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။ ၉ သူတို့က အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့်ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ၁၀ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟု ဆိုကြ၏။ ၁၁ အကယ်စင်စစ် စကားမပီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ ၁၂ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်ကြ။ ၁၃ ထို့ကြောင့် သူတို့သည် သွားရာတွင် လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
ဇန်နဝါရီ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၂၉–၃၃
“တရားသဖြင့် အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်”
(ဟေရှာယ ၃၂:၁) ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။
ဘုန်းကြီးတဲ့ဘုရင် ခရစ်တော်ကို ချီးမွမ်းပါ
၁၃ ခရစ်တော်ဟာ “ဖြောင့်မတ်ခြင်းအတွက်” လည်း စီးနင်းတိုက်ခိုက်တယ်။ အဲဒီဖြောင့်မတ်ခြင်းက “ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊” နောက်တစ်မျိုးပြောရင် အမှားအမှန်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စံနှုန်းတွေ ဖြစ်တယ်။ (ရော. ၃:၂၁; တရား. ၃၂:၄) ဟေရှာယက ယေရှုခရစ်နဲ့ပတ်သက်ပြီး “ဘုရင်တစ်ပါးက ဖြောင့်မတ်မှုအတွက် အုပ်စိုးလိမ့်မယ်” လို့ ကြိုပြောခဲ့တယ်။ (ဟေရှာ. ၃၂:၁၊ ကဘ) ယေရှုဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ “ကောင်းကင်သစ်” နဲ့ “မြေကြီးသစ်” ကိုဖြစ်ပေါ်စေပြီး အဲဒီနေရာမှာ လူတိုင်းက ဖြောင့်မတ်မှန်ကန်တာကိုပဲ လုပ်ကြမှာ ဖြစ်တယ်။ (၂ ပေ. ၃:၁၃) ဆိုလိုတာက ကမ္ဘာသစ်မှာ နေထိုင်မယ့်သူတိုင်းဟာ ယေဟောဝါရဲ့စံနှုန်းတွေနဲ့အညီ အသက်ရှင်ကြပါလိမ့်မယ်။—ဟေရှာ. ၁၁:၁-၅။
(ဟေရှာယ ၃၂:၂) ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာ အရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
ဘုရင်နှင့် ကိုယ်တော်၏မင်းသားမှူးမတ်များ
၇ အခက်အခဲဘေးဒုက္ခနှင့် ပြည့်နေသော “အစီအစဉ်စနစ်ဆုံးခန်း” အကြောင်း ပရောဖက်ပြုဖော်ပြရာတွင် ယေရှု ဤသို့မိန့်တော်မူ၏– “စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။” (မဿဲ ၂၄:၃-၈) ယေရှု၏နောက်လိုက်များသည် မျက်မှောက်ခေတ်၏ အန္တရာယ်မကင်းသော လောကအခြေအနေများကို အဘယ်ကြောင့် စိုးရိမ်တုန်လှုပ်ခြင်း မရှိသနည်း။ အကြောင်းတစ်ခုမှာ “မင်းသားမှူးမတ်တို့”—ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” အဝင်ဖြစ်ပါစေ—သူတို့သည် သိုးတော်စုကို သစ္စာစောင့်သိစွာ ကာကွယ်ပေးနေကြသည်။ (ယောဟန် ၁၀:၁၆) သူတို့သည် လူမျိုးရေးစစ်ပွဲများနှင့် အမျိုးဖြုတ် သတ်ဖြတ်မှုကဲ့သို့သော ကြောက်မက်ဖွယ် အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင်ပင် မကြောက်မရွံ့ဘဲ ညီအစ်ကိုညီအစ်မများကို စောင့်ရှောက်ပေးကြသည်။ ဝိညာဉ်ရေးပြတ်လပ်နေသော လောကအလယ်တွင် သူတို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာထဲမှ တည်ဆောက်ဖွယ် သမ္မာတရားအားဖြင့် စိတ်အားငယ်သော စိုးလ်များ လန်းဆန်းဖို့ သေချာစေရန် လုပ်ဆောင်ပေးသည်။
၈ လွန်ခဲ့သောအနှစ် ၅၀ အတွင်း “မင်းသားမှူးမတ်တို့” သည် မည်သူများဖြစ်ကြောင်း ပေါ်လွင်လာသည်။ အခြားသိုးအဝင်ဖြစ်သော “မင်းသားမှူးမတ်တို့” ကို ဖြစ်ထွန်းလာနေသော “အကဲအမှူး” အတန်းအစားအဖြစ် လေ့ကျင့်ပေးလျက်ရှိသည်၊ သို့ဖြင့် ကြီးစွာသောဒုက္ခပြီးနောက် သူတို့ထဲမှ အရည်အချင်းရှိသူများကို “မြေကြီးသစ်” တွင် စီမံခန့်ခွဲရေးတာဝန်ဆောင်ရွက်ဖို့ ခန့်အပ်ရန်အတွက် အဆင်သင့်ရှိမည်။ (ယေဇကျေလ ၄၄:၂၊ ၃၊ ကဘ; ၂ ပေတရု ၃:၁၃) နိုင်ငံတော်လုပ်ငန်းကို ဦးဆောင်ရာတွင် ဝိညာဏလမ်းညွှန်မှုနှင့် လန်းဆန်းမှုပေးခြင်းအားဖြင့် သူတို့သည် “ကျောက်လုံးကြီးအရိပ်ကဲ့သို့” ဖြစ်ကြောင်း၊ ဝတ်ပြုရေးနယ်ပယ်အတွင်းရှိ သိုးတော်စုကို သက်သာစေကြောင်း မိမိတို့ကိုယ်ကို သက်သေထူနေကြသည်။
(ဟေရှာယ ၃၂:၃၊ ၄) မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။ ၄ သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏ လျှာသည်လည်း စကားပီအောင် ပြောတတ်လိမ့်မည်။
ဘုရင်နှင့် ကိုယ်တော်၏မင်းသားမှူးမတ်များ
မျက်စိ၊ နား၊ နှလုံးတို့ဖြင့် အာရုံစိုက်ခြင်း
၁၀ လူအုပ်ကြီးသည် ယေဟောဝါ၏ သီအိုကရက်တစ်အစီအစဉ်များကို မည်သို့ တုံ့ပြန်ခဲ့သနည်း။ ပရောဖက်ပြုချက်က ဤသို့ဆက်ဆို၏– “မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၃) နှစ်များတစ်လျှောက် ယေဟောဝါသည် မိမိ၏အဖိုးထိုက်သော ကျေးကျွန်များကို ညွှန်ကြားချက်များပေးရန်နှင့် ရင့်ကျက်စေဖို့အတွက် စီမံပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် ကျင်းပနေသည့် သီအိုကရက်တစ် ဓမ္မအမှုကျောင်းနှင့် အခြားစည်းဝေးများ၊ ခရိုင်၊ ပြည်လုံးကျွတ်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများအပြင် သိုးတော်စုကို မေတ္တာပါ ဂရုစိုက်စောင့်ရှောက်ရန် “မင်းသားမှူးမတ်တို့” အတွက် အထူးသင်တန်းများလည်း ရှိသည်၊ ၎င်းတို့အားလုံးသည် စည်းလုံးသည့် သန်းနှင့်ချီသော ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို တည်ဆောက်ရန် အထောက်အကူပေးခဲ့ပြီ။ ထိုသိုးထိန်းများသည် မြေကြီးပေါ်ရှိ မည်သည့်နေရာတွင်ပင် ရှိပါစေ တိုးတက်နေသော သမ္မာတရားစကားများဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နားလည်သဘောပေါက်ရန် သူတို့၏နားများကို စွင့်ထားကြသည်။ သမ္မာကျမ်းစာဖြင့် လေ့ကျင့်ထားသော သြတ္တပ္ပစိတ်ဖြင့် သူတို့သည် နားထောင်ရန်နှင့် နာခံရန် အမြဲအသင့်ရှိကြသည်။—ဆာလံ ၂၅:၁၀။
၁၁ ထို့နောက် ပရောဖက်ပြုချက်က ဤသို့သတိပေး၏– “စိတ်မြန်သောသူတို့သည် ဆင်ခြင်၍ သိမြင်ကြလိမ့်မည်။ နှုတ်ဆွံ့သောသူ၏ လျှာသည်လည်း ပီသစွာ ပြောတတ်လိမ့်မည်။” (ဟေရှာယ ၃၂:၄၊ သမ္မာ) အမှားအမှန်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချရာတွင် မည်သူ တစ်ဦးတစ်ယောက်မျှ အလောတကြီး မပြုလုပ်ပါနှင့်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “သတိမရှိဘဲ စကားများသောသူရှိလျှင် ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက် မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့် ရှိ၏။” (သုတ္တံ ၂၉:၂၀; ဒေသနာ ၅:၂) ၁၉၁၉ မတိုင်မီက ယေဟောဝါ၏ လူများကိုယ်နှိုက်ပင် ဗာဗုလုန်အယူအဆများနှင့် စွန်းထင်းခဲ့သည်။ သို့သော် ထိုနှစ်မှစတင်၍ ယေဟောဝါသည် သူတို့အား မိမိရည်ရွယ်တော်မူချက်ကို ပိုမိုရှင်းလင်း နားလည်လာစေခဲ့သည်။ ကိုယ်တော် ဖွင့်ပြသည့် သမ္မာတရားများကို သူတို့ တွေ့ရှိလာခဲ့ကြရာ အဆောတလျင် မဟုတ်ဘဲ ကောင်းစွာ ဆင်ခြင်သုံးသပ်ကာ ယခု သူတို့သည် မသေချာသောအရာကို ထစ်ထစ်အအ ပြောနေခြင်း မဟုတ်ဘဲ သေချာသော ယုံကြည်ချက်ဖြင့် ဟောပြောနေကြလေပြီ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၃၀:၂၁) သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင် ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသော စကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။
ဘယ်နေရာမှာပဲ ရှိနေပါစေ ယေဟောဝါရဲ့အသံကို နားထောင်ပါ
၂ အခုချိန်မှာ ယေဟောဝါဟာ သမ္မာကျမ်းစာ၊ ကိုယ်တော့်သန့်ရှင်းသော စွမ်းအားတော်နဲ့ အသင်းတော်ကို သုံးပြီး လမ်းညွှန်တယ်။ (တ. ၉:၃၁; ၁၅:၂၈; ၂ တိ. ၃:၁၆၊ ၁၇) ကိုယ်တော့် လမ်းညွှန်ချက်တွေက ရှင်းလင်း ပြတ်သားလွန်းတဲ့အတွက် “ဤမည်သောလမ်းသည် မှန်၏၊ ဤလမ်း၌ သွားလော့” လို့ ပြောတာကို ကြားနေရတာနဲ့ တူတယ်။ (ဟေရှာ. ၃၀:၂၁) ယေဟောဝါက သူ့ရဲ့စကားသံကို ကျွန်ုပ်တို့ကြားရဖို့ ယေရှုကိုလည်း သုံးတယ်။ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကတစ်ဆင့် အသင်းတော်ကို ဦးဆောင်ဖို့ ယေရှုကို ကိုယ်တော် ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) ရရှိတဲ့ လမ်းပြမှု၊ ညွှန်ကြားချက်တွေကို အလေးအနက်ထားဖို့ လိုတယ်၊ ဘာကြောင့်လဲဆိုတော့ ထာဝရအသက်က ကျွန်ုပ်တို့ရဲ့ နာခံမှုအပေါ် မူတည်နေလို့ပဲ။—ဟေဗြဲ ၅:၉။
