ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kr အခန်း ၁၇ စာ. ၁၈၂-၁၉၁
  • နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း
  • ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ခမည်းတော် သွန်သင်သည့်အတိုင်း ငါဟောပြော’
  • သတင်းကောင်းဟောပြောသူတွေဖြစ်လာအောင် နိုင်ငံတော်အမှုဆောင်တွေကို လေ့ကျင့်ပေးခြင်း
  • အထူးတာဝန်တွေထမ်းဆောင်ဖို့ ညီအစ်ကိုတွေကိုလေ့ကျင့်ပေးခြင်း
  • ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်း ဟောပြောတတ်အောင် လေ့ကျင့်ပေးတဲ့ ဘယ်လိုအစီအစဉ်တွေ ရှိသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ယေဟောဝါသင်ပေးတဲ့အရာတွေကို သင်အတတ်နိုင်ဆုံး သင်ယူနေပါသလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ရှေ့ဆောင်တွေအတွက် ဘာသင်တန်းတွေ ရှိသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
kr အခန်း ၁၇ စာ. ၁၈၂-၁၉၁

အခန်း ၁၇

နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း

အဓိကအကြောင်းအရာ

တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ သင်တန်းကျောင်းတွေက နိုင်ငံတော်အမှုဆောင်တွေကို လေ့ကျင့်ပေးပုံ

၁–၃။ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ဘယ်လိုတိုးချဲ့ခဲ့သလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

ယေရှုဟာ ဂါလိလဲနယ်တစ်လျှောက်မှာ နှစ်နှစ်ကြာ ဟောပြောခဲ့တယ်။ (မဿဲ ၉:၃၅–၃၈ ကိုဖတ်ပါ။) မြို့ရွာတွေကို လှည့်လည်ပြီး တရားဇရပ်တွေမှာ သွန်သင်ပေးတယ်၊ နိုင်ငံတော်သတင်းကောင်း ဟောပြောတယ်။ သူဘယ်မှာပဲဟောဟော လူအုပ်ကြီးက သူ့ဆီ စုရုံးလာတဲ့အတွက် “စပါးရိတ်စရာများစွာရှိ” မှန်း ယေရှုသိမြင်ခဲ့တယ်။ ဒါပေမဲ့ လုပ်သားတွေ နည်းနေတယ်။

၂ ဒါကြောင့် ယေရှုက ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ဖို့ စီစဉ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြော” ဖို့ တမန်တော် ၁၂ ယောက်ကို စေလွှတ်ခြင်းအားဖြင့်ဖြစ်တယ်။ (လု. ၉:၁၊ ၂) ဒီလုပ်ငန်းကို ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး တမန်တော်တွေမှာ မေးစရာမေးခွန်းတွေ ရှိမှာပဲ။ ဒါကြောင့် ယေရှုက သူတို့ကို မစေလွှတ်ခင်မှာ ကောင်းကင်ခမည်းတော်ဆီက သူရရှိခဲ့ရာတစ်ခုကို မေတ္တာပါပါပေးခဲ့တယ်။ အဲဒါကတော့ လေ့ကျင့်မှုပါပဲ။

၃ ဒီတော့ စဉ်းစားစရာမေးခွန်းတွေ ပေါ်လာတယ်။ ယေရှုကို ခမည်းတော် ဘယ်လိုလေ့ကျင့်ပေးခဲ့သလဲ။ တမန်တော်တွေကို ယေရှု ဘယ်လိုလေ့ကျင့်ပေးခဲ့သလဲ။ ဒီနေ့အချိန်မှာကော မေရှိယဘုရင်က သူ့နောက်လိုက်တွေကို လေ့ကျင့်ပေးနေသလား။ လေ့ကျင့်ပေးတယ်ဆိုရင် ဘယ်လိုနည်းနဲ့လဲ။

‘ခမည်းတော် သွန်သင်သည့်အတိုင်း ငါဟောပြော’

၄။ ခမည်းတော်က ယေရှုကို ဘယ်အချိန်နဲ့ ဘယ်နေရာမှာ သွန်သင်ပေးခဲ့သလဲ။

၄ ခမည်းတော်ရဲ့ သွန်သင်မှုခံခဲ့ရတယ်ဆိုတာကို ယေရှု ပွင့်ပွင့်လင်းလင်းဝန်ခံတယ်။ အမှုဆောင်ချိန်အတွင်းမှာ ယေရှုက ‘ခမည်းတော် သွန်သင်သည့်အတိုင်း ငါဟောပြော’ တယ်လို့ပြောခဲ့တယ်။ (ယော. ၈:၂၈) ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ယေရှု သွန်သင်ခံခဲ့ရတာလဲ။ ဘုရားသခင့်သားဦးအဖြစ် ဖန်ဆင်းခံရပြီးနောက် မကြာခင်မှာပဲ စပြီးလေ့ကျင့်သွန်သင်ခံခဲ့ရတာ ဖြစ်မယ်။ (ကော. ၁:၁၅) မရေတွက်နိုင်တဲ့နှစ်ပေါင်းများစွာတစ်လျှောက် ကောင်းကင်မှာ ခမည်းတော်နဲ့အတူနေပြီး ‘မဟာသွန်သင်ရှင်’ ပြောသမျှလုပ်သမျှကို ကြားခဲ့မြင်ခဲ့တယ်။ (ဟေရှာ. ၃၀:၂၀၊ ကဘ) အဲဒါကြောင့်လည်း သားတော်ဟာ ခမည်းတော်ရဲ့အရည်အသွေးတွေ၊ လုပ်ရပ်တွေ၊ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကောင်းဆုံးပညာကို သင်ယူနိုင်ခဲ့တယ်။

၅။ မြေကြီးပေါ်မှာလုပ်ဆောင်ရမယ့် လုပ်ငန်းနဲ့ပတ်သက်ပြီး သားတော်ကို ခမည်းတော် ဘာတွေသင်ပေးခဲ့သလဲ။

၅ အချိန်တန်တဲ့အခါ ယေဟောဝါက သားတော်ကို မြေကြီးပေါ်မှာလုပ်ဆောင်ရမယ့် လုပ်ငန်းနဲ့ပတ်သက်ပြီး သင်ပေးခဲ့တယ်။ မဟာသွန်သင်ရှင်နဲ့ သားဦးစပ်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပရောဖက်ပြုချက်မှာ ဘယ်လိုဖော်ပြတယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (ဟေရှာယ ၅၀:၄၊ ၅ ကိုဖတ်ပါ။)a ယေဟောဝါက သားတော်ကို ‘မနက်တိုင်း’ နှိုးတယ်လို့ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ ဒီဥပမာက တပည့်ကို စာသင်ပေးဖို့ မနက်စောစောနှိုးတဲ့ ဆရာတစ်ယောက်ကို မြင်ယောင်မိစေတယ်။ ကျမ်းစာအကိုးအကားစာအုပ်တစ်အုပ်မှာ အခုလိုပြောတယ်– “တပည့်တစ်ယောက်ကို ကျောင်းထဲခေါ်သွားသလိုမျိုး ယေဟောဝါက . . . သားတော်ကို ခေါ်သွားပြီး ဘာအကြောင်းဟောပြောရမယ်၊ ဘယ်လိုဟောပြောရမယ်ဆိုတာ သင်ပေးတယ်။” ကောင်းကင် “ကျောင်းတော်” မှာ ယေဟောဝါက သားတော်ကို ဘာတွေပြောရမယ်ဆိုတာ သင်ကြားပေးတယ်။ (ယော. ၁၂:၄၉) ဘယ်လိုသွန်သင်ရမယ်ဆိုတာကိုလည်း သားတော်ကို သင်ပေးတယ်။b မြေကြီးပေါ်ရှိချိန်မှာ ယေရှုက အမှုဆောင်လုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့်သာမက နောက်လိုက်တွေကို လေ့ကျင့်ပေးခြင်းအားဖြင့်လည်း သူရရှိတဲ့လေ့ကျင့်မှုကို ကောင်းကောင်းအသုံးချခဲ့တယ်။