(ဟေရှာယ ၃၃:၂၂) အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင် ဖြစ်၍ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။
မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
၄ ပညတ်ပဋိညာဉ်ဟာ ဘီစီ ၁၅၁၃ မှာ စတင် အကျိုးသက်ရောက်တယ်။ ယေဟောဝါက ဒီပဋိညာဉ်အားဖြင့် ရှေးအစ္စရေးလူမျိုးကို အထူးရည်ရွယ်ချက်တစ်ခုအတွက် ရွေးချယ်ခဲ့တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့ တရားသူကြီး၊ ပညတ်ပေးရှင်နဲ့ ဘုရင် ဖြစ်ပါလိမ့်မယ်။ (ဟေရှာ. ၃၃:၂၂) ဘုရားသခင့် ဖြောင့်မတ်တဲ့စံနှုန်းတွေကို လူတွေနာခံတဲ့အခါ ဒါမှမဟုတ် မနာခံတဲ့အခါ ဘာဖြစ်ခဲ့တယ်ဆိုတာ အစ္စရေးရဲ့သမိုင်းကြောင်းကနေ သိနိုင်တယ်။ ဘုရားသခင့်ပညတ်ကို နာခံခြင်းမှာ အယူမှားဝတ်ပြုသူတွေကို လက်မထပ်တာ၊ တခြားဘုရားတွေကို မကိုးကွယ်တာတွေ ပါဝင်တယ်။ ဒါကြောင့် ပညတ်တရားက အာဗြဟံအမျိုးအနွယ်ရဲ့ မျိုးရိုးမပျက်အောင် ကာကွယ်ပေးဖို့ ရည်ရွယ်တယ်။—ထွ. ၂၀:၄-၆; ၃၄:၁၂-၁၆။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၃၀:၂၂–၃၃) ထုလုပ်သော ငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍ ညစ်ညူးသောအဝတ်ကဲ့သို့ ပစ်ပယ်လျက် သွားတော့ဟု ဆိုရလိမ့်မည်။ ၂၃ သင်သည် လယ်၌ကြဲသော မျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏ သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ ၂၃ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။ ၂၅ များစွာသောလူတို့ကိုသတ်၍ ရဲတိုက်တို့သည် ပြိုလဲသောအခါ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများ ရှိကြလိမ့်မည်။ ၂၆ ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ ဖြစ်၍ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့်မည်။ ၂၇ ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှလာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့်ပြည့်၍ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။ ၂၈ ထွက်သက်တော်သည်လည်း လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခြင်းငှာ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။ ၂၉ သင်တို့သည် ပွဲခံသောနေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။ ၃၀ ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော်သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက် မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ ၃၁ သို့ဖြစ်၍ အာရှုရိလူသည် ထာဝရဘုရား၏ အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ထာဝရဘုရားစီရင်၍ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။ ၃၃ အကြောင်းမူကား တောဖက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။
ဇန်နဝါရီ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၃၄-၃၇
“ဟေဇကိရဲ့ယုံကြည်ခြင်း ဆုချခံရ”
(ဟေရှာယ ၃၆:၁) ဟေဇကိမင်းကြီးနန်းစံ ဆယ့်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်။
(ဟေရှာယ ၃၆:၄–၁၀) ရာဗရှာခက မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ ၅ စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။ ၆ ကျိုးသော ကျူလုံးတောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကို ဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကို ပြုလိမ့်မည်။ ၇ သင်တို့က ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင် ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍ ဤမည်သော ယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့် သင်တို့ ပြစ်မှားသောဘုရား ဖြစ်သည်မဟုတ်လော။ ၈ သို့ဖြစ်၍ ယခုတွင် ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ ၉ သင်သည် ငါ့သခင်၏ ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟု ယုံပါသည်တကား။ ၁၀ ထာဝရဘုရား၏ အခွင့်မရှိဘဲ ဤပြည်ကို ဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကို သွား၍ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အား မိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
(ဟေရှာယ ၃၆:၁၅) ဟေဇကိက ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန် ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟု ဆိုသဖြင့် ထာဝရဘုရားကို မကိုးစားစေနှင့်။
(ဟေရှာယ ၃၆:၁၈–၂၀) ဟေဇကိက ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။ ၁၉ ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ ၂၀ ထိုအပြည်ပြည်သော ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
ရာဗရှာခသည် မိမိ၏ဖြစ်ကြောင်းကုန်စင်ကို ခင်းကျင်းပြ
၇ သနာခရိပ်သည် အခြားဗိုလ်မင်းနှစ်ဦးနှင့်အတူ ရာဗရှာခ (စစ်ရာထူးအမည်ဖြစ်၊ ကိုယ်ပိုင်အမည်မဟုတ်) ကို ယေရုရှလင်မြို့သို့ စေလွှတ်ကာ ထိုမြို့လက်နက်ချရန် တောင်းဆိုလိုက်သည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၇) သူတို့သည် ဟေဇကိမင်း၏ ကိုယ်စားလှယ်သုံးဦးဖြစ်သော ဟေဇကိ၏နန်းတော်အုပ် ဧလျာကိမ်၊ အတွင်းရေးမှူး ရှေဗန၊ အာသပ်သား၊ စာရေးတော်ကြီး ယောအာတို့နှင့် မြို့ပြင်တွင် တွေ့ဆုံကြသည်။—ဟေရှာယ ၃၆:၂၊ ၃။
၈ ရာဗရှာခ၏ ရည်ရွယ်ချက်မှာ ရိုးရိုးလေး ဖြစ်သည်—စစ်မတိုက်ရဘဲ လက်နက်ချစေရန် ယေရုရှလင်ကို အယုံသွင်းဖို့ ဖြစ်သည်။ ဟေဗြဲဘာသာစကားဖြင့် ဦးဆုံး သူဤသို့ကြွေးကြော်၏– “သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ . . . ငါ့ကိုပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။” (ဟေရှာယ ၃၆:၄၊ ၅) ထို့နောက် ရာဗရှာခသည် ကြောက်ရွံ့နေသော ဂျူးများအား မခံချင်အောင် ထိကပါးရိကပါး ပြောကာ သူတို့အား ကူညီမည့်သူ မရှိဖြစ်နေပြီဟု သတိပေးနေသည်။ မည်သူ့ထံ သူတို့ အကူအညီတောင်းကြမည်နည်း။ “ကျိုးသော ကျူလုံးတောင်ဝှေး” ဖြစ်သည့် အီဂျစ်ကိုလော။ (ဟေရှာယ ၃၆:၆) ထိုအချိန်တွင် အီဂျစ်ပြည်သည် ကျိုးသောကျူလုံးတစ်ခုနှင့် တူနေသည်၊ အမှန်မှာ ယခင် ကမ္ဘာ့အာဏာစက်ဖြစ်သော ထိုနိုင်ငံသည် ယာယီအားဖြင့် အီသီယိုးပီးယား၏ လက်အောက်ရောက်နေရပြီး ယခုလက်ရှိ အီဂျစ်ပြည်၏ဖာရော၊ ဘုရင်တိရက္ကသည် အီဂျစ်လူမျိုးမဟုတ်ဘဲ အီသီယိုးပီးယားလူမျိုး ဖြစ်နေသည်။ ထို့ပြင် သူသည် အာရှုရိကို စစ်ရှုံးတော့မည် ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၉:၈၊ ၉) အီဂျစ်သည် မိမိကိုယ်ကိုပင် မကယ်နိုင်သောကြောင့် ယုဒပြည်ကိုလည်း အကူအညီ မပေးနိုင်သလောက် ဖြစ်သည်။
၉ ယခု ရာဗရှာခက ယေဟောဝါသည် မိမိလူမျိုးကို စိတ်တော်နှင့် မတွေ့သောကြောင့် သူတို့အတွက် တိုက်ခိုက်ပေးမည်မဟုတ်ဟု စောဒကတက်သည်။ ရာဗရှာခ ပြောသည်မှာ– “သင်တို့က ‘ငါတို့ဘုရားသခင် ထာဝရဘုရားအား ကိုးစားကြသည်’ ဟု ဆိုပြန်မူ ထိုဘုရား၏ မြင့်ရာဌာနနှင့် ပူဇော်ရာပလ္လင်များကို ဟေဇကိမင်းပယ်ရှားခဲ့ပြီ မဟုတ်လော။” (ဟေရှာယ ၃၆:၇၊ သမ) အမှန်မှာ၊ မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်ကို ဖြိုဖျက်ခြင်းသည် ယေဟောဝါကို ငြင်းပယ်ခြင်း လုံးဝမဟုတ်ပါ၊ ယေဟောဝါထံတော်သို့ ဂျူးများ အမှန်ပြန်လာခဲ့ကြခြင်းသာ ဖြစ်သည်။