၆၊ ၇။ (က) တမန်တော်တွေကို ယေရှု ဘယ်လိုလေ့ကျင့်ပေးသလဲ။ အဲဒီလိုလေ့ကျင့်ပေးတဲ့အတွက် သူတို့ဘာလုပ်နိုင်ခဲ့သလဲ။ (ခ) အခုအချိန်မှာ ယေရှုက နောက်လိုက်တွေကို ဘာအတွက် လေ့ကျင့်ပေးနေသလဲ။

၆ အစပိုင်းမှာပြောခဲ့တဲ့အတိုင်း တမန်တော်တွေကို ယေရှု ဘယ်လိုလေ့ကျင့်ပေးသလဲ။ မဿဲ အခန်းကြီး ၁၀ အရ အမှုဆောင်လုပ်ငန်းအတွက် သတ်သတ်မှတ်မှတ် ညွှန်ကြားချက်တွေပေးခဲ့တယ်။ ဘယ်နေရာမှာ ဟောရမယ် (အခန်းငယ် ၅၊ ၆)၊ ဘာသတင်း ဟောရမယ် (အခန်းငယ် ၇)၊ ယေဟောဝါကို အားကိုးဖို့လိုတယ် (အခန်းငယ် ၉၊ ၁၀)၊ အိမ်ရှင်တွေကို ဘယ်လိုစပြီး စကားပြောရမယ် (အခန်းငယ် ၁၁-၁၃)၊ လက်မခံတဲ့အခါ ဘယ်လိုလုပ်ရမယ် (အခန်းငယ် ၁၄၊ ၁၅)၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမယ် (အခန်းငယ် ၁၆-၂၃) စတဲ့အချက်တွေ ပါဝင်တယ်။c တမန်တော်တွေကို ယေရှုကောင်းကောင်း လေ့ကျင့်ပေးတဲ့အတွက် အေဒီပထမရာစုမှာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို သူတို့ဦးဆောင်နိုင်ခဲ့တယ်။

၇ ကျွန်တော်တို့အချိန်မှာကော။ ဘုရားသခင့်နိုင်ငံတော်ရဲ့ဘုရင် ယေရှုက “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး” မှာဟောပြောရမယ်ဆိုတဲ့ အရေးကြီးဆုံးတာဝန်ကို နောက်လိုက်တွေကိုပေးအပ်ခဲ့တယ်။ (မ. ၂၄:၁၄) အဲဒီအရေးကြီးဆုံးလုပ်ငန်းကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ဘုရင်လေ့ကျင့်ပေးနေသလား။ လေ့ကျင့်ပေးနေပါတယ်။ အသင်းတော်ပြင်ပမှာ ဘယ်လိုဟောပြောရမယ်၊ အသင်းတော်တွင်းမှာ အထူးတာ၀န်တွေကို ဘယ်လိုထမ်းဆောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘုရင်က နောက်လိုက်တွေကို သေချာလေ့ကျင့်ပေးနေတယ်။

သတင်းကောင်းဟောပြောသူတွေဖြစ်လာအောင် နိုင်ငံတော်အမှုဆောင်တွေကို လေ့ကျင့်ပေးခြင်း

၈၊ ၉။ (က) ဟောပြောသွန်သင်ခြင်းသင်တန်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်နိုင်ဖို့ ကြားရက်အစည်းအဝေးက သင့်ကို ဘယ်လိုကူညီပေးသလဲ။

၈ ယေဟောဝါရဲ့အဖွဲ့အစည်းက စည်းဝေးပွဲတွေ၊ စည်ဝေးကြီးတွေ၊ လုပ်ငန်းတော်စည်းဝေးလိုမျိုး အသင်းတော်စည်းဝေးတွေကို အသုံးပြုပြီး ဘုရားသခင့်လူမျိုးကို လေ့ကျင့်ပေးခဲ့တာကြာပြီ။ ဒါပေမဲ့ ဌာနချုပ်မှာ ဦးဆောင်တဲ့ညီအစ်ကိုတွေက သင်တန်းကျောင်းအမျိုးမျိုးကိုသုံးပြီး လေ့ကျင့်ပေးဖို့ ၁၉၄၀ ပြည့်လွန်နှစ်တွေကတည်းက စတင်စီစဉ်ခဲ့တယ်။

၉ ဟောပြောသွန်သင်ခြင်းသင်တန်း။ ဒီသင်တန်းကို ၁၉၄၃ ခုနှစ်မှာ စတင်ခဲ့ကြောင်း ရှေ့အခန်းမှာ သိခဲ့ရတယ်။ သင်တန်းရဲ့ရည်ရွယ်ချက်က အသင်းတော်စည်းဝေးတွေမှာ ထိထိရောက်ရောက်ဟောပြောနိုင်ဖို့ လေ့ကျင့်ပေးရုံပဲလား။ မဟုတ်ပါဘူး။ သင်တန်းရဲ့အဓိကရည်ရွယ်ချက်က စကားပြောဆိုနိုင်စွမ်းဆုကျေးဇူးကိုသုံးပြီး အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါကိုချီးမွမ်းနိုင်အောင် ကိုယ်တော့်လူမျိုးကို လေ့ကျင့်ပေးဖို့ပါပဲ။ (ဆာ. ၁၅၀:၆) ဒီသင်တန်းမှာ နာမည်စာရင်းသွင်းထားတဲ့ ညီအစ်ကိုညီအစ်မအားလုံးဟာ ပိုအရည်အချင်းရှိတဲ့ နိုင်ငံတော်အမှုဆောင်တွေဖြစ်လာအောင် ပြင်ဆင်ပေးခံရတယ်။ အခုကြားရက်အစည်းအဝေးက သင်တန်းပေးနေတယ်။

၁၀၊ ၁၁။ ဂိလဒ်ကျောင်းကို အခု ဘယ်သူတွေ တက်ရောက်နိုင်ပြီလဲ။ သင်ရိုးညွှန်းတမ်းရဲ့ရည်ရွယ်ချက်က ဘာလဲ။

၁၀ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း။ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို ၁၉၄၃၊ ဖေဖေါ်ဝါရီလ ၁ ရက်၊ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ ဒီကျောင်းရဲ့မူလရည်ရွယ်ချက်က ရှေ့ဆောင်တွေနဲ့ အချိန်ပြည့်လုပ်ငန်းမှာပါဝင်တဲ့တခြားသူတွေကို ကမ္ဘာ့ဒေသတစ်နေရာရာမှာ သာသနာပြုတွေအဖြစ် အမှုဆောင်နိုင်အောင် လေ့ကျင့်ပေးဖို့ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၁၊ အောက်တိုဘာလကစပြီး အထူးအချိန်ပြည့်လုပ်ငန်းတစ်ခုခုမှာ ပါဝင်နေတဲ့ အထူးရှေ့ဆောင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးနဲ့ဇနီးတွေ၊ ဗေသလအိမ်သားတွေ၊ ဂိလဒ်ကျောင်းမတက်ရသေးတဲ့သာသနာပြုတွေပဲ တက်ရောက်ဖို့ သတ်မှတ်လိုက်တယ်။