၁၀ စစ်ရေးဘက်မှကြည့်လျှင် မိမိတို့သည် အဘက်ဘက်တွင် သာလွန်သည်ဟု ရာဗရှာခက ဂျူးများကို သတိပေးလေသည်။ သူသည် ထောင်လွှားစွာ ဤသို့ စိန်ခေါ်လိုက်၏– “သင်၌ မြင်းစီးသူရဲလုံလောက်အောင် ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။” (ဟေရှာယ ၃၆:၈) သို့သော် အမှန်ဆိုရလျှင် ယုဒပြည်တွင် လေ့ကျင့်ထားသော မြင်းစီးသူရဲ နည်းခြင်း၊ များခြင်းသည် အရေးကြီးပါသလော။ အရေးမကြီးပါ၊ ယုဒပြည်၏ လွတ်မြောက်ခြင်းသည် စစ်အင်အား သာလွန်မှုအပေါ် မူမတည်ပါ။ သုတ္တံ ၂၁:၃၁ [သမ္မာ] ၌ ဤသို့ ရှင်းပြထား၏– “စစ်တိုက်ရာနေ့ရက်ကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း အောင်မြင်ခြင်းသည် ထာဝရဘုရားနှင့်သာ ဆိုင်သတည်း။” ထို့နောက် ရာဗရှာခက ယေဟောဝါ၏ ကောင်းချီးသည် ဂျူးများနှင့်အတူ မရှိဘဲ အာရှုရိနှင့်အတူ ရှိသည်ဟု အခိုင်အမာ ပြောဆိုသည်။ ဤသို့သာ မရှိခဲ့လျှင် အာရှုရိသည် ယုဒပြည်နယ်များအတွင်းသို့ ဤမျှတိုင် ထိုးဖောက် တိုက်ခိုက်နိုင်မည်မဟုတ်ဟု ခုခံပြောဆို၏။—ဟေရှာယ ၃၆:၉၊ ၁၀။
၁၁ ဟေဇကိ၏ကိုယ်စားလှယ်များက ရာဗရှာခ၏ အကြောင်းပြချက်များကို မြို့ရိုးပေါ်ရှိသူများကြားကာ စိတ်ဓာတ်ထိခိုက်သွားမည်ကို စိုးရိမ်ကြသည်။ ထိုဂျူးအရာရှိများက ဤသို့တောင်းဆိုကြ၏– “ရှုရိဘာသာစကားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသောသူတို့သည် ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်။” (ဟေရှာယ ၃၆:၁၁) သို့သော် ရာဗရှာခသည် ရှုရိဘာသာစကားဖြင့် မပြောလိုပါ။ သူသည် ဂျူးများအား သံသယမျိုးစေ့ ချပေးပြီး သူတို့ ကြောက်ရွံ့လာသည့်အခါ လက်နက်ချကြရန်နှင့် တိုက်စရာမလိုဘဲ ယေရုရှလင်မြို့ကို အောင်နိုင်ရန် ဖြစ်သည်! (ဟေရှာယ ၃၆:၁၂) သို့ဖြစ်၍ အာရှုရိတို့သည် “ယုဒဘာသာစကား” ဖြင့် ထပ်ပြောပြန်သည်။ သူက ယေရုရှလင်မြို့သားများအား ဤသို့သတိပေး၏– “ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကို ကယ်ယူခြင်းငှာ မတတ်နိုင်။” ထို့နောက် သူသည် နားထောင်နေသူများအား အာရှုရိအုပ်ချုပ်မှုအောက် နေထိုင်ရမည့် ဘဝအခြေအနေမျိုးကို ရုပ်လုံးဖော်ပြခြင်းဖြင့် သူတို့ကို သွေးဆောင်ရန် ဤသို့ကြိုးစားလေ၏– “ငါနှင့် မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသော ပြည်သို့ သင်တို့ကိုပို့ခြင်းငှာ ငါမလာမီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍ ကိုယ်ရေကန်က ရေကို သောက်လျက် နေကြဦးလော့။”—ဟေရှာယ ၃၆:၁၃-၁၇။
၁၂ ဂျူးလူမျိုးများသည် ဤနှစ်အတွက် သီးနှံရိတ်သိမ်းစရာ ရှိမည် မဟုတ်ပါ—အာရှုရိ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ကောက်ပဲသီးနှံများကို သူတို့ မစိုက်ပျိုးဖြစ်ခဲ့ကြပါ။ အရည်ရွှမ်းသော စပျစ်သီးများစားကာ ရေအေးအေး သောက်ရမည်ဟူသော အလားအလာသည် မြို့ရိုးပေါ်မှ နားထောင်နေကြသူများအတွက် အလွန်ဆွဲဆောင်မှု ဖြစ်မည်။ သို့သော် ဂျူးလူမျိုးများအား အားလျှော့စေရန် ရာဗရှာခ၏ ကြိုးစားခြင်းသည် ဤမျှနှင့် မပြီးသေးပါ။
၁၃ ရာဗရှာခသည် စစ်လက်နက်များအကြောင်း ပြောဆိုနေခြင်းမှ နောက်ထပ် စကားလက်နက်ဘက်သို့ ဆွဲလိုက်သည်။ ဟေဇကိက “ယေဟောဝါသည် ငါတို့ကို ကယ်ယူတော်မူမည်” ဟုပြောခြင်းကို မယုံကြနှင့်ဟု သူသတိပေးသည်။ ရာဗရှာခက ရှမာရိပြည်၏ ဘုရားများသည် ဆယ်နွယ်နိုင်ငံကို အာရှုရိ၏ တိုက်ခိုက်အနိုင်ယူခြင်းမှ မကာကွယ်ပေးနိုင်ခဲ့ကြောင်း ဂျူးများအား သတိပေးသည်။ အာရှုရိ တိုက်ခိုက်အနိုင်ယူခဲ့သော အခြားတိုင်းပြည်များမှ ဘုရားများကော မည်သို့နည်း။ “ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော” ဟုသူမေးသည်။—ဟေရှာယ ၃၆:၁၈-၂၀။
၁၄ အမှန်မှာ၊ မှောက်မှားသောဘုရား ကိုးကွယ်သူ ရာဗရှာခသည် အယူဖောက်ပြန်သော ရှမာရိနှင့် ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့အကြား အကြီးအကျယ် ကွဲပြားခြားနားမှု ရှိကြောင်းကို သူ သဘောမပေါက်ပါ။ ရှမာရိပြည်၏ မှောက်မှားသော ဘုရားများသည် ဆယ်နွယ်နိုင်ငံကို ကယ်တင်ရန် တန်ခိုး မရှိကြပါ။ (၄ ဓမ္မရာဇဝင် ၁၇:၇၊ ၁၇၊ ၁၈) တစ်ဖက်တွင်မူ ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့သည် မှောက်မှားသော ဘုရားများကို ကျောခိုင်းစွန့်ခွာကာ ယေဟောဝါအား တစ်ဖန် ဝတ်ပြုကိုးကွယ်နေပြီဖြစ်သည်။ သို့သော် ယုဒကိုယ်စားလှယ်များသည် ဤအကြောင်းကို ရာဗရှာခအား ရှင်းပြရန် မကြိုးစားကြပါ။ “ယုဒလူတို့လည်း စကားတစ်ခွန်းကိုမျှ မပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား ‘ပြန်မပြောနှင့်’ ဟုရှင်ဘုရင် အမိန့်တော်ရှိသတည်း။” (ဟေရှာယ ၃၆:၂၁) ဧလျာကိမ်၊ ရှေဗနနှင့် ယောအာတို့သည် ဟေဇကိထံသို့ ပြန်လာကြပြီး ရာဗရှာခ၏စကားများကို ပြန်လျှောက်တင်ကြ၏။—ဟေရှာယ ၃၆:၂၂။
(ဟေရှာယ ၃၇:၁၊ ၂) ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။ ၂ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။
(ဟေရှာယ ၃၇:၁၄–၂၀) ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။ ၁၅ ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ၁၆ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ၁၇ အိုထာဝရဘုရား နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။ ၁၈ အိုထာဝရဘုရား အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊ ၁၉ သူတို့၏ဘုရားများကို မီးထဲသို့ ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ ၂၀ အို အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရား ကိုယ်တော်ထာဝရဘုရား တစ်ပါးသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
ဟေဇကိ ဆုံးဖြတ်ချက်တစ်ခုချ
၁၅ ယခု ဘုရင်ဟေဇကိသည် ဆုံးဖြတ်ချက်တစ်ခု ချရန်ရှိသည်။ ယေရုရှလင်မြို့သည် အာရှုရိထံ လက်နက်ချကြမည်လော၊ အီဂျစ်ပြည်နှင့် ပူးပေါင်းမည်လော၊ သို့မဟုတ် စစ်ပြိုင်၍ တိုက်ခိုက်မည်လော။ ဟေဇကိသည် အကြီးအကျယ် စိတ်ဖိစီးနေပြီ။ အသက်ကြီး ယဇ်ပုရောဟိတ်တို့နှင့်အတူ ဧလျာကိမ်နှင့် ရှေဗနတို့ကို ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါကို မေးမြန်းရန် စေလွှတ်ထားစဉ် သူသည် ယေဟောဝါ၏ ဗိမာန်တော်သို့ သွားလေ၏။ (ဟေရှာယ ၃၇:၁၊ ၂) လျှော်တေအဝတ်ကို ဝတ်ဆင်ထားသော ဘုရင့် စေတမန်တို့သည် ဟေရှာယထံသို့ ချဉ်းကပ်ကာ ဤသို့ဆိုကြ၏– “ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ဖြစ်၏။ . . . အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။” (ဟေရှာယ ၃၇:၃-၅) မှန်ပါသည်၊ အာရှုရိတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို စိန်ခေါ်နေသည်! ယေဟောဝါသည် သူတို့၏ ကဲ့ရဲ့စကားများကို ဂရုပြုမည်လော။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ဂျူးများအား ဤသို့စိတ်ချစေ၏– “အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။ ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့။”—ဟေရှာယ ၃၇:၆၊ ၇။
၁၆ ထိုအတောအတွင်း၊ ဘုရင်သနာခရိပ်သည် လိဗနမြို့ကို တိုက်ယူနေစဉ် ဘုရင့်အပါးတော်၌နေပေးရန် ရာဗရှာခကို ဆင့်ခေါ်ခဲ့သည်။ သနာခရိပ်သည် ယေရုရှလင်မြို့ကိစ္စကို နောက်ပိုင်းတွင် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ (ဟေရှာယ ၃၇:၈) သို့သော် ရာဗရှာခထွက်ခွာသွားခြင်းသည် ဟေဇကိအား ဖိအားပေးမှုမှ မလွတ်ကင်းသွားစေပါ။ သနာခရိပ်က ယေရုရှလင်မြို့သားများသည် လက်နက်ချရန် ငြင်းဆိုမည်ဆိုပါက အဘယ်အရာကြုံရမည်ကို ဖော်ပြထားသည့် ဤခြိမ်းခြောက်စာကို ပို့လိုက်လေသည်– “အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်း ဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား . . . တို့ကို သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသော မင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။” (ဟေရှာယ ၃၇:၉-၁၃) အာရှုရိတို့ အဓိကပြောနေသည့်အချက်မှာ ပြန်လည်ခုခံလျှင် မိုက်မဲရာကျမည်—ပြန်လည်ခုခံခြင်းသည် ပို၍ဒုက္ခရှာခြင်းသာ ဖြစ်မည်ဟူ၍ ဖြစ်သည်!
၁၇ ဟေဇကိသည် မိမိပြုလုပ်ရမည့် ဆုံးဖြတ်ချက်၏ အကျိုးဆက်များအကြောင်း လေးလေးနက်နက် စဉ်းစားကာ သနာခရိပ်၏စာကို ဗိမာန်တော်အတွင်း ယေဟောဝါရှေ့တော်မှောက်တွင် ဖြန့်ထားလေသည်။ (ဟေရှာယ ၃၇:၁၄) နှလုံးသားထဲမှ ဆုတောင်းချက်တွင် အာရှုရိ၏ ခြိမ်းခြောက်မှုကို ယေဟောဝါ နားထောင်တော်မူရန် တိုးလျှိုးအသနားခံပြီး သူ၏ဆုတောင်းချက်ကို ဤစကားများဖြင့် နိဂုံးချုပ်ထား၏– “အို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ကိုယ်တော်ထာဝရဘုရား တစ်ပါးသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ။” (ဟေရှာယ ၃၇:၁၅-၂၀) ဤဆုတောင်းချက်၌ ဟေဇကိ၏ အဓိက ပူပင်မှုသည် မိမိလွတ်မြောက်ရန်အတွက် မဟုတ်ဘဲ အာရှုရိတို့သာ ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင်ခဲ့လျှင် ယေဟောဝါ၏နာမတော် အကြီးအကျယ် ကဲ့ရဲ့ပြစ်တင်ခံရမည်ကို စိုးရိမ်ခြင်းဖြစ်သည်။
(ဟေရှာယ ၃၇:၃၃–၃၈) သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။ ၃၄ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ ၃၅ ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၆ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန် ရောက်သောအခါ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။ ၃၇ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။ ၃၈ နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ကိုးကွယ်စဉ်တွင် သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့် သတ်ပြီးလျှင် အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
၁၈ ဟေဇကိ၏ဆုတောင်းချက်ကို ဟေရှာယမှတစ်ဆင့် ယေဟောဝါ အဖြေပေးတော်မူ၏။ ယေရုရှလင်သည် အာရှုရိထံ လက်နက်ချဖို့ မလိုပါ၊ ကြံ့ကြံ့ခံရပ်တည်ရမည် ဖြစ်သည်။ ဟေရှာယသည် သနာခရိပ်ကို ရည်ညွှန်းလျက် ယေဟောဝါ၏ သတင်းစကားကို အာရှုရိတို့အား ဤသို့ ရဲရင့်စွာပြော၏– “ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ [ပြောင်လှောင်လျက်] ခေါင်းညိတ်၏။” (ဟေရှာယ ၃၇:၂၁၊ ၂၂) ထို့နောက် ယေဟောဝါ ဤသို့ထပ်ဆို၏– ‘အသင်ကား မည်သူဖြစ်၍ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို ကဲ့ရဲ့ဆဲရေးရသနည်း။ သင်၏အပြုအမူများကို ငါသိ၏။ သင်သည် အလွန်ရည်မှန်းချက်ကြီးပြီး အလွန်ကြွားဝါ၏။ သင်သည် သင်၏စစ်အင်အားကို ကိုးစားပြီး များစွာသောနိုင်ငံတို့ကို သိမ်းပိုက်ခဲ့သည်။ သို့သော် သင်သည် မရှုံးနိမ့်နိုင်သူ မဟုတ်။ ငါသည် သင့်အကြံအစည်များကို ပျက်ပြားစေမည်။ ငါသည် သင့်ကို အနိုင်ယူမည်။ အခြားသူများကို သင်လုပ်ခဲ့သည်အတိုင်း သင်အား ပြန်ခံစေမည်။ ငါသည် သင့်နှာခေါင်းကို ချိတ်နှင့်ချိတ်၍ သင့်ကို အာရှုရိပြည်သို့ ပြန်စေမည်!’—ဟေရှာယ ၃၇:၂၃-၂၉။
“သင်မှတ်ရသောနိမိတ်လက္ခဏာ”
၁၉ ဟေဇကိတွင် ဟေရှာယ၏ပရောဖက်ပြုချက် ပြည့်စုံမည်ဖြစ်ကြောင်း အဘယ်အာမခံချက် ရှိသနည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူပေါက်သော အရာများကိုလည်းကောင်း သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကို ကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။” (ဟေရှာယ ၃၇:၃၀) ယေဟောဝါသည် အဝိုင်းခံထားရသော ဂျူးများအတွက် အစားအစာ စီစဉ်ပေးမည်ဖြစ်သည်။ အာရှုရိစစ်တပ်၏ သိမ်းပိုက်ထားမှုကြောင့် အသီးအနှံများကို မစိုက်ပျိုးနိုင်သော်လည်း ယမန်နှစ် ကောက်ရိတ်ချိန်က ကျကျန်ရစ်သောအစေ့များ ပြန်ပေါက်၍ ရသည့်အသီးကို စားရမည်ဖြစ်သည်။ ဥပုသ်နှစ်ဖြစ်သော နောက်နှစ်တွင် သူတို့သည် အခြေအနေ အလွန်ဆိုးသော်လည်း လယ်ကွက်များကို မစိုက်မပျိုးဘဲ ဤအတိုင်းထားရမည် ဖြစ်သည်။ (ထွက်မြောက်ရာ ၂၃:၁၁) ယေဟောဝါက လူများသည် ကိုယ်တော်၏စကားကို နားထောင်ကြမည်ဆိုလျှင် လယ်ကွက်များသည် သူတို့ကို ထောက်ပံ့ရန် လုံလောက်သည့် အသီးအနှံများ ထွက်ရှိမည်ဖြစ်ကြောင်း ကတိပေးတော်မူ၏။ ထို့နောက် နောက်နှစ်တွင် လူများသည် အသီးအနှံများကို ပုံမှန် စိုက်ပျိုးရမည်ဖြစ်ပြီး သူတို့၏လုပ်ဆောင်မှု အကျိုးရလဒ်ကို ခံစားရမည်ဖြစ်သည်။
၂၀ ယခု ယေဟောဝါက အလွယ်တကူ အမြစ်ဆွဲနုတ်၍ မရနိုင်သော အပင်တစ်ပင်နှင့် မိမိ၏လူမျိုးတော်ကို ဤသို့နှိုင်းယှဉ်ထား၏– “ဘေးလွတ် . . . သောယုဒအမျိုးသားတို့သည် တစ်ဖန် အောက်မှာ အမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်။” (ဟေရှာယ ၃၇:၃၁၊ ၃၂) မှန်ပါသည်၊ ယေဟောဝါအား ယုံကြည်ကိုးစားသူများသည် ကြောက်စရာအကြောင်း မရှိပါ။ သူတို့နှင့် သူတို့၏သားသမီးများသည် ပြည်တော်တွင် ခိုင်မြဲစွာ ကျန်ရစ်ကြမည်။
၂၁ ယေရုရှလင်မြို့ကို အာရှုရိခြိမ်းခြောက်ခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ ယေဟောဝါ ဤသို့ အဖြေပေးတော်မူ၏– “သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။” (ဟေရှာယ ၃၇:၃၃၊ ၃၄) အာရှုရိနှင့် ယေရုရှလင်တို့ တိုက်ပွဲဖြစ်မည် မဟုတ်ပါ။ အံ့အားသင့်စရာမှာ မတိုက်ဘဲရှုံးသွားမည့်သူမှာ ဂျူးများမဟုတ်ဘဲ အာရှုရိဖြစ်မည်။
၂၂ ကိုယ်တော့်မိန့်တော်မူချက်နှင့်အညီ ယေဟောဝါသည် ကောင်းကင်တစ်မန်တစ်ပါးကို စေလွှတ်ကာ သနာခရိပ်၏ အကောင်းဆုံးစစ်သည် ၁၈၅,၀၀၀ ကို သုတ်သင်ပစ်တော်မူ၏။ လိဗနမြို့တွင် ယင်းသို့ ဖြစ်ပျက်ပုံရသည်၊ သနာခရိပ်အိပ်ရာမှ နိုးသည့်အခါ မိမိ၏စစ်ဦးစီးများ၊ အရာရှိများနှင့် အင်အားကြီးစစ်သူရဲများ သေဆုံးနေသည်ကို တွေ့ရသည်။ သူသည် ရှက်ရှက်နှင့် နိနေဝေမြို့သို့ ပြန်သွားသည်၊ သူ၏ရှုံးနိမ့်မှုသတင်း ပြန့်နေသော်လည်း သူသည် သူ၏မှောက်မှားသောဘုရား နိသရုတ်ကို အစွဲကြီးကြီးဖြင့် ဆက်ဆည်းကပ်ဝတ်ပြုဆဲ ဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက် နိသရုတ်၏ဗိမာန်တွင် ဝတ်ပြုကိုးကွယ်နေစဉ် သနာခရိပ်သည် သူ့သားနှစ်ယောက်၏ လုပ်ကြံခြင်းကို ခံရလေသည်။ ဤတွင်တစ်ဖန် သက်မဲ့ဖြစ်သော နိသရုတ်သည် ကယ်လွတ်ပေးရန် တန်ခိုးမရှိကြောင်း ထင်ရှားသည်။—ဟေရှာယ ၃၇:၃၅-၃၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၃၅:၈) ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မလျှောက်မသွားရ။ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက် ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
“ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့
‘သန့်ရှင်းရာလမ်း ရှိလိမ့်မည်’
ဗာဗုလုန်တွင် ပြည်နှင်ဒဏ်ခံနေရသော မိမိလူမျိုးတော်သည် သူတို့၏နေရင်းပြည်ကို ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ယေဟောဝါ ကြိုဟောခဲ့သည်။ ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်တွင် ဤအာမခံချက် ပါဝင်သည်– “ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။” (ဟေရှာ. ၃၅:၈က) ဤစကားက ယေဟောဝါသည် ဂျူးလူမျိုးတို့ နေရင်းပြည်သို့ ပြန်ရန် လမ်းဖွင့်ပေးရုံသာမက သူတို့၏ ခရီးစဉ်တစ်လျှောက်တွင် ကိုယ်တော် ကာကွယ်ပေးမည်ကိုလည်း စိတ်ချစေခဲ့ကြောင်း ဖော်ပြသည်။
“ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့
“မစင်ကြယ်သောသူသည် ထိုလမ်းကို မလျှောက်မသွားရ”
ဘီစီ ၅၃၇ တွင် ပြည်တော်ပြန် ဂျူးတို့သည် အရေးကြီးသော တောင်းဆိုချက်တစ်ခုကို ပြည့်မီရန် လိုသည်။ ထို “သန့်ရှင်းရာလမ်း” တွင် လျှောက်လှမ်းရန် အရည်အချင်းပြည့်မီသူတို့နှင့်ပတ်သက်၍ ဟေရှာယ ၃၅:၈ ခ [သမ္မာ] တွင် ဤသို့ဖော်ပြသည်– “မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ မိုက်သောသူလည်း မလှည့်လည်ရ။” ယေရုရှလင်မြို့သို့ ဂျူးများ ပြန်လာသည့်ရည်ရွယ်ချက်မှာ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် ဖြစ်သောကြောင့် တစ်ကိုယ်ကောင်းစိတ်ရှိသူများ၊ မြင့်မြတ်သောအရာများကို လေးမြတ်စိတ်မရှိသူများ သို့မဟုတ် ဝိညာဉ်ရေးတွင် မသန့်ရှင်းသူများအတွက် နေရာရှိမည် မဟုတ်ချေ။ ပြည်တော်ပြန်များသည် ယေဟောဝါ၏မြင့်မားသော ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းရန် လိုအပ်သည်။ ယနေ့ ဘုရားသခင့်မျက်နှာသာ ရလိုသူတို့သည် အလားတူတောင်းဆိုချက်ကို ပြည့်မီရန်လို၏။ သူတို့သည် “ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြရမည်။ (၂ ကော. ၇:၁) သို့ဆိုလျှင် အဘယ်မသန့်ရှင်းသော အကျင့်များကို ကျွန်ုပ်တို့ ရှောင်ကြဉ်သင့်သနည်း။
(ဟေရှာယ ၃၆:၂၊ ၃) ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ လာခိရှမြို့မှ ယေရုရှလင်မြို့ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍ ခဝါသည်၏လယ်နားမှာ လျှောက်သောလမ်း အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏။ ၃ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူ့ထံသို့ ထွက်ပြီးလျှင်။
(ဟေရှာယ ၃၆:၂၂) ထိုအခါ ဟိလခိသား ဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက် ဟေဇကိမင်းထံသို့လာ၍ ရာဗရှာခစကားကို ကြားလျှောက်ကြ၏။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၃၆:၂၊ ၃၊ ၂၂။ ရှေဗနသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရသော်လည်း သူ့နေရာကို အစားဝင်သူ၏ စာရေးအဖြစ် ဘုရင့်အမှုတော်ကို ဆက်ထမ်းဆောင်ခွင့်ရခဲ့သည်။ (ဟေရှာယ ၂၂:၁၅၊ ၁၉) ကျွန်ုပ်တို့သည် အကြောင်းအချို့ကြောင့် ယေဟောဝါအဖွဲ့အစည်းတွင် တာဝန်ရှိအနေအထားမှ ဖယ်ရှားခံရပါက ကိုယ်တော်ခွင့်ပြုသည့် အဘယ်အခြေအနေတွင်မဆို ဘုရားသခင့်အမှုတော်ကို ဆက်ထမ်းဆောင်သင့်သည် မဟုတ်လော။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၃၆:၁–၁၂) ဟေဇကိမင်းကြီးနန်းစံ ဆယ့်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊ ၂ ရာဗရှာခကို ခန့်ထား၍ များစွာသောဗိုလ်ခြေနှင့်တကွ လာခိရှမြို့မှ ယေရုရှလင်မြို့ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍ ခဝါသည်၏လယ်နားမှာ လျှောက်သောလမ်း အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏။ ၃ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူ့ထံသို့ ထွက်ပြီးလျှင်၊ ၄ ရာဗရှာခက မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ ၅ စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့်ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။ ၆ ကျိုးသော ကျူလုံးတောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကို ဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကို ပြုလိမ့်မည်။ ၇ သင်တို့က ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင် ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍ ဤမည်သော ယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့် သင်တို့ ပြစ်မှားသောဘုရား ဖြစ်သည် မဟုတ်လော။ ၈ သို့ဖြစ်၍ ယခုတွင် ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ ၉ သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟု ယုံပါသည်တကား။ ၁၀ ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကို သွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။ ၁၁ ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရှုရိဘာသာစကားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသော သူတို့သည် ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင်၊ ၁၂ ရာဗရှာခက ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှာ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကို စား၍ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လောဟု ဆိုပြီးလျှင်။