၁၁ ဂိလဒ်ကျောင်း သင်ရိုးညွှန်းတမ်းရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဝါရင့်သင်တန်းပို့ချသူ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ကျမ်းစာကို နှံ့နှံ့စပ်စပ်လေ့လာခြင်းအားဖြင့် ကျောင်းသားတွေရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ဖြစ်တယ်။ နောက်တစ်ချက်က ဘုရားနှစ်သက်တဲ့အရည်အသွေးတွေ တိုးတက်လာစေဖို့ဖြစ်တယ်။ ဒါမှ တာ၀န်တွေထမ်းဆောင်တဲ့အခါ ကြုံတွေ့လာတဲ့အခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်မယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်းရဲ့အဓိကရည်ရွယ်ချက်တစ်ခုက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်တဲ့ဆန္ဒပြင်းပြလာစေဖို့ ဖြစ်တယ်။”—ဧ. ၄:၁၁။

၁၂၊ ၁၃။ ဂိလဒ်ကျောင်းက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ ဥပမာ တစ်ခုပြောပြပါ။

၁၂ ဂိလဒ်ကျောင်းက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ ၁၉၄၃ ခုနှစ်ကတည်းကစပြီး သင်တန်းသား ၈,၅၀၀ ကျော်ကို ဒီကျောင်းက လေ့ကျင့်ပေးခဲ့တယ်။d ဂိလဒ်ကျောင်းဆင်းသာသနာပြုတွေဟာ ကမ္ဘာတစ်၀န်း နိုင်ငံပေါင်း ၁၇၀ ကျော်မှာ အမှုဆောင်ခဲ့ကြတယ်။ သူတို့ရရှိတဲ့ လေ့ကျင့်မှုတွေကို ကောင်းကောင်းအသုံးချပြီး အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန်ပါ၀င်ခြင်းအားဖြင့် ပုံသက်သေကောင်းပြကြတယ်။ တခြားသူတွေကိုလည်း အဲဒီလိုလုပ်နိုင်အောင် လေ့ကျင့်ပေးကြတယ်။ အခြေအနေတော်တော်များများမှာ သာသနာပြုတွေက နိုင်ငံတော်ကြေညာသူအနည်းငယ်ပဲရှိတဲ့ ဒေသတွေမှာ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ကြတယ်။

၁၃ ဂျပန်နိုင်ငံအကြောင်း သုံးသပ်ကြည့်ပါ။ ဖွဲ့စည်းထားတဲ့ဟောပြောခြင်းလုပ်ငန်း ဒုတိယကမ္ဘာစစ်အတွင်းမှာ လုံး၀ရပ်တန့်သွားတယ်။ ၁၉၄၉၊ ဩဂုတ်လရောက်တော့ ဂျပန်မှာ ဒေသခံကြေညာသူဆယ်ယောက်တောင် မပြည့်တော့ဘူး။ ဒါပေမဲ့ အဲဒီနှစ်ကုန်ပိုင်းမှာ ဂိလဒ်ကျောင်းဆင်းသာသနာပြု ၁၃ ယောက်ရောက်လာပြီး ဟောပြောခြင်းလုပ်ငန်းကို အားတက်သရော လုပ်ဆောင်ခဲ့တယ်။ တခြားသာသနာပြုတွေလည်း ထပ်ရောက်လာတယ်။ အစပိုင်းမှာ မြို့ကြီးတွေကိုပဲ အာရုံစိုက်ပေမဲ့ နောက်ပိုင်းမှာ မြို့ငယ်တွေကိုလည်း အာရုံစိုက်လာတယ်။ သာသနာပြုတွေက ကျမ်းစာသင်သားတွေနဲ့ တခြားသူတွေကို ရှေ့ဆောင်လုပ်ငန်းမှာပါ၀င်ဖို့ အားပေးကြတယ်။ သာသနာပြုတွေရဲ့ ဇွဲရှိရှိလုပ်ဆောင်မှုကြောင့် အကြီးအကျယ်တိုးတက်လာတယ်။ အခုဆိုရင် ဂျပန်နိုင်ငံမှာ နိုင်ငံတော်သတင်းကြွေးကြော်သူ ၂၁၆,၀၀၀ ကျော်ရှိနေပြီး သူတို့ထဲက ၄၀ ရာခိုင်နှုန်းနီးပါးဟာ ရှေ့ဆောင်တွေဖြစ်ကြတယ်။e

၁၄။ သင်တန်းကျောင်းတွေက ဘာကိုအခိုင်အမာသက်သေထူသလဲ။ (“နိုင်ငံတော်အမှုဆောင်တွေကိုလေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းများ” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

၁၄ အခြားသင်တန်းကျောင်းများ။ ရှေ့ဆောင်လုပ်ငန်းကျောင်း၊ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းနဲ့ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်းကf သင်တန်းသားတွေကို ဘုရားသခင်နဲ့ဆက်ဆံရေး ပိုခိုင်မြဲလာစေဖို့၊ ဟောပြောခြင်းလုပ်ငန်းကို ထက်ထက်သန်သန် ဦးဆောင်နိုင်ဖို့ ကူညီပေးတယ်။ အမှုတော်ကို အကုန်အစင်ပြီးမြောက်စေဖို့ နောက်လိုက်တွေကို ဘုရင် ကောင်းကောင်းပြင်ဆင်ပေးနေတယ်ဆိုတာ အဲဒီသင်တန်းကျောင်းအားလုံးက အခိုင်အမာသက်သေထူပါတယ်။—၂ တိ. ၄:၅။

အထူးတာဝန်တွေထမ်းဆောင်ဖို့ ညီအစ်ကိုတွေကိုလေ့ကျင့်ပေးခြင်း

၁၅။ တာဝန်ရှိညီအစ်ကိုတွေက ယေရှုကို ဘယ်လိုနည်းနဲ့တုပချင်ကြသလဲ။

၁၅ ယေရှုကို ဘုရားသခင်သွန်သင်ပေးကြောင်း ဖော်ပြတဲ့ ဟေရှာယပရောဖက်ပြုချက်ကို ပြန်သတိရပါ။ ကောင်းကင် “ကျောင်းတော်” မှာ သားတော်က ‘ပင်ပန်းနေသူကို သင့်တော်တဲ့စကားနဲ့ ဘယ်လိုပြန်ဖြေရမယ်ဆိုတာ’ သင်ယူခဲ့တယ်။ (ဟေရှာ. ၅၀:၄၊ ကဘ) ယေရှုက သင်ယူတဲ့အတိုင်း ကျင့်သုံးခဲ့တယ်။ မြေကြီးပေါ်ရှိတုန်းက “ဝန်လေး၍ ပင်ပန်းသောသူ” တွေကို လန်းဆန်းစေခဲ့တယ်။ (မ. ၁၁:၂၈-၃၀) ယေရှုကိုတုပတဲ့အနေနဲ့ တာဝန်ရှိညီအစ်ကိုတွေကလည်း ညီအစ်ကိုညီအစ်မတွေကို လန်းဆန်းစေတဲ့သူတွေ ဖြစ်ချင်ကြတယ်။ အဲဒီလိုဖြစ်နိုင်ဖို့ သင်တန်းကျောင်းအမျိုးမျိုးကို ဖွင့်လှစ်ပေးခဲ့တယ်။ ဒီသင်တန်းကျောင်းတွေက ယုံကြည်သူချင်းတွေအတွက် ပိုထိထိရောက်ရောက် အမှုဆောင်နိုင်အောင် အရည်အချင်းရှိညီအစ်ကိုတွေကို ကူညီပေးတယ်။