ဇန်နဝါရီ ၂၃-၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၃၈–၄၂
“ဘုရားသည် မောသောသူတို့အား ခွန်အားကိုပေး”
(ဟေရှာယ ၄၀:၂၅၊ ၂၆) သို့ဖြစ်၍ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ ၂၆ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
“ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့”
“ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း”
၂၃ ပြည်နှင်ဒဏ်ခံရသောဂျူးများ အားယူနိုင်သည့် နောက်ထပ်အကြောင်းရင်းတစ်ခု ရှိသေးသည်။ လွတ်မြောက်မည်ဟု ကတိပေးတော်မူသောအရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်၊ ကြီးမားသော စွမ်းအင်အရပ်ရပ်၏ ရင်းမြစ် ဖြစ်တော်မူ၏။ အလွန်အံ့အားသင့်ဖွယ်ကောင်းသော အစွမ်းကို အလေးအနက် ဖော်ပြရန် ယေဟောဝါသည် ဖန်ဆင်းရာများတွင် ထင်ရှားသော မိမိ၏အစွမ်းကို အာရုံစိုက်ရန် ဤသို့ ဆင့်ခေါ်ထား၏– “‘ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်း’ ဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ ‘အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၅၊ ၂၆။
၂၄ ဣသရေလလူမျိုး၏ သန့်ရှင်းသောဘုရားသခင်သည် မိမိအကြောင်း ကိုယ်တိုင် ပြောပြနေတော်မူ၏။ မိမိနှင့်တန်းတူသူ မရှိကြောင်း ပြသရန် ယေဟောဝါသည် ကောင်းကင်ရှိကြယ်များကို အာရုံစိုက်စေတော်မူ၏။ တပ်မှူးတစ်ဦးသည် မိမိ၏တပ်များကို နေရာအဆင့်အလိုက်ထားသကဲ့သို့ ယေဟောဝါသည် ကြယ်များကို အုပ်ချုပ်တော်မူ၏။ ကိုယ်တော်သည် ၎င်းတို့ကို စာရင်းခေါ်မည်ဆိုလျှင် ‘တစ်စုံတစ်ခုမျှ လွတ်သွားခြင်းရှိမည် မဟုတ်ပါ။’ ကြယ်များအရေအတွက်သည် အလွန့်အလွန် များပြားသော်လည်း ကိုယ်တော်သည် သူတို့တစ်ခုချင်းစီကို သီးခြားအမည် သို့မဟုတ် နာမည်ကဲ့သို့သော အမှတ်အသားတစ်ခုဖြင့် မှည့်ခေါ်တော်မူသည်။ ၎င်းတို့သည် နာခံမှုရှိသော စစ်သားများကဲ့သို့ မိမိတို့၏နေရာတွင် နေကြပြီး အမိန့်တော်ကို နာခံကြသည်၊ အကြောင်းမှာ သူတို့ကို ဦးဆောင်တော်မူသော အရှင်သည် “တန်ခိုးနှင့် ပြည့်စုံတော်မူ” ပြီး “ခွန်အားကြီး” သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်နှင်ခံဂျူးများ ယုံကြည်စိတ်ချရန် အကြောင်းရှိပြီ။ ကြယ်များကို အမိန့်ပေးတော်မူသော ဖန်ဆင်းရှင်တွင် မိမိကျေးကျွန်များကို ထောက်ပံ့ကူညီရန် တန်ခိုးရှိတော်မူ၏။
၂၅ ဟေရှာယ ၄၀:၂၆ တွင် မှတ်တမ်းတင်ထားသည့် “အထက်သို့ မျှော်ကြည့်ကြလော့” ဟူသော ဘုရားသခင်၏ ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ထဲမှ မည်သူက ကလန်ကဆန် ပြုနိုင်သနည်း။ မျက်မှောက်ခေတ် နက္ခတ္တဗေဒ ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များက ကြယ်အတိပြီးသော ကောင်းကင်သည် ဟေရှာယခေတ်တွင် သူတို့မြင်တွေ့ခဲ့ရသည့်အရာထက် ပို၍ အံ့သြထိတ်လန့်ဖွယ်ကောင်းကြောင်း တင်ပြခဲ့ကြသည်။ စွမ်းအား အလွန်ကောင်းသော အဝေးကြည့်မှန်ပြောင်းဖြင့် ကောင်းကင်ကို စေ့စေ့ကြည့်ရှုလေ့လာသူ နက္ခတ္တဗေဒပညာရှင်များက တွေ့မြင်နိုင်သော စကြဝဠာအတွင်းတွင် ဂလက်ဆီပေါင်း ၁၂၅ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ ယင်းတို့ထဲမှ တစ်ခုဖြစ်သော နဂါးငွေ့တန်းဂလက်ဆီတွင်ပင် အချို့သူများ၏ ခန့်မှန်းချက်အရ ကြယ်ပေါင်း ၁၀၀ ဘီလီယံကျော် ပါရှိသည်! ထိုသို့သိရခြင်းကြောင့် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား နှလုံးတွင်းမှရိုသေခန့်ညားကာ ကိုယ်တော့်ကတိတော်ကို အကြွင်းမဲ့ ယုံကြည်စိတ်ချဖို့ နှိုးဆွသင့်သည်။
(ဟေရှာယ ၄၀:၂၇၊ ၂၈) အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု အဘယ်ကြောင့် ဆိုရသနည်း။ ၂၈ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း သင်သည် မသိမကြားဖူးသလော။
“ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့”
၂၇ မိမိတို့၏ပြည်တော်မှ မိုင်ရာနှင့်ချီဝေးသော ဗာဗုလုန်တွင် ပြည်နှင်ခံရသူများ၏ ခံစားချက်ကို ဖော်ပြသည့် ယေဟောဝါ၏ စကားများကို ဟေရှာယ မှတ်တမ်းတင်သည်။ အချို့သူများက သူတို့ “သွားသောလမ်း”—ခက်ခဲပင်ပန်းသော ဘဝအသက်တာ—ကို ဘုရားသခင် မမြင် သို့မဟုတ် မသိပါဟု ယူမှတ်ကြသည်။ သူတို့က ယေဟောဝါသည် သူတို့ခံစားနေရသော တရားမမျှတမှုများကို စိတ်မဝင်စားပါဟု ထင်ကြသည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံမှ မဟုတ်လျှင် အနည်းဆုံး ပေးခဲ့သော အကြောင်းအချက်အလက်မှ သူတို့သိသင့်ရာများကို သတိပေးခြင်းခံရသည်။ ယေဟောဝါသည် မိမိ၏လူမျိုးကို လွတ်မြောက်စေနိုင်ပြီး ထိုသို့ပြုရန် ဆန္ဒရှိတော်မူ၏။ ကိုယ်တော်သည် ထာဝရဘုရားသခင်ဖြစ်ပြီး မြေကြီးတစ်ခုလုံး၏ ဖန်ဆင်းရှင် ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရာများတွင် ကိုယ်တော် ထင်ရှားပြသခဲ့သည့် တန်ခိုးကို ကိုယ်တော် ပိုင်ဆိုင်ဆဲဖြစ်ပြီး အင်အားကြီး ဗာဗုလုန်ပင်လျှင် ကိုယ်တော် လက်လှမ်းမမီနိုင်သည့်အရာ မဟုတ်။ ထိုသို့သော ဘုရားသခင်သည် မမောပန်းနိုင်ရာ မိမိလူမျိုးတော်အပေါ် ပျက်ကွက်မည် မဟုတ်ပါ။ ယေဟောဝါ၏ လုပ်ဆောင်မှုအားလုံးကို အပြည့်အဝ သဘောပေါက်နိုင်ရမည်ဟု မမျှော်လင့်သင့်ပါ၊ အကြောင်းမှာ ကိုယ်တော်၏ သိနားလည်မှု—သို့မဟုတ် ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားသိမြင်မှုနှင့် သိမြင်နိုင်စွမ်း—တို့သည် သူတို့သိမြင်နားလည်နိုင်သည်ထက် ကျော်လွန်နေသောကြောင့်ပင်။
(ဟေရှာယ ၄၀:၂၉–၃၁) ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ ၃၀ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ၃၁ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
“ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့”
၂၉ မောပန်းသောသူတို့အား ခွန်အားပေးရန် လိုကြောင်း မိန့်တော်မူရာတွင် ယေဟောဝါသည် ပြည်နှင်ခံရသူများ ပြည်တော်ပြန်ရမည့် ခက်ခဲသောလမ်းခရီးကို စိတ်ထဲထား၍ မိန့်တော်မူခြင်း ဖြစ်နိုင်သည်။ အထောက်အကူအတွက် မိမိအား မျှော်ကိုးသော ပင်ပန်းသူများကို အကူအညီပေးခြင်းသည် ကိုယ်တော်၏ ထူးခြားသော လက္ခဏာဖြစ်ကြောင်း မိမိ၏လူမျိုးကို ယေဟောဝါ အသိပေးတော်မူ၏။ ခွန်အား အသန်ဆုံးသူများဖြစ်သော “လူပျိုတို့” နှင့် “လုလင်တို့” သည် ပင်ပန်းသောအလုပ်ကြောင့် မောပန်းနွမ်းနယ်နိုင်ပြီး အားကုန်ခြင်းကြောင့် ခွေယိုင်နိုင်သည်။ သို့သော် ယေဟောဝါက မိမိအား ယုံကြည်ကိုးစားသူများကို ပြေးသော်လည်းကောင်း၊ လမ်းလျှောက်သော်လည်းကောင်း မမောပန်းသော တန်ခိုးခွန်အား ပေးမည်ဟု ကတိပြုတော်မူ၏။ တစ်ခါတည်းဖြင့် နာရီပေါင်းများစွာ ပျံသန်းနိုင်ပြီး အမြင်အားဖြင့် အားမစိုက်ဘဲ ပျံသန်းနေသည်ဟု ထင်ရသော စွမ်းအားကြီးသည့် လင်းယုန်ကို နမူနာထား၍ ယေဟောဝါသည် မိမိကျေးကျွန်များအား တန်ခိုးသတ္တိ ပေးမည့်ပုံကို ဥပမာဖြင့် ဖော်ပြ၏။ ယင်းသို့ ဘုရားသခင့်ထောက်မမှု အလားအလာဖြင့် ပြည်နှင်ခံ ဂျူးများသည် စိတ်ပျက်စရာအကြောင်း မရှိပါ။
၃၀ ဟေရှာယအခန်းကြီး ၄၀ ပါ ထိုနောက်ဆုံးအခန်းငယ်များသည် ဤဆိုးညစ်သော အစီအစဉ်စနစ်၏ နောက်ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေရသော ခရစ်ယာန်စစ်များအတွက် နှစ်သိမ့်ဖွယ်စကားများ ပါရှိသည်။ စိတ်ဓာတ်ကျစေသည့် ဖိအားများနှင့် ပြဿနာများ အလွန်များပြားခြင်းကြောင့် ကျွန်ုပ်တို့ခံရသော ဆင်းရဲဒုက္ခနှင့် ကျွန်ုပ်တို့ခံစားရသော မတရားမှုများကို ကျွန်ုပ်တို့၏ ဘုရားသခင်သည် သတိမပြုဘဲ မနေကြောင်း သိရှိစေရန် ၎င်းတို့က စိတ်ချစေသည်။ အရာခပ်သိမ်းကို ဖန်ဆင်းရှင်၊ “ဉာဏ်တော်သည် အနန္တဖြစ်” တော်မူသောအရှင်သည် ကိုယ်တော် သတ်မှတ်ထားသော အချိန်နှင့် နည်းလမ်းဖြင့် မတရားမှုများကို ပြုပြင်တော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၁၄၇:၅၊ ၆) ဤအတောအတွင်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစွမ်းခွန်အားဖြင် ခံရပ်စရာ မလိုပါ။ မကုန်ခန်းနိုင်သော စွမ်းအား၏ ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါသည် မိမိ၏ကျေးကျွန်များ စမ်းသပ်ခံရသည့်အခါ တန်ခိုးတော်—“သာမန်ထက်ထူးကဲသော တန်ခိုးတော်”—ကိုပေးနိုင်တော်မူသည်။—၂ ကောရိန္သု ၄:၇၊ ကဘ။
၃၁ ဘီ.စီ.အီး. ခြောက်ရာစုမှ ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများအကြောင်း စဉ်းစားကြည့်ပါ။ မိုင်ရာနှင့်ချီဝေးသော နေရာတွင် သူတို့ချစ်မြတ်နိုးသော ယေရုရှလင်မြို့သည် လူဆိတ်ညံလျက်ရှိပြီး ဗိမာန်တော်သည် ပျက်ယွင်းနေသည်။ သူတို့အတွက် ဟေရှာယ၏ ပရောဖက်ပြုချက်သည် အလင်းရောင်နှင့် မျှော်လင့်ချက်ဆိုင်ရာ နှစ်သိမ့်မှုပေးသော ကတိတော် ပါရှိခဲ့သည်—ယေဟောဝါသည် သူတို့ကို ပြည်တော်သို့ ပြန်လည်ခေါ်ဆောင်မည်! ဘီ.စီ.အီး. ၅၃၇ တွင် ယေဟောဝါသည် မိမိလူမျိုးတော်ကို ပြည်တော်သို့ ခေါ်ဆောင်တော်မူခဲ့ရာ ကိုယ်တော်သည် ကတိတော်များကို ပြည့်စုံစေသည့် အရှင်ဖြစ်ကြောင်း သက်သေထူတော်မူသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါသည်။ ဟေရှာယပရောဖက်ပြုချက်တွင် လှပစွာ ဖော်ပြထားသော ကိုယ်တော်၏ နိုင်ငံတော် ကတိတော်များသည် အမှန်ပင် ပြည့်စုံလာမည်။ ၎င်းသည် အမှန်ပင် သတင်းကောင်း—လူသားအားလုံးအတွက် အလင်းနှင့်ဆိုင်သော သတင်းဖြစ်သည်!
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၃၈:၁၇) အကျွန်ုပ် ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍ ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”
၁၇ သေနာစွဲခြင်းမှ အသက်ဘေး လွတ်မြောက်ပြီးနောက် ဟေဇကိစပ်ဆိုသည့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် တေးသီချင်းတွင် ယေဟောဝါအား သူဤသို့ ပြောခဲ့သည်– “အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။” (ဟေရှာယ ၃၈:၁၇) ဤတွင် ယေဟောဝါသည် နောင်တယူသော အမှားပြုသူတစ်ဦး၏ အပြစ်များကို ယူဆောင်သွားပြီး ၎င်းတို့ကို ကိုယ်တော် ဘယ်တော့မျှ မတွေ့မမြင်၊ သတိမပြုမိနိုင်သော ကိုယ်တော်၏ နောက်ဘက်သို့ လွှင့်ပစ်လိုက်သည့်အရှင်အဖြစ် ပုံဖော်ထားသည်။ ကိုးကားဖော်ပြချက်တစ်ခုအရ အဆိုပါယူဆချက်၏ သက်ရောက်မှုကို ဤသို့ ဖော်ပြပေးသည်– “ကိုယ်တော်သည် ၎င်းတို့ [ကျွန်ုပ်တို့အပြစ်များ] ကို မပြုမိသည့်အလား ဖျောက်ဖျက်ပစ်လိုက်တော်မူသည်။” ယင်းသည် စိတ်အားတက်စရာ မဟုတ်လော။
(ဟေရှာယ ၄၂:၃) နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြဲခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ
၁၃ ယေရှုရဲ့ အပြောအဆို။ ယေရှုရဲ့ သနားစိတ်က တခြားသူတွေ၊ အထူးသဖြင့် ဖိနှိပ်ခံရသူတွေကို ကြင်ကြင်နာနာ ပြောဆိုဖို့ လှုံ့ဆော်ပေးတယ်။ တမန်တော်မဿဲက ဟေရှာယရဲ့စကားကို ကိုးကားပြီး ယေရှုဟာ “နင်းချေထားသော ကျူပင်ကို မချိုး။ ငြိမ်းလုသော မီးစာကို မငြိမ်းမသတ်” လို့ပြောခဲ့တယ်။ (ဟေရှာ. ၄၂:၃; မ. ၁၂:၂၀) အဲဒါ ဘာကိုဆိုလိုသလဲ။ ယေရှုဟာ လူတွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း မပြောဆိုဘူး။ အဲဒီအစား လူတွေ လန်းဆန်းတက်ကြွလာအောင်ပဲ ပြောဆိုတယ်။ ‘စိတ်နှလုံးကြေကွဲနေသူတွေ’ ကို မျှော်လင့်ချက်ပေးတဲ့သတင်း ဟောပြောတယ်။ (ဟေရှာ. ၆၁:၁) ‘ဝန်လေးပြီး ပင်ပန်းနေသူတွေ’ ကိုလည်း သူ့ဆီလာဖို့ ကမ်းလှမ်းတယ်။ ဒါမှ သူတို့ “လန်းဆန်း” မှု ရရှိနိုင်မယ်။ (မ. ၁၁:၂၈-၃၀) ဘုရားသခင်ဟာ ‘သူငယ်တွေ၊’ တစ်နည်းအားဖြင့် လောကအမြင်မှာ အရေးမပါသူတွေအပါအဝင် ၀တ်ပြုသူတစ်ဦးစီကို သနားစိတ်နဲ့ စိုးရိမ်ပေးတယ်ဆိုတာ တပည့်တွေကို ယေရှု စိတ်ချစေခဲ့တယ်။—မ. ၁၈:၁၂-၁၄; လု. ၁၂:၆၊ ၇။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၄၀:၆–၁၇) တစ်ဖန် ထိုအသံက ဟစ်ကြော်လော့ ဟုဆိုလျှင် ငါက အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော် လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ ၇ ထာဝရဘုရား၏လေ တိုက်သောအခါ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင် ဖြစ်ကြ၏။ ၈ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပါဌ်တရားမူကား ကာလအစဉ်အမြဲ တည်၏ ဟုဆိုသတည်း။ ၉ ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့။ ၁၀ ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ကြီးသောတန်ခိုးနှင့် ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သော အခ မိမိ၌ပါလျက် ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏။ ၁၁ မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။ ၁၂ ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။ ၁၃ ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့်တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း။ ၁၄ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။ ၁၅ လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ ဖြစ်၍ ချိန်ခွင်၌ မြူမှုန့်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ ၁၆ လေဗနုန်တောသည် မီးမွေးဖို့ မလောက်၊ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်ဖို့ မလောက်။ ၁၇ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှမဟုတ်သောအရာထက် သာ၍ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။
ဇန်နဝါရီ ၃၀–ဖေဖော်ဝါရီ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၄၃–၄၆
“ယေဟောဝါဟာ စစ်မှန်တဲ့ ပရောဖက်ပြုချက်တွေကို ဟောနိုင်တဲ့ဘုရားဖြစ်”
(ဟေရှာယ ၄၄:၂၆–၂၈) ငါသည် ငါ့ကျွန်၏စကားကို တည်စေ၍ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည် ဟူ၍လည်းကောင်း ဆို၏။ ၂၇ ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်းခြောက်စေမည် ဟူ၍လည်းကောင်း၊ ၂၈ ကုရုမင်းကိုလည်း သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက် ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည် ဟူ၍လည်းကောင်း ငါဆို၏။
စစ်မှန်သောဘုရားသခင်သည် လွတ်မြောက်မှုအကြောင်း တင်ကူးဟော
၂၂ ဝိညာဉ်တော် မှုတ်သွင်းခြင်း မခံရသော ဗေဒင်ဆရာများသည် သူတို့မှားကြောင်းကို အချိန်က အဆုံးအဖြတ်ပေးမည်ကို စိုးရိမ်သောကြောင့် မိမိတို့၏ဟောကိန်းများကို ယတိပြတ် မဟောဝံ့ကြချေ။ ၎င်းနှင့်ဆန့်ကျင်လျက် ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန်အတွက် မိမိလူမျိုးတော်ကို ပြည်တော်သို့ ပြန်စေရန် သုံ့ပန်းဘဝမှ ကယ်လွှတ်ဖို့ ကိုယ်တော် အသုံးပြုမည့်သူ၏ အမည်ကိုပင် ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဖော်ပြတော်မူ၏။ သူ၏အမည်မှာ ကုရုဖြစ်ပြီး ပါးရှားပြည်၏ မဟာကုရုအဖြစ် ကျော်ကြားသည်။ ဗာဗုလုန်မြို့၏ ထုထည်ကြီးမားပြီး အသေးစိတ်ကျ စီစဉ်ထားသော ကာကွယ်ရေးစနစ်ကို ထိုးဖောက်ဝင်ရောက်ရာတွင် ကုရုအသုံးပြုမည့် စစ်ဗျူဟာအသေးစိတ်ကိုလည်း ယေဟောဝါ ဖော်ပြထားသည်။ ဗာဗုလုန်မြို့ကို မြင့်သောမြို့တံတိုင်းများ၊ မြို့တွင်းနှင့် မြို့ပတ်လည်ကို လှည့်ပတ်စီးဆင်းသော ရေကျုံးများက ကာကွယ်ထားမည်ဖြစ်သည်။ ထိုစနစ်၏ အဓိကအချက်အချာဖြစ်သော—ဥဖရတ်မြစ်—ကို အခွင့်အရေးယူ အသုံးချမည် ဖြစ်သည်။ ရှေးခေတ်ကသမိုင်းဆရာ ဟဲရိုဒိုတပ်စ်နှင့် ဇီနိုဖုန်းတို့၏ အဆိုအရ ကုရုသည် မြစ်အထက်ဘက်မှ နေ၍ ဥဖရတ်မြစ်ရေကို လွှဲလိုက်ပြီး သူ၏စစ်သားများ ဖြတ်လျှောက်သွားနိုင်သည့်အထိ မြစ်ရေပြင်ကို နိမ့်ကျစေခဲ့သည်။ ဗာဗုလုန်မြို့အား အကာအကွယ်ပေးနိုင်စွမ်းနှင့်စပ်လျဉ်း၍ အင်အားကြီး ဥဖရတ်မြစ်သည် အစွမ်းမဲ့သွားလေပြီ။
၂၃ ကုရုသည် ဘုရားသခင့်လူမျိုးတော်ကို လွှတ်ပေးပြီး ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ကြီးကြပ်ပေးမည်ဟူသော ကတိတော်နှင့်ပတ်သက်၍ကော မည်သို့နည်း။ ကုရုကိုယ်တိုင် ထုတ်ပြန်သော အမိန့်တော်တစ်ရပ်ကို ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားပြီး ဤသို့ ကြေညာထား၏– “ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား ‘ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့ သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။’” (ဧဇရ ၁:၂၊ ၃) ဟေရှာယအားဖြင့် မိန့်ဆိုသော ယေဟောဝါ၏စကားတော်သည် လုံးဝပြည့်စုံသွားသည်!