၁၆၊ ၁၇။ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ (အောက်ခြေမှတ်ချက်ကိုလည်းကြည့်ပါ။)

၁၆ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်း။ ဒီသင်တန်းကို ၁၉၅၉၊ မတ်လ ၉ ရက်၊ နယူးယောက်၊ ဆောက်သ်လဲန်စင်းမှာ ဦးဆုံးအကြိမ် စတင်ကျင်းပခဲ့တယ်။ တစ်လကြာကျင်းပတဲ့ ဒီသင်တန်းကိုတက်ရောက်ဖို့ နယ်လှည့်ကြီးကြပ်မှူးတွေ၊ အသင်းတော်ဦးစီးကြီးကြပ်မှူး (အခုအခေါ် အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူး) တွေကို ဖိတ်ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ သင်ရိုးညွှန်းတမ်းကို အင်္ဂလိပ်ကနေ တခြားဘာသာစကားတွေကို ပြန်ဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းကညီအစ်ကိုတွေကို စတင်လေ့ကျင့်ပေးခဲ့တယ်။g

၁၉၇၀ ပြည့်နှစ်၊ ဂျပန်နိုင်ငံ၊ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းမှာ သင်ကြားပေးနေတဲ့ ညီအစ်ကိုလွိုက်ဘယ်ရီ

၁၉၇၀ ပြည့်နှစ်၊ ဂျပန်နိုင်ငံ၊ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းမှာ သင်ကြားပေးနေတဲ့ ညီအစ်ကိုလွိုက်ဘယ်ရီ

၁၇ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ၁၉၆၂ ခုနှစ်၊ ယေဟောဝါသက်သေများရဲ့နှစ်ချုပ်စာအုပ် မှာအခုလိုပြောတယ်– “အရမ်းအလုပ်များတဲ့ ဒီခေတ်ကြီးမှာ ယေဟောဝါသက်သေအသင်းတော်ရဲ့ ကြီးကြပ်မှူးတစ်ယောက်ဟာ သူ့အသက်တာကို ကောင်းကောင်းစီစဉ်နိုင်သူဖြစ်ရမယ်။ ဒါမှ သူက အသင်းတော်မှာရှိသူအားလုံးကို လိုအပ်သလို ဂရုစိုက်ပေးနိုင်မယ်။ အသင်းတော်အတွက် ကောင်းချီးတစ်ခုလည်း ဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာ ကိုယ့်မိသားစုကို လျစ်လျူရှုတဲ့အထိ အသင်းတော်တာဝန်တွေနဲ့ အလုပ်များနေသူ မဖြစ်ရဘူး။ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူ ဖြစ်ရမယ်။ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကို တက်ရတာဟာ ကမ္ဘာတစ်ဝန်းက ဦးစီးကြီးကြပ်မှူးတွေအတွက် တကယ့်အခွင့်ထူးပါပဲ။ ကြီးကြပ်မှူးတစ်ယောက်ဆီကနေ ကျမ်းစာတောင်းဆိုထားတဲ့အရည်အချင်းတွေကို ပြည့်မီအောင် ဒီသင်တန်းက သူတို့ကိုကူညီပေးပါလိမ့်မယ်။”—၁ တိ. ၃:၁-၇; တိ. ၁:၅-၉။

၁၈။ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကနေ ဘုရားသခင့်လူမျိုးအားလုံး ဘယ်လိုအကျိုးခံစားရသလဲ။

၁၈ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကနေ ဘုရားသခင့်လူမျိုးအားလုံး အကျိုးခံစားရတယ်။ ဘယ်လိုနည်းနဲ့လဲ။ အကြီးအကဲနဲ့အမှုထမ်းတွေက သင်တန်းမှာ သင်ယူခဲ့ရာတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ယေရှုလိုပဲ သူတို့လည်း ယုံကြည်သူချင်းတွေကို လန်းဆန်းစေကြတယ်။ ဂရုစိုက်တတ်တဲ့ အကြီးအကဲ၊ အမှုထမ်းတစ်ယောက်က ကြင်ကြင်နာနာစကားပြောတဲ့အခါ၊ ကောင်းကောင်းနားထောင်ပေးတဲ့အခါ၊ လာလည်ပတ်ပြီး အားပေးတဲ့အခါ သင် တကယ်ပဲ ကျေးဇူးတင်လေးမြတ်တယ်မဟုတ်လား။ (၁ သက်. ၅:၁၁) အရည်အချင်းရှိတဲ့ ဒီညီအစ်ကိုတွေဟာ အသင်းတော်အတွက် ကောင်းချီးတစ်ခုပါပဲ။

၁၉။ သွန်သင်ခြင်းကော်မတီက ဘယ်သင်တန်းကျောင်းတွေကိုလည်း ကြီးကြပ်ပေးသလဲ။ အဲဒီသင်တန်းကျောင်းတွေက ညီအစ်ကိုတွေကို ဘယ်လိုကူညီပေးသလဲ။

၁၉ အခြားသင်တန်းကျောင်းများ။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သွန်သင်ခြင်းကော်မတီက အဖွဲ့အစည်းအတွင်း တာဝန်ရှိညီအစ်ကိုတွေကို လေ့ကျင့်ပေးတဲ့ တခြားသင်တန်းကျောင်းတွေကိုလည်း ကြီးကြပ်ပေးတယ်။ ဒီသင်တန်းကျောင်းတွေက အသင်းတော်အကြီးအကဲတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဌာနခွဲကော်မတီဝင်တွေကို သူတို့ရဲ့များပြားလှတဲ့တာဝန်တွေကို ပိုထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ကူညီပေးတယ်။ ကျမ်းစာအခြေပြုသင်ရိုးညွှန်းတမ်းတွေက ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းကို ထိန်းသိမ်းနိုင်အောင်၊ ကြည့်ရှုစောင့်ရှောက်ဖို့ ယေဟောဝါအပ်နှင်းထားတဲ့ အဖိုးတန်သိုးတော်စုနဲ့ဆက်ဆံတဲ့အခါ ကျမ်းစာမူတွေကိုကျင့်သုံးနိုင်အောင် ညီအစ်ကိုတွေကို ကူညီပေးတယ်။—၁ ပေ. ၅:၁-၃။

မာလာဝီနိုင်ငံမှာ ဦးဆုံးအကြိမ်ကျင်းပတဲ့ ဓမ္မအမှုသင်တန်းကျောင်း

၂၀၀၇ ခုနှစ်၊ မာလာဝီနိုင်ငံမှာ ဦးဆုံးအကြိမ်ကျင်းပတဲ့ ဓမ္မအမှုသင်တန်းကျောင်း

၂၀။ ကျွန်တော်တို့အားလုံး ‘ယေဟောဝါရဲ့သွန်သင်မှုခံရ’ တယ်လို့ ယေရှု ဘာကြောင့်ပြောနိုင်ခဲ့တာလဲ။ သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၀ မေရှိယဘုရင်က နောက်လိုက်တွေကို ကောင်းကောင်းလေ့ကျင့်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလေ့ကျင့်မှုအားလုံးက အထက်ကနေအောက်ကို အဆင့်ဆင့်လေ့ကျင့်ပေးတာဖြစ်တယ်။ ယေဟောဝါက သားတော်ကို လေ့ကျင့်ပေးတယ်၊ သားတော်က နောက်လိုက်တွေကို လေ့ကျင့်ပေးတယ်။ ဒါကြောင့်လည်း ယေရှုက ကျွန်တော်တို့အားလုံးဟာ ‘ယေဟောဝါရဲ့သွန်သင်မှုခံရ’ တယ်လို့ ပြောနိုင်ခဲ့တာပေါ့။ (ယော. ၆:၄၅; ဟေရှာ. ၅၄:၁၃၊ ကဘ) ဘုရင်က ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ လေ့ကျင့်ပေးနေတယ်။ ဒီလေ့ကျင့်ပေးမှုကနေ အကျိုးအပြည့်အဝရယူဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ လေ့ကျင့်မှုအားလုံးရဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင်နဲ့ဆက်ဆံရေးခိုင်မြဲအောင် ကူညီပေးဖို့ဖြစ်တယ်။ ဒါမှ ကျွန်တော်တို့ဟာ အမှုတော်ကို အကုန်အစင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြပါလိမ့်မယ်။

a ဟေရှာယ ၅၀:၄၊ ၅ (ကဘ)– ‘ပင်ပန်းနေသူကို သင့်တော်တဲ့စကားနဲ့ ဘယ်လိုပြန်ဖြေရမယ် ဆိုတာ ငါသိနိုင်ဖို့ အချုပ်အခြာအာဏာရှင်ယေဟောဝါက ငါ့ကို သင်ကြားပေးတယ်။ ကိုယ်တော်က ငါ့ကို မနက်တိုင်းနှိုးတယ်။ စာသင်သားတွေလို နားထောင်နိုင်ဖို့ ငါ့နားကို နိုးကြားစေတယ်။ အချုပ်အခြာအာဏာရှင်ယေဟောဝါက ငါ့နားကိုဖွင့်ပေးတယ်။ ငါကလည်း ကလန်ကဆန်မလုပ်ဘူး။ တခြားတစ်ဘက်ကို လှည့်ထွက်မသွားဘူး။’

b သားတော်ကို အဲဒီလိုသင်ပေးကြောင်း ဘယ်လိုသိရသလဲ။ ဒီအချက်ကိုစဉ်းစားကြည့်ပါ– ယေရှုက ပုံဥပမာများစွာအသုံးပြုပြီး သွန်သင်ခြင်းအားဖြင့် သူမမွေးခင် နှစ်ပေါင်းများစွာကတည်းက ကြိုဟောထားတဲ့ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့တယ်။ (ဆာ. ၇၈:၂; မ. ၁၃:၃၄၊ ၃၅) ဒါကြောင့် အဲဒီလိုပရောဖက်ပြုခဲ့တဲ့အရှင် ယေဟောဝါက သားတော်ဟာ ပုံဥပမာတွေသုံးပြီး သွန်သင်မယ်ဆိုတာကို ကြိုတင်သတ်မှတ်ထားမှန်း ထင်ရှားပါတယ်။—၂ တိ. ၃:၁၆၊ ၁၇။

c လအနည်းငယ်ကြာပြီးနောက် ယေရှုက “အခြားသောသူခုနစ်ဆယ်ကို ခန့်ထားပြီး” ဟောပြောဖို့ “နှစ်ဦးစီစေလွှတ်” ခဲ့တယ်။ သူတို့ကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ —လု. ၁၀:၁-၁၆။

d သင်တန်းသားတချို့က ဂိလဒ်ကျောင်းကို တစ်ကြိမ်ထက်မက တက်ခဲ့ကြတယ်။

e ဂိလဒ်ကျောင်းဆင်း သာသနာပြုတွေကြောင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း တိုးတက်လာပုံကို အသေးစိတ်သိနိုင်ဖို့ ယေဟောဝါသက်သေများ —ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်၊ အခန်း ၂၃ [အင်္ဂလိပ်] ကိုကြည့်ပါ။

f ဒီသင်တန်းနှစ်ခုကို သတင်းကောင်းဟောပြောသူများအတွက်သင်တန်းနဲ့ အစားထိုးလိုက်ပြီ။

g အခုဆိုရင် အကြီးအကဲအားလုံးဟာ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကနေ အကျိုးရရှိနေကြတယ်။ ဒီသင်တန်းကို နှစ်တွေ တစ်လျှောက် မကြာမကြာကျင်းပပေးပြီး သင်တန်းကြာမြင့်ချိန်ကလည်း အမျိုးမျိုးရှိတယ်။ ၁၉၈၄ ခုနှစ်ကစပြီး အသင်းတော်အမှုထမ်း တွေလည်း ဒီသင်တန်းကိုတက်ခွင့်ရခဲ့တယ်။

နိုင်ငံတော် တကယ်တည်ရှိကြောင်း ဘယ်လောက်ထိ သင်ယုံကြည်စိတ်ချသလဲ

  • ခမည်းတော်ဆီကနေ ဘယ်လေ့ကျင့်မှုကို ယေရှုရရှိခဲ့သလဲ။

  • ဘုရင်က နောက်လိုက်တွေကို သတင်းကောင်းဟောပြောသူတွေဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးသလဲ။

  • တာဝန်တွေကိုထမ်းဆောင်နိုင်အောင် အရည်အချင်းရှိညီအစ်ကိုတွေကို ဘယ်လိုလေ့ကျင့်ပေးသလဲ။

  • ဘုရင်လေ့ကျင့်ပေးနေတာကို တန်ဖိုးထားလေးမြတ်ကြောင်း သင်ဘယ်လို တင်ပြနိုင်သလဲ။

နိုင်ငံတော်အမှုဆောင်တွေကို လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းများ

ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း

ရည်ရွယ်ချက်– သတင်းကောင်းကို ထိထိရောက်ရောက် ဟောပြောသွန်သင်နိုင်အောင် ကြေညာသူတွေကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။

သင်တန်းကာလ– စဉ်ဆက်မပြတ်။

နေရာ– ဒေသခံနိုင်ငံတော်ခန်းမ။

စာရင်းပေးသွင်းနိုင်ပုံ– အသင်းတော်နဲ့ တက်ကြွစွာပူးပေါင်းနေသူများ၊ ကျမ်းစာသွန်သင်ချက်တွေကို သဘောတူလက်ခံသူများ၊ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်သူများအားလုံး တက်ရောက်နိုင်တယ်။ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် တာဝန်ရှိအကြီးအကဲကို ပြောပြပါ။

အကျိုးကျေးဇူးများ– [ကြားရက်အစည်းအဝေး] က ဘယ်လိုရှာဖွေလေ့လာရမယ်၊ အကြောင်းအရာတွေကို သဘာဝကျကျ ဘယ်လိုတင်ဆက်ရမယ်ဆိုတာ သင်ပေးတယ်။ သူများပြောတာကို နားထောင်တတ်လာတယ်။ ဘုရားသခင်နဲ့ ကိုယ့်ဆက်ဆံရေးကောင်းဖို့ပဲ အာရုံစိုက်နေမယ့်အစား တခြားသူတွေ ကိုလည်း ကူညီပေးတတ်လာတယ်။”