(ဟေရှာယ ၄၅:၁၊ ၂) အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက် အတွင်းတံခါးတို့ကို မပိတ်ရဘဲ နှစ်ရွက်ရှိသောတံခါးတို့ကို ဖွင့်ခြင်းငှာ အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊ ၂ သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကို ချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
၄ ကုရုသည် ဟေရှာယအချိန်တွင် မွေးပင်မမွေးသေးသော်လည်း ကုရုကို သက်ရှိထင်ရှားရှိနေသူတစ်ဦးအလား ဟေရှာယမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူ၏။ (ရောမ ၄:၁၇) ယေဟောဝါသည် ကုရုကို သတ်သတ်မှတ်မှတ် အလုပ်တစ်ခု လုပ်ဆောင်ရန် ကြိုတင်တာဝန် ခန့်အပ်ထားသောကြောင့် ကုရုကို ဘုရားသခင်၏ “ဘိသိက်ခံသောမင်း” ဟု ခေါ်ဆိုနိုင်ပါသည်။ ဘုရားသခင့် ဦးဆောင်မှုအောက်တွင် သူသည် အပြည်ပြည်တို့ကို အနိုင်ယူမည်ဖြစ်ပြီး ရှင်ဘုရင်တို့ကို ခွန်အားလျော့စေကာ ခုခံနိုင်စွမ်း ပျောက်စေမည်။ ထို့ပြင် ဗာဗုလုန်ကို ကုရုတိုက်ခိုက်ချိန်တွင် မြို့တံခါးများ ပွင့်လျက်ရှိနေစေကာ ယင်းတို့ကို အပိုင်းပိုင်း ကျိုးပဲ့နေသော ဂိတ်တံခါးများကဲ့သို့ သုံးမရဖြစ်နေစေရန် ယေဟောဝါ ကြီးကြပ်ဆောင်ရွက်ပေးတော်မူမည်။ ကိုယ်တော်သည် ကုရု၏ရှေ့မှ ကြွသွားတော်မူပြီး အနှောင့်အယှက်များကို ဖယ်ရှားပေးမည်။ နောက်ဆုံးတွင် ကုရု၏စစ်သားများသည် မြို့ကို အနိုင်ရရှိပြီး အမှောင်ခန်းများတွင် သိုလှောင်စုဆောင်းထားသော ဥစ္စာပစ္စည်းများ၊ “ဝှက်ထားသောဥစ္စာတို့ကို” သိမ်းယူကြမည်။ ယင်းသို့ပင် ဟေရှာယ ကြိုဟောထားသည်။ သူ၏စကားများ ပြည့်စုံခဲ့သလော။
၅ ထိုပရောဖက်ပြုချက်ကို ဟေရှာယ မှတ်တမ်းတင်ပြီးနောက် နှစ်ပေါင်း ၂၀၀ ခန့်ဖြစ်သော ဘီ.စီ.အီး. ၅၃၉ တွင် ကုရုသည် မြို့ကို တိုက်ခိုက်ရန် ဗာဗုလုန်မြို့ရိုးသို့ အမှန်ပင် ရောက်ရှိလာလေပြီ။ (ယေရမိ ၅၁:၁၁၊ ၁၂) သို့ရာတွင် ဗာဗုလုန်လူမျိုးများက ဂရုမစိုက်ကြပါ။ သူတို့က မိမိတို့မြို့ကို အောင်နိုင်မည်မဟုတ်ဟု ယူမှတ်ကြသည်။ မြို့တော်ကာကွယ်ရေးစနစ်ထဲမှ တစ်ခုဖြစ်သော ဥဖရတ်မြစ်ရေ အပြည့်ရှိသည့် ရေနက်ကျုံးများပေါ်မှ မြင့်မားသော တံတိုင်းကြီးများသည် ငွားငွားစွင့်စွင့် ရှိနေသည်။ နှစ်ပေါင်းတစ်ရာကျော်အတွင်း အဘယ်ရန်သူမျှ ဗာဗုလုန်မြို့ကို ရုတ်တရက် တစ်ဟုန်ထိုး ဝင်စီးနိုင်ခြင်း မရှိသေးချေ! အမှန်မှာ၊ ထိုအချိန်က ဗာဗုလုန်ပြည့်ရှင် ဗေလရှာဇာသည် မှူးမတ်များနှင့် စားသောက်ပွဲကြီး ကျင်းပနေသည့်အထိ စိုးရိမ်မှု စိုးစဉ်းမျှ မရှိပေ။ (ဒံယေလ ၅:၁) ထိုည—အောက်တိုဘာ ၅/၆ ည—တွင် ကုရုသည် အလွန်ပြောင်မြောက်သော စစ်ရေးစီမံဆောင်ရွက်မှု အပြီးလုပ်ဆောင်လိုက်သည်။
၆ ဗာဗုလုန်မြစ်အထက်ပိုင်းမှ နေ၍ ကုရု၏ အင်ဂျင်နီယာများသည် ဥဖရတ်မြစ်ရိုးကို ဖောက်ကာ ရေများကို လွှဲလိုက်ခြင်းဖြင့် မြို့ရှိရာတောင်ဘက်သို့ ရေမစီးဆင်းအောင် ပြုလုပ်ကြသည်။ မကြာမီ မြို့တွင်းနှင့် မြို့ပတ်လည်ရှိ မြစ်ရေမျက်နှာပြင်သည် အလွန်နိမ့်ကျသွားရာ ကုရု၏စစ်သားများ ဗာဗုလုန်မြို့လယ် တည့်တည့်ဆီသို့ မြစ်ကြမ်းပြင်တစ်လျှောက် ရေများထဲမှ လျှောက်လာနိုင်ခဲ့သည်။ (ဟေရှာယ ၄၄:၂၇; ယေရမိ ၅၀:၃၈) အံ့သြစရာမှာ ဟေရှာယကြိုဟောခဲ့သည့်အတိုင်း မြစ်ရိုးတစ်လျှောက်ရှိ ဂိတ်တံခါးကြီးများ ပွင့်နေသည်။ ကုရု၏စစ်တပ်သည် ဗာဗုလုန်မြို့အတွင်းသို့ ဝင်စီးကာ နန်းတော်ကို သိမ်းပိုက်ပြီး ဗေလရှာဇာဘုရင်ကို ကွပ်မျက်လိုက်သည်။ (ဒံယေလ ၅:၃၀) တစ်ညတည်းနှင့် လုံးဝအနိုင်ရခဲ့သည်။ ဗာဗုလုန်ပြိုလဲသွားပြီး ပရောဖက်ပြုချက် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သည်။
(ဟေရှာယ ၄၅:၃–၆) မှောင်မိုက်၌ ရှိသောဘဏ္ဍာ၊ လုံခြုံစွာဝှက်ထားသော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။ ၄ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက် ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း သင်၌နာမည်သစ်ကို ထပ်၍ပေး၏။ ၅ ငါတစ်ပါးတည်းသာ ထာဝရဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင် မရှိ။ သင်သည် ငါ့ကိုမသိသော်လည်း သင်၏ခါးကို ငါစည်း၏။ ၆ သို့ဖြစ်၍ ငါမှတစ်ပါး အခြားသောဘုရား မရှိ။ ငါတစ်ပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။
ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
ယေဟောဝါသည် ကုရုကို မျက်နှာသာပေးရသည့် အကြောင်းရင်း
၈ ဗာဗုလုန်ကို အနိုင်တိုက်မည့်သူနှင့် မည်သို့တိုက်ယူမည်အကြောင်းကို ဖော်ပြပြီးနောက် ယေဟောဝါသည် ကုရုအား အဘယ်ကြောင့် အောင်နိုင်ခွင့်ပေးသည့် အကြောင်းရင်းတစ်ခုကို ဆက်ဖော်ပြတော်မူ၏။ ယေဟောဝါသည် ကုရုကို ပရောဖက်ပြုချက်၌ ဤသို့ မိန့်တော်မူ၍ ဖော်ပြတော်မူ၏– “ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။” (ဟေရှာယ ၄၅:၃ခ) ကျမ်းစာသမိုင်းထဲမှ စတုတ္ထမြောက် ကမ္ဘာ့အင်ပါယာ၏ အုပ်စိုးရှင်က မိမိ၏ကြီးမားသော အောင်မြင်မှုသည် မိမိထက် သာ၍ကြီးမြတ်သော—စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၏ ထောက်မမှုကြောင့် ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းသည် သင့်လျော်ပါသည်။ ကုရုသည် မိမိအား ဆင့်ခေါ်သူ သို့မဟုတ် တာဝန်ပေးတော်မူသောသူသည် ဣသရေလလူမျိုး၏ဘုရားသခင် ယေဟောဝါဖြစ်ကြောင်း အသိအမှတ်ပြုသင့်သည်။ ကျမ်းစာမှတ်တမ်း၌ မိမိ၏ကြီးမားသော အောင်မြင်မှုသည် ယေဟောဝါကြောင့် ဖြစ်ကြောင်း အမှန်ပင် ကုရု အသိအမှတ်ပြုခဲ့သည်ကို ဖော်ပြထားသည်။—ဧဇရ ၁:၂၊ ၃။
၉ ကုရုကို ဗာဗုလုန်မြို့အောင်နိုင်သူဖြစ်စေသည့် ဒုတိယအကြောင်းရင်းကို ယေဟောဝါ ဤသို့ဖော်ပြ၏– “ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက် ငါသည် သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း သင်၌နာမည်သစ်ကို ထပ်၍ [“ဂုဏ်ရှိသောနာမည်၊” ကဘ] ပေး၏။” (ဟေရှာယ ၄၅:၄) ဗာဗုလုန်ကို ကုရုအောင်နိုင်ခြင်းက ကမ္ဘာကို တုန်လှုပ်သွားစေသည်။ ယင်းက ကမ္ဘာ့အာဏာစက်တစ်ခု ကျဆုံးသွားခြင်းနှင့် နောက်အာဏာစက်တစ်ခု တက်လာခြင်းတို့ကို မှတ်သားပြကာ နောင်လာမည့် လူမျိုးဆက်များအတွက် သမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ သို့သော် အဖြစ်အပျက်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသော ဝန်းကျင်နိုင်ငံများမှ လူများအတွက်မူ ဤအရာအားလုံးသည် ထောင်ဂဏန်းအနည်းငယ်သာရှိသည့် “အရေးမပါသော” ဗာဗုလုန်တွင် ပြည်နှင်ခံရသူများ—ယာကုပ်မှ ဆင်းသက်လာသူ ဂျူးများ၏ အကျိုးအတွက် ဖြစ်သည်ကို သိရ၍ အံ့သြကြပေမည်။ သို့ရာတွင် ယေဟောဝါ၏ အမြင်တွင် ရှေးဣသရေလလူမျိုးဖြစ်သည့် ထိုလွတ်မြောက်လာသူများသည် အရေးမပါသူများ ဖြစ်ဖို့ ဝေးစွ။ သူတို့သည် ကိုယ်တော့် “ကျွန်” များ ဖြစ်ကြသည်။ မြေကြီးပေါ်ရှိ လူမျိုးအားလုံးထဲတွင် သူတို့သည် ကိုယ်တော်၏ “ရွေးကောက်သောသူ” ဖြစ်သည်။ ကုရုသည် ယခင်က ယေဟောဝါကို မသိခဲ့သော်လည်း သူသည် ယေဟောဝါ၏ ဘိသိက်ခံအဖြစ် သုံ့ပန်းများကို လွှတ်ရန် ငြင်းဆိုသည့်မြို့ကို မှောက်လှန်ဖျက်ဆီးပစ်ဖို့ ယေဟောဝါ၏ အသုံးတော်ခံ ဖြစ်သည်။ မိမိရွေးချယ်ထားသော လူမျိုးသည် တိုင်းတစ်ပါးမြေပေါ်တွင် ထာဝစဉ် စိတ်ပျက်မှိုင်တွေနေစေရန် ဘုရားသခင် မရည်ရွယ်ပါ။