သက်တမ်းကြာ နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ အာနီက ဒီလိုပြောတယ်- “ကျွန်တော် ငယ်ငယ်ကတည်းက စကားထစ်တယ်၊ တခြားသူတွေနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောဖို့ ရှက်တယ်။ ဒီအစည်းအဝေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ ဒီသင်တန်းကနေတစ်ဆင့် ယေဟောဝါရဲ့ကူညီပေးမှုကြောင့် အသက်ရှူတာကို ဘယ်လိုထိန်းချုပ်ရမယ်၊ အာရုံစူးစိုက်ဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာတယ်။ အသင်းတော်နဲ့ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင်ကိုချီးမွမ်းနိုင်တဲ့ စွမ်းရည်ပေးသနားထားလို့ ကိုယ်တော့်ကို အရမ်းကျေးဇူးတင်တယ်။”

ဟောပြောသွန်သင်ခင်းသင်တန်းမှာ ကြေညာသူညီအစ်ကိုလေး ကျမ်းစာဖတ်ရှုနေ

အသင်းတော်အကြီးအကဲများအတွက်သင်တန်းh

ရည်ရွယ်ချက်– အကြီးအကဲတွေ အသင်းတော်တာဝန်ထမ်းဆောင်ရာမှာ အကူအညီဖြစ်စေဖို့နဲ့ ယေဟောဝါကိုဝတ်ပြုကိုးကွယ်ရာမှာ သူတို့ဆီကနေ ကိုယ်တော် ဘာတွေတောင်းဆိုတယ်ဆိုတာကို နှိုက်နှိုက်ချွတ်ချွတ် နားလည်စေဖို့ဖြစ်တယ်။

သင်တန်းကာလ– ငါးရက်။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်တယ်၊ များသောအားဖြင့် နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမမှာ ပြုလုပ်တယ်။

စာရင်းပေးသွင်းနိုင်ပုံ– အကြီးအကဲတွေကို ဌာနခွဲရုံးက ဖိတ်ခေါ်တယ်။

အကျိုးကျေးဇူးများ– အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ပက်တာစင်မှာ ၉၂ ကြိမ်မြောက်သင်တန်းကိုတက်ခဲ့တဲ့ သင်တန်းသားတချို့ရဲ့ မှတ်ချက်တွေကို ကြည့်ပါ–

“ဒီသင်တန်းကနေ အကျိုးအများကြီးရတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့နဲ့ ယေဟောဝါရဲ့သိုးတွေကို ငါ ဘယ်လိုထိန်းကျောင်းနိုင်သလဲဆိုတာ သိမြင်ဖို့ ကူညီပေးတယ်။”

“ဒီသင်တန်းမှာပို့ချတဲ့အရာတွေကို တစ်သက်တာလုံး အသုံးပြုသွားမယ်။”

ရှေ့ဆောင်လုပ်ငန်းကျောင်း

ရည်ရွယ်ချက်– “အမှုတော်ကို အကုန်အစင်ပြီးမြောက်” နိုင်အောင် ရှေ့ဆောင်တွေကို ကူညီပေးဖို့ဖြစ်တယ်။—၂ တိ. ၄:၅။

သင်တန်းကာလ– ခြောက်ရက်။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်တယ်၊ များသောအားဖြင့် နိုင်ငံတော်ခန်းမမှာ ပြုလုပ်တယ်။

စာရင်းပေးသွင်းနိုင်ပုံ– မှန်မှန်ရှေ့ဆောင်အဖြစ် အနည်းဆုံး တစ်နှစ်အမှုဆောင်ပြီးသူတွေဟာ အလိုအလျောက်စာရင်းဝင်ပြီး သက်ဆိုင်ရာတိုက်နယ်ကြီးကြပ်မှူးက သူတို့ကို အကြောင်းကြားမှာဖြစ်တယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သင်တန်းမတက်ရသေးတဲ့ သက်တမ်းကြာ ရှေ့ဆောင်တွေကိုလည်း သင်တန်းပြန်တက်ဖို့ ဖိတ်ခေါ်နိုင်ပါတယ်။

အကျိုးကျေးဇူးများ– လီလီ အခုလိုပြောပြတယ်– “အမှုဆောင်လုပ်ငန်းမှာ၊ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဒီသင်တန်းက ကူညီပေးတယ်။ ကျမ်းစာလေ့လာတာ၊ ကျမ်းစာသင်ပေးတာနဲ့ ကျမ်းစာအသုံးပြုတာတွေမှာ ကျွန်မအတော့်ကိုတိုးတက်လာတယ်။ တခြားသူတွေကို ကူညီပေးဖို့၊ အကြီးအကဲတွေကို ကူညီထောက်မပေးဖို့နဲ့ အသင်းတော်တိုးတက်အောင် ကူညီပေးဖို့ ဒီသင်တန်းက ကျွန်မကို ကောင်းကောင်းလေ့ကျင့်ပေးတယ်။”

သင်တန်းကို နှစ်ကြိမ်တက်ရောက်ခဲ့တဲ့ ဘရင်ဒါက ဒီလိုပြောတယ်– “ဝတ်ပြုရေးမှာ အပြည့်အဝပါဝင်ဖို့၊ မှားမှန်သိစိတ် ကောင်းစွာအလုပ်လုပ်ဖို့နဲ့ တခြားသူတွေကို ကူညီပေးတတ်ဖို့ ကျွန်မကို ဒီသင်တန်းက ကူညီပေးတယ်။ ယေဟောဝါဟာ တကယ့်ကိုရက်ရောတဲ့ဘုရားပါပဲ။”

ဗေသလဝင်ခွင့်သင်တန်း

ရည်ရွယ်ချက်– ဗေသလမှာ အောင်မြင်စွာအမှုဆောင်နိုင်အောင် ဗေသလအိမ်သားအသစ်တွေကို ကူညီပေးဖို့ဖြစ်တယ်။

သင်တန်းကာလ– လေးရက်၊ တစ်ရက်လျှင် လေးနာရီ။

နေရာ– ဗေသလ။

စာရင်းပေးသွင်းနိုင်ပုံ– အမြဲတမ်းဗေသလမိသားစုဝင်များ၊ (တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက အမှုဆောင်မယ့်) ယာယီစေတနာ့ ဝန်ထမ်းများ။

အကျိုးကျေးဇူးများ– ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဒီသင်တန်းကိုတက်ခဲ့တဲ့ ဒမီးထရီးရပ်စ် ဒီလိုပြောတယ်– “ဒီသင်တန်းက လေ့လာမှုအလေ့အထကို တိုးတက်စေပြီး ဗေသလမှာ နှစ်ရှည်လများ အမှုဆောင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တယ်။ သင်တန်းပို့ချသူတွေ၊ လက်တွေ့ကျ သွန်သင်ချက်တွေနဲ့ သင်ရိုးညွှန်းတမ်းတွေက ယေဟောဝါရဲ့မေတ္တာပြည့်ဝတဲ့ဂရုစိုက်မှုနဲ့ ဗေသလလုပ်ငန်းမှာ အောင်မြင်စေချင်တဲ့ ကိုယ်တော့်ဆန္ဒကို ယုံကြည်စိတ်ချစေတယ်။”