၁၀ ဗာဗုလုန်မြို့ကို ဖျက်ဆီးရန် ကုရုအား ယေဟောဝါ အသုံးပြုတော်မူသည့် ပို၍အရေးကြီးသော တတိယအကြောင်းရင်း ရှိသည်။ ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ငါတစ်ပါးတည်းသာ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် မရှိ။ သင်သည် ငါ့ကိုမသိသော်လည်း သင်၏ခါးကို ငါစည်း၏။ သို့ဖြစ်၍ ငါမှတစ်ပါး အခြားသောဘုရား မရှိ။ ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်ကြောင်းကို နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။” (ဟေရှာယ ၄၅:၅၊ ၆) မှန်ပါသည်၊ ကမ္ဘာ့အာဏာစက်ဖြစ်သော ဗာဗုလုန်ကျဆုံးခြင်းက ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို ထင်ရှားပြခြင်းဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းသာ ဝတ်ပြုကိုးကွယ်ခံထိုက်ကြောင်း လူတိုင်းအတွက် သက်သေဖြစ်သည်။ ဘုရားသခင့်လူမျိုးတော် လွတ်မြောက်ခြင်းကြောင့် အရှေ့မှ အနောက်ထိတိုင် နေထိုင်သော လူမျိုးများစွာမှ တစ်ဦးချင်းစီက ယေဟောဝါသည် တစ်ဆူတည်းသောဘုရားမှန် ဖြစ်ကြောင်း အသိအမှတ်ပြုလာကြမည်။—မာလခိ ၁:၁၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၄၃:၁၀–၁၂) ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကို သိမှတ်ယုံကြည်၍ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှ မရှိရာ။ ၁၁ ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍ ငါမှတစ်ပါး ကယ်တင်သောသခင် မရှိ။ ၁၂ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။
‘ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်သူများ’
သက်သေဖြစ်မယ့် လူမျိုး
၁၄ အစ္စရေးတွေက ယေဟောဝါဘုရားသခင်ကို ဝတ်ပြုပေမဲ့ တခြားလူမျိုးတွေက သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုကြတယ်။ ဒါကြောင့် ဘုရားစစ်ဘုရားမှန် ဘယ်သူလဲဆိုတဲ့ အရေးကြီးမေးခွန်း ပေါ်လာတယ်။ ဒီမေးခွန်းကို တရားရုံးမှာ အမှုရင်ဆိုင်တဲ့ပုံစံမျိုးနဲ့ အဖြေပေးရမယ်ဆိုပြီး ပရောဖက်ဟေရှာယခေတ်မှာ ယေဟောဝါ ပြောတယ်။ လူမျိုးခြားဘုရားတွေက ဘုရားမှန်ဖြစ်တယ်ဆိုရင် သက်သေခေါ်လာပါလို့ ကိုယ်တော်ပြောတယ်။ ‘သူတို့က မှန်တယ်ဆိုတာကို ပြဖို့ သက်သေတွေကို ခေါ်လာပါစေ။ ဒါမှမဟုတ် နားထောင်ပြီး “ဒါဟာ အမှန်တရားပဲ” လို့ပြောကြပါစေ’ လို့ ကိုယ်တော် ပြောတယ်။—ဟေရှာ. ၄၃:၉၊ ကဘ။
၁၅ လူမျိုးခြားဘုရားတွေက ဘုရားမှန်ဖြစ်တယ်ဆိုတာ သက်သေ မပြနိုင်ဘူး။ သူတို့က စကားမပြောနိုင်တဲ့၊ မလှုပ်ရှားနိုင်တဲ့ ရုပ်တုတွေပဲ။ (ဟေရှာ. ၄၆:၅-၇) ဒါပေမဲ့ ယေဟောဝါကတော့ အဲဒီလိုမဟုတ်ဘူး။ ‘သင်တို့က ငါ့ကိုသိပြီး ယုံကြည်လာဖို့၊ ငါဟာ မပြောင်းလဲတတ်တဲ့အရှင် ဖြစ်တယ်ဆိုတာကို နားလည်လာဖို့ ငါရွေးချယ်ထားတဲ့ ငါ့ကျွန်၊ ငါ့သက်သေတွေဖြစ်တယ်။ ငါ့ထက်အရင် ဘယ်ဘုရားမှ မရှိခဲ့ဘူး။ ငါ့နောက်မှာလည်း ဘယ်ဘုရားမှ မရှိဘူး။ ငါဟာ ယေဟောဝါဖြစ်တယ်။ ငါကလွဲလို့ တခြားကယ်တင်ရှင် မရှိဘူး။ . . . သင်တို့ဟာ ငါ့သက်သေတွေ ဖြစ်တယ်။ ငါဟာ ဘုရားသခင်ပဲ’ လို့ အစ္စရေးတွေကို ပြောတယ်။—ဟေရှာ. ၄၃:၁၀-၁၂၊ ကဘ။
၁၆ ယေဟောဝါရဲ့လူတွေဟာ တရားရုံးမှာ သက်သေလိုက်ပေးသူတွေလို ယေဟောဝါသာလျှင် ဘုရားမှန်ဖြစ်တယ်ဆိုတာ သက်သေထွက်ဆိုခွင့်ရထားတယ်။ ဒါကြောင့် ‘သူတို့ဟာ ငါ့ကို ချီးမွမ်းနိုင်ဖို့ ငါပုံသွင်းခဲ့သူတွေ ဖြစ်တယ်’ လို့ ဘုရားသခင် ပြောတယ်။ (ဟေရှာ. ၄၃:၂၁၊ ကဘ) သူတို့ဟာ ယေဟောဝါရဲ့နာမည်ကို ခံယူထားသူတွေ ဖြစ်တယ်။ ယေဟောဝါက သူတို့ကို အီဂျစ်ပြည်ကနေ လွတ်မြောက်အောင် ကယ်တင်ခဲ့တဲ့အတွက် ကိုယ်တော့်ကို အချုပ်အခြာအာဏာရှင်အဖြစ် ဂုဏ်တင်ပြီး လိုလိုလားလား နာခံဖို့ သူတို့ဆီကနေ ကိုယ်တော် မျှော်လင့်တယ်။ ဒီနေ့အချိန်မှာလည်း ယေဟောဝါက သူ့လူတွေဆီကနေ အဲဒီလိုပဲ မျှော်လင့်တယ်။ ဘုရားသခင့်လူတွေမှာ ရှိသင့်တဲ့ သဘောထားကို ပရောဖက်မိက္ခာ အခုလိုပြောတယ်– ‘လူအားလုံးက သူတို့ဘုရားရဲ့ နာမည်နဲ့အညီ အသက်ရှင်ကြပေမဲ့ ငါတို့ကတော့ ငါတို့ဘုရားသခင် ယေဟောဝါရဲ့ နာမည်နဲ့အညီ အစဉ်ထာဝရ အသက်ရှင်ကြမယ်။’—မိ. ၄:၅၊ ကဘ။
(ဟေရှာယ ၄၃:၂၅) ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့။
‘သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏’!
၂၄ သို့သော် ဘုရားသခင် ကရုဏာပြခြင်းသည် ဣသရေလလူမျိုး၏ နောင်တရမှုကြောင့်သာမကဘဲ၊ ယေဟောဝါကိုယ်တိုင်၏ အကျိုးအတွက်ကြောင့်ပါ ဖြစ်ကြောင်း မှတ်သားပါ။ မှန်ပါသည်၊ ကိုယ်တော်၏နာမတော် ပါဝင်ပတ်သက်နေသည်။ ဣသရေလလူမျိုးကို ထာဝရပြည်နှင်ဒဏ်ပေး၍ စွန့်ပစ်လိုက်မည်ဆိုလျှင် ဘေးမှကြည့်နေသူများသည် ကိုယ်တော်၏ နာမတော်ကို ကဲ့ရဲ့ရှုတ်ချကြပေမည်။ (ဆာလံ ၇၉:၉; ယေဇကျေလ ၂၀:၈-၁၀) ယနေ့လည်း ထိုနည်းတူပင်၊ လူသားများကို ကယ်တင်ခြင်းသည် ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်၏ အချုပ်အခြာအာဏာ ထင်ရှားစေခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ဒုတိယနေရာတွင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကိုယ်တော်၏ ဆုံးမမှုကို ခြွင်းချက်မရှိ လက်ခံသူနှင့် ကိုယ်တော့်ကို နာမ်ဝိညာဉ်၊ သမ္မာတရားနှင့် ကိုးကွယ်သူတို့ကို ယေဟောဝါ ချစ်မြတ်နိုးတော်မူ၏။ ဘိသိက်ခံဖြစ်စေ၊ အခြားသိုးဖြစ်ပါစေ ထိုသူတို့ကို ကိုယ်တော် ချစ်မြတ်နိုးကြောင်း ယေရှု၏ ရွေးနုတ်ဖိုးပူဇော်သကာပေါ် အခြေခံ၍ သူတို့၏အပြစ်များကို ဖြေလွှတ်ပေးခြင်းအားဖြင့် တင်ပြတော်မူ၏။—ယောဟန် ၃:၁၆; ၄:၂၃၊ ၂၄။
ကျမ်းစာဖတ်ရှုခြင်း
(ဟေရှာယ ၄၆:၁–၁၃) ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန်တို့အပေါ်မှာ ရှိကြ၏။ သင်တို့ထမ်းဖူးသော ဝန်ကိုတင်၍ ပင်ပန်းသောတိရစ္ဆာန်တို့သည် ထမ်းရကြ၏။ ၂ သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍ မိမိတို့ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။ ၃ အို ယာကုပ်အမျိုးသားတို့ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။ ၄ သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင် ငါသည် ထိုသို့သောသူဖြစ်၍ သင်တို့ကို ဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။ ၅ သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။ ၆ ရွှေကို အိတ်ထဲက များစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့် ချိန်လျက်၊ ပန်းတိမ်သမားကို ငှား၍ ဘုရားကို လုပ်စေပြီးမှ ပျပ်ဝပ်ကိုးကွယ်ကြသည်တကား။ ၇ ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။ ၈ အို ဖောက်ပြန်သောသူတို့ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။ ၉ ရှေးကာလ၌ ဖြစ်ဖူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရား မရှိ။ ၁၀ အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံ တည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ ၁၁ ဝေးသောအရပ် အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကိုခေါ်လျက် ငါသည် ဘုရားသခင် ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်း ပြုမည်။ ကြံသည်အတိုင်း စီရင်မည်။ ၁၂ စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသောသူတို့ ငါ့စကားကို နားထောင်ကြလော့။ ၁၃ ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌ မနေရ။ ငါ၏ကယ်တင်ခြင်းကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။