သတင်းကောင်းဟောပြောသူများအတွက် သင်တန်းi

ရည်ရွယ်ချက်– အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေသူတွေ (ဇနီးမောင်နှံတွေ၊ တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေ) ကို ယေဟောဝါနဲ့ အဖွဲ့အစည်းအတွက် ပိုအသုံးဝင်သူတွေဖြစ်လာအောင် အထူးလေ့ကျင့်ပေးဖို့ဖြစ်တယ်။ သင်တန်းဆင်းအများစုဟာ ကိုယ့်နိုင်ငံအတွင်း သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ခန့်အပ်ခံရပါလိမ့်မယ်။ အသက် ၅၀ အောက် သင်တန်းဆင်းတွေဟာ သီးခြားဒေသတွေမှာ အသင်းတော်သစ်တွေဖွင့်ဖို့၊ ဟောပြောခြင်းလုပ်ငန်းတိုးချဲ့ဖို့ ယာယီအထူး ရှေ့ဆောင်တွေအဖြစ် အမှုဆောင်ရနိုင်တယ်။

သင်တန်းကာလ– နှစ်လ။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်တယ်၊ များသောအားဖြင့် နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမမှာ ပြုလုပ်တယ်။

အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့ညီအစ်မ

လေ့ကျင့်မှုတွေကနေ ညီအစ်ကိုညီအစ်မတွေအကျိုးခံစားနေရ

စာရင်းပေးသွင်းနိုင်ပုံ– အသက် ၂၃ နှစ်ကနေ ၆၅ နှစ်ကြားရှိပြီး အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေသူ၊ ကျန်းမာရေးကောင်းပြီး သာ၍ လိုအပ်တဲ့ ဘယ်နေရာမှာမဆို အမှုဆောင်နိုင်သူ၊ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဆိုတဲ့သဘောထားရှိသူ ဖြစ်ရမယ်။ (ဟေရှာ. ၆:၈) ဇနီးမောင်နှံတွေဖြစ်စေ၊ တစ်ကိုယ်ရေညီအစ်ကို ညီအစ်မတွေဖြစ်စေ အချိန်ပြည့်သက်တမ်း အနည်းဆုံး နှစ်နှစ်ဆက်တိုက်ရှိရမယ်။ ဇနီးမောင်နှံတွေက အိမ်ထောင်သက်တမ်း အနည်းဆုံးနှစ်နှစ်ရှိရမယ်။ ညီအစ်ကိုတွေက အကြီးအကဲ ဒါမှမဟုတ် အမှုထမ်းအဖြစ် အနည်းဆုံး နှစ်နှစ်ဆက်တိုက် အမှုဆောင်ပြီးသားဖြစ်ရမယ်။ သင်တို့ရဲ့ ဌာနခွဲနယ်မြေမှာ ဒီသင်တန်းရှိမယ်ဆိုရင် သင်တန်းတက်လိုသူတွေအတွက် ခရိုင်စည်းဝေးမှာ စည်းဝေးတစ်ခု ရှိပါမယ်။

အကျိုးကျေးဇူးများ– တစ်ကိုယ်ရေညီအစ်ကိုများအတွက်ကျမ်းစာသင်တန်းနဲ့ ခရစ်ယာန်မောင်နှံများအတွက်ကျမ်းစာသင်တန်းကို တက်ရောက်ခဲ့သူတွေဆီကနေ အားရှိစရာမှတ်ချက်တွေ ရရှိခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာတော့ အုပ်ချုပ်ရေးအဖွဲ့က အဲဒီသင်တန်းနှစ်ခုကို သတင်းကောင်းဟောပြောသူများအတွက်သင်တန်းအဖြစ် ပေါင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ကိုယ်ရေညီအစ်မတွေအပါအဝင် သစ္စာရှိရှေ့ဆောင်များစွာဟာ ဒီသင်တန်းကနေ အကျိုးကျေးဇူးတွေ ခံစားရပါလိမ့်မယ်။

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း

ရည်ရွယ်ချက်– ဂိလဒ်ကျောင်းဆင်းတွေကို နယ်လှည့်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေ၊ ဗေသလအိမ်သားတွေအဖြစ် တာဝန်ပေးတယ်။ သူတို့ရရှိတဲ့လေ့ကျင့်မှုကို ကောင်းကောင်းအသုံးချခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းနဲ့ ဌာနခွဲစီစဉ်ဖွဲ့စည်းမှုကို အခိုင်အမာအားဖြည့်ပေးတယ်။

သင်တန်းကာလ– ငါးလ။

နေရာ– နယူးယောက်၊ ပက်တာစင်၊ ကင်းမျှော်စင်ပညာပေးဌာန။

ဂိလဒ်ကျောင်းမှာ သင်တန်းပို့ချတာကို နားထောင်နေတဲ့ ဂိလဒ်သင်တန်းသားများ

ဂိလဒ်ကျောင်း—နယူးယောက်၊ ပက်တာစင်

စာရင်းပေးသွင်းနိုင်ပုံ– အထူးအချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်နေတဲ့ ဇနီးမောင်နှံတွေ၊ တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေ တက်ရောက်နိုင်တယ်။ ဂိလဒ်ကျောင်းမတက်ရသေးတဲ့ သာသနာပြုတွေ၊ အထူးရှေ့ဆောင်တွေ၊ ဗေသလအိမ်သားတွေ၊ နယ်လှည့်ကြီးကြပ်မှူးနဲ့ဇနီးတွေကို ဌာနခွဲကော်မတီက ဖိတ်ခေါ်နိုင်တယ်။ အင်္ဂလိပ်ဘာသာစကားကို ကောင်းကောင်း ပြောတတ်၊ ရေးတတ်ဖို့လိုတယ်။

အကျိုးကျေးဇူးများ– အမေရိကန်နိုင်ငံက လာဒေးနဲ့ မိုနစ်တို့ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အမှုဆောင်နေတာ နှစ်အတော်ကြာပြီ။

လာဒေး အခုလိုပြောတယ်– “ကမ္ဘာ့ဘယ်နေရာကိုမဆိုသွားပြီး ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ထက်ထက် သန်သန် အမှုဆောင်ဖို့ ဂိလဒ်ကျောင်းက ကျွန်တော်တို့ကို ပြင်ဆင် ပေးတယ်။”

မိုနစ်လည်း ဒီလိုပြောတယ်– “ဘုရားသခင့်စကားတော်ကနေ သင်ယူသိရှိရာတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ကျွန်မတာဝန်ကျတဲ့နေရာမှာ ပိုပျော်လာတယ်။ အဲဒီပျော်ရွှင်မှုက ကျွန်မကို ယေဟောဝါ ချစ်တယ် ဆိုတဲ့ သက်သေပါပဲ။”

အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်း

ရည်ရွယ်ချက်– အသင်းတော်နဲ့အဖွဲ့အစည်းဆိုင်ရာတာဝန်တွေ ထမ်းဆောင်နိုင်အောင် နယ်လှည့်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေနဲ့ အမှုထမ်းတွေကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။ (တ. ၂၀:၂၈) လက်ရှိ အခြေအနေတွေ၊ ဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေနဲ့ အသင်းတော်ရဲ့လတ်တလောလိုအပ်ရာတွေကို ဆွေးနွေးတင်ဆက်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နှစ်တွေတစ်လျှောက် မကြာမကြာ ကျင်းပတယ်။

သင်တန်းကာလ– မကြာသေးခင်နှစ်တွေမှာ ဒီသင်တန်းရဲ့ကြာမြင့်ချိန် အမျိုးမျိုးရှိခဲ့တယ်။

နေရာ– အများအားဖြင့် နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲ ခန်းမမှာ ပြုလုပ်တယ်။

စာရင်းပေးသွင်းနိုင်ပုံ– အကြီးအကဲနဲ့အမှုထမ်းတွေကို တိုက်နယ် ကြီးကြပ်မှူးက အကြောင်းကြားတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေ ကိုတော့ ဌာနခွဲရုံးက ဖိတ်ခေါ်တယ်။

အကျိုးကျေးဇူးများ– “ဒီသင်တန်းက အချိန်တိုအတွင်းမှာ အကြောင်းအရာအများကြီးကို ဆွေးနွေးတာမှန်ပေမဲ့ ယေဟောဝါရဲ့ အမှုတော်ကို ရွှင်လန်းစွာ ဆက်လုပ်ဆောင်နိုင်ဖို့၊ ယောက်ျားကဲ့သို့ လုပ်ဆောင်နိုင်ဖို့ အကြီးအကဲတွေကို အားသစ်လောင်းပေးတယ်။ သိုးတွေကို ထိထိရောက်ရောက် ထိန်းကျောင်းတတ်ဖို့နဲ့ စိတ်သဘောထားတစ်မျိုးတည်းရှိဖို့ အကြီးအကဲအသစ်တွေရော သက်တမ်းကြာအကြီးအကဲတွေပါ သင်ယူကြရတယ်။” —ကွင်းန်။

“ဒီသင်တန်းက ခရစ်ယာန်ယုံကြည်ချက်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကောင်းကောင်းနားလည်ဖို့ ကူညီပေးတယ်၊ အန္တရာယ်တွေနဲ့ပတ်သက်ပြီး သတိပေးတယ်၊ သိုးတော်စုကိုထိန်းကျောင်းရာမှာ လက်တွေ့ကျတဲ့အကြံဉာဏ်တွေပေးတယ်။” —မိုက်ကယ်။

နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ဇနီးတွေအတွက် သင်တန်းj

ရည်ရွယ်ချက်– “ဟောပြောခြင်းနှင့်သွန်သင်ခြင်းအမှုတို့ကို ကြိုးစားလုပ်ဆောင်” ခြင်းအားဖြင့် အသင်းတော်တွေမှာ ပိုထိရောက်စွာ အမှုဆောင်နိုင်အောင်၊ သိုးတော်စုကို ထိန်းကျောင်းနိုင်အောင် နယ်လှည့်ကြီးကြပ်မှူးတွေကို ကူညီပေးဖို့ဖြစ်တယ်။—၁ တိ. ၅:၁၇; ၁ ပေ. ၅:၂၊ ၃။

သင်တန်းကာလ– နှစ်လ။

နေရာ– ဌာနခွဲရုံးက သတ်မှတ်တယ်။

စာရင်းပေးသွင်းနိုင်ပုံ– နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ဇနီးတွေကို ဌာနခွဲရုံးကဖိတ်ခေါ်တယ်။

အကျိုးကျေးဇူးများ– “အဖွဲ့အစည်းကို ယေရှုဦးဆောင်နေတယ် ဆိုတာ ကျွန်တော်တို့ ပိုသဘောပေါက်လာတယ်။ ညီအစ်ကိုညီအစ်မတွေကို အားပေးဖို့လိုတယ်၊ အသင်းတော်တစ်ခုစီရဲ့ စည်းလုံးမှုကို ခိုင်ခံ့အောင်လုပ်ဖို့လိုတယ်ဆိုတာ သိလာတယ်။ ကျွန်တော်တို့စိတ်ထဲမှာ စွဲမှတ်သွားတာကတော့ နယ်လှည့်ကြီးကြပ်မှူးဟာ ညီအစ်ကိုညီအစ်မတွေကို အကြံပေးတဲ့အခါ၊ လိုအပ်လို့ ပဲ့ပြင်တည့်မတ်ပေးတဲ့အခါမှာတောင် သူ့ရဲ့ပန်းတိုင်က သူတို့ကို ယေဟောဝါချစ်ကြောင်း သိနားလည်စေဖို့ဖြစ်တယ်ဆိုတာပဲ။” —၁၉၉၉ ခုနှစ်မှာကျင်းပတဲ့ ဦးဆုံးသင်တန်းမှ ဂျိုအဲလ်နဲ့ကော်နီ။

ဌာနခွဲကော်မတီဝင်တွေနဲ့ဇနီးတွေအတွက်သင်တန်း

ရည်ရွယ်ချက်– ဗေသလအိမ်တွေကို ကြီးကြပ်ရာမှာ၊ အသင်းတော်တွေနဲ့ဆက်နွှယ်တဲ့ လုပ်ငန်းတော်ကိစ္စတွေကို အာရုံစိုက်ရာမှာ၊ သက်ဆိုင်ရာနယ်မြေအတွင်းရှိ တိုက်နယ်တွေကို ကြီးကြပ်ရာမှာ ဌာနခွဲကော်မတီဝင်တွေကို ကူညီပေးဖို့ဖြစ်တယ်။—လု. ၁၂:၄၈ခ။

သင်တန်းကာလ– နှစ်လ။

နေရာ– နယူးယောက်၊ ပက်တာစင်၊ ကင်းမျှော်စင်ပညာပေးဌာန။

စာရင်းပေးသွင်းနိုင်ပုံ– ဌာနခွဲကော်မတီဝင် ဒါမှမဟုတ် တိုင်းပြည်ကော်မတီဝင်တွေနဲ့ ဇနီးတွေကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော် ကော်မတီက ဖိတ်ခေါ်တယ်။

အကျိုးကျေးဇူးများ– ၂၅ ကြိမ်မြောက်သင်တန်းကို တက်ခဲ့တဲ့ လိုဝယ်လ်နဲ့ ခါရာတို့ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ အမှုဆောင်နေကြတယ်။

လိုဝယ်လ် အခုလိုပြောတယ်– “ဘယ်လောက်ပဲအလုပ်များနေပါစေ၊ ဘယ်တာဝန်ပဲရထားပါစေ၊ ယေဟောဝါနှစ်သက်မှုရဖို့ ကိစ္စရပ်တွေကို ယေဟောဝါရဲ့နည်းလမ်းအတိုင်း လုပ်ရမယ်ဆိုတာ ဒီသင်တန်းက ကျွန်တော့်ကို သတိပေးတယ်။”

ခါရာကလည်း သင်တန်းကနေရရှိတဲ့ သင်ခန်းစာတစ်ခုအကြောင်း ဒီလိုပြောတယ်– “အကြောင်းအရာတစ်ခုကို ရိုးရိုးရှင်းရှင်းမပြောတတ် သေးဘူးဆိုရင် တခြားသူကိုမသင်ပေးခင် အဲဒီအကြောင်းအရာကို ကိုယ်တိုင်သေသေချာချာ လေ့လာရမယ်။”

h ဒီသင်တန်းကို တချို့နိုင်ငံတွေမှာ မကျင်းပသေးဘူး။

i ဒီသင်တန်းကို တချို့နိုင်ငံတွေမှာ မကျင်းပသေးဘူး။

j ဒီသင်တန်းကို တချို့နိုင်ငံတွေမှာ မကျင်းပသေးဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